ဝမ်ယွမ်သည် လော့ချန်၏ စကားကို ဆုံးခန်းတိုင်အောင် ဝင်ပြောလိုက်သည်။ သို့သော် ထိုရိုးရှင်းသော စကားလုံးအချို့က လော့ချန်ကို အလွန်အမင်း တုန်လှုပ်သွားစေကာ မေးမြန်းမိစေတော့သည်။
"ရှေးတုန်းက သိုင်းလမ်းစဉ် ကျင့်ကြံသူကြီးတွေဟာ မသေမျိုးလမ်းစဉ် ကျင့်ကြံသူတွေနဲ့ ရင်ဘောင်တန်းနိုင်ခဲ့တယ်ဆိုရင်.... ဘာလို့ သူတို့က ထာဝရအသက်ကို မရနိုင်ခဲ့တာလဲ"
ဝမ်ယွမ်က သက်ပြင်းတစ်ချက်ချကာ ပြန်ဖြေလိုက်သည်။
"အဲ့ဒီအကြောင်းရင်း အတိအကျကိုတော့ ငါလည်း မသိဘူး၊ သိုင်းလမ်းစဉ်ရဲ့ ခန္ဓာကိုယ်ကျင့်ကြံတဲ့ နည်းလမ်းအမှန်တွေက သမိုင်းရေစီးကြောင်းထဲ ပျောက်ကွယ်သွားတာ ကြာပြီထင်ပါရဲ့၊ အခုခေတ်မှာတော့ မသေမျိုးလမ်းစဉ်ရဲ့ ချီစွမ်းအားကျင့်ကြံသူတွေကပဲ ကျင့်ကြံခြင်းလောကကို စိုးမိုးထားကြတာလေ၊ ခန္ဓာကိုယ်ကျင့်ကြံတဲ့သူ ရှိတယ်ဆိုရင်တောင် အများစုက ကျင့်စဉ်နှစ်ရပ်တွဲ ကျင့်ကြံတဲ့သူတွေပဲ များပါတယ်…."
"ဒါမှမဟုတ် တစ်ချိန်က အစွမ်းထက်ခဲ့တဲ့ ခန္ဓာကိုယ်ကျင့်ကြံသူတွေမှာ အစကတည်းက ထာဝရအသက်ပိုင်ဆိုင်ဖို့ လမ်းစမရှိခဲ့တာလည်း ဖြစ်နိုင်တာပဲ၊ မဟုတ်ရင် သူတို့က ဘာလို့ သမိုင်းစာမျက်နှာပေါ်ကနေ ဖျောက်ဖျက်ခံလိုက်ရမှာလဲ"
ဝမ်ယွမ်၏ ရှင်းပြချက်ကို နားထောင်ရင်း လော့ချန်သည် သိုင်းလမ်းစဉ်၏ ကန့်သတ်ချက်ကို စတင်သဘောပေါက်လာသည်။ ၎င်းသည် အဘယ်ကြောင့် ထာဝရအသက်ဆီသို့ ဦးတည်သော လမ်းစဉ်မဟုတ်ရသနည်းဟူသော အမှန်တရားမှာ ထင်ရှားလာတော့သည်။
ချီစွမ်းအားကျင့်ကြံသူများ အတွက်မူ အဆင့်တစ်ခုချင်းစီကို ကျော်ဖြတ်တိုင်း ဝိညာဉ်သန္ဓေမှာ တဖြည်းဖြည်း ကြံ့ခိုင်လာသည်။ နောက်ဆုံးတွင် ခန္ဓာကိုယ်ဆိုသည်မှာ ဝိညာဉ်သန္ဓေကို သယ်ဆောင်ထားသည့် အိုးတစ်လုံးမျှသာ ဖြစ်သွားသည်။ ခန္ဓာကိုယ်က ပုပ်ပျက်လွယ်သော်လည်း ဝိညာဉ်သန္ဓေမှာမူ မသေမျိုး ဖြစ်သွားသဖြင့် နှစ်ပေါင်းရာချီ၊ ထောင်ချီ၍ အသက်ရှည်နိုင်ခြင်း ဖြစ်ပေသည်။
သို့သော် ခန္ဓာကိုယ်ကျင့်ကြံသူများမှာမူ လုံးဝခြားနားသော လမ်းစဉ်ကို လျှောက်လှမ်းခြင်း ဖြစ်သည်။ အဆီအနှစ်ကို ချီအဖြစ် ပြောင်းလဲမည့်အစား များပြားလှသော ချီစွမ်းအင်များကို အသုံးပြု၍ ခန္ဓာကိုယ်ကို တောင့်တင်းကြံ့ခိုင်လာအောင် ပြုလုပ်ခြင်း ဖြစ်သည်။ ဤလမ်းစဉ်မှာ မိစ္ဆာသားရဲများ၏ လမ်းစဉ်နှင့် အလွန်တူညီလှပေသည်။
သို့ရာတွင် လူသားတို့၏ ခန္ဓာကိုယ်မှာ မွေးရာပါ ကန့်သတ်ချက်များ ရှိနေသည်။ အချို့သော အစွမ်းထက်သည့် မိစ္ဆာသားရဲများကဲ့သို့ လူသားများသည် နှစ်ပေါင်းရာချီသော သက်တမ်းဖြင့် မွေးဖွားလာခြင်း မဟုတ်ပေ။
ထို့ကြောင့် ခန္ဓာကိုယ်ကျင့်ကြံသူများသည် မိမိတို့၏ ခန္ဓာကိုယ်ကို မည်မျှပင် အတုမရှိ ကြံ့ခိုင်အောင် ပြုလုပ်ထားပါစေ၊ သဘာဝတရား၏ သက်တမ်းကန့်သတ်ချက်ကိုမူ မကျော်လွန်နိုင်ချေ။ ထို့အပြင် ခန္ဓာကိုယ်ကျင့်ကြံရာတွင် အသုံးပြုသည့် ပြင်းထန်လှသော နည်းလမ်းများက ခန္ဓာကိုယ်၏ အခြေခံအဆီအနှစ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။
ရလဒ်အနေဖြင့် ကန့်သတ်ထားပြီးသား သက်တမ်းမှာ ပို၍ပင် တိုတောင်းသွားရတော့သည်။ လူ့သက်တမ်း၏ နောက်ဆုံးအချိန်သို့ ရောက်သောအခါ အထွတ်အထိပ်သို့ ရောက်နေသော ခန္ဓာကိုယ်ကြီးသည်ပင် ခဏချင်းအတွင်း ပြိုလဲသွားနိုင်ပေသည်။
"စစ်မှန်တဲ့ ခန္ဓာကိုယ်ကျင့်ကြံသူတွေမှာတော့ အသက်ရှည်ဖို့ နည်းလမ်းတွေ ရှိကောင်းရှိနိုင်မှာပါ၊ ဒါပေမဲ့ ငါအခုထိ တွေ့ဖူးသမျှ ကျင့်စဉ်တွေထဲမှာတော့ အဲ့ဒီနည်းလမ်းကို မတွေ့မိသေးဘူး" ဟု ဝမ်ယွမ်က ဆိုသည်။
ဝမ်ယွမ်၏ စကားကို ကြားသောအခါ လော့ချန် မေးမြန်းမိပြန်သည်။
"ဒါဆိုရင်.... ဘာလို့ ချီစွမ်းအားကျင့်ကြံတဲ့ လမ်းစဉ်ကိုပဲ အာရုံမစိုက်တာလဲ"
"ဘာလို့လဲဆိုတော့ ပိုမြန်လို့လေ"
ဝမ်ယွမ်က ထိုမေးခွန်းအတွက် စိတ်လှုပ်ရှားပုံ မရဘဲ ပြုံးလျက် ပြန်ပြောလိုက်သည်။
"စိတ်ဓာတ် ခိုင်မာမယ်၊ သင့်တော်တဲ့ ကျင့်စဉ်တွေလည်း ရှိမယ်၊ ရင်းမြစ်တွေလည်း ပြည့်စုံမယ်ဆိုရင်.... ခန္ဓာကိုယ်ကျင့်ကြံသူ တစ်ယောက်ရဲ့ တိုးတက်မှုအရှိန်က မှန်းဆလို့တောင် မရနိုင်ဘူး"
အမှန်ပင် ဖြစ်ပေသည်။ ဝမ်ယွမ်၏ လက်ရှိ ကျင့်ကြံမှုအရှိန်မှာ သာမန်လူတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်သည်။ အချိန်တိုအတွင်းမှာပင် သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် နီးစပ်သော ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ရရှိခဲ့ပြီး အံ့အားသင့်ဖွယ် အရှိန်ဖြင့် တိုးတက်နေသည်။
လော့ချန်ကဲ့သို့သော ချီစွမ်းအား ကျင့်ကြံသူများအတွက်မူ မှန်ကန်သော ကျင့်စဉ်နှင့် ပေါများသော ရင်းမြစ်များ ရှိနေသော်လည်း တိုးတက်မှုမှာ အလွန်ပင် နှေးကွေးလှပေသည်။
'ငါ့မှာ အချိန်မရှိလို့ အမြန်လုပ်နေရတာပါ၊ ပြီးတော့ ငါက ခန္ဓာကိုယ်ကျင့်ကြံသူ သက်သက်မှ မဟုတ်တာ၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ဦးစားပေးပေမဲ့ ချီစွမ်းအားကျင့်ကြံတာကိုလည်း တွဲလုပ်နေတာပဲ၊ အခုဆို ငါ့ရဲ့ ချီသန့်စင်အဆင့်က အဆင့် ၈ တောင် ရောက်နေပြီ' ဟု ဝမ်ယွမ် တွေးနေမိသည်။
လော့ချန် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သတိထား၍ စူးစမ်းလိုက်သည်။
"အစ်ကိုက ခန္ဓာကိုယ်ကို အခြေခံတည်ဆောက်ခြင်းအဆင့်နဲ့ ယှဉ်နိုင်တဲ့အထိ အရင်မြှင့်တင်ပြီး အဲ့ဒီစွမ်းအားကို သုံးပြီးမှ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖောက်ဖို့ ကြံစည်နေတာလား၊ အဲ့ဒီလိုဆိုရင် အခြေခံတည်ဆောက်ခြင်းအဆင့်ကနေ ရလာမယ့် သက်တမ်းရှည်မှုကိုပါ တစ်ပါတည်း ရနိုင်မယ်မဟုတ်လား"
ဝမ်ယွမ်က ခေါင်းညိတ်လိုက်ပြီး မှန်ကန်ကြောင်း ဆိုသည်။
"အတိအကျပဲ၊ မင်းနဲ့ငါနဲ့ နှစ်ယောက်လုံး လေလံပွဲတွေကို တက်ဖူးတာပဲ၊ ဂိုဏ်းကြီးတွေရဲ့ စစ်မှန်တဲ့ မျက်နှာဖုံးကိုလည်း မြင်ဖူးကြပြီမဟုတ်လား၊ အခြေခံတည်ဆောက်ခြင်းအဆင့် စွမ်းအား ဒါမှမဟုတ် အဲ့ဒီထက် မြင့်တဲ့ စွမ်းအားမရှိဘဲနဲ့တော့ အခြေတည်ဆေးလုံးကို တရားမျှတစွာ ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
အခြေတည်ဆေးလုံးအတွက် လေလံပွဲမှာ မှတ်ဉာဏ်ထဲတွင် အထင်အရှား ရှိနေဆဲ ဖြစ်သည်။ ဆေးလုံး ၅ လုံး ရှိသည့်အနက် တစ်ကိုယ်တော်ကျင့်ကြံသူများအတွက်မူ တစ်လုံးတည်းကိုသာ ချန်လှပ်ပေးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် သာမန် လေလံပွဲငယ်များတွင် အခြေတည်ဆေးလုံးမှာ ပါဝင်လေ့မရှိပေ။ လေလံပွဲကြီးများတွင်သာ ပါဝင်လေ့ရှိပြီး ထိုပွဲများမှာလည်း ဆယ်နှစ်မှ တစ်ကြိမ်သာ ကျင်းပခြင်း ဖြစ်သည်။ ချီစွမ်းအားကျင့်ကြံသူ တစ်ဦးအတွက် သူ၏ဘဝတွင် ဆယ်နှစ်ဆိုသော အချိန်ကာလမှာ မည်မျှများများ ရှိပါလိမ့်မည်နည်း။
လော့ချန်သည် ဝမ်ယွမ်၏ ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံသည်။ အကယ်၍ သူသာဆိုလျှင်လည်း ထိုအတိုင်းပင် ရွေးချယ်မိမည် ဖြစ်သည်။
အဝေးမှ မြင်နေရသော ဆယ်ခုထက် လက်ထဲ ရှိနေသော တစ်ခုက ပို၍ တန်ဖိုးရှိသည် မဟုတ်ပါလော။ သို့သော် လော့ချန်မှာမူ ထိုကဲ့သို့ ဆိုးရွားသော အခြေအနေသို့ မရောက်သေးချေ။
သူသည် နံနက်ခင်းတွင် မြောက်ပိုင်းပင်လယ်၌ ရှိနေပြီး ညနေခင်းတွင် ဆန်းကြယ်သော တောင်တန်းများပေါ်သို့ ရောက်နိုင်သည့် နေထွက်လထွက်ကို ကြည့်ရင်း ထာဝရအသက်ရှင်နိုင်မည့် မသေမျိုးလမ်းစဉ်ကိုသာ တောင့်တနေဆဲ ဖြစ်သည်။
ယနေ့ တွေ့ဆုံခြင်းမှာ အဓိကအားဖြင့် သွေးအဆီအနှစ်ဆေးလုံးများကြောင့် ဖြစ်သည်။ ထိုဆေးလုံးများ၏ အာနိသင်ကို သိရှိသွားပြီးနောက် လော့ချန်သည် ပထမအဆင့် ဆေးလုံးများအတွက် သူ၏ မဟာဗျူဟာကို အလျင်အမြန် ပြင်ဆင်လိုက်သည်။
'ဒီဆေးလုံးရဲ့ အားသာချက်က ပေါက်ကွဲအား အရမ်းပြင်းတာပဲ၊ အားနည်းချက်ကတော့ ဖော်စပ်ခ ကြီးမြင့်သလို နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ရှိတယ်၊ ဒါကြောင့် ဒါကို အမြောက်အမြား ထုတ်လုပ်ပြီး ရောင်းဖို့တော့ မသင့်တော်ဘူး'
သို့သော်လည်း သူ၏ အောင်မြင်မှုအမှတ် ၁၀ မှတ် အကုန်ခံကာ တတ်မြောက်ထားသော ပထမအဆင့် ဆေးလုံး ဖြစ်သဖြင့် အလွယ်တကူ လက်မလွှတ်နိုင်ပေ။ ထို့ကြောင့် သူသည် တိတ်တဆိတ် အနည်းငယ်စီ ဖော်စပ်ပြီး အခြားလမ်းကြောင်းများမှတစ်ဆင့် ရောင်းချရန် စီစဉ်လိုက်သည်။
ထိုလမ်းကြောင်းများမှာ လေလံပွဲများနှင့် မှောင်ခိုစျေးကွက်များပင် ဖြစ်သည်။ ထိုကဲ့သို့သော နေရာမျိုးတွင် ထူးခြားသည့် အာနိသင်ရှိသော ဆေးလုံးများမှာ မိုးထိအောင် စျေးနှုန်းကြီးမြင့်တတ်ပေသည်။
ဤနည်းလမ်းမှာ အပြည့်အစုံ မဟုတ်သော်လည်း လော့ချန် ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ အကြောင်းမှာ အခြားသူများလည်း ထိုအတိုင်းပင် လုပ်ဆောင်နေကြသောကြောင့် ဖြစ်သည်။
ဆေးဘုရင်ဂိုဏ်း၏ ချီသန့်စင်ဆေးလုံးများသည်လည်း အာနိသင် ထူးခြားသော်လည်း ဖော်စပ်ခ ကြီးမြင့်လှသည်။ ထို့ကြောင့် ဝိညာဉ်ဆေးနန်းဆောင်တွင် ပုံမှန် မရောင်းချဘဲ လေလံပွဲများတွင်သာ ရံဖန်ရံခါ တွေ့ရလေ့ရှိသည်။ လော့ချန် သူတို့အား အတုယူနေခြင်းမျှသာ ဖြစ်သည်။
ပင်မဆောင်ထဲမှ ထွက်လာစဉ် လော့ချန်သည် စောစောက တွေ့ခဲ့သော တာဝန်ခံမြောင်ကို ရုတ်တရက် သတိရလိုက်မိသည်။
'ထူးခြားတဲ့ ကိစ္စတစ်ခုခု မဖြစ်ခဲ့ရင်တော့.... ဖိုရှန်းဂိုဏ်းရဲ့ နောက်ကွယ်က လူ ဒါမှမဟုတ် သူတို့နဲ့ ပူးပေါင်းနေတဲ့သူဟာ ဒီကျောက်စိမ်းအိုးဓားဂိုဏ်းက ကျင့်ကြံသူပဲ ဖြစ်ရမယ်'
….
မြို့တွင်းပိုင်းသို့ ပြန်ရောက်သောအခါ လော့ချန်သည် ပုံမှန်အတိုင်း သူ၏ ဆိုင်ငယ်လေးနှစ်ဆိုင်သို့ သွားရောက်စစ်ဆေးခဲ့သည်။
ကျောက်ဖြူရင်ပြင်ရှိ ဆိုင်သို့ ရောက်သောအခါ ယခင်ကထက် လူနည်းနေသည်ကို တွေ့ရသဖြင့် လော့ချန် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဘာလို့ အရင်ကထက် လူတွေ တော်တော်နည်းနေရတာလဲ"
ဘေးတွင် ရပ်နေသော ယွမ်ရှောင်ယွဲ့က ဖြေသည်။
"ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး လူတွေ နည်းသွားတာ အစ်ကိုကြီးလော့"
"ဟမ်…. တစ်ခုခု ဖြစ်လို့လား"
"ထူးထူးခြားခြားတော့ ဘာမှ မဖြစ်ပါဘူး၊ တကယ်တော့ ရွှေအမြုတေအဆင့် စီရင်စုသခင် ရောက်လာလို့ အဆုံးအဖြတ်စင်မြင့်ရဲ့ ဆုကြေးတွေကိုတောင် တိုးပေးထားသေးတယ်"
“ဆုကြေးတွေ တိုးပေးထားတယ်ဆိုရင်.... လူတွေ ပိုများပြီး စည်ကားနေရမှာ မဟုတ်လား”
လော့ချန် စဉ်းစားမရ ဖြစ်နေမိသည်။
နောက်တစ်နေ့ မနက်တွင်မှ သူ၏ အစောင့်ဖြစ်သူ တုန်းဖန်းလျန်က အနီးအနားရှိ အိမ်ရာတစ်ခုတွင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ပြောပြသဖြင့် လော့ချန် တစ်စုံတစ်ခုကို သဘောပေါက်သွားတော့သည်။
"စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကကော ဘာပြောလဲ" ဟု လော့ချန် မေးလိုက်သည်။
"သူတို့ကတော့ လူလွှတ်ကြည့်တာပဲ၊ ဒါပေမဲ့ နောက်ပိုင်းမှာ ဘာမှ ထပ်မလုပ်တော့ဘူး" ဟု တုန်းဖန်းလျန်က ဆိုသည်။
လော့ချန် ဇဝေဇဝါဖြင့် ချက်ချင်း မေးလိုက်သည်။
"စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဒါတွေကို မကိုင်တွယ်တော့ဘူးလား"
မြို့တွင်းပိုင်းသည် လုံးဝ ဘေးကင်းသည်မဟုတ်ကြောင်း လော့ချန် သိရှိပြီးသား ဖြစ်သည်။
သို့သော် အဆုံးအဖြတ်စင်မြင့် ဖွင့်လှစ်ပြီး ဓားနန်းဆောင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့စည်းပြီးနောက်ပိုင်း မြို့တွင်း၌ လူသတ်မှုနှင့် လုယက်မှုများမှာ အလွန် ရှားပါးသွားခဲ့သည်။ တစ်ခါတရံ ဖြစ်ပွားခဲ့လျှင်ပင် ပြစ်မှုကျူးလွန်သူများကို အလျင်အမြန် ဖမ်းဆီး အပြစ်ပေးနိုင်ခဲ့သည်။
တုန်းဖန်းလျန်မှာ ချီသန့်စင်အဆင့် (၇) မျှသာ ရှိသော သာမန် တစ်ကိုယ်တော်ကျင့်ကြံသူ ဖြစ်သဖြင့် အသေးစိတ် အဖြေကို မပေးနိုင်ချေ။ သူသည် လော့ချန်၏ အစောင့်များထဲတွင် အားအနည်းဆုံး ဖြစ်ပြီး ပစ္စည်းပို့ခြင်းနှင့် ကင်းလှည့်ခြင်း အလုပ်များကိုသာ လုပ်ကိုင်ရသူ ဖြစ်သည်။
သူ ခါးသက်သက် ပြုံးလိုက်ရင်း ပြန်ဖြေသည်။
"အသေးစိတ်တော့ ကျွန်တော်လည်း မသိဘူး၊ ဒါပေမဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အလုပ်မလုပ်တာတော့ မဟုတ်ဘူး၊ သူတို့ တစ်ခြားကိစ္စတွေနဲ့ အရမ်း အလုပ်ရှုပ်နေပုံရပြီး အများပြည်သူ လုံခြုံရေးကိုတော့ သိပ်ဂရုမစိုက်နိုင်တော့တာ ထင်တယ်"
‘အလုပ်ရှုပ်နေပေမဲ့ လုံခြုံရေးကိုတော့ ဂရုမစိုက်နိုင်ဘူးလား....’
လော့ချန်၏ စိတ်ထဲတွင် အတွေးများစွာ ဖြစ်ပေါ်နေမိသည်။ ဆေးဖော်ဆောင်သို့ ရောက်သောအခါ အခြားသူများ ပြောပြသည့် အခြေအနေမှာ မြို့တွင်းပိုင်းထက်ပင် ပို၍ ဆိုးရွားနေလေသည်။
"အပြင်ဘက် ရပ်ကွက်တွေမှာတော့ အခုဆို တော်တော် ကမောက်ကမ ဖြစ်နေပြီ၊ ညနေစောင်းတာနဲ့ လမ်းကြားတွေထဲမှာ တစ်ကိုယ်တော်ကျင့်ကြံသူတွေက လူသတ်ဖို့ ချောင်းနေကြပြီ…."
"မင်းက ညဘက်တောင် အပြင်ထွက်သေးတာလား၊ ငါဆိုရင် တံခါးတွေ ပြတင်းပေါက်တွေ အကုန်ပိတ်ပြီးတောင် ကောင်းကောင်း မအိပ်ရဲဘူး"
"အရင်က လူနည်းတုန်းက ဒီလောက် မဆိုးပါဘူး၊ အခုဟာက တခြားနေရာကနေ ရောက်လာတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေကြောင့် အားလုံး ပျက်စီးကုန်တာ"
"ဒါတင်မကဘူး.... သူတို့က အလုပ်တွေကိုပါ လုနေကြတာ၊ ငါ့အစ်ကိုဆို ဆိပ်ကမ်းမှာ အလုပ်လုပ်တာ၊ အခု အလုပ်ထုတ်ခံလိုက်ရပြီ၊ ဘာလို့လဲဆိုတော့ တခြားက ရောက်လာတဲ့သူတွေက စျေးသက်သက်သာသာနဲ့ လုပ်ပေးကြလို့တဲ့"
"အမှန်အတိုင်း ပြောရရင် ဒါတွေအားလုံးက ကျောက်စိမ်းအိုးဓားနန်းဆောင် ကြောင့်ပဲ၊ အရင်က စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ရှိတုန်းက ဘယ်သူမှ ပြောင်ပြောင်တင်းတင်း မလုပ်ရဲကြဘူး၊ အခု သူတို့က အပြင်ဘက် ရပ်ကွက်တွေကို ပစ်ထားလိုက်တော့ လူသတ်မှုတွေ၊ လုယက်မှုတွေက ပိုများလာတာပေါ့"
"ဟင်း.... ဒီအတိုင်းသာ ဆက်သွားရင်တော့ လူတွေအားလုံး ဘေးကင်းတဲ့ မြို့တွေဆီ ပြေးကြကုန်တော့မှာပဲ"
နေ့လယ်စာ စားချိန်တွင် လော့ချန် ထိုအကြောင်းကို စကားစလိုက်သောအခါ ဆေးဖော်ဆောင်မှ လူတိုင်းက တညီတညွတ်တည်း ညည်းတွားကြတော့သည်။
ဆေးဖော်ဆောင်မှ ကျင့်ကြံသူ အများစုမှာ တိုက်ခိုက်ရေးထက် ဆေးဖော်စပ်ခြင်းကိုသာ အာရုံစိုက်သူများ ဖြစ်သဖြင့် သူတို့၏ ဘေးကင်းလုံခြုံရေးကို အထူး စိုးရိမ်နေကြခြင်း ဖြစ်သည်။ သို့သော်လည်း ငွေကြေး မတတ်နိုင်သဖြင့် အပြင်ဘက် ရပ်ကွက်များတွင်သာ ဆက်လက် နေထိုင်နေကြရရှာသည်။
အစပိုင်းတွင်း အပြင်ဘက် ရပ်ကွက်သည် ညဘက်၌သာ အန္တရာယ် ရှိခဲ့သော်လည်း အဆုံးအဖြတ်စင်မြင့် ဖွင့်လှစ်ပြီးနောက် တစ်ကိုယ်တော်ကျင့်ကြံသူ သောင်းနှင့်ချီ၍ စုပြုံရောက်ရှိလာသောအခါ ပြဿနာများမှာ ပို၍ ကြီးထွားလာခဲ့သည်။
'အခု တာဟဲစျေးမြို့တော်ရဲ့ အခြေအနေက ယမ်းပုံကြီးလို ဖြစ်နေပြီ၊ မီးစတစ်ခုနဲ့ ထိလိုက်တာနဲ့ အချိန်မရွေး ပေါက်ကွဲသွားနိုင်တယ်' ဟု လော့ချန် ခံစားနေရသည်။
သူသည် ချီသန့်စင်အဆင့် (၈) သို့ ရောက်ရှိပြီးကာစ ဖြစ်သဖြင့် အဆင့် (၉) သို့ အချိန်တိုအတွင်း တက်လှမ်းနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
'ငါ့ကိုယ်ငါ ကာကွယ်နိုင်တဲ့ စွမ်းအားရှိဖို့ လိုတယ်၊ ကျင့်ကြံမှုအဆင့်ကို မြန်မြန် မမြှင့်နိုင်ဘူးဆိုရင်တော့ တိုက်ခိုက်ရေး မှော်အတတ်တွေကို ပိုပြီး အဆင့်မြှင့်တင်ရမယ်'
လော့ချန်သည် သူ၏ ရှေ့မှ ပွင့်နေသော အခြေအနေပြကြေးမုံပြင်ကို ကြည့်ကာ မှော်အတတ်အချို့အပေါ် အကြည့်ရောက်ရင်း အတွေးနက်နေတော့သည်။
***