“တကယ်လို့ မင်းသာ မိန်းမကောင်း ပီသမှုနဲ့ ဂုဏ်သိက္ခာဆိုတဲ့ အယူအဆတွေကို ဖက်တွယ်ထားဖို့ ဆန္ဒရှိနေသေးရင် ဒါက အဓိပ္ပာယ်မရှိဘဲ ခေါင်းမာနေတာပဲ… အဲ့ဒါတွေက လောကီစည်းကမ်းတွေကို ထိန်းသိမ်းဖို့ ဖန်တီးထားတဲ့ သာမန် ကိုယ်ကျင့်တရားတွေ သက်သက်ပဲ… ဝိညာဉ်သန္ဓေသား အဆင့် ရောက်နေပြီဖြစ်တဲ့ ငါတို့လို ကျင့်ကြံသူတွေအတွက် ငါတို့အောက်က လူတိုင်းက ပုရွက်ဆိတ်တွေနဲ့ ဘာမှ မခြားတော့ဘူး… မြို့တွေ၊ တိုင်းပြည်တွေကို စိတ်လိုလက်ရ မသတ်ဖြတ်ဘဲ ရှောင်ကြဉ်တာကတင် ကြီးမားတဲ့ ကရုဏာသက်ရောက်မှု ဖြစ်နေပြီ… တကယ်လို့ မင်း ဒီလောက်လေးတောင် သဘောမပေါက်နိုင်ရင် မင်းရဲ့ ကျင့်ကြံခြင်း သက်တမ်း တစ်လျှောက်လုံး အလဟဿ ဖြစ်သွားပြီ”
တုန်ယန်းပို၏ ခြိမ်းခြောက်မှုများနှင့် မက်လုံးပေးမှုများမှာ ကျွမ်းကျင်စွာ ဖန်တီးထားခြင်း ဖြစ်သည်။ သူက ချန်ယန်၏ သူမဆရာကို ကယ်တင်လိုစိတ် ပြင်းပြမှုကို အခွင့်ကောင်းယူပြီး လက်နက်ချ အရှုံးပေးလာအောင် ဖိအားပေးနေခြင်းပင်။
ချန်ယန် ရုတ်တရက် ချင်စန်း၏ မျက်လုံးများကို လှမ်းမြင်လိုက်သည်။ လျှပ်စီးကြောင်း တစ်ခုကဲ့သို့ သူမ နှလုံးသားထဲ တည့်တည့် ထိုးဖောက်သွားပြီး နေရာတွင်ပင် တောင့်တင်းသွား၏။
ဒါ ဘယ်လို အကြည့်မျိုးလဲ။
သူက ငါ့ကို မေးခွန်းထုတ်နေသလိုပဲ…
ခြိမ်းခြောက်ခံရပြီး မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေမှာ မင်းက လက်နက်ချပြီး ကံကြမ္မာကို လက်ခံမလား… ဒါမှမဟုတ် မှိန်ဖျော့ဖျော့ မျှော်လင့်ချက်လေး တစ်စွန်းတစ်စကို ဆုပ်ကိုင်ပြီး ဘယ်တော့မှ ခေါင်းမငုံ့ဘဲ အဆုံးထိ တိုက်ခိုက်မလား။
နောက်တစ်ခဏတွင် သွေးရောင် ဓားအလင်းတန်း တစ်ခုက ကြေးနီခန်းမဆောင် အတွင်း ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ချန်ယန် လက်ထဲရှိ သွေးပုလဲထက်ပင် ပိုတောက်ပပြီး စူးရှနေ၏။ တောက်ပသော အနီရောင် ဖြစ်သော်လည်း ဝမ်းနည်းမှုနှင့် ကြေကွဲဖွယ် အလှတရားတို့ ရောယှက်နေသည်။
အဆောင်ကြောင့် ကျင့်ကြံခြင်း ချိတ်ပိတ်ခံထားရပြီး မသန်စွမ်းသူ တစ်ယောက် ဖြစ်သွားပြီဟု ယူဆရသော ချင်စန်းက…
သူ့ပိုင်ဟွီ အမှတ်မှ သေးသွယ်သော ဓားပျံတစ်လက်ကို ဆင့်ခေါ်ပြီး မိုးကြိုးလက်ကောက်ဆီ တည့်တည့် ချိန်ရွယ်လိုက်သည် မဟုတ်ပါလား။
မိုးကြိုးလက်ကောက်မှာ တုန်ယန်းပို၏ သက်စောင့် ဝိညာဉ်လက်နက် ဖြစ်ပြီး နေ့ညမပြတ် သန့်စင်ထားခဲ့သော အရာဖြစ်သည်။
အဆင့်မြင့် ဝိညာဉ်လက်နက်များကြားတွင် အထွတ်အထိပ်သို့ ရောက်နေသည့် လက်နက်တစ်ခုပင်။
ယှဉ်ကြည့်လျှင် ချင်စန်း၏ ဓားမှာ အားနည်းပြီး မပြောပလောက်သလို ထင်ရသည်။
သို့သော် ထိုဓားပျံမှ ထွက်ပေါ်လာသော သွေးရောင် အလင်းတန်းကြောင့် တုန်ယန်းပို၏ မျက်နှာထားမှာ သိသိသာသာ ပြောင်းလဲသွားသည်။
“သွေးညစ်ညမ်း နတ်ဘုရား အလင်းတန်း”
ချင်စန်းကို ချန်ယန် ခေါ်ထုတ်သွားမှာ စိုးရိမ်လို့ တုန်ယန်းပိုက မိုးကြိုးလက်ကောက်ကို သုံးပြီး ထွက်ပြေးဖို့ လမ်းမရှိအောင် တင်းကျပ်စွာ ချိတ်ပိတ်ထားခဲ့တာ။ ဒါပေမဲ့ ချင်စန်းရဲ့ ရုတ်တရက် တိုက်ခိုက်မှုကြောင့် တုန်ယန်းပိုလို စွမ်းအားကြီးတဲ့သူတောင် ဝိညာဉ်လက်နက်ကို အချိန်မီ ပြန်မသိမ်းနိုင်လိုက်ဘူး။…
သွေးညစ်ညမ်း နတ်ဘုရား အလင်းတန်း ဆိုတာ ချင်စန်း အနေနဲ့ ကျီဝေနန်းတော် အတွင်းမှာ တစ်ကြိမ်တည်းသာ ထုတ်သုံးနိုင်တဲ့ သဘာဝလွန် စွမ်းရည်တစ်ခု… အဲ့တုန်းက ဝဋ်ကြွေးကြေ နန်းတော် ခြုံခိုတိုက်ခိုက်ပြီး လင်းယွမ်ထျန်းရဲ့ ဝိညာဉ်လက်နက် ပျက်စီးလုနီးပါး ဖြစ်သွားတဲ့အချိန်မှာ ချင်စန်းက ဒီနည်းလမ်းကို သိမ်းဆည်းထားခဲ့တာ… နောက်ပိုင်း တိုက်ပွဲတွေ အားလုံးမှာ မိစ္ဆာသားရဲတွေနဲ့ပဲ ဖြစ်ဖြစ်၊ လေလွင့်ဝိညာဉ်တွေနဲ့ပဲ ဖြစ်ဖြစ် သူက ဒါကို သုံးဖို့ အချိန်ကောင်း တစ်ခါမှ မတွေ့ခဲ့ဘူး…
အခုတော့ ဒါက သူ့ရဲ့ နောက်ဆုံး အသက်ကယ်ကြိုး ဖြစ်လာခဲ့ပြီ…
တုန်ယန်းပို၏ အဆောင်မှာ အလွန် စွမ်းအားကြီးပြီး ချင်စန်း ခန္ဓာကိုယ်ကို လုံးဝ မလှုပ်ရှားနိုင်အောင် ချုပ်နှောင်ထားသည်။ သူက လွတ်မြောက်ရန် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့သော်လည်း ချိတ်ပိတ်မှု၏ စွမ်းအားမှာ မတုန်မလှုပ် ရှိနေဆဲပင်။
သို့သော် သူ့မူလဝိညာဉ်ကို တာအိုကျောက်စိမ်းဗုဒ္ဓ ရုပ်ပွားတော်က ကာကွယ်ထားသဖြင့် အဆောင်၏ အာနိသင်မှာ ထိုနေရာသို့ မသက်ရောက်နိုင်ခဲ့ပေ။ သူက သစ်နက်ဓားကို ထိန်းချုပ်နိုင်သေးသည်။
သူ့သွေးကြောများနှင့် ချီပင်လယ်တို့ ချိတ်ပိတ်ခံထားရပြီး ဝိညာဉ်စွမ်းအား လှုပ်ရှားမှု ရပ်တန့်နေကာ အတုအယောင် အမြူတေကိုပင် အာရုံမခံနိုင်တော့သော်လည်း သစ်နက်ဓားပေါ်ရှိ သတ်ဖြတ်ခြင်း သင်္ကေတက အစားထိုး ဒန်တျန်တစ်ခု အဖြစ် ဆောင်ရွက်ပေးသည်။ ၎င်းက ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများကို အလိုအလျောက် စုပ်ယူပြီး ဓားကို ထိန်းချုပ်ရန် လုံလောက်သော စွမ်းအား ထောက်ပံ့ပေးနိုင်၏။
ထို့အပြင် သူ့စိတ်စွမ်းအင်မှာလည်း အတားအဆီး မရှိပေ။
တကယ်တမ်းတွင် ချင်စန်းက အချိန်ကောင်းကို တောက်လျှောက် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
မူလက တုန်ယန်းပိုနှင့် ချန်ယန်တို့ မလွဲမသွေ ထိပ်တိုက်တွေ့ပြီး တိုက်ခိုက်ကြမည့် အချိန်တွင် ထွက်ပြေးရန် စီစဉ်ထားခဲ့သည်။
သို့သော် တုန်ယန်းပို တစ်ယောက် ကျောက်တံတား ဈန်ဝင်ခြင်းကို ထုတ်ပြလိုက်သည့် အခိုက်အတန့်တွင် ချင်စန်းလည်း ဆက်စောင့်နေလို့ မဖြစ်တော့မှန်း သိလိုက်သည်။
တုန်ယန်းပိုက သူ့ကို ပုရွက်ဆိတ် တစ်ကောင်လောက် အဖြစ်သာ သဘောထားသည်။ ချန်ယန်ကသာ သူ့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပင်။ အကယ်၍ သူမသာ ကျောက်တံတား ဈန်ဝင်ခြင်းကို လက်ခံပြီး သဘောတူလိုက်လျှင် သူ့အတွက် ထွက်ပြေးဖို့ အခွင့်အရေး ဘယ်တော့မှ ရလာတော့မည် မဟုတ်ပေ။
သူမကို ပြန်စဉ်းစားဖို့ အချိန် ပေးလို့မဖြစ်ဘူး။ စွန့်စားရတော့မယ်…
ချန်ယန်ကို သူ ပေးလိုက်တဲ့ နောက်ဆုံးအကြည့်က မေးခွန်းတစ်ခုပဲ။ မင်း ဘယ်လမ်းကို ရွေးမလဲ…
ရွှစ်…
မိုးကြိုးလက်ကောက်မှာ အနီရောင် အလင်းတန်းများ လွှမ်းခြုံသွား၏။
သွေးညစ်ညမ်း နတ်ဘုရား အလင်းတန်းက မိုးကြိုးလက်ကောက်ကို လုံးဝ ဖျက်ဆီးပစ်နိုင်လောက်အောင် စွမ်းအားမကြီးသော်လည်း တုန်ယန်းပို၏ ထိန်းချုပ်မှုအား ခေတ္တ ပြတ်တောက်သွားစေရန် လုံလောက်သော ယိုယွင်းပျက်စီးစေသည့် စွမ်းအား ပါဝင်သည်။
မျှော်လင့်ထားသည့် အတိုင်းပင် မိုးကြိုးလက်ကောက်ကို ဝန်းရံထားသော အလင်းရောင် မှိန်ဖျော့သွားလေပြီ။
ချင်စန်းက သူ့ကိုယ်ပေါ်ရှိ ဖိနှိပ်မှု နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။ သူ့အကြည့်က ချန်ယန်နှင့် ခေတ္တ ဆုံစည်းသွားပြီးနောက် ဓားပျံစီး၍ ကြေးနီခန်းမဆောင် အပြင်ဘက်သို့ နောက်လှည့်မကြည့်ဘဲ ပြေးထွက်လာခဲ့တော့သည်။
ချန်ယန်မှာမူ ကြောင်အမ်းအမ်း ရပ်နေပြီး ချင်စန်း၏ မျက်လုံးများထဲရှိ အကြည့်ကြောင့် တုန်လှုပ်နေမိသည်။ နောက်ဆုံးတွင်မှ သူမ သတိပြန်ဝင်လာသည်။
ချင်စန်း တစ်ယောက် တုန်ယန်းပို၏ လက်ထဲမှ လွတ်မြောက်နိုင်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ပေ။ သို့တိုင် ထိုသည်က သူ ထွက်ပြေးနိုင်မည်ဟု ဆိုလိုခြင်း မဟုတ်သေး။ သူ့ကံကြမ္မာက သူမ ရွေးချယ်မှုအပေါ် မူတည်နေသေးသည်။
ဒါဆို သူမ ဘာရွေးချယ်သင့်လဲ…
စဉ်းစားချိန် မရှိတော့။ သို့သော် ချန်ယန်က တစ်စက္ကန့်လေးပင် တွန့်ဆုတ်မနေခဲ့။ သူမ၏ ဖီးနစ်ဓားကို မြှောက်ကိုင်ပြီး တုန်ယန်းပိုဆီ ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။
ရှေးဟောင်း ကြေးနီခန်းမဆောင် အတွင်း တိုက်ပွဲက ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာတော့သည်။
အခြားတစ်ဖက်တွင် ချင်စန်းက ခန်းမဆောင်ကြီး အပြင်ဘက်သို့ ပြေးထွက်လာ၏။ သူ့နောက်ကျောဘက်ရှိ တိုက်ပွဲ အခြေအနေ ပြောင်းလဲသွားသည်ကို အာရုံခံမိပြီး စိတ်သက်သာရာ ရသွားသည်။ ချန်ယန်က သူ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ပေ။
မြေပုံတစ်ခု သူ့စိတ်ထဲ ရုတ်တရက် ပေါ်လာသည်။ ၎င်းမှာ ချန်ယန် တစ်ယောက် သူ့ကို တိတ်တဆိတ် ပေးပို့ခဲ့သော လမ်းညွှန်ချက် ဖြစ်ပြီး လျှို့ဝှက်လမ်းကြောင်းမှတဆင့် ပြန်လည် ထွက်ပြေးရမည့် လမ်းကို ပြသထားသည်။
ချင်စန်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ့အကြီးမားဆုံး စိုးရိမ်မှုမှာ ဤနေရာမှ မည်သို့ ထွက်ရမည်နည်း ဆိုသည်ဖြစ်ပြီး ချန်ယန်က ထိုအရာကို ဖြေရှင်းပေးခဲ့သည်။
ချင်ယန် တစ်ယောက် တုန်ယန်းပို၏ ဓားစာခံ ဖြစ်နေရသည့် အခြေအနေကို ဖယ်ရှားဖို့ အဓိက လုပ်ဆောင်ခဲ့မှန်း သိသော်လည်း ချင်စန်းက စိတ်ထဲမှ တိတ်တဆိတ် ကျေးဇူးတင်နေမိသည်။
ချင်စန်းက ဓားချီမိုးကြိုးသံ ထုတ်ဖော်ပြီး မည်သည့်အရာကိုမှ ထိန်းချုပ်မထားဘဲ ဤအလွှာ၏ ထွက်ပေါက်ဆီ ပြေးထွက်သွားသည်။
သူက မယုံကြည်နိုင်လောက်သည့် အမြန်နှုန်းဖြင့် ရွေ့လျားနေပြီး အဆုံးမဲ့ အနက်ရောင် ချီများက သူ့နောက်တွင် ဝေးကွာစွာ ကျန်ရစ်ခဲ့၏။ ထွက်ပေါက်နား ရောက်သည်နှင့် သူ့နောက်ဘက်ရှိ ကြေးနီခန်းမဆောင်မှ တုန်ယန်းပို၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာတော့သည်။
“သူ့ကို သတ်ကြ… ဒီကောင့်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်”
တချိန်တည်းမှာပင် ချင်စန်းက အဝေးရှိ ပုံရိပ်အချို့ကို လှမ်းမြင်လိုက်ရသည်။
မူရိဖုန်း၊ ကျီချင်းနှင့် ယွီဝမ်ဆန်းတို့ပင်။
သူတို့ အားလုံး မတ်တပ်ရပ်လျှက် သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်နေကြစဉ် ချိုးမူပိုင်မှာမူ အားကုန်ခန်းပြီး အသက်ရှူသံ ပျော့ပျောင်းစွာဖြင့် လဲလျောင်းနေဆဲပင်။
ချင်စန်း၏ နှလုံးသား တင်းကျပ်သွားသည်။ တိုက်ပွဲကြားထဲတွင်ပင် တုန်ယန်းပိုက မူရိဖုန်းနဲ့ တခြားသူများကို တိုက်ခိုက်ဖို့ သတ်မိန့်ပေးဖို့ မမေ့ခဲ့ပေ။
နှစ်ဖက်စလုံး ဝိုင်းရံခံထားရသဖြင့် ချင်စန်း အံကြိတ်ပြီး တွန့်ဆုတ်ခြင်း မရှိဘဲ ရှေ့သို့ တိုးဝင်လိုက်သည်။
သူတို့ လေးယောက် မျက်နှာချင်းဆိုင် ဆုံတွေ့သွားလေပြီ။ တုန်ယန်းပို၏ အမိန့်ကို ကြားလျှင် သူတို့ မရေမရာ အကြည့်များဖြင့် အပြန်အလှန် ကြည့်လိုက်ကြ၏။
ချင်စန်းကို အံ့အားသင့်စေသည်မှာ ပထမဆုံး လှုပ်ရှားသူက မူရိဖုန်း ဖြစ်နေခြင်းပင်...
တုန်ယန်းပို အမိန့်ပေးလိုက်သည့် အခိုက်အတန့်တွင် မူရိဖုန်း၏ အကြည့်က စူးရှသွားသည်။ အနည်းငယ်မျှ တွန့်ဆုတ်ခြင်း မရှိဘဲ မီးနဂါးကိုးကောင် နတ်ဘုရားဓားကို ဆင့်ခေါ်ပြီး ဓားထိပ်ဖျားအား ချင်စန်းဆီ ချိန်ရွယ်ကာ တိုက်ခိုက်ရန် ရှေ့တိုးလာသည်။
အေးစက်မှုတစ်ခု ချင်စန်း နှလုံးသားထဲ ပျံ့နှံ့သွား၏။
ရှောက်ဟွာတောင်တွင် ရှိစဉ်က မူရိဖုန်းမှာ သူ့ အရင်းနှီးဆုံး ဂိုဏ်းတူအစ်ကိုများထဲက တစ်ယောက် မဟုတ်ပါလား။ ချင်စန်းက သူ့အသက်ကိုပင် တစ်ခါ ကယ်တင်ခဲ့ဖူးသည်။
သို့သော် အခုတော့ မူရိဖုန်းက သူ့ကို တိုက်ခိုက်ဖို့ လက်နက်ပင် တွန့်ဆုတ်ခြင်း မရှိဘဲ မြှောက်လာလေပြီ။
သူတို့ အကြည့်ချင်း ခဏတာ ဆုံစည်းသွားသည်။ ထိပ်တိုက် တွေ့နေကြသော မိတ်ဆွေဟောင်း နှစ်ယောက်။
ချင်စန်း ရုတ်တရက် တောင့်တင်းသွား၏။
နောက်တစ်ခဏတွင် သစ်နက်ဓားက မီးနဂါးကိုးကောင် နတ်ဘုရားဓားနှင့် ထိပ်တိုက် တွေ့သွားတော့သည်။
မီးနဂါးကိုးကောင် နတ်ဘုရားဓားမှာ မျက်စိတစ်မှိတအတွင်း ကြေမွသွား၏။
“ဝိညာဉ်လက်နက်” မူရိဖုန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူ့နတ်ဘုရားဓား ကျိုးသွားသဖြင့် သူ့ကာကွယ်ရေးမှာ ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။
ချင်စန်း သဘောပေါက်လိုက်သည်။
မူရိဖုန်းရဲ့ မီးနဂါးကိုးကောင် နတ်ဘုရားဓားက သူ့ဘေးမှာ နှစ်ပေါင်းတစ်ရာကျော်ကြာ သန့်စင်ထားခဲ့တာ၊ သာမန် မှော်ရတနာတွေထက် အများကြီး သာလွန်တယ်… သစ်နက်ဓားက စွမ်းအားကြီးတယ် ဆိုပေမဲ့ ဒီလောက် အလွယ်တကူ ချိုးဖျက်နိုင်စရာ အကြောင်း မရှိဘူး… ဒါက မူရိဖုန်း ကိုယ်တိုင် ဓားကို တိတ်တဆိတ် ဖျက်ဆီးပစ်ပြီး လူတိုင်း အမြင်မှာ ရှုံးနိမ့်သွားအောင် လုပ်လိုက်တဲ့ အဓိပ္ပာယ်ပဲ…
အဲ့ဒီ မှော်ရတနာက မူရိဖုန်းအတွက် သူ့အသက်ထက်တောင် ပိုအရေးပါခဲ့တာ။ သူ ရွှေအမြူတေ အဆင့် ရောက်ရင် သက်စောင့် ဝိညာဉ်လက်နက် အဖြစ် သုံးဖို့ ရည်ရွယ်ထားခဲ့တာ။ အခုတော့ သူကိုယ်တိုင် လက်နဲ့ ဖျက်ဆီးပစ်လိုက်ပြီ…
အချိန်များ ရပ်တန့်သွားသကဲ့သို့ပင်။
ချင်စန်းနှင့် မူရိဖုန်းတို့ မျက်လုံးချင်းသာ ဆက်သွယ်နိုင်တော့သည်။ မူရိဖုန်း၏ အကြည့်ထဲတွင် အရေးတကြီး ဖြစ်မှုများ ပြည့်နှက်နေသည်။ ထိုအကြည့်က နှုတ်ဆက်ခြင်းနှင့် ကောင်းချီးပေးခြင်း တစ်ခုပင်။
သစ်နက်ဓားက မူရိဖုန်း၏ ရင်ဘတ်ကို ထိုးဖောက်ခါနီး ဖြစ်နေလေပြီ။ ချင်စန်း မေးကြောကို တင်းနေအောင် စေ့ထားသော်လည်း အရှိန်မလျှော့လိုက်ပေ။ သူ့တိုက်ခိုက်မှု ရက်စက်လေ မူရိဖုန်း အသက်ရှင်နိုင်မည့် အခွင့်အရေး ပိုများလေ ဖြစ်ကြောင်း သူ သိသည်။
မူရိဖုန်းရဲ့ ပေးဆပ်မှုကို အလဟဿ အဖြစ်မခံနိုင်ဘူး။
ရွှပ်...
သစ်နက်ဓားက မူရိဖုန်း၏ ဘယ်ဘက်ရင်အုံကို ထိုးဖောက်သွားပြီး နှလုံးကို ရှပ်ထိသွားသည်။ သို့သော် နောက်ဆုံး အခိုက်အတန့်တွင် ချင်စန်းက သူ့ဓားချီ လမ်းကြောင်းကို မသိမသာ ပြောင်းလိုက်သဖြင့် သေစေနိုင်သော ဒဏ်ရာမျိုး မဖြစ်စေတော့။
မူရိဖုန်း၏ ခန္ဓာကိုယ်က အဝတ်စုတ် ရုပ်သေးရုပ် တစ်ရုပ်လို လွင့်ထွက်သွားပြီး ကျီချင်းနှင့် တည့်တည့် ဝင်တိုက်မိသွားသည်။
ကျီချင်းနှင့် ယွီဝမ်ဆန်း နှစ်ယောက်လုံး လန့်ဖျပ်သွားကြသည်။ မူရိဖုန်းက ချင်စန်းနှင့် တစ်ချက်တည်း ယှဉ်ပြိုင်ရုံဖြင့် ကျရှုံးသွားလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် သတိထားပြီး မရေမရာ ဖြစ်သွားလေပြီ။
ကျီချင်းက မူရိဖုန်းကို အလျင်အမြန် ဖမ်းထိန်းပြီး အသက်ရှူနေသေးကြောင်း သိလိုက်ရသဖြင့် ဆေးလုံးတစ်လုံး အမြန် တိုက်ကျွေးလိုက်သည်။
ယွီဝမ်ဆန်း ခေတ္တ တွန့်ဆုတ်သွားသော်လည်း သူ တိုက်ခိုက်ရန် ကြိုးစားချိန်တွင် နောက်ကျသွားလေပြီ။
သစ်နက်ဓားက ယွီဝမ်ဆန်း၏ မှော်ရတနာကို အလွယ်တကူ ရိုက်ထုတ်ပစ်လိုက်၏။ ထို့နောက် လေးညှို့မှ လွတ်ထွက်သွားသော မြှားတစ်စင်းကဲ့သို့ ရှေ့သို့ ပြေးထွက်သွားပြီး ထွက်ပေါက်ထဲသို့ တိုးဝင်ကာ သူတို့မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။ ယွီဝမ်ဆန်းနှင့် ကျီချင်းတို့ လိုက်ဖမ်းရန် ပြေးထွက်လာချိန်တွင် သူ့ဓားအလင်းတန်း အရိပ်အယောင်မျှပင် မကျန်တော့ပေ။
မဟူရာမျှော်စင်၏ အတွင်းပိုင်းမှာ ကျယ်ဝန်းလှသည်။
ချင်စန်းက တစ်စက္ကန့်လေးပင် မရပ်တန့်ရဲပေ။ သူက တစ်လွှာပြီးတစ်လွှာ ဖြတ်သန်းသွားပြီး နောက်ဆုံးတွင် မျှော်စင်ထဲမှ ထွက်ပေါ်လာတော့သည်။
အခြားရွေးချယ်စရာ မရှိသဖြင့် ချန်ယန်ကို ယုံကြည်ဖို့သာ တတ်နိုင်တော့သည်။
ဦးတည်ချက်ကို အတည်ပြုပြီးနောက် အစွမ်းကုန် ထွက်ပြေးတော့သည်။
ချင်စန်းက ချန်ယန်၏ လမ်းညွှန်ချက်များအတိုင်း ရှေးဟောင်း ခန်းမဆောင်ကို ဖြတ်သန်းကာ နံရံပေါ်ရှိ အတားအဆီးအား ဖွင့်ပြီး လျှို့ဝှက်လမ်းကြောင်းထဲသို့ ဝင်ရောက်လိုက်သည်။ ထို့နောက် နတ်ဆိုးဝိညာဉ်များ၏ လမ်းကြောင်းကို ဖြတ်သန်းပြီး ရေကန်ငယ်လေး အောက်သို့ ရောက်လာခဲ့သည်။
ချန်ယန် ပြောခဲ့သည့်အတိုင်း ဤနေရာက ထွက်ခွာခွင့် ပြုသော်လည်း ဝင်ရောက်ခွင့် မပြုပေ။ အပေါ်သို့ ခုန်တက်လိုက်သည်နှင့် ချင်စန်းက အတားအဆီးကို ဖြိုခွဲပြီး ရေကန်အတွင်း ပေါ်ထွက်လာသည်။
ရေမျက်နှာပြင်ပေါ် ကူးခတ်လာပြီး ကန်ထဲမှ ပျံသန်းထွက်ခွာကာ ကောင်းကင်ဘုံတောင်ခြေဆီ ဦးတည်လိုက်သည်။
လမ်းတစ်လျှောက်တွင် လိုက်လံ ဖမ်းဆီးသူများ မရှိသဖြင့် တုန်ယန်းပိုမှာ အမှန်တကယ်ပင် ချန်ယန်၏ တားဆီးမှုကို ခံထားရကြောင်း သေချာသွားသည်။
ချင်စန်းက ကောင်းကင်ဘုံတောင်၏ နယ်နိမိတ်မှ လွတ်မြောက်လာချိန်တွင် အနည်းငယ် ရပ်တန့်လိုက်သည်။ သူ နောက်ပြန်လှည့်ကြည့်လိုက်သော်လည်း ရုတ်တရက် မျက်စိလည်လမ်းပျောက်သလို ခံစားလိုက်ရသည်။
ကမ္ဘာကြီးက ကျယ်ပြန့်ပေမဲ့ သူ ဘယ်သွားရမှန်း မသိတော့ဘူး… ရှောက်ဟွာတောင်မှာ ရာစုနှစ်တစ်ခုနီးပါး နေထိုင်ခဲ့ပြီး သံယောဇဉ်တချို့ ရှိခဲ့ပေမဲ့ ဘယ်တော့မှ ပြန်သွားလို့ မရတော့ဘူး… ရေခဲလွင်ပြင်တောင် ရွေးချယ်စရာ မဟုတ်လောက်တော့တဲ့ အထိပဲ…
ချန်ယန်က တုန်ယန်းပိုကို နှောင့်နှေးအောင် လုပ်နိုင်ကောင်း လုပ်နိုင်မယ်… ဒါပေမဲ့ သတ်နိုင်မယ်လို့တော့ ချင်စန်း မယုံကြည်ဘူး။ ဘာပဲပြောပြော ချန်ယန်က ဝိညာဉ်သန္ဓေသား အဆင့်ကို မကြာသေးခင်ကမှ ရောက်ခဲ့တာ။ တကယ်လို့ အဲ့ဒီတိုက်ပွဲမှာ တစ်ယောက်ယောက် ကျရှုံးရမယ်ဆိုရင် အဲ့ဒါ သူမ ဖြစ်ဖို့ ပိုများတယ်…
ဖြစ်နိုင်ချေ အရှိဆုံး ရလဒ်ကတော့ သူတို့နှစ်ယောက် တစ်မျိုးမဟုတ် တစ်မျိုးနဲ့ အတိုက်အခိုက် ရပ်စဲလိုက်ကြတာပဲ… ပြီးတာနဲ့ နှစ်ယောက်လုံး သူ့ကို အစွမ်းကုန် ရှာဖွေကြလိမ့်မယ်…
သူလည်း ချန်ယန်ရဲ့ စိတ်နေသဘောထားကို တကယ် နားမလည်နိုင်ဘူး။ တကယ်လို့ သူမသာ ကျောက်တံတား ဈန်ဝင်ခြင်းကို ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ရင် ပိုပြီး ကြောက်စရာကောင်းလာလိမ့်မယ်… ဝိညာဉ်သန္ဓေသားအဆင့် ဂိုဏ်းချုပ်တစ်ယောက် အတွက် သူ့ကို ရှာဖွေဖို့က လွယ်ကူနေမှာပဲ… အဲ့အချိန်ကျ သူ့အတွက် ပုန်းခိုစရာ နေရာမရှိ ဖြစ်သွားမှာ…
အဲ့ဒီအချိန် မရောက်ခင်အထိ သူ့မှာ ခိုလှုံစရာ မရှိဘူး။ ကူညီပေးနိုင်လောက်တဲ့ တစ်ဦးတည်းသောသူ ဖြစ်တဲ့ အဖွားကျင်းကလည်း ဘယ်ဆီရောက်နေမှန်း မသိ။
ဤအတွေးများ ခေါင်းထဲ ပြေးလွှားနေသော်လည်း ချင်စန်း အရှိန်မလျှော့ရဲပေ။ ခြေထောက်အောက်မှ ဓားဖြင့် အမြန်ဆုံးနှုန်းဖြင့် ဆက်လက် ပျံသန်းနေမိသည်။
ဓားရာပါသော တောင်ရှေ့သို့ ရောက်သောအခါ တောင်ပေါ်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။
အကယ်၍ လေနှင်ရာ ခရီးသည်သာ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာခဲ့လျှင် ချင်စန်း သူ့အကြံဉာဏ်ကို တောင်းခံနိုင်လောက်သေးသည်။ သို့သော် တောင်ကြီး တစ်ခုလုံး တိတ်ဆိတ်နေပြီး လေနှင်ရာ ခရီးသည်၏ အရိပ်အယောင် မမြင်ရပေ။ ကြည့်ရသလောက် ဒဏ်ရာများ ကုစားနေတုန်း ဖြစ်ပေလိမ့်မည်။
မည်သို့ဆိုစေ သူ ဤနေရာတွင် အချိန်ဆွဲနေ၍ မဖြစ်ပေ။
နောက်ဆုံးတွင် တောင်ပေါ်ကို ကျော်ဖြတ် ပျံသန်းသွားပြီး လေနှင်ရာ ခရီးသည်အတွက် အမှတ်အသားပင် မချန်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။ သူ့ဒုက္ခထဲ အခြားသူများပါ ဆွဲမထည့်ချင်ပေ။
နောက်ဆုံးတွင် ကျောက်ကမ်းပါး တစ်ခုရှေ့သို့ ဆင်းသက်ပြီး လျှို့ဝှက်တံခါးပေါက်ကို ဖွင့်ကာ ဓားလမ်းကြောင်း ရှိရာ ရှေးဟောင်း ခန်းမဆောင်ထဲသို့ ဝင်ရောက်လာခဲ့၏။ အတွင်းရှိ တည်နေရာ ကူးပြောင်းခြင်း အစီအရင်က သူ စဉ်းစားမိသမျှထဲ တစ်ခုတည်းသော ဖြစ်နိုင်ချေရှိသည့် ထွက်ပေါက် ဖြစ်သည်။
လွန်ခဲ့သော နှစ်များစွာက စီနီယာ ချင်းကျူမှာ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ တစ်ဦး၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံရပြီး ဝေးလံသော နယ်မြေများသို့ ထွက်ပြေးခဲ့ရသည်။
ယခု သူကိုယ်တိုင်လည်း ချင်းကျူ လျှောက်လှမ်းခဲ့သော လမ်းကိုပင် လျှောက်လှမ်းနေရလေပြီ။
ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင် ရှေ့တွင် ရပ်နေရင်း သူ့အမူအရာမှာ တုန်လှုပ်နေမိ၏။
ဒီမှာ နေရင် သေချာပေါက် သေမှာပဲ… ဟိုဘက်ခြမ်းမှာ ရှိတဲ့အရာက ပိုအန္တရာယ် များကောင်း များနိုင်တယ်… ဒါပေမဲ့ မျှော်လင့်ချက် တစ်စွန်းတစ်စတော့ ရှိနိုင်သေးတယ်။
ရွေးချယ်စရာ မရှိတော့ဘူး…
ချင်စန်းက အလယ်အလက် အဆင့် ဝိညာဉ်ကျောက်တုံး ရှစ်တုံး ထုတ်ယူပြီး ယခင်က နည်းလမ်းအတိုင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင်၏ ထောင့်ရှစ်ထောင့်တွင် ထည့်လိုက်သည်။ အစီအရင်မှ တောက်ပသော အလင်းရောင် ထွက်ပေါ်လာချိန်တွင် ကျီဝေနန်းတော် အပြင်ဘက်၊ ရေခဲလွင်ပြင် ရှိရာ ဦးတည်ချက်သို့ လှည့်ကြည့်မိသည်။
သူ့အမူအရာ ပြောင်းလဲသွားပြီး အကြည့်များက နက်ရှိုင်းကာ ခန့်မှန်းရခက်နေ၏။
သူ အသက်ရှင်ခဲ့တာ အခုဆို နှစ်တစ်ရာကျော်ပြီ… အကုန်လုံး ရေခဲလွင်ပြင် အတွင်းမှာပဲ။ အခုမှပဲ သူ အမြဲတမ်း ဧည့်သည်တစ်ယောက် ဖြစ်နေခဲ့တာကို သတိရတော့တယ်… တကယ်တမ်း နောက်ပြန်လှည့်ကြည့်လိုက်တော့ နှစ်တစ်ရာတောင် ကုန်ဆုံးသွားခဲ့ပြီပဲ…
ခလွတ်...
ပြတ်သားသော ကွဲအက်သံ တစ်ခုက သူ့အတွေးများကို ဖျက်ဆီးပစ်လိုက်သည်။ ချင်စန်း လှည့်ကြည့်လိုက်ရာ တည်နေရာ ကူးပြောင်းခြင်း အစီအရင်ပေါ်ရှိ ဝိညာဉ်ကျောက်တုံး တစ်တုံးမှာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး ဝိညာဉ်စွမ်းအား ကုန်ခါနီး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
အစီအရင်က မျက်စိကျိန်းလောက်အောင် အလင်းရောင် ထုတ်လွှတ်နေသော်လည်း အလုပ်မလုပ်သေးပေ။ တစ်စုံတစ်ရာ လိုအပ်နေပုံရသည်။
သူ့မျက်နှာထား ဆိုးရွားစွာ ပြောင်းလဲသွားပြီး စိတ်ပျက်အားငယ်မှုက နှလုံးသားထဲ ဝင်ရောက်လာသည်။
စီနီယာ ချင်းကျူက ဟိုဘက်ခြမ်းက တည်နေရာ ကူးပြောင်းခြင်း အစီအရင်ကို ဖျက်ဆီးပစ်လိုက်တာလား…
ရုတ်တရက် အတွေးတစ်ခု ဝင်လာပြီး ထောင်ချီလက်စွပ်ထဲမှ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို အလျင်အမြန် ထုတ်ယူလိုက်၏။
အလွန် သန့်စင်သော ဝိညာဉ်ချီများကို ခံစားကြည့်ဖို့ပင် စိတ်မဝင်စားဘဲ အတားအဆီးအား ဖျက်ဆီးကာ အက်ကွဲနေသော ကျောက်တုံးနေရာတွင် အစားထိုးလိုက်သည်။ ကျောက်တုံး နေရာတကျ ဖြစ်သွားသည်နှင့် တည်နေရာ ကူးပြောင်းခြင်း အစီအရင်က ချက်ချင်း တုံ့ပြန်လာတော့သည်။
သို့သော် သူ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်စဉ်မှာပင် နောက်ထပ် အလယ်အလက် အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံး ကွဲအက်သွားပြီး အစီအရင်က ထပ်မံ ရပ်တန့်သွားပြန်သည်။
ချင်စန်း မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွား၏။ နှလုံးသား နာကျင်နေသော်လည်း ဒုတိယမြောက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးကို ထုတ်ယူပြီး နေရာချကာ နောက်ထပ် မလိုတော့ဖို့ တိတ်တဆိတ် ဆုတောင်းနေမိသည်။ သူ့တွင် အဆင့်မြင့် ကျောက်တုံး လေးတုံးသာ ကျန်တော့သည် မဟုတ်ပါလား။
တချိန်တည်းမှာပင် ကြောက်ရွံ့မှုတစ်ခု သူ့စိတ်ထဲ မြင့်တက်လာခဲ့သည်။ ရှန်ယွမ် ငြိမ်းချမ်းရေး စံအိမ်ရှိ တည်နေရာ ကူးပြောင်းခြင်း အစီအရင်က လူဒါဇင်နှင့်ချီ ပို့ဆောင်ပေးနိုင်ပြီး အလယ်အလက် အဆင့် ဝိညာဉ်ကျောက်တုံး ရှစ်တုံးသာ လိုအပ်သည် မဟုတ်ပါလား။
ဤရှေးဟောင်း အစီအရင်မှာမူ လူတစ်ယောက် နှစ်ယောက်လောက်သာ သယ်ဆောင်နိုင်သည့်တိုင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများ တောင်းဆိုနေ၏။ ပိုဆိုးသည်မှာ တစ်တုံးတည်းနှင့်ပင် လုံလောက်ပုံ မပြခြင်းပင်။
ဒါက သူ့ကို ဘယ်နေရာဆီ ခေါ်သွားမှာလဲ…
ဝီ…
ယဇ်ပလ္လင် တုန်ခါသွားသည်။
တည်နေရာ ကူးပြောင်းခြင်း အစီအရင်က ရှေးဟောင်း ခန်းမဆောင် တစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေပြီး ဗဟိုချက်မှ ကြီးမားသော ဝိညာဉ်စွမ်းအား လှိုင်းလုံးကြီး ပေါက်ကွဲထွက်ပေါ်လာတော့သည်။
အစီအရင် စတင် လည်ပတ်လာလေပြီ...
ချင်စန်းလည်း တွန့်ဆုတ်ခြင်း မရှိဘဲ အပေါ်သို့ တက်လိုက်သည်။ သူ့ရှေ့ရှိ ကမ္ဘာကြီး ချက်ချင်း မှောင်မိုက်သွားပြီး ကြောက်မက်ဖွယ် ဖိအားများက အရပ်မျက်နှာ အနှံ့မှ တိုးဝင်လာခဲ့၏။
လန့်ဖျပ်သွားပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် စိတ်စွမ်းအင်ကိုသာ အသုံးပြုနိုင်တော့သည်။
သို့သော် ခံနိုင်စွမ်းမှာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး သည်းမခံနိုင်သော နာကျင်မှုများ နောက်ကလိုက်ပါလာသည်။ နောက်တစ်ခဏတွင် သူ အသိစိတ် အားလုံး လွတ်သွားပြီး သတိလစ် မေ့မြောသွားတော့သည်။
***