ထူထပ်လှသော တောအုပ်ကြီးအတွင်း၌ စွမ်းအင်လှိုင်းများမှာ တုန်ခါနေပြီး သတ်ဖြတ်ခြင်း အငွေ့အသက်များက လေထုထဲတွင် ပျံ့လွင့်နေသည်။
ရွှေရောင်နှင့် အပြာရောင် စွမ်းအင်များမှာ တစ်ခုနှင့်တစ်ခု ရစ်ပတ်ယှက်နွယ်နေပြီး ထိပ်တိုက်တွေ့သည့် နေရာတိုင်းတွင် နှစ်ပေါင်းရာချီ သက်တမ်းရှိသော သစ်ပင်ကြီးများ လဲပြိုကုန်ကြတော့သည်။
ရုပ်သွင်တစ်ခုမှာ တောင်ကြီးတစ်လုံးကဲ့သို့ မတုန်မလှုပ် ရပ်တန့်နေသည်။ သူ၏ တိုက်ကွက်တိုင်းမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်လှသည်။
အခြား ရုပ်သွင်တစ်ခုမှာမူ တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်လွန်းလှသဖြင့် နတ်မျက်စိမှော်အတတ်ကို အဆုံးစွန်အထိ အသုံးပြုထားလျှင်ပင် ခြေရာခံရန် ခဲယဉ်းနေပေသည်။
ရုတ်တရက် ထိုတစ္ဆေသဏ္ဍာန် ရုပ်သွင်မှာ လေထဲသို့ ခုန်တက်သွားပြီး ခေတ္တမျှ ရပ်တန့်သွားသည်။ ထို့နောက် စိမ်းမြရောင် အလင်းတန်း ခုနစ်ခု ဖြာထွက်သွားပြီး ဓားသွားမုန်တိုင်းအသွင်ဖြင့် ကောင်းကင်ယံမှ ဝေါခနဲ ကျဆင်းလာတော့သည်။
ချင်လျန်ချန်း၏ မျက်နှာ တည်ကြည်လေးနက်သွားသည်။ သူသည် ဦးခေါင်းထက်တွင် ဝဲပျံနေသော ရွှေရောင် ဓားကြီးအား အပေါ်သို့ ပင့်ယမ်းလိုက်သည်။
ဝုန်း....
ဓားသွားမုန်တိုင်းမှာ စက္ကန့်အနည်းငယ်မျှသာ တောင့်ခံနိုင်ပြီး ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့သည်။ သို့သော် မုန်တိုင်း ပျက်စီးသွားခြင်းမှာ တိုက်ခိုက်မှု ပြီးဆုံးသွားခြင်း မဟုတ်ချေ။
လွင့်စင်သွားသော ပျံသန်းဓား ခုနစ်စင်းမှာ ထိုတစ္ဆေသဏ္ဍာန်၏ ထိန်းချုပ်မှုအောက်တွင် လျင်မြန်စွာပင် ပြန်လည် လည်ပတ်လာပြီး ချင်လျန်ချန်းအား ထောင့်ပေါင်းစုံမှ ပြန်လည် တိုက်ခိုက်တော့သည်။ ထို့အပြင် ထိုရုပ်သွင်မှာ ဝေဝါးသွားပြီး ပုံရိပ်ယောင်များစွာကို ချန်ထားခဲ့ရာ မည်သည်မှာ အစစ်၊ မည်သည်မှာ အတုဖြစ်ကြောင်း ခွဲခြားရန် မဖြစ်နိုင်တော့ချေ။
ဤသည်ကို မြင်သောအခါ ချင်လျန်ချန်း၏ မျက်ခွံများမှာ မထိန်းနိုင်အောင် လှုပ်ခတ်သွားသည်။
"တော်ပြီ.... ငါ လက်မြှောက်ပါတယ်ကွာ၊ မင်းရဲ့ မှော်လက်နက် ထိန်းချုပ်တဲ့ အတတ်ကတော့ တကယ့်ကို အံ့မခန်းပဲ၊ အဆင့်လတ် မှော်လက်နက်တစ်ခုကို အဆင့်မြင့် လက်နက်တစ်ခုလို သုံးနိုင်တဲ့သူမျိုး ငါ့တစ်သက်မှာ တစ်ခါမှ မမြင်ဖူးဘူး"
ကောင်းကင်ယံမှ တစ္ဆေသဏ္ဍာန်မှာ ချက်ချင်းပင် ရပ်တန့်သွားသည်။ ပုံရိပ်ယောင်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အဝေးဆုံးမှ ပုံရိပ်တစ်ခုသာ စစ်မှန်သော ကိုယ်ထည်အဖြစ် ကျန်ရှိတော့သည်။
လော့ချန်သည် သူ၏ တည်ကြည်သော မျက်နှာကို ဖျောက်ပစ်လိုက်ပြီး ပြုံးလျက် ဆိုသည်။
"ဦးလေးချင် ကျွန်တော့်ကို အလျှော့ပေးလို့ပါဗျာ"
ချင်လျန်ချန်းက နှုတ်ခမ်းမဲ့လိုက်ရင်း တောအုပ်ထဲမှ ပျံသန်းထွက်ခွာလာသည်။ စောစောက တိုက်ခိုက်မှုတွင် သူ အလျှော့ပေးခဲ့ခြင်း မရှိကြောင်းကို သူကိုယ်တိုင် အသိဆုံး ဖြစ်သည်။
အသက်လုပွဲ မဟုတ်သော်လည်း သူ အသုံးပြုခဲ့သည့် တိုက်ကွက်များမှာ သူ၏ ပုံမှန် စွမ်းရည်များသာ ဖြစ်သည်။ အကြောင်းမှာ သူ အသစ်ရရှိထားသော အဆင့်မြင့် ပျံသန်းဓားကို ကျင့်သားရရန် ကြိုးစားနေခြင်းကြောင့် ဖြစ်သည်။
စင်စစ်တွင် လော့ချန်၏ မှော်လက်နက် ထိန်းချုပ်နိုင်စွမ်းမှာ မှန်းဆ၍ မရအောင် ထူးကဲလှပေသည်။ ချင်လျန်ချန်း၏ တစ်သက်တွင် ဤကဲ့သို့ ပါရမီရှင်မျိုး တစ်ခါမျှ မတွေ့ဖူးချေ။
ချင်လျန်ချန်း၏ ထူးဆန်းသော အကြည့်ကို ရင်ဆိုင်ရသောအခါ လော့ချန် ဘာမှမပြောဘဲ ပြုံးနေမိတော့သည်။
ရက်ဝက်ခန့် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးနောက် လော့ချန်သည် ဆွဲငင်အတတ် ကို အထွတ်အထိပ်အဆင့်သို့ ရောက်အောင် မြှင့်တင်နိုင်ခဲ့သည်။ ထို့ကြောင့်ပင် သူသည် အဆင့်လတ် စိမ်းမြရတနာဓားကို အသုံးပြုပြီး ချင်လျန်ချန်းနှင့် ယှဉ်ပြိုင်ရဲခြင်း ဖြစ်သည်။
အထွတ်အထိပ်အဆင့် ဆွဲငင်အတတ်တွင် ထူးခြားသော အာနိသင် မရှိသော်လည်း ကျင့်ကြံသူအား မှော်လက်နက်များကို ပိုမို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်စေသည်။
မှော်လက်နက် တစ်ခုတည်းအတွက်ဆိုလျှင် မသိသာသော်လည်း စိမ်းမြရတနာဓားကဲ့သို့ အစုလိုက် အသုံးပြုရသော လက်နက်များအတွက်မူ အစွမ်းမှာ အလွန် သိသာလှပေသည်။
အထွတ်အထိပ်အဆင့် ဆွဲငင်အတတ်ကြောင့် အဆင့်လတ် လက်နက်တစ်ခုမှ အဆင့်မြင့် လက်နက်တစ်ခု၏ စွမ်းအားကို ပြသနိုင်ခြင်း ဖြစ်သည်။
လွန်ခဲ့သော ရက်ဝက်အတွင်း သူ၏ အောင်မြင်မှုမှာ ဤမျှသာ မဟုတ်ချေ။ လေခွင်းအတတ် မှာလည်း အထွတ်အထိပ်အဆင့်သို့ နီးကပ်နေပြီ ဖြစ်သလို နွယ်ရှင်နှောင်ကြိုး အတတ်မှာလည်း အဆင့်မြင့်လာခဲ့သည်။ ထို့အပြင် နတ်မျက်စိမှော်အတတ်၊ ကုသခြင်းမှော်အတတ် နှင့် သန့်စင်ခြင်း မှော်အတတ်များကိုလည်း သူ လျစ်လျူမရှုခဲ့ချေ။
ဤသို့ တိုးတက်ရန် ပေးဆပ်ခဲ့ရသည့် တန်ဖိုးမှာ သူ တိတ်တဆိတ် သိမ်းဆည်းထားသော အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံး အများအပြားကို ချီစွမ်းအင် ပြန်လည် ဖြည့်တင်းရန် အသုံးပြုလိုက်ရခြင်းပင် ဖြစ်သည်။
"နေပါဦး.... မင်း ဒီရက်ပိုင်းမှာ ဘာလို့ ဒီလောက်တောင် တိုက်ချင် ခိုက်ချင် နေရတာလဲ" ဟု ချင်လျန်ချန်းက စိတ်ပျက်လက်ပျက် မေးလိုက်သည်။
လွန်ခဲ့သော ရက်ပိုင်းအတွင်းမှာပင် လော့ချန် သူ့အား ဆယ်ကြိမ်မက စိန်ခေါ်ခဲ့ပြီး ဖြစ်သည်။
"ဘယ်ကသာ ဦးလေးချင်ရာ၊ ကျွန်တော် မတိုက်ခိုက်ချင်ပါဘူး၊ ဒါပေမဲ့ တာဟဲစျေးမြို့တော်က တစ်နေ့ထက်တစ်နေ့ ပိုပြီး ကမောက်ကမ ဖြစ်လာနေတော့.... ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင် ကြိုတင်ပြင်ဆင်ထားရတာပေါ့ဗျ" ဟု လော့ချန် သက်ပြင်းချရင်း ဆိုလိုက်သည်။
ချင်လျန်ချန်းကလည်း ငြင်းမနေတော့ဘဲ ခေါင်းညိတ် ထောက်ခံလိုက်သည်။ အကြီးအကဲများထဲတွင် သူသည် အအားဆုံးသူ ဖြစ်သည်။
ဝမ်ယွမ်နှင့် လော့ဝူတီ တို့ကဲ့သို့ ဂိုဏ်း၏ ကဏ္ဍတစ်ခုကို တာဝန်မယူထားရသလို စီကုန်းရှို့ကျား ကဲ့သို့ ဆေးဖော်ဆောင်တွင်လည်း အလုပ်ရှုပ်မနေချေ။ သူသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားပြီး အိမ်တွင်းရေး ကိစ္စများကိုလည်း ဇနီး မုရုံချင်းလျန် ကိုသာ လွှဲထားသူ ဖြစ်သည်။
သို့သော်လည်း မကြာသေးမီက သူပါ အလုပ်များလာခဲ့သည်။ တိုက်ပွဲခန်းမ သုံးခုမှာ ပြဿနာများနှင့် မကြာခဏ ရင်ဆိုင်နေရသဖြင့် သူပါ ဝင်ရောက် ကူညီပေးနေရခြင်း ဖြစ်သည်။
"ရွှမ်ယွီအဖွဲ့ ကတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီး ရဲတင်းလာပြီ၊ အရင်ကတော့ တောင်ပေါ်မှာ မိစ္ဆာသားရဲတွေကို တိုက်ခိုက်ပြီး လေ့ကျင့်ချင်ယောင် ဆောင်နေကြတာ၊ အခုတော့ သူတို့ရဲ့ လူအင်အားက အဆမတန် တိုးလာသလို တောင်ပေါ်က စီးပွားရေးတွေကိုပါ မျက်စိကျလာပုံရတယ်" ဟု ချင်လျန်ချန်းက ပြောသည်။
လော့ချန် မျက်မှောင်ကြုတ်လိုက်သည်။
"သမိုင်းက တစ်ကျော့ပြန်နေတာလား"
"မဟုတ်ဘူး...."
ချင်လျန်ချန်းက ခေါင်းခါယမ်းလိုက်ရင်း ဆိုသည်။
"သူတို့က တာကျန်းဂိုဏ်းထက် အများကြီး ပိုပြီး ပြင်းထန်တယ်၊ သူတို့အတွက် လမ်းကြောင်းကိုလည်း အသေအချာ ဖောက်ထားပြီးသားပဲ"
"ဦးလေးချင်.... နောင်မှာ တကယ်ပဲ တိုက်ပွဲတွေ ဖြစ်လာလိမ့်မယ်လို့ ထင်သလား"
"ဒါမျိုးကတော့ ခန့်မှန်းရ ခက်တယ်ကွ"
ရွှမ်ယွီအဖွဲ့သည် တာကျန်းဂိုဏ်းထက် ပို၍ ကြောက်စရာ ကောင်းလှသည်။ သူတို့၏ နောက်ကွယ်တွင် ကျင့်ကြံသူ မိသားစု ငါးစု ရှိနေပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦး ရှိနေသည်ဟု သိရသည်။ တွမ်မိသားစု၏ အကြီးအကဲ၊ နန်ကုန်းမိသားစုမှ နန်ကုန်းကျင်း နှင့် လီမိသားစု၏ အကြီးအကဲ တို့ ဖြစ်ကြသည်။
ထိုသုံးဦးလုံးမှာ အခြေခံတည်ဆောက်ခြင်းအဆင့်၏ အစောပိုင်း အဆင့်မှာသာ ရှိသဖြင့် မီရှုဟွာ ထက် စွမ်းအားနည်းသော်လည်း လူအင်အားအရမူ အားသာချက် ရှိနေသည်။
အကယ်၍ စစ်ပွဲသာ အမှန်တကယ် ဖြစ်ပွားခဲ့လျှင် ဖိုရှန်းဂိုဏ်းမှာ အခက်အခဲနှင့် ရင်ဆိုင်ရပေလိမ့်မည်။ ထိုကဲ့သို့သော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ ပဋိပက္ခတွင် လော့ချန်နှင့် ချင်လျန်ချန်းတို့ကဲ့သို့ လူများမှာ ဘာမျှ မတတ်နိုင်ချေ။ သူတို့ လုပ်နိုင်သည်မှာ ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင် တတ်နိုင်သမျှ ကြိုးစားရန်သာ ဖြစ်သည်။
အဆိုးဆုံး အခြေအနေသို့ ရောက်လာပါက လက်နက်ချခြင်း သို့မဟုတ် ထွက်ပြေးခြင်း တစ်ခုခုကို ရွေးချယ်ရပေလိမ့်မည်။ လောကကြီးက ကျယ်ပြောလှသဖြင့် သူတို့ကဲ့သို့ ကျင့်ကြံသူများ ခိုလှုံရန် နေရာတစ်ခုတော့ ရှိစမြဲပင်။
"ဒါနဲ့.... အဘိုးကြီးမီက ဒီရက်ပိုင်းမှာ ကျောက်စိမ်းအမြုတေဆေးလုံး ထုတ်လုပ်မှုကို အရမ်း ဂရုစိုက်နေတယ်၊ မင်း ငါ့ကို နေ့တိုင်း တိုက်ခိုက်ဖို့ ခေါ်နေတာ…. သူ စိတ်လည်း ဆိုးသွားဦးမယ်၊ ဂရုစိုက်ဦး" ဟု ချင်လျန်ချန်းက သတိပေးလိုက်သည်။
"စိတ်ဆိုးမယ် ဟုတ်လား...."
လော့ချန် ရယ်မောလိုက်သည်။ မီရှုဟွာ သူ့အား စိတ်ဆိုးမည် မဟုတ်ချေ။ အကြောင်းမှာ သူသည် ဆေးဖော်စပ်သည့် အလုပ်တွင် လစ်ဟင်းခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် ဆေးဖော်စပ်သည့် စွမ်းရည်ကို အနည်းငယ် တိုးမြှင့်ပြလိုက်ရာ ဆေးလုံး အောင်မြင်နှုန်းမှာ ယခင်ကထက် ၁၀ ရာခိုင်နှုန်းခန့် ပိုမို တိုးတက်လာခဲ့သည်။ ဤအခြေအနေကြောင့် မီရှုဟွာ သူ့အား အလွန်ပင် သဘောကျနေပေလိမ့်မည်။
….
သူတို့နှစ်ဦးသည် လခြမ်းတောင်ကြားသို့ ပြန်ရောက်သောအခါ ကူချိုင်ယီနှင့် မုရုံချင်းလျန် တို့ကို ခေါ်ဆောင်၍ မြို့ထဲသို့ အတူ ပြန်လာခဲ့ကြသည်။ ကျိုးယွမ်လီနှင့် အစောင့်များကလည်း ထုံးစံအတိုင်း အဝေးမှ တိတ်တဆိတ် လိုက်ပါလာကြသည်။
အခြေအနေများ တင်းမာလာလေလေ အစောင့်များအတွက် အလုပ်ပို၍ ခက်ခဲလေလေ ဖြစ်သည်။ လော့ချန်က သူတို့အား ကျောက်စိမ်းအမြုတေဆေးလုံး အဆင့်လတ်အချို့ကို တိတ်တဆိတ် ဆုချလိုက်သည်။
မီရှုဟွာ သိသွားမည်ကိုမူ သူ မစိုးရိမ်ချေ။ ဤမျှသော ပမာဏကိုမူ မီရှုဟွာတစ်ယောက် လျစ်လျူရှုထားမည်ကို သူ သိနေပေသည်။
မြို့သို့ အပြန်လမ်းတွင် သူတို့ လေးဦးသား စကားတပြောပြောဖြင့် လာနေစဉ် ရုတ်တရက် လော့ချန်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ ဤသည်ကို မြင်သောအခါ ကျန်သူများလည်း လိုက်၍ ရပ်လိုက်ကြသည်။
သူတို့၏ ရှေ့တွင် လူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ပြင်းပြင်းထန်ထန် လိုက်လံ တိုက်ခိုက်နေကြပြီး မှော်စာရွက်များနှင့် မှော်လက်နက်များကို အသုံးပြုနေကြသည်။
ရှုံးနိမ့်နေသော သူမှာ အသည်းအသန် ခုခံရင်း လော့ချန်တို့ ရှိရာဘက်သို့ ပျံသန်းလာပြီး အော်ပြောသည်။
"ကျင့်ကြံဖော်တို့.... ကျွန်တော့်ကို ကူညီကြပါဦး"
"ဖယ်စမ်း...."
ချင်လျန်ချန်းက အော်ဟစ်လိုက်ရင်း ရှေ့သို့ တက်၍ လော့ချန်တို့ကို ကာကွယ်လိုက်သည်။
ထို့နောက် ရွှေရောင်ဓားကြီးကို ဘေးတိုက် လွှဲယမ်းလိုက်ရာ ထိုသူမှာ အနားသို့ပင် မချဉ်းကပ်နိုင်ဘဲ အခြားတစ်ဖက်သို့ လွင့်စင်သွားတော့သည်။
လိုက်လံ တိုက်ခိုက်နေသော ရန်သူဖြစ်သူမှာလည်း ရှေ့တွင် ရှိနေသော လေးဦးမှာ ချီသန့်စင်အဆင့် (၉) သုံးဦးနှင့် အဆင့် (၇) တစ်ဦး ဖြစ်နေသည်ကို မြင်သောအခါ တုန်လှုပ်သွားသည်။
ထို့နောက် "တောင်းပန်ပါတယ်ဗျာ...." ဟု ဆိုကာ အရိုအသေပေးပြီး သူ၏ သားကောင်နောက်သို့ အမြန် လိုက်သွားတော့သည်။
"ခန်းမခေါင်းဆောင်လော့.... အဆင်ပြေရဲ့လား"
ကျိုးယွမ်လီနှင့် လျိုချန်းတို့မှာ အပြေးအလွှား ရောက်ရှိလာပြီး စိုးရိမ်တကြီး မေးမြန်းကြသည်။
လော့ချန်က ခေါင်းခါပြလိုက်ရင်း ရှေ့မှ မြင်ကွင်းကို ကြည့်နေမိသည်။
တာဟဲစျေးမြို့တော်၏ အပြင်ဘက် ရပ်ကွက်များမှာ ယခင်ကကဲ့သို့ အေးချမ်းခြင်း မရှိတော့ဘဲ လူသတ်မှုနှင့် လုယက်မှုများမှာ မျက်စိရှေ့မှာတင် ဗြောင်ကျကျ ဖြစ်ပွားနေပြီ ဖြစ်သည်။
'ခေတ်ပျက်ကြီးထဲတော့ ရောက်လာပြီပဲ....'
လော့ချန် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
လမ်းတစ်လျှောက်တွင် သူတို့၏ စကားဝိုင်းမှာ မြို့ပြင်မှ မငြိမ်သက်မှုများ အကြောင်းသို့သာ ရောက်ရှိသွားတော့သည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ရောက်ရှိလာခြင်းမှာ လုံခြုံမှုကို မဆောင်ကြဉ်းပေးနိုင်ဘဲ ဆူပူမှုများကို ပို၍ မီးလောင်ရာလေပင့် ဖြစ်စေခဲ့သည်ဟု အားလုံးက ယူဆနေကြသည်။
သို့သော် အဆင့်မြင့် ကျင့်ကြံသူကို ဝေဖန်ခြင်းမှာ အန္တရာယ်ရှိသဖြင့် မသိမသာသာ ပြောဆိုခဲ့ကြသည်။
အိမ်သို့ ပြန်ရောက်သောအခါ လော့ချန် စိတ်မသက်မသာ ဖြစ်နေမိသည်။
“ရှေ့မှာ ဘာတွေပဲ ဖြစ်လာဖြစ်လာ.... ငါ့ရဲ့ ကျင့်ကြံမှုကိုတော့ အထိခိုက်မခံနိုင်ဘူး၊ ကျင့်ကြံခြင်းဆိုတာ ဆေးလုံးတွေနဲ့ မကင်းနိုင်ဘူးလေ”
နောက်တစ်နေ့ နံနက်စောစောတွင် လော့ချန်သည် ဝိညာဉ်ဆေးနန်းဆောင်သို့ အပြေးအလွှား သွားခဲ့သည်။ ထိုနေရာတွင် သူ မတွေ့ရသည်မှာ ကြာပြီဖြစ်သော မိတ်ဆွေဟောင်း တစ်ဦးနှင့် သွားတိုးသည်။
"ဆရာကြီးလျို .... မတွေ့ရတာ ကြာပြီနော်"
လျိုဟယ်ချိုင်က ခပ်တိုးတိုး ပြုံးလိုက်ရင်း ပြန်တုံ့ပြန်လိုက်သည်။
"ခေါ်နေကျအတိုင်း ဆိုင်ရှင်လျို လို့ပဲ ခေါ်စမ်းပါ လော့လေးရ…."
ဆေးပေါင်းတစ်ထောင်ခန်းမ၏ ဆိုင်ရှင်ဟောင်း ဖြစ်ခဲ့သော လျိုဟယ်ချိုင်မှာ ယခုအခါ ဝိညာဉ်ဆေးနန်းဆောင်၏ ဆိုင်ရှင် ဖြစ်နေပြီ ဖြစ်သည်။ သူသည် လော့ချန်ကို တွေ့လိုက်ရသည့်အတွက် အမှန်တကယ် ဝမ်းသာသွားပုံရသည်။
"ငါ မထင်ထားခဲ့ဘူးကွာ…. အရင်က မင်းကို ငါ လျှော့တွက်ခဲ့မိတယ်၊ အခုတော့ မင်းက တကယ့်ကို ဆေးဖော်ပညာမှာ ဆရာတစ်ဆူ ဖြစ်နေပြီပဲ"
လော့ချန်က အားနာစွာဖြင့် ရယ်လိုက်ပြီး နှိမ့်ချစွာ ဆိုသည်။
"ဆိုင်ရှင်လျိုကလည်း.... ကျွန်တော့်ကို မြှောက်ပင့်နေပြန်ပြီ"
"မြှောက်ပင့်တာ မဟုတ်ဘူး၊ မင်းဖော်စပ်တဲ့ အံ့ဖွယ်တစ်သောင်းဆေးလုံး အဆင့်မြင့်တွေနဲ့ ကျောက်စိမ်းအမြုတေဆေးလုံး အဆင့်လတ်တွေကို ငါ တွေ့ဖူးတယ်၊ အားလုံးက အရည်အသွေး အရမ်းကောင်းတယ်၊ အထူးသဖြင့် အံ့ဖွယ်တစ်သောင်းဆေးလုံး အဆင့်မြင့်တွေပေါ့"
ထိုနေရာတွင် သူ ခေတ္တရပ်လိုက်ပြီးမှ စကားဆက်သည်။
"အရင်က ငါ မိတ်ဆက်ပေးခဲ့တဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကို မှတ်မိသေးလား"
လော့ချန် ခဏ စဉ်းစားလိုက်ပြီး "အစ်ကိုကြီးခန်းကို ပြောတာလားဗျ" ဟု ပြန်မေးလိုက်သည်။
ထိုသူမှာ ထိုက်ရှန်းစျေးကွက်ရှိ ရွှေကျောက်နန်းဆောင်၏ ပိုင်ရှင်ဖြစ်ပြီး ကျင့်ကြံသူ မိသားစုတစ်ခု၏ အကြီးအကဲလည်း ဖြစ်သည်။
"ဟုတ်တယ်.... သူ အရင်ရက်က ငါ့ကို မေးနေတာ၊ မင်းဆီက အံ့ဖွယ်တစ်သောင်းဆေးလုံး အဆင့်မြင့်တွေကို သူ့ဆိုင်မှာ ရောင်းချင်လို့ များများ ရနိုင်မလားတဲ့"
အံ့ဖွယ်တစ်သောင်းဆေးလုံးကဲ့သို့ ဆေးမျိုးမှာ အလွန် အဆင့်မြင့်သည် မဟုတ်သော်လည်း မိသားစုလုပ်ငန်းများအတွက်မူ အလွန် တန်ဖိုးရှိလှသည်။ ယခင်ကဆိုလျှင် လော့ချန်မှာ အလွန် ဝမ်းသာသွားမည် ဖြစ်သော်လည်း ယခုမူ ခါးသက်သက် ပြုံးရင်း ခေါင်းခါလိုက်ရတော့သည်။
"ကျွန်တော် ဖော်စပ်တဲ့ ဆေးလုံးတွေက ဖိုရှန်းဂိုဏ်း တစ်ခုတည်းကိုပဲ ရောင်းဖို့ သတ်မှတ်ထားတာမို့ ကမ်းလှမ်းမှုကို ငြင်းပယ်ရမှာ စိတ်မကောင်းပါဘူးဗျာ"
ဤသည်ကို ကြားသောအခါ လျိုဟယ်ချိုင် ထပ်မံ မတိုက်တွန်းတော့ချေ။ သူသည် ဆေးဘုရင်ဂိုဏ်းမှ ဖြစ်သော်လည်း ဤနယ်မြေမှာ ကျောက်စိမ်းအိုးဓားဂိုဏ်း၏ အာဏာစက်အောက်တွင် ရှိသဖြင့် ဒေသခံ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအား ရန်စရန် မသင့်တော်ကြောင်း သူ နားလည်ပေသည်။
"အေးပါကွာ၊ ဒါနဲ့.... မင်း ဒီလောက် စောစောစီးစီး ဘာလာဝယ်တာလဲ"
လော့ချန် အသက်ပြင်းပြင်း ရှူလိုက်ပြီး တည်ကြည်စွာဖြင့် ဆိုသည်။
"မြူသန့်စင်ဆေးလုံး ပုလင်း ၂၀ နဲ့ စိတ်ငြိမ်အမွှေးတိုင် ၁၀ ဗူး လိုချင်ပါတယ်"
"ဟမ်.... အဲ့လောက် အများကြီးလား"
လျိုဟယ်ချိုင်က လော့ချန်အား အထင်ကြီးသော အကြည့်များဖြင့် ကြည့်ရင်း ရေရွတ်လိုက်မိတော့သည်။
***