“ငါက မင်းထက် အသက်ကြီးတယ်....”
“ဟင်….”
“ပြီးတော့ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကလည်း မင်းထက် တစ်ပန်းသာနေတာနော်”
တွမ်ဖုန်းက လော့ချန်၏ ဆွံ့အမှင်သက်နေသော မျက်နှာထားကို ကြည့်ရင်း ခပ်တိုးတိုး ရယ်မောလိုက်လေသည်။
“ဒါကြောင့် ငါ့ကို ရှောင်တွမ်လို့ ဆက်မခေါ်နဲ့တော့…. ကြားလား”
“ကောင်းပါပြီဗျာ၊ ကောင်းပါပြီ”
လော့ချန်က မတတ်သာသည့်အဆုံး လက်ကာပြရင်း စကားလမ်းကြောင်း လွှဲလိုက်ရသည်။
“အခု အဆုံးအဖြတ် စင်မြင့်လည်း ပိတ်သွားပြီဆိုတော့…. ကဲ ပြောပါဦး ရှောင်တွမ်ရာ၊ မင်း ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ”
တွမ်ဖုန်း၏ ပြုံးရွှင်နေသော မျက်နှာမှာ ရုတ်ချည်း တောင့်တင်းသွားတော့သည်။ ထိုမြင်ကွင်းကို ကြည့်ပြီး ဖုန်းရှမှာ သူမ၏ စိုးရိမ်မှုများကို ခဏတာ မေ့လျော့ကာ တဟားဟား ရယ်မောမိလေတော့သည်။
တွမ်ဖုန်းမှာမူ လော့ချန်၏ ခေါ်ဝေါ်ပုံကို ပြင်ဆင်ပေးရန် ကြိုးစားနေခြင်းမှာ အပိုအလုပ်သာ ဖြစ်ကြောင်း နားလည်သွားပြီး သက်ပြင်းချကာ လက်လျှော့လိုက်ရရှာပေသည်။
သူ ငေးငေးငိုင်ငိုင်ဖြင့် ညည်းညူလိုက်လေသည်။
“ဘာအစီအစဉ် ရှိရမှာလဲ၊ အဆုံးအဖြတ် စင်မြင့် ရှိရှိ၊ မရှိရှိ ကျင့်ကြံသူတွေရဲ့ ဘဝကတော့ ရုန်းကန်နေရဦးမှာပဲ၊ တခြား လမ်းကြောင်းတစ်ခုခုတော့ ထပ်ရှာရမှာပေါ့”
တွမ်ဖုန်းသည် မှော်လက်နက် ပြုပြင်ခြင်း၌ အလွန် ထူးချွန်သော ပါရမီ ရှိသည်ကို လော့ချန် ကောင်းကောင်း သိထားပေသည်။ ယခင်က သူ၏ ကျောက်စိမ်းဓား အသွားလေး ပဲ့သွားစဉ်ကပင် တွမ်ဖုန်းက အခမဲ့ ပြင်ပေးခဲ့ဖူးသည်။
ထို့နောက် လော့ချန်၏ မွေးနေ့တွင်လည်း တွမ်ဖုန်းသည် မှော်လက်နက် ထိန်းသိမ်းနည်း လမ်းညွှန်စာအုပ်လေး တစ်အုပ်ကို လက်ဆောင်ပေးခဲ့သေးသည်။ အကယ်၍ တွမ်ဖုန်းသာ တာဟဲစျေးမြို့တော်တွင် မှော်လက်နက် ပြုပြင်သည့် ဆိုင်တစ်ဆိုင် ဖွင့်လိုက်လျှင် အသက်မွေးဝမ်းကျောင်းအတွက် စိုးရိမ်စရာ ရှိမည် မဟုတ်ချေ။
သို့သော် ဆိုင်ဖွင့်ရန်မှာ အရင်းအနှီး၊ အဆက်အသွယ်နှင့် နာမည်ကောင်းရရန် အချိန်ယူရခြင်း စသည့် အခက်အခဲများစွာ ရှိနေပြန်သည်။ တွမ်ဖုန်း၌ ထိုအရာများ မရှိချေ။ ထို့ကြောင့် သူ၏ အနာဂတ်မှာ အန္တရာယ်များလှသော တိုက်ခိုက်ရေး လမ်းကြောင်းသို့သာ ပြန်လည်ရောက်ရှိသွားနိုင်ပြီး၊ နောက်ဆုံးတွင် လုယက်သတ်ဖြတ်တတ်သော တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးအဖြစ် ဘဝနိဂုံးချုပ်သွားနိုင်ပေသည်။
အိမ်နီးချင်းကောင်း ပီပီ လော့ချန်သည် တွမ်ဖုန်းကို ထိုကဲ့သို့သော အမှောင်လမ်းပေါ် မရောက်စေချင်ပေ။ ထို့ကြောင့် သူ မဆိုင်းမတွ ကမ်းလှမ်းလိုက်သည်။
“ဖိုရှန်းဂိုဏ်းကို ဝင်မလား…. ကျွန်တော့်ရဲ့ ဆေးဖော်ဆောင်ကို လာခဲ့ပါ၊ ကျွန်တော်နဲ့အတူ အေးအေးဆေးဆေး နေလို့ရတာပေါ့”
ထိုကမ်းလှမ်းမှုကို ကြားရသောအခါ တွမ်ဖုန်းမှာ အလွန် အံ့အားသင့်သွားသော်လည်း တုံ့ဆိုင်းစွာဖြင့် ပြန်မေးလိုက်သည်။
“ဒါက…. နည်းနည်း မသင့်တော်ဘူး ထင်တယ်နော်”
“ဘာက မသင့်တော်ရမှာလဲ၊ ကျွန်တော်က ဖိုရှန်းဂိုဏ်းရဲ့ ထိပ်တန်းဆေးဖော်ဆရာပဲ၊ ကျွန်တော့်လူ ဆိုရင် ဘယ်သူမှ လက်ညှိုးထိုးရဲမှာ မဟုတ်ဘူး”
"ငါ.... စဉ်းစားကြည့်ပါဦးမယ်"
“ကောင်းပြီ၊ စဉ်းစားကြည့်ဦးပေါ့၊ အချိန်တန်ရင် ဦးလေးချင်၊ ဒေါ်လေးမုရုံနဲ့ ကျွန်တော်တို့အားလုံး ခင်ဗျားအတွက် အာမခံပေးမယ်”
လော့ချန် ထပ်ပြီး အကျပ်မကိုင်တော့ပေ။
တွမ်ဖုန်းကို ဆေးဖော်ဆောင်သို့ ဖိတ်ခေါ်ခြင်းမှာ ရုတ်တရက် စိတ်ကူးပေါက်၍ ပြောလိုက်ခြင်း ဖြစ်သော်လည်း သေချာ ပြန်စဉ်းစားကြည့်လျှင် ၎င်းမှာ အလွန် ပါးနပ်သော ဆုံးဖြတ်ချက် ဖြစ်ပေသည်။ လွန်ခဲ့သော သုံးလအတွင်း လော့ချန်၏ ကြိုးစားမှုကြောင့် ဆေးဖော်ဆောင်၏ အမြတ်ငွေများ ထိုးတက်သွားခဲ့ပြီး ရရှိသော ဝေစုမှာလည်း တိုးလာခဲ့ပေသည်။
သို့သော် နောက်ဆုံးတွင် အမြတ်အစွန်း အများစုကို မီရှုဟွာ နှင့် ဖိုရှန်းဂိုဏ်းကသာ သိမ်းပိုက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့ အင်အားကြီးသော အဖွဲ့အစည်းနှင့် ယှဉ်လျှင် လော့ချန်၏ တစ်ဦးတည်းသော အင်အားမှာ မပြောပလောက်ပေ။
သို့သော် အကယ်၍ သူသာ ဂိုဏ်းအတွင်း မိမိ၏ သြဇာအာဏာကို တဖြည်းဖြည်း မြှင့်တင်နိုင်မည်ဆိုပါက နောင်တစ်ချိန်တွင် အမြတ်ခွဲဝေမှုနှုန်းကို စိတ်ကြိုက် ပြန်လည် ညှိနှိုင်းနိုင်ပေလိမ့်မည်။
ယခင်က မုရုံချင်းလျန်နှင့် ချင်လျန်ချန်း တို့က သူ့အား အပြည့်အဝ ထောက်ခံခဲ့ခြင်းမှာလည်း သူတို့၏ မဟာမိတ်ကွန်ရက်ကို ခိုင်မာစေရန် မဟုတ်ပါလော။ လော့ချန်တစ်ယောက် ကူချိုင်ယီကို ဆေးဖော်ဆောင်သို့ ဖိတ်ခေါ်ခဲ့စဉ်က အယူအဆနှင့် အတူတူပင် ဖြစ်သည်။
တွမ်ဖုန်းသည် ကျင့်ကြံခြင်းအဆင့်နှင့် တိုက်ခိုက်ရေးစွမ်းရည် တိုးတက်ရန်သာ
အာရုံစိုက်တတ်သည့် ရိုးသားဖြောင့်မတ်သူတစ်ဦး ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း အလွန်ပင် မြင့်မားလှသည်။
တာဟဲစျေးမြို့တော်ရှိ ရေတွက်မကုန်သော တစ်ကိုယ်တော်ကျင့်ကြံသူများထဲတွင် သူသည် ထိပ်တန်း (၁၀) ဦးစာရင်း၌ အလွယ်တကူ ပါဝင်နိုင်သူ ဖြစ်သည်။ ဤကဲ့သို့သော လူမျိုးမှာ ထိန်းချုပ်ရ ပို၍ လွယ်ကူသည်။
လော့ချန်သည် သူ့အား ထိန်းချုပ်လိုခြင်း မဟုတ်ဘဲ ခိုင်မာသော ပတ်သက်မှုတစ်ခုသာ တည်ဆောက်လိုခြင်း ဖြစ်သည်။
တွမ်ဖုန်းသာ ဆေးဖော်ဆောင်သို့ ဝင်ရောက်လာပါက သူ့အတွက် လစာပေးရမည်မှာ လော့ချန် မဟုတ်ဘဲ ဖိုရှန်းဂိုဏ်းသာ ဖြစ်သည်။ လော့ချန်ဖော်စပ်သော ဆေးများ၏ အမြတ်ထဲမှ ပေးရမည် ဖြစ်သော်လည်း မိမိ တိုက်ရိုက် မသုံးစွဲနိုင်သည့် ငွေများကို အသုံးပြု၍ တွမ်ဖုန်းကဲ့သို့သော လူမျိုးကို သိမ်းသွင်းနိုင်ခြင်းမှာ အလွန် တွက်ခြေကိုက်လှပေသည်။
….
အဆုံးအဖြတ်စင်မြင့်အား ရုတ်တရက် ပိတ်သိမ်းလိုက်ခြင်းက တာဟဲစျေးမြို့တော်တွင် အကြီးအကျယ် ရိုက်ခတ်သွားခဲ့သည်။
ပထမဦးဆုံးအနေဖြင့် လော့ချန် ခန့်မှန်းထားသည့်အတိုင်း စီးပွားရေးလုပ်ငန်းငယ် အမြောက်အမြားမှာ အကြီးအကျယ် ထိုးနှက်ချက် ခံလိုက်ရသည်။ စင်မြင့်သို့ လာရောက်ကြသော လူအုပ်ကြီး မရှိတော့သည့်အခါ ဈေးကြီးပေးဝယ်ရသော အသုံးအဆောင်ပစ္စည်းများမှာ ရုတ်ချည်းပင် သောင်တင်သွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် လော့ချန် ကြိုတင်ခန့်မှန်းနိုင်ခဲ့သဖြင့် ဖုန်းရှနှင့် ယွမ်ရှောင်ယွဲ့တို့အား ဈေးနှုန်းများ လျှော့ချရန် ချက်ချင်း ညွှန်ကြားခဲ့သည်။ ယခင်က နို့လက်ဖက်ရည် တစ်ခွက်လျှင် ဝိညာဉ်ကျောက်တုံး (၁) တုံး ပေးရရာမှ ယခုအခါ (၁) တုံးလျှင် (၂) ခွက်နှုန်းဖြင့် ရောင်းချစေခဲ့သည်။
ထို့အပြင် နွေရာသီအတွက် ဝိညာဉ်သစ်သီးအေး ကဲ့သို့သော အဖျော်ယမကာသစ်ကိုလည်း စျေးနှုန်းသက်သာစွာဖြင့် မိတ်ဆက်ပေးခဲ့သည်။ ယွမ်ရှောင်ယွီကလည်း သူမ၏ မုန့်များကို အရေအတွက် တိုးပေးခြင်းဖြင့် စျေးကွက်ကို ထိန်းထားခဲ့သည်။
သို့သော် ကြိုတင်ပြင်ဆင်မှု မရှိသူများမှာမူ ကံဆိုးသွားကြပေသည်။ လော့ချန်မှာမူ သူတို့အတွက် စိတ်မပူနိုင်အားချေ။ အကြောင်းမှာ သူ၏ နေ့စဉ် သွားလာမှုများကိုပင် အနှောင့်အယှက် ပေးလာသည့် ကြီးမားသော ဘေးအန္တရာယ်တစ်ခု ရောက်ရှိနေသောကြောင့် ဖြစ်ပေသည်။
“ဒါနဲ့ဆို ဘယ်နှစ်ဖွဲ့ရှိသွားပြီလဲ"
လော့ချန်က မြေပြင်ပေါ်ရှိ ကျင့်ကြံသူများ၏ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော အလောင်းများကို ကြည့်ကာ ခက်ထန်စွာ မေးလိုက်သည်။
သူ၏ လေသံထဲမှ ဒေါသကို ခံစားမိသဖြင့် ကျိုးယွမ်လီက သတိထားကာ ဖြေလိုက်သည်။
"သုံးဖွဲ့မြောက်ပါ ခေါင်းဆောင်လော့…. ဒီတစ်ယောက်ကတော့ အတော်လေး ကျွမ်းကျင်ပုံရတယ်၊ သူက ချီသန့်စင်အဆင့် (၈) တောင် ရောက်နေပြီ"
“ဒီလို အမှိုက်မျိုးကတောင် ငါ့ကို လုယက်သေးတယ်တဲ့လား”
လော့ချန်မှာ အဓိပ္ပာယ်မရှိသလို ခံစားနေရသည်။ သူ၏ ဘေးတွင် ချီသန့်စင်အဆင့် (၈) ကျင့်ကြံသူ သက်တော်စောင့် နှစ်ဦး အကောင်လိုက်ကြီး ရှိနေသည် မဟုတ်လော။
ကျိုးယွမ်လီက ခါးသက်သက် ပြုံးလိုက်ရင်း ဆိုသည်။
"သူက သာမန်အမှိုက်တော့ မဟုတ်ဘူးဗျ၊ တိုက်ပွဲ အတွေ့အကြုံလည်း အများကြီးရှိသလို သူ့မှာ အဆင့်မြင့် ပျံသန်းဓားလည်း ပါသေးတယ်၊ တကယ်လို့ ရှေ့ပြေးကင်းထောက်တွေက ကြိုမသိခဲ့ရင် ခေါင်းဆောင်လော့ အန္တရာယ် ရှိသွားနိုင်တယ်"
လော့ချန် အသက်ပြင်းပြင်း ရှူလိုက်ပြီး မြို့တွင်းရှိ လပြည့်ညတောင်တန်း ဘက်သို့ လှမ်းကြည့်လိုက်သည်။
"ဒီလူတွေက အဆုံးအဖြတ်စင်မြင့်က ပုံမှန် တိုက်ခိုက်ရေးသမားတွေ ဖြစ်ရမယ်"
"ဟုတ်ပါတယ်၊ ဒီနေ့ တစ်ယောက်ဆိုရင် နာမည်က ဖုန်းရီကျန့်တဲ့၊ တာဟဲ ထူးချွန်လူငယ်စာရင်း မှာ အဆင့် ၉၇ ရှိပြီး တစ်ဦးချင်း တိုက်ခိုက်ရာမှာ အရမ်းတော်တဲ့သူလို့ နာမည်ကြီးတယ်"
‘တစ်ဦးချင်း တိုက်ခိုက်တာ ဟုတ်လား....’
ကံဆိုးသည်မှာ သူ (၆) ယောက် (၁) ယောက် တိုးသွားခြင်းဖြစ်သည်။
အပေါ်ယံတွင် လော့ချန်မှာ အဆင့် (၇) သာ ရှိပြီး တုန်းဖန်းလျန်မှာလည်း အဆင့် (၇) သာ ရှိသဖြင့် ဘာမှ ဝင်မလုပ်ခဲ့ပေ။ သို့သော် ကျိုးယွမ်လီနှင့် အစောင့် သုံးဦးမှာပင် ဖုန်းရီကျန့်အား ချေမှုန်းရန် လုံလောက်နေပြီ ဖြစ်သည်။ သူသည် သူ၏ အဆင့်မြင့် ပျံသန်းဓားကိုပင် ထုတ်ချိန်မရလိုက်ဘဲ အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
လော့ချန် နဖူးကို ပွတ်လိုက်မိသည်။ ဤကဲ့သို့ လုယက်မှုများမှာ တစ်နေ့ထက်တစ်နေ့ ပိုမို များပြားလာသည်။ အဆုံးအဖြတ်စင်မြင့် ပိတ်သွားသဖြင့် ထိုနေရာတွင် အသက်မွေးနေသော ကျင့်ကြံသူများမှာ လမ်းပျောက်ကုန်ကြခြင်း ဖြစ်သည်။
စွမ်းအင်ထုတ်လွှတ်ရန် နေရာမရှိ၊ ကျင့်ကြံခြင်း ရင်းမြစ်လည်း မရှိတော့သဖြင့် သူတို့၏ သတ်ဖြတ်လိုစိတ်များမှာ မြင့်တက်လာပြီး လုယက်မှုများဆီသို့ ဦးတည်သွားတော့သည်။
အပြင်ဘက် ရပ်ကွက်များမှာ ကမောက်ကမ ဖြစ်နေချေပြီ။
အစောပိုင်းနှင့် အလယ်အလတ်အဆင့် ကျင့်ကြံသူများမှာ အားကိုးရာမဲ့နေကြပြီး ဖိုရှန်းဂိုဏ်း၊ တာကျန်းဂိုဏ်း သို့မဟုတ် ရွှမ်ယွီအဖွဲ့ တို့ထံတွင် ခိုလှုံခွင့် တောင်းနေကြရသည်။
လော့ချန်မှာ ဖိုရှန်းဂိုဏ်း၏ ထိပ်တန်း ဆေးဖော်ဆရာ ဖြစ်သလို တန်ချန်ဇီ ဟု နာမည်ကြီးသူ ဖြစ်သဖြင့် ထိုဓားကိုင် လုယက်သူများအတွက် အကောင်းဆုံး သားကောင် ဖြစ်နေပေသည်။
ချီသန့်စင်အဆင့် (၉) များက တုံ့ဆိုင်းနေနိုင်သော်လည်း စွမ်းရည်ရှိသော အဆင့် (၇)၊ (၈) များမှာမူ မဆင်မခြင် တိုက်ခိုက်လာကြသည်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက အဆင့် (၉) ကျင့်ကြံသူများပင် ကံစမ်းလာကြပေလိမ့်မည်။
"သူတို့က ငါ့ကို အသတ်ခံဖို့ စောင့်နေတဲ့ သိုးတစ်ကောင်လို့ ထင်နေကြတာပဲ"
လော့ချန်က ကျိန်ဆဲလိုက်ရင်း စစ်မြေပြင်ကို ရှင်းလင်းရန် ညွှန်ကြားလိုက်သည်။
တိုက်ပွဲအတွင်း အလတ်စား မှော်ဝတ်ရုံတစ်ခု ပျက်စီးသွားပြီး သိုလှောင်အိတ်တစ်ခုမှာလည်း ကွဲအက်သွားခဲ့သည်။ အလတ်စား မှော်လက်နက်တစ်ခုနှင့် အဆင့်မြင့် ပျံသန်းဓား တစ်စင်းသာ အကောင်းအတိုင်း ကျန်ရစ်ခဲ့သည်။
"လျိုချန်း...."
လော့ချန် လှမ်းခေါ်လိုက်သည်။
လျိုချန်း မော့ကြည့်လိုက်သည်။ လော့ချန်က ပျံသန်းဓားကို သူ၏ ရှေ့သို့ ပို့ပေးလိုက်ရင်း ဆိုသည်။
"မင်း ပြီးခဲ့တဲ့တစ်ခေါက် ငါ့ကို ကာကွယ်ပေးရင်း အပြင်းအထန် ဒဏ်ရာရခဲ့တယ်မလား၊ ဒီအဆင့်မြင့် ပျံသန်းဓားကို မင်းကို ပေးမယ်"
"ဒါ.... ဒါကို ကျွန်တော့်ကို တကယ်ပေးတာလား"
လျိုချန်းမှာ ခေတ္တမျှ မှင်သက်သွားပြီးမှ မျက်နှာတစ်ခုလုံး ဝမ်းသာမှုများဖြင့် ပြည့်နှက်သွားတော့သည်။ ထိုဓားကို သူ ဝမ်းသာအားရ လက်ခံလိုက်သည်။ ယခင်ကဆိုလျှင် ဝိညာဉ်ကျောက်တုံး နှစ်ထောင်ကျော် တန်ဖိုးရှိပြီး ယခုကဲ့သို့ ကာလမျိုးတွင်ဆိုလျှင် သုံးထောင်ပင် ကျသင့်နိုင်ပေသည်။
"ခေါင်းဆောင်လော့က တကယ့်ကို ရက်ရောတာပဲ၊ ကျေးဇူးတင်ပါတယ် ခင်ဗျာ"
လျိုချန်းက ကျေးဇူးတင်စကား ဆိုသည်။
လော့ချန်က မဆိုင်းမတွပင် ကျန်ရှိနေသော အဆင့်လတ် မှော်လက်နက်ကို သူတို့ထဲတွင် အားအနည်းဆုံး ဖြစ်သော တုန်းဖန်းလျန်အား ပေးလိုက်ပြန်ရာ ကျေးဇူးတင်စကားများကို ထပ်မံ ကြားလိုက်ရပြန်သည်။
လော့ချန်၏ လုပ်ရပ်မှာ အလွန် ရက်ရောလှသည်ဟု ထင်ရသော်လည်း သူ၏ လုံခြုံရေးမှာ အရေးကြီးနေသောကြောင့် ထိုသို့ လုပ်ဆောင်နေခြင်း ဖြစ်ပေသည်။ သူ၏ သက်တော်စောင့် ငါးဦးထဲတွင် အရည်အသွေးမြင့် မှော်လက်နက် မရှိကြသူများကို အစွမ်းမြှင့်တင်ပေးရန် တိုက်ပွဲမှရသော ပစ္စည်းများကို ဆုအဖြစ် ပေးနေခြင်း ဖြစ်သည်။
“ဒါပေမဲ့ ဒီလိုရက်တွေက ဘယ်တော့မှ ပြီးဆုံးမှာလဲ”
လော့ချန် သက်ပြင်းချရင်း ရွှေအမြုတေအဆင့် အကြီးအကဲကို အနည်းငယ် အငြိုးထားမိလေသည်။ ပြဿနာအားလုံး၏ အရင်းအမြစ်မှာ ထိုလူပင် ဖြစ်သည် မဟုတ်ပါလော။
သို့သော် လော့ချန် မျှော်လင့်ထားသလို ငြိမ်သက်သွားခြင်း မရှိဘဲ ပို၍ ကြီးမားသော ဂယက်ရိုက်ခတ်မှု တစ်ခု ရောက်ရှိလာခဲ့သည်။
“အရှေ့ပိုင်းလွင်ပြင်မှာ ရှေးဟောင်းဂူသင်္ချိုင်းတစ်ခုကို ရှာတွေ့ခဲ့တယ်တဲ့၊ အဲဒါက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ဂူသင်္ချိုင်းဆိုတာ သေချာသလောက်ပဲ”
လခြမ်းတောင်ကြားသို့ ရောက်သည်နှင့် မုရုံချင်းလျန်နှင့် အခြားသူများထံမှ ဤသတင်းကို လော့ချန် ကြားလိုက်ရတော့သည်။
***