လူသူကင်းမဲ့ပြီး တောတောင်ထူထပ်သော နယ်မြေ… ရှီကျန်းပြည်နယ်…
အန္တရာယ်များသော တောင်တန်းများနှင့် ရေပြင်များက နေရာအနှံ့။ မတ်စောက်သော ကျောက်ကမ်းပါးများက နေရာတိုင်းတွင် ရှိပြီး အဆိပ်မြူများက မကြာခဏ ပေါ်ပေါက်တတ်ကာ ရက်စက်ကြမ်းကြုတ်သော သားရဲများနှင့် အဆိပ်ရှိသော အင်းဆက်များ ယှဉ်တွဲ နေထိုင်ကြသည်။
ရံဖန်ရံခါ ကွေ့ကောက် ဖောက်လုပ်ထားသော တောင်ပေါ်လမ်း တစ်ခု ရှိနေလျှင်ပင် အမြဲတမ်း အန္တရာယ်နှင့် အခက်အခဲများဖြင့် ပြည့်နှက်နေတတ်သည်။
ဤဘေးအန္တရာယ်များ ရှိသော်ငြား ရှီကျန်းသည် ထူးဆန်းပြီး လူသူအရောက်အပေါက် နည်းပါးသော အလှတရား တစ်မျိုးကို ပိုင်ဆိုင်ထားသည်။
ထူးဆန်းသော တောင်ထွတ်များနှင့် ချွန်ထက်သော ကျောက်ဆောင်များ၊ အဆင့်ဆင့် စီးဆင်းနေသော ရေတံခွန်များနှင့် ပွက်ပွက်ဆူနေသော စမ်းရေတွင်းများ၊ ထပ်ဆင့်နေသော တောင်ကုန်းများနှင့် မြင့်တက်နေသော ကျောက်ကမ်းပါးများ ရှိပြီး ရှုခင်းများမှာ အဆုံးမရှိ ပြောင်းလဲနေတတ်သည်။
ဤနေရာသည် လူသားများ ကင်းမဲ့နေသည်တော့ မဟုတ်ပေ။
ဆန့်ကျင်ဘက် အနေဖြင့် သာမန်လူ အများအပြား ရှီကျန်းတွင် နေထိုင်ကြသည်။ သူတို့မှာ ဘိုးဘွားစဉ်ဆက် မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့ကြသော တိုင်းရင်းသားများ ဖြစ်ကြသည်။ သူတို့ အများစုမှာ ခံတပ်ရွာများတွင် နေထိုင်ကြပြီး ကျင့်စဉ်နှင့် အင်းဆက် ထိန်းချုပ်ခြင်း အတတ်ပညာတို့ကို ကျွမ်းကျင်ကာ သေစေနိုင်သော ခြိမ်းခြောက်မှုများကြား ရုန်းကန် ရှင်သန်နေထိုင်ကြသည်။
ဘွမ်း…
ကျဉ်းမြောင်းသော မြစ်တစ်စင်းက ကျောက်ကမ်းပါးများကြား စီးဆင်းနေ၏။ ရေလမ်းကြောင်းမှာ မကျယ်ဝန်းသော်လည်း ရေစီးသန်သည်။ ရေက ကျောက်ဆောင်ကမ်းပါးများကို ရိုက်ခတ်သည့် နေရာတိုင်းတွင် အဖြူရောင် ရေမြှုပ်များကို လွင့်စင်စေသည်။
ရှီကျန်းရှိ မြစ်အများစုကဲ့သို့ပင် ဤမြစ်သည်လည်း ကွေ့ကောက်ပြီး ပုံမှန်မဟုတ်သော လမ်းကြောင်းအတိုင်း စီးဆင်းနေလျက်။
ကျောက်တုံးများနှင့် ကျောက်ကမ်းပါး နံရံများက မကြာခဏ ပိတ်ဆို့နေတတ်သည်။ ရေစီးဆင်းမှု ပိတ်ဆို့နေသော နေရာများတွင် ရေဝဲငယ်လေးများ ဖြစ်ပေါ်နေပြီး ကျိုးပဲ့နေသော သစ်ကိုင်းများ၊ ရှုပ်ထွေးနေသော ပေါင်းပင်များနှင့် ကြွေကျနေသော သစ်ရွက်များ စုပုံနေကာ အချိန်ကြာလာသည်နှင့်အမျှ တောင်ပုံရာပုံ ဖြစ်လာသည်။
အချို့ အပိုင်းများတွင် တောင်ပေါ်မှ ကျိုးကျပြီး မြစ်ထဲသို့ လိမ့်ကျလာသော အမာရွတ်များနှင့် ပျက်စီးမှုများ ဖုံးလွှမ်းနေသည့် သစ်လုံးကြီးများပင် ကန့်လန့်ဖြတ် ရှိနေတတ်သည်။
သို့သော် ၎င်းတို့ မြစ်ထဲတွင် ပုပ်သိုးသွားမည်ကို စိုးရိမ်စရာ မလိုပေ။
ရှီကျန်းတွင် မိုးရွာသွန်းမှု များပြားသည်။ ရက်အနည်းငယ် အတွင်း သည်းထန်စွာ ရွာသွန်းသော မိုးက တောင်တန်းများကို သန့်စင်သွားစေတတ်သည်။ မိုးရွာပြီးနောက် မြစ်ရေမှာ သိသိသာသာ မြင့်တက်လာပြီး အမှိုက်သရိုက်များ အားလုံးကို အပြီးအပိုင် ဆေးကြော တိုက်စားသွားလေ့ရှိသည်။
ဆိုရိုးစကား ရှိသည် မဟုတ်ပါလား။
“ပုစဉ်းရင်ကွဲသံကြောင့် တောအုပ်ကြီး ပိုငြိမ်သက်သွားသလို ထင်ရပြီး ငှက်တွန်သံကြောင့် တောင်တန်းတွေ ပိုလူသူကင်းမဲ့သလို ခံစားရတယ်”
မြစ်ရေက အော်ဟစ် စီးဆင်းနေပြီး ငှက်များနှင့် သားရဲများက သစ်တောနက်ကြီး၏ ဘေးနှစ်ဖက်မှ အော်ဟစ်နေကြသည်။ သို့တိုင် ဤသက်ဝင်လှုပ်ရှားနေသော ဆူညံသံများက ပတ်ဝန်းကျင်ကို ပိုအေးချမ်းသွားသလို ခံစားရစေ၏။
အထူးသဖြင့် ယခုလို မိုးဖွဲဖွဲလေး ရွာပြီးစ နံနက်ခင်း အစောပိုင်း အချိန်တွင်။ ပါးလွှာသော မြူခိုးများ လေထဲတွင် လွင့်ပျံနေဆဲပင်။ အစိုဓာတ်များက ပါးလွှာသော မြူခိုးများအဖြစ် စုဝေးပြီး တောင်ထိပ်များကို ဖုံးလွှမ်းထားကာ အင်မော်တယ်များ၏ နယ်မြေတစ်ခုကဲ့သို့ ရှုခင်းတစ်ခု ဖန်တီးထားသည်။
ဝှစ်…
ရုတ်တရက် စူးရှသော လေတိုးသံတစ်ခု မြစ်အောက်ပိုင်းမှ ထွက်ပေါ်လာသည်။
မြူခိုးများ ယိမ်းထိုးသွား၏။ အဝေးမှ ရွှေရောင် အလင်းတန်း တစ်ခုက မြူခိုးများကို အရှိန်ပြင်းပြင်း ဖြတ်သန်းပြီး အောက်ဘက်မှနေ၍ မြစ်အတိုင်း ပြေးတက်လာသည်။
ရွှေရောင် အလင်းတန်း ရပ်တန့်သွားပြီး လေထဲတွင် ပျံဝဲနေကာ ထူးဆန်းသော ဝတ်ရုံ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသား တစ်ဦး ပေါ်လာတော့သည်။
သူက အရပ်ရှည်ပြီး ပခုံးကျယ်ကာ လေထဲတွင် ပျံဝဲနေသည်။ ရွှေရောင် အလင်းတန်း တစ်ခုက သူ့ဘေးပတ်လည်တွင် ဝဲပျံနေပြီး ဓားတစ်လက်ပုံစံ မသဲမကွဲ ဖြစ်ပေါ်နေသည်။
သူ့ရုပ်ရည်သွင်ပြင်မှာ ကြမ်းတမ်းပြီး ခက်ထန်သည်။ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမှတ်အသား အများအပြား ပါရှိပြီး အမည်မသိ ဇာစ်မြစ်ရှိသော လက်သည်းရာ သုံးခုက မျက်လုံးထောင့် တစ်ဖက်မှ ဆန့်ကျင်ဘက် နှုတ်ခမ်းထောင့်အထိ ဆန့်တန်းလို့။
လက်သည်းရာများမှာ သက်မဲ့ မီးခိုးရောင် ဖြစ်နေပြီး အဆိပ်များ ကျန်ရစ်နေသကဲ့သို့ ဖြစ်နေသဖြင့် ထိုလူကို ပိုရက်စက်ကြမ်းကြုတ်ပုံ ပေါက်စေသည်။ သူ့ဝတ်ရုံမှာ ထူးဆန်းစွာ ဖန်တီးထားပြီး ပုံမှန်မဟုတ်သော သားရဲသားရေ အပိုင်းအစများကို ချုပ်လုပ်ထားသကဲ့သို့ ထူးဆန်းပြီး အရောင်စုံသော ပုံစံတစ်ခု ဖြစ်ပေါ်လျက်။
လည်ပင်း၊ လက်ကောက်ဝတ်များနှင့် မျက်နှာပေါ်တွင်ပင် ထူးဆန်းသော သင်္ကေတများ ရေးဆွဲရန် အမည်မသိ ဆေးရောင်များကို အသုံးပြုထားသည်။ အရိုးများ၊ အစွယ်များနှင့် ထူးဆန်းသော အင်းဆက်များဖြင့် ပြုလုပ်ထားသည့် အဆင်တန်ဆာများကိုလည်း ဝတ်ဆင်ထား၏။
အကယ်၍ အနီးအနား တောင်ပေါ် အခြေချနေထိုင်ရာများမှ ရွာသားများသာ သူ့ကို မြင်တွေ့ခဲ့လျှင်
“ဘီမို”၊ “ယဇ်ပုရောဟိတ်မင်း” သို့မဟုတ် “စုန်းနတ်ဘုရား၏ တမန်တော်” စသည့် ဘွဲ့ထူးများဖြင့် ခေါ်ဝေါ်ကာ ချက်ချင်း ဒူးထောက် ရိုသေကြပေလိမ့်မည်။
သူ ဝတ်ဆင်ထားသော သားရဲသားရေများ၊ အစွယ်များနှင့် အရိုးများ အားလုံးမှာ နယ်စပ်နယ်မြေရှိ အကြမ်းကြုတ်ဆုံးနှင့် အဆိပ်ပြင်းဆုံး သတ္တဝါများထံမှ ရရှိထားခြင်း ဖြစ်သည်။ ၎င်းတို့မှာ သာမန်လူများ အကြောက်ဆုံး အရာများပင်။
ဒဏ္ဍာရီလာ စုန်းနတ်ဘုရား၏ တမန်တော်များ သို့မဟုတ် အကြီးဆုံး ရွာများမှ ယဇ်ပုရောဟိတ်များနှင့် ဘီမိုများသာ ဤကဲ့သို့ သားရဲများကို ဖမ်းဆီးနိုင်သည်ဟု ယုံကြည်ကြသည်။
သို့သော် ရေခဲလွင်ပြင်ရှိ ကျင့်ကြံသူ တစ်ဦး၏ အမြင်အရ ဤလူမှာ ကျင့်ကြံသူ တစ်ဦး ဖြစ်ကြောင်း ရှင်းလင်းစွာ သိနိုင်သည်။ သူ့ထူးဆန်းသော ပုံပန်းသွင်ပြင်မျိုးကို ရေခဲလွင်ပြင်တွင် မကြားဖူးသလို သူ့ကျင့်ကြံခြင်း အဆင့်မှာလည်း မမြင့်မားလှပေ။ ချီသန့်စင်ခြင်း အဆင့် (၁၀)တွင်သာ ရှိသေးသည်။
လေထဲတွင် ပျံဝဲရင်း ထိုလူ၏ စူးရှသော အကြည့်က အောက်ရှိ မြစ်ပြင်ကို ဖြတ်ကျော် ကြည့်ရှုလိုက်သည်။ သူ့အောက် တည့်တည့်တွင် မြစ်က ကွေ့ကောက် စီးဆင်းနေပြီး ကျိုးပဲ့နေသော သစ်ကိုင်းများနှင့် သစ်ရွက်များ ထူထပ်စွာ စုပုံနေသော ဖျာတစ်ချပ် ရေမျက်နှာပြင်ပေါ်တွင် စုဝေးနေသည်။
အမှိုက်သရိုက်များ ကြားတွင်တော့ ဖြူဖျော့ဖျော့ လက်မောင်းတစ်ဖက် အပြင်သို့ ထွက်နေသည်။
ရှီကျန်းမှ လူများသည် ကျင့်စဉ် ခွန်အားကို တန်ဖိုးထားကြသည်။ ရွာများအကြား သယံဇာတများအတွက် တိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး မြစ်ထဲတွင် အလောင်းများ တွေ့ရခြင်းမှာ ထူးဆန်းသော ကိစ္စ မဟုတ်ပေ။ အစပိုင်းတွင် ထိုလူက ဂရုမစိုက်ဘဲ နေလိုက်သည်။
သို့သော် ခေတ္တ မျှော်ကြည့်ပြီးနောက် သူ့ကို ရပ်တန့်သွားစေသည့် ထူးခြားမှု တစ်ခုကို သတိထားမိသွား၏။
မျက်စိတစ်မှိတ် အတွင်း သူ မြစ်ကမ်းပါးပေါ်သို့ ဆင်းသက်လာခဲ့သည်။
မြစ်လယ်ခေါင်ဆီသို့ လက်ဖဝါး ဆန့်ထုတ်ပြီး ဝိညာဉ်စွမ်းအား တစ်ခု ထုတ်လွှတ်ကာ အလောင်းကို ရေထဲမှ အလွယ်တကူ ဆွဲထုတ်လိုက်သည်။
ဗွမ်း...
အလောင်းကို ရေဝဲထဲမှ ဆွဲထုတ်လိုက်သည်နှင့် အမှိုက်သရိုက်များ ပြန့်ကျဲသွားတော့သည်။ အချို့မှာ ရေစီးနှင့်အတူ မျောပါသွားသော်လည်း လူတစ်ယောက် ပေါင်လုံးခန့် ရှိသော သစ်လုံးကြီးများ အပါအဝင် အထက်ပိုင်းမှ အရာများ ပိုမျောပါလာသည်။
ဘုန်း...
အလောင်းက ပက်လက်အနေအထားဖြင့် မြစ်ကမ်းပါးပေါ်သို့ မွန်းကျပ်သော အသံဖြင့် ပြုတ်ကျလာသည်။ ၎င်းမှာ အသက်နှစ်ဆယ် အစောပိုင်းခန့် ရှိပုံရသည့် သိမ်မွေ့သော ရုပ်ရည်သွင်ပြင်နှင့် လူငယ်တစ်ဦးပင်။
သူ့ခန္ဓာကိုယ်မှာ ထူထပ်သော အလောင်းကောင်ချီများ ဖုံးလွှမ်းနေပြီး မြစ်ထဲတွင် အချိန်အကြာကြီး စိမ်နေခဲ့ကြောင်း ရှင်းလင်းစွာ ပြသနေသည်။
သူ့မျက်လုံးများ တင်းတင်း ပိတ်ထားသည်။ သူ့ထံမှ မည်သည့် အသက်ရှူသံမျှ အာရုံမခံနိုင်တော့၊ သေဆုံးနေပြီ ဖြစ်သည်။ သူ့ဘယ်ဘက် လက်မောင်းမှာ ပခုံးမှ ပြတ်တောက်နေပြီး သွေးများ အကုန် စီးထွက်သွားခြင်းလော သို့မဟုတ် နည်းလမ်း တစ်ခုခုဖြင့် တိတ်တဆိတ် တားဆီးထားခြင်းလော ဆိုသည်ကိုမူ မရှင်းလင်းပေ။
ဒါက လက်ပြတ်နေတဲ့ အလောင်းကောင် တစ်ကောင်ပဲ။
“သူက တကယ်ကို စုန်းနတ်ဘုရားရဲ့ တမန်တော် ဖြစ်နေတာပဲ”
သားရဲသားရေ ဝတ်ဆင်ထားသော လူ၏ မျက်နှာထားမှာ ဝမ်းသာအားရ ဖြစ်သွားသည်။ လောဘစိတ်များ သူ့မျက်လုံးထဲ ပြည့်နှက်လာ၏။ လမ်းခရီးတွင် ဤကဲ့သို့ ကံကောင်းမှုမျိုး ကြုံတွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ဒီဝတ်ရုံက အကောင်းစား တစ်ခု ဖြစ်ခဲ့မှာပဲ… နှမြောစရာ ကောင်းလိုက်တာ”
အလောင်းပေါ်ရှိ စုတ်ပြတ်နေသော ဝတ်ရုံကို သူ ကြည့်လိုက်သည်။ ဆိုးရွားစွာ စုတ်ပြတ်ပြီး အပေါက်များ ပြည့်နေသော်လည်း မူလက အရည်အသွေး ကောင်းမွန်ကြောင်း သူ ပြောနိုင်သည်။ အခုတော့ သုံးမရအောင် ပျက်စီးနေလေပြီ။
ယခုလို အခြေအနေတွင်ပင် ဝတ်ရုံက ရေစီးသန်သည့် မြစ်ဒဏ်ကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးထားနိုင်သေး၏။
“အထက်ပိုင်းကနေ မျောလာတာ… သူက ထျန်းယွဲ့ရွာကလား… အဲ့ဒီမှာ တခုခု ထပ်ဖြစ်ပြန်ပြီလား”
သားရဲသားရေ ဝတ်ဆင်ထားသော လူက မြစ်အထက်ပိုင်းသို့ လှမ်းကြည့်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ သူ့စိတ်စွမ်းအင်က လက်ချောင်းတစ်ချောင်းတွင် ဝတ်ဆင်ထားသော သံလက်စွပ် အပါအဝင် အလောင်းတစ်ခုလုံးကို လွှမ်းခြုံသွားသော်လည်း ထူးထူးခြားခြား ဘာမှ မတွေ့ရပေ။
နောက်ဆုံးတွင် သူ့အကြည့်က အလောင်း၏ ခါးတွင် ချိတ်ဆွဲထားသော အိတ်နှစ်လုံးပေါ် ကျရောက်သွားသည်။
“ဒီအိတ်တွေက ဘာတွေလဲ… ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ… ဘယ်ဟာက မုန်ညင်းစေ့အိတ်လဲ”
သူ့ဘာသာ ရေရွတ်လိုက်သည်။ သူက အဓိက ရွာကြီးများမှ ယဇ်ပုရောဟိတ်များ၊ လာရောက် လည်ပတ်သော စုန်းနတ်ဘုရား၏ တမန်တော် အချို့နှင့် ဆက်ဆံဖူးပြီး လူသား ကျင့်ကြံသူများမှာ မုန်ညင်းစေ့အိတ် အမည်ရသော သိုလှောင်ရေး မှော်ရတနာ တစ်မျိုး အသုံးပြုလေ့ရှိကြောင်း သိထားသည်။
၎င်းတို့မှာ သူ့လူမျိုးများ အသုံးပြုသော အရာများထက် များစွာ အဆင်ပြေသည်။
အချိန်ကြာလာသည်နှင့်အမျှ သူ့မျိုးနွယ်စုရှိ စုန်းနတ်ဘုရား တမန်တော်များသည်လည်း လူသား ကျင့်ကြံသူများ၏ ဓလေ့ထုံးစံများကို စတင် ကျင့်သုံးလာကြသည်။ အခြားနယ်မြေများတွင် စုန်းနတ်ဘုရား၏ တမန်တော် ဟူသော ဘွဲ့ထူးပင် ပျောက်ကွယ်စပြုလာပြီး ကျင့်ကြံသူ သို့မဟုတ် အင်မော်တယ် ကျင့်ကြံသူ စသည့် ဝေါဟာရများဖြင့် အစားထိုးလာကြသည်။
ရှီကျန်းကဲ့သို့ ဝေးလံခေါင်သီသော နေရာများသာ ဤဓလေ့ထုံးစံများကို ဖက်တွယ်ထားကြဆဲပင်။
“ဒါပေမဲ့ ဒီလက်ပြတ်အလောင်းမှာပါတဲ့ အိတ်တွေက မုန်ညင်းစေ့အိတ်တွေနဲ့ လုံးဝ မတူဘူး… အဲ့ဒါတွေကို ဂူကောင်တွေ သယ်ဖို့ သုံးတာလား… ဒါမှမဟုတ်… သူများတွေ မွှေနှောက်ပြီးသွားပြီလား”
ထိုလူ၏ မျက်နှာ မည်းမှောင်သွားပြီး နှုတ်ခမ်းပေါ်ရှိ အပြုံး ပျောက်ကွယ်သွားသည်။ လက်လှမ်းပြီး အိတ်တစ်လုံး ဆွဲယူကာ စိတ်စွမ်းအင်ကို အထဲသို့ ပို့လွှတ်ပြီး အလွယ်တကူ ဖွင့်လိုက်သည်။
ဝီ...
နောက်တစ်ခဏတွင် စူးရှသော တုန်ခါသံတစ်ခု မြစ်ဝှမ်းတစ်လျှောက် ပျံ့နှံ့သွားတော့၏။
ကြီးမားသော သွေးရောင် မြူခိုးတိမ်တိုက် တစ်ခု အိတ်ထဲမှ ပေါက်ကွဲထွက်လာလေပြီ။
သားရဲသားရေ ဝတ်ဆင်ထားသော လူက အတွင်းရှိ အရာ… ကြောက်မက်ဖွယ် ကောင်းသော သွေးတောင်ပံ နတ်ဆိုးပျားအုပ်ကြီး တစ်ခုကို မြင်လိုက်ရလျှင် ထိတ်လန့်သွားပြီး တောင့်တင်းသွားတော့သည်။ သူ့မျက်နှာမှာ ခြေရင်းရှိ အလောင်းထက်ပင် ပို၍ ဖြူဖျော့သွားပြီ ဖြစ်သည်။
စူးရှစွာ အော်ဟစ်ရင်း သူ့ဒန်တျန်မှ အစိမ်းရောင် အလင်းတန်း တစ်ခုကို ဆင့်ခေါ်လိုက်သည်။
ထိုသည်က လက်ချောင်းတစ်ချောင်း အရွယ်အစားခန့် ရှိပြီး ရှေ့လက်များကို ဓားသွားများကဲ့သို့ မြှောက်ထားသော ကျောက်စိမ်းရောင် ကင်းမြီးကောက် တစ်ကောင် ဖြစ်နေသည်။
သို့သော် ရက်စက်ကြမ်းကြုတ်သော သွေးမြူခိုးများနှင့် ရင်ဆိုင်ရချိန်တွင် ကျောက်စိမ်းရောင် ကင်းမြီးကောက်မှာ အားနည်းပြီး မပြောပလောက်သလိုပင်။ ပျားအုပ်ကြီး၏ ဝါးမြိုခြင်းကို ချက်ချင်း ခံလိုက်ရပြီး အရိုးတစ်စပင် မကျန်တော့ပေ။
သားရဲသားရေ ဝတ်ဆင်ထားသော လူက သူ့ရွှေရောင် ဓားကို မြှောက်လိုက်စဉ်မှာပင် သွေးမြူခိုးများက သူ့ကို ချက်ချင်း လွှမ်းခြုံသွားသည်။
“အား...”
သွေးပျက်ဖွယ် အော်ဟစ်သံ တစ်ခု တောင်တန်းများကြား ပဲ့တင်ထပ်လာပြီး တောထဲရှိ ငှက်များနှင့် သားရဲများကို လန့်ဖျပ်သွားစေတော့သည်။
***