ကြေးနီခန်းမဆောင် အတွင်းတွင်…
မိုးကြိုးလက်ကောက်က ချင်စန်းကို ချုပ်နှောင်ထားပြီး ထိုနှစ်ယောက်ဘေးတွင် တိတ်ဆိတ်စွာ ပျံဝဲနေစေသည်။
တုန်ယန်းပိုက စိတ်မချသေးသည့်အလား ထူးဆန်းသော ဝိညာဉ်အဆောင် တစ်ခုကို ထုတ်ယူပြီး ချင်စန်းကိုယ်ထဲ ရိုက်ထည့်လိုက်၏။
ထိုအခိုက်အတန့်တွင် ချင်စန်း၏ ခန္ဓာကိုယ်သာမက မူလဝိညာဉ်၊ သွေးကြောများနှင့် ချီပင်လယ်ပါ အဆောင်ဖြင့် ပိတ်လှောင် ချိတ်ပိတ်ခံလိုက်ရလေပြီ။ သူ့တွင် ခွန်အားအနည်းငယ်မျှပင် ထုတ်ဖော်နိုင်စွမ်း မရှိတော့။
နောက်ဆုံးတွင် ခန်းမဆောင်ကြီးအတွင်း ထိပ်တိုက်တွေ့နေကြသော ထိုနှစ်ယောက်၏ ဇာတ်လမ်းအစအဆုံးကို သူ သဘောပေါက်သွားတော့သည်။
ရတနာရှာဖွေရေး မဟာမိတ်အဖွဲ့က သစ္စာဖောက်မှုအဖြစ် ပြောင်းလဲသွားခြင်းပင်။ ဤကဲ့သို့ ကိစ္စရပ်များမှာ ကျင့်ကြံခြင်းလောကတွင် မထူးဆန်းပေ။
ဒါပေမဲ့ ဘာလို့ ငါပါနေရတာလဲ။ လူတွေအများကြီးထဲကမှ တုန်ယန်းပိုက ဘာလို့ ငါ့ကိုမှ လက်ရဲဇက်ရဲ လုပ်ရတာလဲ…
ချင်စန်းမှာ ထိတ်လန့်ခြင်းနှင့် ဒေါသထွက်ခြင်းတို့ ရောထွေးနေမိသည်။
ထို့နောက် တုန်ယန်းပိုက သက်ပြင်းချရင်း…
“မိန်းကလေး ချန်ယန်… ငါ ဒီအစီအစဉ်ကို နှစ်ပေါင်းများစွာ ကြာအောင် ပြင်ဆင်ခဲ့တာ… ဒီကောင်လေးကို သံသယ မဖြစ်စေဘဲ ဒီနေရာထိ ခေါ်လာနိုင်ဖို့ဆိုတာ… နောက်ဆုံးတော့ အကျိုးရှိသွားပြီ… ဒီအတွက် ငါဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ သိလား”
ထိုစကားလုံးများက ကြည်လင်နေသော ကောင်းကင်ပြာတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။
ချင်စန်း၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်ခါသွားပြီး တုန်ယန်းပိုကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
တုန်ယန်းပိုက သူ၏ အောင်မြင်မှုအတွက် အတော်လေး ကျေနပ်နေပုံရပြီး ဆက်လက် ရှင်းပြလာသည်။
“ဒီကောင်လေးရဲ့ ပါရမီက တကယ်ကို ဆိုးရွားလွန်းတယ်… သူ ဒီလောက်ထိ အသက်ရှင်လာတာကိုက အံ့ဖွယ်ရာပဲ”
“အဲ့တုန်းက မင်းတစ်ခုခု သတိထားမိမှာစိုးလို့ ငါသူ့ကို တိုက်ရိုက် မချဉ်းကပ်နိုင်ခဲ့သလို ချယ်ယွီထောင်နဲ့ တခြားသူတွေကိုလည်း စည်းကမ်းဖောက်ပြီး တပည့်အဖြစ် လက်ခံခိုင်းလို့လည်း မဖြစ်ခဲ့ဘူး”
“သူက မင်းအပေါ် ဒီလောက်ထိ အစွဲအလမ်းကြီးစေမယ်လို့ ငါမထင်ထားခဲ့ဘူး… အဲ့တုန်းကတော့ သာမန် လှုပ်ရှားမှုလေး တစ်ခုပါပဲ… ကံတရားအတိုင်း ဖြစ်ပါစေတော့ဆိုပြီး တတ်နိုင်တာ လုပ်ပေးခဲ့ရုံပါ… ဒါကြောင့် ငါက တပည့်တစ်ယောက်ကို သူနဲ့ ရွယ်တူချင်းလို ဆက်ဆံဖို့၊ ခင်မင်မှု တည်ဆောက်ဖို့နဲ့ သူ့ကို စောစောစီးစီး မသေအောင် အသက်ပိုရှည်စေရုံလောက် အကူအညီ အနည်းငယ် ပေးဖို့ စီစဉ်ခဲ့တာ”
“မထင်မှတ်ဘဲ ဒီကောင်လေးက တော်တော်လေး ကံကောင်းတယ်… သူ့ဘာသာ နာမည်ရအောင်တောင် လုပ်နိုင်ခဲ့တယ်… နောက်ပိုင်း မင်းဆီမှာ ဝှက်ထားတဲ့ လျှို့ဝှက်ချက်ကို ငါတွေ့သွားတော့မှ ငါ့ရဲ့ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုလေးက တကယ် အသုံးဝင်လာနိုင်မှန်း သဘောပေါက်လိုက်တာ… စီစဉ်မှုနဲ့ လမ်းညွှန်မှု အနည်းငယ် ထပ်ဖြည့်လိုက်ရုံနဲ့…”
ဘယ်သူလဲ။
ကျန်းယန်လား။ ဂိုဏ်းတူဦးလေး ဝမ်လား။ မူရိဖုန်းလား။
ချီယွမ်ရှို့။
ဒါ ချီယွမ်ရှို့ပဲ။
ရင်းနှီးသော နာမည်များ ချင်စန်း ခေါင်းထဲ တန်းစီ ဖြတ်သန်းသွားသည်။
ထိုအခိုက်အတန့်တွင် ရေခဲတွင်းနက်ထဲသို့ ထိုးကျသွားသလို ခံစားလိုက်ရသည်။
တလျှောက်လုံး တုန်ယန်းပို၏ အမိန့်ဖြင့် လှုပ်ရှားနေသူ တစ်ယောက် ရှိခဲ့လျှင် ထိုသူမှာ ချီယွမ်ရှို့သာ ဖြစ်နိုင်သည်။
ပြန်စဉ်းစားကြည့်လျှင် ရှေးဟောင်း အင်မော်တယ် စစ်တလင်းတွင် သူ့အား ပထမဆုံး ဆက်သွယ်ခဲ့သူမှာ ချီယွမ်ရှို့ပင် မဟုတ်ပါလား။
ချီယွမ်ရှို့က အစပိုင်းတွင် သူ့အား အထူးတလည် မျက်နှာသာပေးခြင်း မရှိသော်လည်း နှစ်ကြိမ်ခန့် တွေ့ဆုံပြီးနောက် သဘောထားမှာ သိသိသာသာ နွေးထွေးလာခဲ့သည်။
နှစ်များတစ်လျှောက် ချီယွမ်ရှို့သည် ရွှမ်လုစခန်းတွင် တာဝန်ကျနေခဲ့သည်။ သူ ချင်စန်းကို ပေးသော တာဝန်များမှာ အမြဲတမ်း ရိုးရှင်းပြီး အန္တရာယ် နည်းပါး၏။
နောက်ပိုင်း ချီယွမ်ရှို့ ဂိုဏ်းသို့ ပြန်ခေါ်ခံရချိန်တွင်…
ရွှေအမြူတေဖွဲ့စည်းခြင်း အတွက် ချီယွမ်ရှို့၏ အထောက်အကူပြု ဝိညာဉ်ပစ္စည်းကို တုန်ယန်းပို ကိုယ်တိုင် ပေးသနားခဲ့သည် ဆိုသောအချက်ကို ချင်စန်း ရုတ်တရက် သတိရလိုက်သည်။
ဒါက ပေးဆပ်ခဲ့တဲ့ ဝန်ဆောင်မှုတွေအတွက် ဆုလာဘ်လား…
သူ့အမြူတေ ဖွဲ့စည်းပြီးနောက် အဆုံးမဲ့တောင်ကြားဆီ လေ့ကျင့်ရန် သွားဖို့ ဆုံးဖြတ်လိုက်ချိန်တွင် သူ့စိတ်ပိုင်းဖြတ်မှုကို မြင်လျှင် ချီယွမ်ရှို့က မိစ္ဆာဂိုဏ်း နယ်မြေအတွင်း ဂိုဏ်းမှ ထားရှိသော လျှို့ဝှက် အဆက်အသွယ် အားလုံး ထုတ်ဖော်ပြသခဲ့ပြီး လိုအပ်ပါက အကူအညီတောင်းရန် မှာကြားခဲ့သည်။
အုပ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ ဘယ်နှယောက်ကများ ဒီလို အခွင့်ထူးမျိုး ရဖူးကြလို့လဲ…
စစချင်း ချီယွမ်ရှို့က ရွှေအမြူတေအဆင့် ရောက်ပြီးနောက် အာဏာပိုရလာပြီး သူ့ကို စေတနာသက်သက်ဖြင့် စောင့်ရှောက်ပေးသည်ဟု ချင်စန်း ထင်မှတ်ခဲ့သည်။
အဲ့ဒီတုန်းက သူက ဒီလောက် ကြိုးစားအားထုတ်မှုနဲ့ ထိုက်တန်ရဲ့လားလို့ သံသယဖြစ်ခဲ့ပေမဲ့ ဒီလိုအခြေအနေမျိုး ဖြစ်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး… နောက်ကွယ်မှာ ဝိညာဉ်သန္ဓေသားအဆင့် ကျွမ်းကျင်သူ တစ်ယောက်က အရိပ်ထဲကနေ အမိန့်ပေး စေခိုင်းနေမယ်လို့ ဘယ်သူက ထင်မှာလဲ…
လမ်းတစ်လျှောက်လုံး ထိုရွှေအမြူတေအဆင့် ကျင့်ကြံသူများက သူ့ကို လျစ်လျူရှုခဲ့ကြသည်။ သူ မူလဝိညာဉ် ဓားမွေးမြူခြင်း ကျင့်စဉ် ပြီးမြောက်ပြီး ဓားချီမိုးကြိုးသံ စွမ်းရည် ရရှိခဲ့ချိန်မှာပင် သူ လုပ်ဆောင်ခဲ့သည့် အရာကို မည်သူကမှ မေးခွန်းမထုတ်ခဲ့ကြပေ။
နှင်းဝိညာဉ်ကြာပန်းနှင့် ဇာမဏီပန်းတို့သာ ကြီးမားသော တန်ဖိုးကြောင့် ဂယက်အနည်းငယ် ထစေခဲ့သည်။ သို့သော် သူ သုံးစွဲပြီးကြောင်း အတည်ပြုပြီးနောက် မည်သူကမှ သူ့ကို ဒုက္ခမပေးခဲ့ပေ။
အခုပြန်စဉ်းစားကြည့်တော့ သူတစ်ယောက်တည်း ထွက်သွားပြီး ချီယွမ်ရှို့ရဲ့ အကြည့်အောက်ကနေ လွတ်သွားတဲ့ အကြိမ်အနည်းငယ်ကလွဲရင်… သူ့ကျင့်ကြံခြင်း ခရီးစဉ် တစ်လျှောက်လုံးက ဒီလူရဲ့ စောင့်ကြည့်မှုအောက်မှာ အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်စွာ ဖြတ်သန်းခဲ့ရတာပဲ။
ဖရိုဖရဲ ကျွန်းစုရေပြင်က တိုက်ပွဲကလွဲလို့ပေါ့။ ဒါပေမဲ့ အဲ့ဒီတုန်းကတောင် ချယ်ယွီထောင်က ကြယ်ကြည့်ကျွန်းမှာ တပ်စွဲထားတာ…
ထိုတိုက်ပွဲအတွင်း သေရေးရှင်ရေး အန္တရာယ်များ ရှိခဲ့သော်လည်း ချယ်ယွီထောင် ကြီးကြပ်နေသဖြင့် အန္တရာယ်အများဆုံး တိုက်ပွဲများကို သူ့ထံမှ ရှောင်လွှဲပေးခဲ့ခြင်း ဖြစ်နိုင်သည်။ မမျှော်လင့်တာ တစ်ခုခု ဖြစ်ခဲလျှင်ပင် သူ့တွင် ထွက်ပြေးဖို့ ဓားချီမိုးကြိုးသံ စွမ်းရည် ရှိနေသေး၏။
ကြီးမားသော အကျိုးကျေးဇူးများက ကြီးမားသော စွန့်စားမှုများနှင့်အတူ လာသည်။ ထိုအချိန်ကာလများမှာ သူ့လမ်းစဉ် တစ်လျှောက်လုံးတွင် အမှန်တကယ်ပင် အသီးအပွင့် အများဆုံး ဖြစ်ခဲ့သည်။ အတုအယောင် အမြူတေအဆင့်သို့ လျင်မြန်စွာ တက်လှမ်းနိုင်ခဲ့ခြင်းသည် ထိုတိုက်ပွဲနှင့် ခွဲခြား၍မရပေ။
ချင်စန်း ခါးသီးစွာ ပြုံးလိုက်သည်။ နောက်ဆုံးတွင် သူ သဘောပေါက်သွားလေပြီ။
သူ ဘယ်တုန်းကမှ ကမ္ဘာမြေကို တုန်လှုပ်စေမယ့် အရာတစ်ခုမှ မလုပ်ခဲ့ဘူး… ဒါဆို ဘယ်လိုလုပ် သူ့နာမည်က ဒီလောက် ကျယ်ပြန့်သွားရတာလဲ… စစ်မှန်သော သူရဲကောင်းများက ဂုဏ်ကျက်သရေ မယူဘဲ မှတ်တိုင်စိုက်ထူ၍ မဟုတ်ဘဲ တစ်စုံတစ်ယောက်က နောက်ကွယ်မှ တွန်းအားပေးပြီး မီးလောင်ရာ လေပင့်နေသောကြောင့်ပင်။
သူတို့၏ ရည်ရွယ်ချက်မှာ ချန်ယန် သံသယမဖြစ်စေဘဲ သူ့အား ဓာတ်ကြီးငါးပါး သားရဲတံဆိပ် တစ်ခု ရစေပြီး ကျီဝေနန်းတော်သို့ ဝင်ရောက်နိုင်စေရန် တုန်ယန်းပိုနှင့် ပူးပေါင်းဖို့ ဖြစ်သည်။
ချီယွမ်ရှို့က ရှေးဟောင်း အင်မော်တယ် စစ်တလင်းသို့ စောစီးစွာ ဝင်ရောက်ခွင့် ပေးသည်ဟူသော အကြောင်းပြချက်ဖြင့် ရွှမ်လုအစောင့်တပ်ဖွဲ့၏ အမိန့်ပေးတံဆိပ်ပြားကို လက်ဆောင်ပေးကာ ရွှမ်လုစခန်းသို့ စောစော သွားရောက်အောင် တိုက်တွန်းခဲ့သည်။ ထို့အပြင် ကျင့်ကြံခြင်းတွင် အလွန်အကျွံ အားမစိုက်ဘဲ လောကီလူ့ဘောင်ကို လေ့လာဖို့ အချိန်ပိုပေးရန်လည်း အားပေးခဲ့၏။
ယခု ပြန်စဉ်းစားကြည့်လျှင် ထိုသည်က…
“သွား… ကောင်းကောင်း စားသောက်ပြီး မသေခင် ဝဝပျော်ပါးလိုက်” ဟု ပြောနေခြင်းပင် မဟုတ်လော။
နောက်ဆုံး အချိန်နီးကပ်လာချိန်တွင် ချီယွမ်ရှို့က သူ့အား တွေ့ဆုံရန်ပင် ငြင်းဆန်ခဲ့သည်။ သူ့ကို အားနာ၍ မျက်နှာချင်းမဆိုင်ရဲသောကြောင့်လော။
ရွှမ်လုစခန်းတွင် တုန်ယန်းပိုက ရုတ်တရက် လူစုပြီး သားရဲတံဆိပ်များကို ကြီးကြပ်ရန် ရောက်လာခဲ့သည်။
မကြာသေးမီက တိုက်ပွဲများအတွင်း ချင်စန်း၏ ကျော်ကြားမှုကြောင့် ချယ်ယွီထောင်က သူ့အား မည်သည့် စစ်ဆေးမှုမှ မပြုလုပ်ဘဲ သားရဲတံဆိပ် ကိုင်ဆောင်သူအဖြစ် ခန့်အပ်နိုင်ခဲ့သည်။
အကြောင်းပြချက်မှာ ယုတ္တိတန်နေပြီး ချန်ယန်လည်း သံသယ တစ်စက်မျှ မဝင်ခဲ့ပေ။
မြင်ကွင်းများ တစ်ခုပြီးတစ်ခု ချင်စန်း စိတ်ထဲ ဖြတ်သန်းသွား၏။
တခြားစီ ခွဲကြည့်လျှင် ဖြစ်ရပ်တစ်ခုစီမှာ အရေးမပါသလို ရှိသော်လည်း အားလုံးကို ဆက်စပ်ကြည့်လိုက်လျှင် သူ ရုတ်တရက် သဘောပေါက်သွားတော့သည်။
မမြင်ရသော လက်တစ်ဖက်က သူ့ကို တလျှောက်လုံး လမ်းပြနေသကဲ့သို့ပင်။
အထူးသဖြင့် နောက်ဆုံး အဆင့်ထိ ဂရုတစိုက် ခင်းကျင်းထားသော ထောင်ချောက်ထဲသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားစေခဲ့သည်။
သူတောင် ဘာမှ သတိမထားမိခဲ့တာ… ချန်ယန်က ဘယ်လိုလုပ် သတိထားမိမှာလဲ…
ချီယွမ်ရှို့ကလွဲရင်… ဘယ်သူ ရှိဦးမလဲ…
ချင်စန်း တုန်လှုပ်သွားသည်။
လေနှင်ရာ ခရီးသည်ကော တုန်ယန်းပိုရဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေမလား…
လေနှင်ရာ ခရီးသည်ကလွဲလို့ ဘယ်သူ့သစ္စာဖောက်မှုကိုမဆို သူ လက်ခံနိုင်တယ်… သူတို့ကြား သံယောဇဉ်က အရမ်း နက်ရှိုင်းတယ်။ ချင်စန်းအတွက် လေနှင်ရာ ခရီးသည်က ဆရာတစ်ယောက်၊ မိတ်ဆွေတစ်ယောက်ပဲ။
သူနဲ့ ချီယွမ်ရှို့ကြားမှာကျ အမြဲတမ်း အကွာအဝေး တစ်ခု ရှိခဲ့တာ…
ဒါပေမဲ့ လေနှင်ရာ ခရီးသည်နဲ့ကျတော့ မဟုတ်ဘူး။ သူက ချင်စန်း အလေးစားဆုံးနဲ့ အားအကျဆုံး လူပဲ။ တကယ်လို့ သူသာ ပါဝင်နေမယ်ဆိုရင် ချင်စန်း တကယ် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး… ဒါ့အပြင် လေနှင်ရာ ခရီးသည်က သူ့လျှို့ဝှက်ချက်တွေ အများကြီး သိထားတာ။
စိတ်ထဲတွင် အရာအားလုံးကို ပြန်လည် သုံးသပ်ပြီးနောက် ချင်စန်း နောက်ဆုံးတွင် သက်ပြင်းချလိုက်နိုင်သည်။
လေနှင်ရာ ခရီးသည်မှာ တုန်ယန်းပို၏ အရုပ်တွေထဲက တစ်ယောက် ဖြစ်ဖို့ မဖြစ်နိုင်ပေ။ မဟုတ်လျှင် သူ့အနေဖြင့် အခွင့်အရေးတိုင်းကို အရယူဖို့ သေမင်းနှင့် စစ်ခင်းရင်း အကြိမ်ကြိမ် အသက်စွန့်စားစရာ မလိုချေ။
လေနှင်ရာ ခရီးသည် ရှိနေခြင်းက ချင်စန်း၏ အေးစက်နေသော နှလုံးသားကို နွေးထွေးမှု အရိပ်အယောင် အနည်းငယ် ပေးစွမ်းလိုက်သည်။
တချိန်တည်းမှာပင် ချင်စန်း စိတ်ထဲ မေးခွန်းများဖြင့် ပြည့်နှက်လာ၏။
တုန်ယန်းပိုက ချန်ယန်နဲ့ ပတ်သက်ပြီး ဘာတွေများ ရှာတွေ့ထားလို့လဲ။ စွမ်းအင် စုပ်ယူခံရတဲ့ တစ်ကြိမ်ကလွဲရင် ချန်ယန်နဲ့ ငါနဲ့ကြား ဘာပတ်သက်မှုမှ မရှိခဲ့သလို သူမကလည်း ငါ့ကို တခြားလူတွေနဲ့မတူ ထူးထူးခြားခြား ဆက်ဆံတာမျိုး မရှိပါဘူး။ ဒါဆို ဘာလို့ တုန်ယန်းပိုက ငါ့ကို ဖမ်းပြီး သူမကို ခြိမ်းခြောက်နေရတာလဲ…
ချန်ယန်က ချင်စန်းကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး မထူးဆန်းသလို ဂရုမစိုက်ဟန်ဖြင့်…
“ရှင်က ရှင့်တပည့်နဲ့ ကျွန်မကို ခြိမ်းခြောက်နေတာလား… ဒါ နည်းနည်း ရယ်စရာ မကောင်းလွန်းဘူးလား”
တုန်ယန်းပိုက ချန်ယန်ကို သိနားလည်သလို၊ နောက်ပြောင်သလို အပြုံးဖြင့် ချင်စန်းဘက် လှည့်ကြည့်လိုက်သည်။
“မိန်းကလေး ချန်ယန်… ကျောက်စိမ်းမီးပြင်းဖို သုတ္တန်ကို ဟယ်ဟွမ်ဂိုဏ်း အတွင်းမှာတောင် တားမြစ်ပညာလို့ သတ်မှတ်ထားတာ မင်းသိလား… မိစ္ဆာဂိုဏ်းက အရူးတွေတောင် အဆင့်တက်ဖို့အတွက် ဒီလိုနည်းလမ်းမျိုးကို ပေါ့ပေါ့တန်တန် မသုံးရဲကြဘူး… ဒီပညာ ရထားတဲ့သူတွေက များသောအားဖြင့် ချိတ်ပိတ်ထားပြီး ဘယ်တော့မှ ပြန်မထိကြတော့ဘူး”
“မင်းရဲ့ ပါရမီက ထူးကဲပြီး အခွင့်အရေး တစ်စွန်းတစ်စ ဆုပ်ကိုင်ဖို့ အဲ့ဒီ လျှို့ဝှက်ကျင့်စဉ်ကို တစ်ကြိမ်တည်း သုံးရုံနဲ့ ဝိညာဉ်သန္ဓေသားအဆင့် ဖွဲ့စည်းနိုင်ခဲ့တယ် ဆိုပေမယ့် မင်းက ပြန်လမ်းမရှိတဲ့ လမ်းပေါ်ကို လျှောက်လှမ်းမိနေပြီ”
“ဒီအချိန်ကစပြီး မင်း စိတ်အေးလက်အေး နေလို့ရပြီလို့ တကယ် ထင်နေတာလား”
***