ချန်ယန်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အကြံအစည်များ ဒီရေအလား တိုးဝင်လာပြီး ခန်းမဆောင်ကြီး တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
တုန်ယန်းပိုကမူ ဂရုမစိုက်ဟန်ဖြင့် အေးစက်စွာ ဆက်ပြောလာသည်။
“နက်နဲသော ကျောက်စိမ်းမီးပြင်းဖို သုတ္တန်ကို ကျင့်ကြံပြီးတာနဲ့ စွမ်းအင် စုပ်ယူတဲ့ လုပ်ရပ်က အတွင်းစိတ်မိစ္ဆာတွေကို မွေးဖွားပေးတယ်… များများ စုပ်ယူလေ အဲ့ဒီ အတွင်းစိတ်မိစ္ဆာတွေက ပိုအားကောင်းလေပဲ… သူတို့က အမြစ်တွယ်သွားပြီး ဖယ်ရှားဖို့ မဖြစ်နိုင်သလောက် ဖြစ်သွားတယ်”
“တချို့က ဒီအတွင်းစိတ်မိစ္ဆာတွေကို ဖယ်ရှားဖို့ လျှို့ဝှက်ကျင့်စဉ်တွေ စုဆောင်းပြီး ကြိုးစားခဲ့ကြပေမဲ့ ကြိုးပမ်းမှု အားလုံးက အရာမထင်ခဲ့ဘူး… အတွင်းစိတ်မိစ္ဆာတွေက ပြန်လာဖို့ နည်းလမ်းကို အမြဲ ရှာတွေ့ကြတယ်”
“ဒီပညာကို ကျင့်ကြံခဲ့သူ အများစုက ကျရှုံးခဲ့ကြတယ်… သူတို့ အဆင့်တက်ဖို့ အခွင့်အလမ်းကို အာရုံမခံနိုင်ခင်မှာပဲ ကြီးထွားလာတဲ့ အတွင်းစိတ်မိစ္ဆာတွေရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေအောက်မှာ သေဆုံးသွားကြတာ”
“အဆင့်တက်ဖို့ အလားအလာ တစ်စွန်းတစ်စကို ဆုပ်ကိုင်နိုင်ပြီး ဝိညာဉ်သန္ဓေသား ဖွဲ့စည်းနိုင်ခဲ့သူတွေတောင် အတွင်းစိတ်မိစ္ဆာရဲ့ ဘေးဒုက္ခကို မခံနိုင်ဘဲ ကောင်းကင်ကပ်ဘေး ကျော်ဖြတ်ချိန်မှာ ကျဆုံးသွားတတ်ကြတယ်”
“လူနည်းစုလောက်ပဲ အောင်မြင်ခဲ့ကြတယ်… သူတို့က ထူးကဲတဲ့ ပါရမီရှင်တွေ၊ တချို့ဆို မင်းထက်တောင် မလျော့ဘူး မိန်းကလေး ချန်ယန်… သူတို့က ဒီမိစ္ဆာပညာကို တစ်ကြိမ်တည်း သုံးရုံနဲ့ ဝိညာဉ်သန္ဓေသားအဆင့်ကို ရောက်ရှိခဲ့ကြတာ”
“ဒါပေမဲ့ ဒီလိုပါရမီမျိုးနဲ့တောင် မိစ္ဆာနည်းလမ်းတွေကို အားမကိုးဘဲ အဲ့ဒီအဆင့်ကို ရောက်နိုင်လောက်တယ်… ဒီပညာကို သုံးလိုက်ခြင်းက ဖုံးကွယ်နေတဲ့ အန္တရာယ်တွေကို မျိုးစေ့ချပေးသလို ဖြစ်သွားပြီး သူတို့ရဲ့ တာအိုနှလုံးသားတွေကို ဖျက်ဆီးလိုက်တာနဲ့ အတူတူပဲ… ရက်စက်တဲ့ အတွင်းစိတ်မိစ္ဆာတွေနဲ့ သူတို့ကိုယ်သူတို့ ချည်နှောင်လိုက်တာ”
“ဒါကြောင့်လည်း ပါရမီညံ့တဲ့သူတွေက မသုံးနိုင်ကြသလို ပါရမီကောင်းတဲ့သူတွေကလည်း မသုံးရဲကြဘူး… နောက်ဆုံးတော့ ဒီပညာက တားမြစ်ပညာ ဖြစ်လာခဲ့တယ်… ဒါပေမဲ့ ဒါက ကျောက်စိမ်းမီးပြင်းဖို့ သုတ္တန်ရဲ့ ကြောက်စရာအကောင်းဆုံး အားနည်းချက်တောင် မဟုတ်သေးဘူး”
တုန်ယန်းပိုက ထိုနေရာ အရောက်တွင် ခေတ္တ ရပ်တန့်ပြီး ချင်စန်းကို လှမ်းကြည့်လိုက်သည်။
“စွမ်းအင် စုပ်ယူတဲ့ လုပ်ငန်းစဉ်က အခြေခံအားဖြင့် နှစ်ဖက်စလုံးရဲ့ ဆန္ဒတွေနဲ့ တာအိုနှလုံးသားတွေကြား တိုက်ပွဲတစ်ခုပဲ… ကျင့်ကြံခြင်း အဆင့်နဲ့ မဆိုင်ဘူး… ဒီလုပ်ငန်းစဉ်က ဖြစ်နိုင်ချေရှိတဲ့ ရလဒ် သုံးခုကို ဦးတည်စေတယ်”
“ကျင့်ကြံသူက အောင်မြင်သွားရင် အားလုံး အဆင်ပြေတယ်… တကယ်လို့ သူတို့ ကျရှုံးပြီး စုပ်ယူခံရသူက ပြန်လည် တိုက်ခိုက်နိုင်ခဲ့ရင် ကျင့်ကြံသူရဲ့ တာအိုနှလုံးသား ကြေမွသွားနိုင်တယ်… သူတို့က ပစ်မှတ်ရဲ့ နတ်ဆိုးကျွန် ဖြစ်လာနိုင်တယ်… အမျိုးသမီးတွေအတွက်ဆိုရင် ဒါကို ခေါ်ဖို့ လှပတဲ့ ဘွဲ့ထူးတောင် ရှိသေးတယ်… ရွှမ်နူတဲ့”
“ဒါက များသောအားဖြင့် စွမ်းအင် စုပ်ယူမှုကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သူတွေမှာ ဖြစ်လေ့ရှိတယ်… သူတို့ရဲ့ အတွင်းစိတ်မိစ္ဆာတွေ ကြီးထွားလာပြီး တာအိုနှလုံးသားတွေက မတည်မငြိမ် ဖြစ်နေပြီလေ… ပစ်မှတ်ရဲ့ ထိန်းချုပ်မှုအောက် ကျရောက်သွားတာက မမျှော်လင့်ထားတဲ့ ကိစ္စ မဟုတ်တော့ဘူး”
“တတိယ ရလဒ်ကတော့… မင်းရဲ့ အခြေအနေပဲ - စုပ်ယူခံရသူက အဆုံးထိ တောင့်ခံထားပြီး ဘယ်ဘက်ကမှ နောက်ဆက်တွဲ ဆိုးကျိုး မခံစားရဘူး… သောင်မတင် ရေမကျ အခြေအနေပေါ့… နတ်ဆိုးကျွန် ဖြစ်သွားတာလောက် ဆိုးရွားတဲ့ အဖြစ်ဆိုး မဟုတ်ပေမဲ့ စုပ်ယူသူက သူတို့ စုပ်ယူခဲ့တဲ့ လူရဲ့ ဖျောက်ဖျက်မရတဲ့ အမှတ်အသား တစ်ခုကို ထမ်းပိုးထားရတော့တယ်”
“ကံကြမ္မာရဲ့ ခန့်မှန်းမရနိုင်မှု ဆိုတာ ဒီလိုပါပဲ”
တုန်ယန်းပို၏ နှုတ်ခမ်းများက ထူးဆန်းသော အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။
“မိန်းကလေး ချန်ယန်… အဲ့တုန်းက မင်း ငါတို့ရဲ့ ရွှေအမြူတေအဆင့် တပည့်တွေကို ကျင့်ကြံခြင်း မီးပြင်းဖို အဖြစ် အသုံးချဖို့ ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့တာ… အဲ့ဒါ တစ်ခုခု အာရုံခံမိလို့လား”
“ကျင့်ကြံခြင်း အဆင့်က လူတစ်ယောက်ရဲ့ တာအိုနှလုံးသား ဘယ်လောက် ခိုင်မာတယ် ဆိုတာကို အပြည့်အဝ မဆုံးဖြတ်နိုင်ပေမဲ့ ကျင့်ကြံခြင်း အဆင့်မြင့်တဲ့သူတွေက အကြိမ်ကြိမ် ဉာဏ်အလင်းပွင့်ပြီးနောက် ပိုခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ဆန္ဒကို ပိုင်ဆိုင်လေ့ရှိကြတယ်”
“နဂါးဂျင်ဆင်းရဲ့ အကူအညီနဲ့ အုပ်မြစ်တည်ဆောက်ခြင်း အဆင့်ကိုတောင် မနည်း ရောက်အောင် လုပ်ခဲ့ရတဲ့ ဓာတ်ကြီးငါးပါး ဝိညာဉ်ရင်းမြစ် ပိုင်ရှင်… ပါရမီ ညံ့ဖျင်းလွန်းတဲ့ တပည့်တစ်ယောက်က ဝိညာဉ်သန္ဓေသား ဖွဲ့စည်းခါနီး လူတစ်ယောက်တောင် မချိုးဖျက်နိုင်လောက်အောင် ခိုင်မာတဲ့ တာအိုနှလုံးသား ပိုင်ဆိုင်ထားမယ်လို့ ဘယ်သူ ထင်မှာလဲ”
“ငါ အစက မယုံရဲလို့ မင်းကို အကြိမ်ကြိမ် စမ်းသပ်ခဲ့ပေမဲ့ မင်းက ဘာသဲလွန်စမှ မပေးခဲ့ဘူး… မင်းရဲ့ ကောင်းကင်ကပ်ဘေး ကျော်ဖြတ်ချိန်မှာ ငွေအပ် နှလုံးသားချိပ်ပိတ်ခြင်း လျှို့ဝှက်ကျင့်စဉ်ကို ကိုယ့်ကိုယ်ကိုယ် သုံးထားတာ တွေ့မှပဲ ငါသေချာသွားတော့တယ်”
တုန်ယန်းပို ရှည်ရှည်ဝေးဝေး ရှင်းပြနေစဉ် ချင်စန်းမှာ လုံးဝ မျက်စိလည်လမ်းပျောက်နေခဲ့သည်။
အဲ့တုန်းက စွမ်းအင် စုပ်ယူမှုကို ပြန်စဉ်းစားကြည့်ရင် သူ အာရုံစိုက်ခဲ့တာက အကုန် စုပ်ယူခံရမှာ ကြောက်လို့ သူ့အခြေခံအုတ်မြစ်ကို ထိန်းသိမ်းဖို့ တစ်ခုတည်းပဲ… တာအိုနှလုံးသားတွေကြား တိုက်ပွဲ ဆိုတာမျိုး ဘာမှ မမှတ်မိဘူး…
တုန်ယန်းပိုက ကျမ်းစာရဲ့ အမှန်တရားကို ချန်ယန်ဆီက ဖုံးကွယ်ထားလို့ သူမက ငါ့အပေါ် လျှော့ပေးခဲ့တာလား… ဒါမှမဟုတ် တာအိုကျောက်စိမ်းဗုဒ္ဓရဲ့ ကာကွယ်မှုကြောင့် ဒီကံကြမ္မာကနေ လွတ်မြောက်ခဲ့တာလား…
ချင်စန်းက အလိုအလျောက် ချန်ယန်ကို လှမ်းကြည့်လိုက်သည်။
အဲ့ဒီ “အမှတ်အသား” ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ချန်ယန်ကို ကိုယ့်ကိုယ်ကိုယ် ငွေအပ် နှလုံးသားချိပ်ပိတ်ခြင်း သုံးရလောက်တဲ့အထိ တွန်းပို့လိုက်တာလား…
သူမ တကယ်ပဲ ပေါ်သွားပုံရသည်။
သူမ မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့သွားပြီး နှုတ်ခမ်းများကို သွေးထွက်သည်အထိ တင်းတင်း ကိုက်ထား၏။
သို့သော် တုန်ယန်းပိုက သူမ၏ တုံ့ပြန်မှုကို လုံးဝ လျစ်လျူရှုပြီး ဆက်ပြောသည်။
“မင်းက အမှတ်အသားရဲ့ သက်ရောက်မှုတွေကို ဖိနှိပ်ဖို့ ငွေအပ် နှလုံးသားချိပ်ပိတ်ခြင်းကို သုံးဖို့ ကြိုးစားခဲ့တယ်… ချင်စန်း သေသွားရင် ပြဿနာ ပြေလည်သွားမယ်လို့ ထင်နေတာ… ဘယ်လောက်တောင် အပြစ်ကင်းလိုက်သလဲ… တကယ်လို့ မိစ္ဆာပညာက လာတဲ့ ဖုံးကွယ်နေတဲ့ အန္တရာယ်တစ်ခုကို ဒီလောက် ရိုးရိုးရှင်းရှင်း နည်းလမ်းနဲ့ ဖြေရှင်းလို့ရရင် အဲ့ဒါကို တားမြစ်ပညာလို့ ခေါ်ပါဦးမလား”
တုန်ယန်းပိုက ချင်စန်းကို လက်ညှိုးထိုးပြလိုက်သည်။
“ယုံချင်ယုံ မယုံချင်နေ… တကယ်လို့ ငါအခု မင်းရှေ့မှာ သူ့ကို သတ်လိုက်ရင် မင်းရဲ့ တာအိုနှလုံးသားက နေရာမှာတင် ကြေမွသွားလိမ့်မယ်… မင်းရဲ့ ကျင့်ကြံခြင်းက ဝိညာဉ်သန္ဓေသား အဆင့်ကနေ ရွှေအမြူတေ အဆင့်ကို ချက်ချင်း ပြန်ကျသွားမယ်… မင်းဆရာကို ကယ်နိုင်ဦးမယ် ထင်နေတုန်းလား… အိပ်မက်သာ မက်နေလိုက်”
သူ ထိုစကားပြောလိုက်သည့် အခိုက်အတန့်တွင် ချင်စန်းရော ချန်ယန်ပါ ဖြူဖျော့သွားတော့သည်။
ချင်စန်းလည်း သူ့ကံကြမ္မာမှာ တစ်ချိန်က သူ့ဆီကနေ စွမ်းအင် စုပ်ယူခဲ့သော အမျိုးသမီးနှင့် ဤမျှ နားလည်ရခက်သည့် နည်းလမ်းဖြင့် ချည်နှောင်ခံထားမည်မှန်း တစ်ခါမှ ထင်မထားခဲ့ပေ။
အဲ့တုန်းက အရောင်းအဝယ် တစ်ခုတည်းနဲ့… အခုတော့ နာတာရှည် ကပ်ဘေးတစ်ခု ကျန်ရစ်ခဲ့ပြီ…
ဒါပေမဲ့ တခြားရှုထောင့်ကနေ စဉ်းစားကြည့်ရင် တကယ်လို့ သူသာ ချန်ယန်ရဲ့ နှလုံးသားထဲမှာ ဖျောက်ဖျက်မရတဲ့ အမှတ်အသားတစ်ခု ဖြစ်နေခဲ့ရင်… သူမရဲ့ ကျင့်ကြံခြင်းကို ထိန်းသိမ်းဖို့အတွက် သူ့ကို အသက်ရှင်အောင်ထားဖို့ အစွမ်းကုန် လုပ်ဆောင်ရလိမ့်မယ်…
သူ့အတွက်တော့ ဒါက သိပ်မဆိုးတဲ့ ကိစ္စ ဖြစ်ကောင်း ဖြစ်နိုင်တယ်…
“တကယ်လို့ အဲ့လိုသာဆိုရင် ရှင် ဘာလို့ သူ့ကို မသတ်သေးတာလဲ… တကယ်လို့ ကျွန်မ ကျင့်ကြံခြင်းက ရွှေအမြူတေ အဆင့်ကို ကျသွားရင် ရှင် သွေးပုလဲကို ယူပြီး လိုချင်တာ ရဖို့ ပိုလွယ်ကူသွားပြီ မဟုတ်ဘူးလား” ချန်ယန်က ရုတ်တရက် အေးစက်စွာ ပြောလိုက်သည်။
ထိုစကားကြားလျှင် ချင်စန်းလည်း သဘောပေါက်သွားသည်။
ချန်ယန် တစ်ယောက် ဤမျှ တည်ငြိမ်နေပြီး တုန်ယန်းပို၏ ခြိမ်းခြောက်မှုကို ဖောက်ထွင်းမြင်ကာ အရေးကြီးဆုံး အားနည်းချက်ကို ချက်ချင်း ထောက်ပြနိုင်လိမ့်မယ်လို့ သူကိုယ်တိုင်ပင် ထင်မထားခဲ့ပေ။
တုန်ယန်းပိုရဲ့ နက်နဲတဲ့ အကြံအစည်တွေနဲ့ ရက်စက်တဲ့ နည်းလမ်းတွေအရ အခု သူ ဟန်ဆောင်မှုတွေ အကုန် ခွာချလိုက်မှတော့ ဘာကိုမှ ထိန်းချုပ်ထားမှာ မဟုတ်ဘူး… ဒါဆို သူပြောသမျှ အကုန်လုံးကို ယုံလို့မရဘူး ဆိုတဲ့ သဘောပဲ…
ချင်စန်း အတွေးနက်နေမိ၏။ သူက ချန်ယန်အပေါ် သက်ရောက်မှု ရှိနေသည်ကား အမှန်ဖြစ်လောက်သည်။
ဒါပေမဲ့ သူ့သေဆုံးမှုက သူမ တာအိုနှလုံးသားကို သေချာပေါက် ပြိုလဲစေပြီး ကျင့်ကြံခြင်း အဆင့်ပါ ရွှေအမြူတေ အဆင့်ထိ ပြန်ကျသွားစေမလား ဆိုတာတော့ မသေချာသေးဘူး… တုန်ယန်းပိုက သူ့ကို ချက်ချင်း မသတ်ဘဲ ရှောင်ရှားဖို့ ဆုံးဖြတ်လိုက်တာက သူတောင်မှ လုံးဝ ယုံကြည်မှု မရှိဘဲ မမျှော်လင့်ထားတဲ့ အကျိုးဆက်တွေကို ကြောက်ရွံ့နေကြောင်း ပြသနေတယ်…
တုန်ယန်းပို၏ မျက်လုံးများထဲတွင် စိတ်တိုသည့် အရိပ်အယောင် တစ်ခု ဖြတ်သန်းသွားသော်လည်း သူ့လေသံမှာ တည်ငြိမ်နေဆဲပင်။
“မိန်းကလေး ချန်ယန်… လောင်းချင်ရင် လောင်းကြည့်လိုက်လေ… အဆိုးဆုံး အခြေအနေမှာ ငါက ရတနာ ရဖို့ အခွင့်အရေး တစ်ကြိမ် ဆုံးရှုံးရုံပဲ… ဒါပေမဲ့ မင်းက ဘာဆုံးရှုံးရမလဲ… မင်းဆရာကို မကယ်တင်နိုင်ရုံတင် မကဘဲ မင်းရဲ့ ကျင့်ကြံခြင်းပါ ရွှေအမြူတေ အဆင့်ထိ ပြန်ကျသွားလိမ့်မယ်… ဝိညာဉ်သန္ဓေသား အဆင့်ကို ပြန်တက်လှမ်းဖို့က ကောင်းကင်ပေါ် တက်ရသလောက် ခက်ခဲလိမ့်မယ်… မင်း သူ့ကို ကယ်တင်ဖို့ အခွင့်အရေး ဘယ်တော့မှ ရလာတော့မှာ မဟုတ်ဘူး… မင်းဆရာရဲ့ ကျင့်ကြံခြင်းက ဘယ်လောက်ပဲ မြင့်မားပါစေ ဒီနတ်ဆိုးတွင်းနက်ထဲမှာ ပိတ်မိနေရင်း နောက်ထပ် ဘယ်နှစ်နှစ်လောက်များ အသက်ရှင်နိုင်ဦးမလဲ”
ချန်ယန် တိတ်ဆိတ်နေသည်ကို မြင်လျှင် တုန်ယန်းပိုက ခေါင်းမော့ပြီး ကြေးနီခန်းမဆောင်၏ အမိုးခုံးအား လှမ်းကြည့်လိုက်သည်။
“မိန်းကလေး ချန်ယန်… ငါ မင်းကို ရိုးရိုးသားသား ပြောပြမယ်… ဒီမျှော်စင်ရဲ့ စစ်မှန်တဲ့ ရတနာက နတ်ဆိုးတွင်းနက်ထဲမှာ မရှိဘူး၊ အပေါ်မှာ ရှိတာ… အဲ့ဒီ ရတနာက တွင်းနက်ကို ပိတ်ဖို့ သော့ချက်ဆိုလည်း မမှားဘူး… အဲ့ဒါကို လက်ထဲ ရထားရင် တွင်းနက်ရဲ့ အတားအဆီးကို အလွယ်တကူ ချိုးဖျက်နိုင်လိမ့်မယ်”
“ဆရာနဲ့ တပည့်ကြား သေကြေပျက်စီးတဲ့ ရန်ငြိုးတစ်ခုကို ရှောင်ရှားနိုင်တဲ့ နည်းလမ်း ရှိရင် ငါလည်း အဲ့ဒီအဆင့်ထိ မရောက်ချင်ဘူး… ကျောက်စိမ်းမီးပြင်းဖို သုတ္တန်ရဲ့ ဖုံးကွယ်နေတဲ့ အန္တရာယ်အတွက်တော့ လုံးဝ မဖြေရှင်းနိုင်တာမျိုး မဟုတ်ဘူး”
“ငါ့လက်ထဲမှာ မဟာယာနဗုဒ္ဓဘာသာ ဂိုဏ်းတစ်ခုရဲ့ ကျောက်တံတား ဈန်ဝင်ခြင်း လို့ခေါ်တဲ့ တရားထိုင်နည်း တစ်ခု ရှိတယ်… အလုံးစုံ လွတ်မြောက်ခြင်း တာအိုကို အဓိကထားတဲ့ ရှားပါး လျှို့ဝှက်ကျင့်စဉ် တစ်ခုပေါ့”
“ငါ ချင်စန်းရဲ့ ကျင့်ကြံခြင်းကို တားမြစ်အဆောင် တစ်ခုနဲ့ ပိတ်ထားပြီးပြီ… ငါ သူ့ကို မင်းလက်ထဲ အပ်လိုက်တာနဲ့ မင်းလုပ်ရမှာက သူ့ကို မင်းရဲ့ လှိုက်ဂူဆီ ပြန်ခေါ်သွားပြီး အဲ့ဒီမှာ ထားလိုက်ရုံပဲ… အချိန်တန်ရင် ကျောက်တံတား ဈန်ဝင်ခြင်းကို ပြောင်းလဲ ကျင့်ကြံလိုက်… အမှတ်အသားကို လက်ခံလိုက်၊ သူ့ရဲ့ လွှမ်းမိုးမှုကို မင်းရဲ့ စစ်မှန်တဲ့ နှလုံးသား အဖြစ် သဘောထားပြီး သူ့ကို မင်းရဲ့ အချစ်မြတ်နိုးရဆုံး အဖော်မွန် အဖြစ် နှလုံးသားထဲကနေ ရှုမြင်လိုက်… သူနဲ့အတူ နေ့ရောညပါ နေထိုင်လိုက်”
“မင်းတို့ သံယောဇဉ် နက်ရှိုင်းလာတဲ့အခါ… ရင်းနှီးကျွမ်းဝင်ပြီး ခွဲခွာလို့ မရနိုင်တော့တဲ့ အချိန်ကျမှ အလုံးစုံ လွတ်မြောက်ခြင်း တာအိုကို ကျင့်ကြံ… မင်းရဲ့ တာအိုကို သက်သေပြဖို့ မင်းချစ်သူကို သတ်ဖြတ်လိုက်”
“ဒါက ဖုံးကွယ်နေတဲ့ အန္တရာယ်ကို တစ်ချက်တည်းနဲ့ ဖယ်ရှားပေးရုံတင် မကဘူး… မင်းက ကပ်ဘေးကို ကောင်းချီးအဖြစ် ပြောင်းလဲပြီး မင်းရဲ့ ကျင့်ကြံခြင်းကို ပိုမြင့်မားတဲ့ အဆင့်ဆီ တွန်းပို့နိုင်ကောင်း တွန်းပို့နိုင်လိမ့်မယ်”
***