လော့ချန်သည် ဤကဲ့သို့သော လောကီရေးရာ အလှည့်အပြောင်းများကို ကောင်းစွာ နားလည်သဘောပေါက်ထားသူ ဖြစ်သည်။ ဤအခြေအနေမျိုးသည် သာမန်လူတို့ ကြားဖူးနားဝရှိသည့် ပုံပြင်တစ်ခုနှင့် အလွန်ပင် ဆင်တူလှပေသည်။
တစ်ခါက နေရာတစ်ခုတွင် ရွှေတောင်ကြီးတစ်တောင်ကို ရှာတွေ့ခဲ့ကြသည်။ ထိုသတင်းမှာ တောမီးကဲ့သို့ ပျံ့နှံ့သွားပြီးနောက် အရပ်ရပ်မှ လူများမှာ ရွှေတူးပြီး ချမ်းသာကြွယ်ဝရန် ထိုတောင်ဆီသို့ အလုအယက် သွားခဲ့ကြသည်။
သို့သော် ထိုလူများ နောက်ဆုံးတွင် ရွှေ ရရှိသွားကြပါသလော။
ကံကောင်းထောက်မစွာဖြင့် ရွှေအနည်းငယ် ရရှိသူများ ရှိနိုင်သော်လည်း၊ တကယ်တမ်း ပိုက်ဆံအမြောက်အမြားနှင့် ကြွယ်ဝချမ်းသာသွားသူများမှာမူ ထိုရွှေတူးသမားများကို ဂေါ်ပြား၊ အစားအသောက်၊ အဝတ်အထည်နှင့် တည်းခိုခန်း ရောင်းချပေးသော ပါးနပ်သူများသာ ဖြစ်ကြပေသည်။ ထိုဉာဏ်ကောင်းသူများသည် ငွေလည်းရသလို ရွှေတူးရာတွင် ကြုံတွေ့ရမည့် အန္တရာယ်များကိုလည်း ရှောင်ကွင်းနိုင်ခဲ့ကြသည်။
အခြေခံတည်ဆောက်ခြင်း၊ အမြုတေဖွဲ့စည်းခြင်းနှင့် ကျင့်ကြံခြင်း ရင်းမြစ်များမှာ ရွှေနှင့် တိုက်ရိုက် နှိုင်းယှဉ်၍ မရနိုင်သော်လည်း သဘောတရားမှာမူ အတူတူပင် ဖြစ်သည်။
လော့ချန်သည် ရွှေတူးသူ တစ်ယောက် မဖြစ်ချင်ပေ။ ထိုအစား ဤအခွင့်အရေးကို အသုံးချကာ ဝိညာဉ်ကျောက်တုံးများ ပိုမို စုဆောင်းရန်သာ ဆုံးဖြတ်လိုက်သည်။
ထိုနေ့အတွက် ဆေးဖော်စပ်သည့် အလုပ်များကို အပြီးသတ်ပြီးနောက် သူ မြို့တွင်းပိုင်းသို့ အမြန်ပြန်လာခဲ့လေသည်။ သူကိုယ်တိုင် သွေးအဆီအနှစ် ဆေးလုံးအတွက် လိုအပ်သော ကုန်ကြမ်းများကို သွားရောက်ဝယ်ယူသလို ရှောင်ယွဲ့ကိုလည်း အခြားကုန်ကြမ်းများ ထပ်မံဝယ်ယူရန် စေလွှတ်လိုက်သည်။
သူသည် ထိုဆေးလုံးများကို တိတ်တဆိတ် ဖော်စပ်ပြီး မှောင်ခိုစျေးကွက်တွင် လေလံတင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ယခုကဲ့သို့ ဂူသင်္ချိုင်းတိုက်ပွဲ ပြင်းထန်နေချိန်တွင် သွေးအဆီအနှစ် ဆေးလုံးများသည် ဈေးကောင်းရမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပေသည်။
ကုန်ကြမ်းများ ဝယ်ယူပြီးနောက် လော့ချန်သည် သူ၏ ခြံဝင်းအိမ်လေးတွင်ပင် တစ်ညတာ အိပ်စက်ခဲ့လေသည်။
နောက်တစ်နေ့ နံနက်တွင် အပြင်သို့ မထွက်ရသေးမီမှာပင် အပြင်ဘက်မှ အချင်းချင်း စကားများသံကို ကြားလိုက်ရသည်။ တံခါးဖွင့်ကြည့်လိုက်သောအခါ တစ်ဦးနှင့်တစ်ဦး ဆွဲလားရမ်းလားဖြင့် အချေအတင် ဖြစ်နေကြသော မြင်ကွင်းကို တွေ့လိုက်ရလေသည်။
“ရှောင်တွမ်…. မသွားပါနဲ့၊ မသွားပါနဲ့လို့ ငါ တောင်းပန်ပါတယ်”
ဖုန်းရှက အသနားခံနေခြင်း ဖြစ်သည်။
"အရှေ့ပိုင်းလွင်ပြင်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်တောင် သေသွားပြီဆိုတာ သိရဲ့လား၊ ဘာလို့ ဒီပြဿနာထဲကို ဝင်ပါချင်နေရတာလဲ"
"ပြောစကား နားထောင်စမ်းပါ၊ အစ်မ ပြောတာ အမှန်တွေချည်းပဲ၊ အဲ့ဒီနေရာက မင်းအတွက် မလုံခြုံဘူး"
လော့ချန်၊ ကူချိုင်ယီ၊ မုရုံချင်းလျန်၊ ချင်လျန်ချန်းနှင့် ပိုင်မေလင်း တို့အားလုံးသည် သူတို့၏ အခန်းတံခါးဝများတွင် မှီရပ်ရင်း ထိုမြင်ကွင်းကို စောင့်ကြည့်နေကြသည်။
ဖုန်းရှသည် တွမ်ဖုန်း၏ အင်္ကျီလက်ကို ဆွဲထားရင်း မျက်ရည်များ ဝဲနေရှာသည်။ တွမ်ဖုန်းကမူ တည်ငြိမ်သော အကြည့်များဖြင့် တိတ်ဆိတ်နေဆဲ ဖြစ်သည်။
‘ငါ ထင်သားပဲ၊ မင်းတို့နှစ်ယောက် ကြားထဲမှာ တစ်ခုခု ရှိနေတာ သေချာတယ်’ လော့ချန် စိတ်ထဲမှ ကျိတ်တွေးလိုက်မိသည်။
ဖုန်းရှသည် ဘေးလူများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကြေကွဲစရာ ကောင်းလှသော အသံဖြင့် ထပ်မံ ပြောရှာသည်။
“ဒီတစ်ခါ ဂူသင်္ချိုင်းတိုက်ပွဲက ချီသန့်စင် အဆင့်တွေတင် မကတော့ဘူးဆိုတာ မင်း သိလား၊ တာဟဲစျေးမြို့တော်နဲ့ အနီးအနား မြို့တွေက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေတောင် စုပြုံလာနေကြပြီ၊ အဲဒီ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကို မင်းက ဘာနဲ့ သွားပြိုင်မှာလဲ"
ထိုစကားကြောင့် တွမ်ဖုန်း၏ မျက်လုံးများမှာ ပို၍ အေးစက်သွားသည်။ သူသည် ဖုန်းရှ၏ လက်ကို အသာအယာ ဖယ်ရှားလိုက်ပြီး ဆိုသည်။
"ကျွန်တော် သိပါတယ်၊ ဒါတွေအားလုံးကို ကျွန်တော် သိပြီးသားပါ"
"ဒါပေမဲ့ အချိန်က ကျွန်တော့်ကို စောင့်နေမှာ မဟုတ်ဘူး၊ အဲ့ဒီလူအိုကြီးမှာ အသက်ရှင်ဖို့ နှစ်သိပ်မကျန်တော့ဘူး၊ ကျွန်တော်သာ အခု အခြေခံမတည်ဆောက်နိုင်ရင် ကျွန်တော့်အမေအတွက် ကျွန်တော် ကိုယ်တိုင် ဘယ်လို လုပ် လက်စားချေနိုင်မှာလဲ"
သူ၏ လေးနက်သော စကားများကြောင့် ဖုန်းရှမှာ ဘာမှ ပြန်မပြောနိုင်တော့ချေ။
မုရုံချင်းလျန်က ဘေးမှနေ၍ သက်ပြင်းချကာ အကြံပေးသည်။
"ရှောင်တွမ်.... မင်း ဒါကို သေချာ စဉ်းစားသင့်တယ်နော်"
ချင်လျန်ချန်းက ပြုံးစစဖြင့် ဆိုသည်။
"ငါ တခြားတော့ မသိဘူး၊ ဒါပေမဲ့ အဘိုးကြီးမီကတော့ ဖိုရှန်းဂိုဏ်းရဲ့ အင်အားအားလုံးကို အဲ့ဒီနေရာအတွက် သုံးနေပြီ၊ သူက ချီသန့်စင်အဆင့် (၉) ရှိတဲ့ ကျင့်ကြံသူ ၁၅ ယောက်လောက်ကို စုစည်းထားတာ၊ အဲ့ဒီထဲမှာ လော့ဝူတီ နဲ့ ကျန်းဝမ် တို့လို မင်းထက် မနိမ့်တဲ့သူတွေ ပါတယ်"
တွမ်ဖုန်း၏ ခြေလှမ်းများ ရပ်တန့်သွားပြီး ပထမဆုံးအကြိမ်အဖြစ် တုံ့ဆိုင်းသွားခဲ့သည်။ သူသည် လူအ တစ်ယောက် မဟုတ်သဖြင့် အခြေအနေကို ခန့်မှန်းနိုင်ပေသည်။ ဖိုရှန်းဂိုဏ်းကပင် ဤမျှ ပြင်ဆင်နေလျှင် တာကျန်းဂိုဏ်းနှင့် ရွှမ်ယွီအဖွဲ့တို့က မည်သို့ ရှိမည်နည်း။
ရွှမ်ယွီအဖွဲ့၏ နောက်ကွယ်မှ အခြေခံတည်ဆောက်ခြင်း မိသားစုကြီး ၅ ခုနှင့် တာဟဲစျေးမြို့တော်ရှိ အခြားသော ဂိုဏ်းအင်အားစုများကရော ငြိမ်နေကြမည်လော။
သူကဲ့သို့ ချီသန့်စင်အဆင့် (၉) တစ်ဦးတည်းက ထိုသို့သော ဝံပုလွေအုပ်ကြားတွင် အခွင့်အရေး ရနိုင်ပါဦးမည်လား။ သို့သော် သူ မသွားလျှင်ရော ဤဘဝတွင် အခြေခံတည်ဆောက်နိုင်မည့် အခွင့်အရေး ရနိုင်ပါဦးမည်လော။
ဖုန်းရှသည် ချင်လျန်ချန်း ဇနီးမောင်နှံကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမသည် တွမ်ဖုန်းအား အရှေ့ပိုင်းလွင်ပြင်တွင် အသက်မဆုံးရှုံးစေချင်ပေ။
“ဟဲဟဲ....”
ရုတ်တရက် ထွက်ပေါ်လာသော ရယ်သံလေးကြောင့် တင်းမာနေသော အခြေအနေမှာ ပျက်ပြယ်သွားသည်။
တွမ်ဖုန်း မျက်မှောင်ကြုတ်ရင်း လှည့်ကြည့်လိုက်ရာ လော့ချန်တစ်ယောက် တံခါးဝတွင် ဆောင့်ကြောင့်ထိုင်ရင်း နတ်သစ်တော်သီးကို အားပါးတရ စားနေသည်ကို တွေ့လိုက်ရသည်။
"ဘာကြည့်နေတာလဲ၊ လူအပဲ အဲ့ဒီနေရာမှာ သွားပြီး အသက်နဲ့လဲ တိုက်မှာပေါ့" ဟု လော့ချန်က ဆိုသည်။
"ကျင့်ကြံသူတွေဆိုတာ ကောင်းကင်ဆီကနေ လမ်းစဉ်ကို လုယူရတာ မဟုတ်ဘူးလား" ဟု တွမ်ဖုန်းက မေးလိုက်သည်။
"မဟုတ်ဘူး.... မဟုတ်ဘူး၊ အားလုံးက ကောင်းကင်ကို ဆန့်ကျင်ပြီး ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးစားကြတာ မှန်ပေမဲ့ ကောင်းကင်က ခင်ဗျားကို ရန်စထားတာမှ မဟုတ်တာ၊ ပြီးတော့ ကျင့်ကြံခြင်းဆိုတာ ရင်းမြစ်တွေကို စုဆောင်းတာပဲ မဟုတ်လား"
"ခင်ဗျားမှာ အရည်အချင်းရှိရက်နဲ့ ဝိညာဉ်ကျောက်တုံးတွေ ရနိုင်မယ့် အခွင့်အရေးကြီးက ခင်ဗျားရှေ့မှာ ရှိနေတာကို မမြင်ဘူးလား၊ ခင်ဗျားကို လူအလို့ ခေါ်တာတောင် ကျွန်တော် ယဉ်ကျေးလွန်းနေသေးတယ်"
“အခွင့်အရေး ဟုတ်လား....”
တွမ်ဖုန်း ဇဝေဇဝါ ဖြစ်သွားသည်။
လော့ချန်သည် သစ်သီးရည်များ ပေနေသော လက်ကို ခါလိုက်ပြီး မတ်တပ်ရပ်လိုက်ကာ ဆိုသည်။
"ခင်ဗျားက ကျွန်တော့်ရဲ့ ဆေးဖော်ဆောင်ထဲ ဝင်ထားတာ ရက်ပိုင်းပဲ ရှိသေးတာဆိုတော့ ခေါင်းဆောင်ဖြစ်တဲ့ ကျွန်တော်ကပဲ ခင်ဗျားကို လမ်းမှန် ပြပေးရတော့မှာပေါ့ "
….
အရှေ့ပိုင်းလွင်ပြင်၏ အကြီးဆုံးနှင့် အန္တရာယ်အကင်းဆုံး အဝင်လမ်းဖြစ်သည့် ချင်းဟယ်တောင် ခြေရင်း၌ လူများဖြင့် စည်ကားနေသည်။
လော့ချန် ဤနေရာသို့ ရောက်ဖူးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
ချင်းဟယ်တောင်၏ အပြင်ဘက်တွင် ဆိုင်တန်းများစွာ ရှိနေပြီး မြို့ပြင်ရှိ စျေးတန်းများထက်ပင် ပို၍ စည်ကားနေပေသည်။ မှော်စာရွက်ရောင်းသူများ၊ စားသောက်ဆိုင်များ၊ ဆေးပင်ဝယ်သူများနှင့် ဒဏ်ရာကုဆေးခန်းများ စသည်ဖြင့် စုံလင်လှသည်။ လော့ချန်သည် ထိုနေရာတွင် လျန်ယွန်း ကုန်သွယ်ရေး မဟာမိတ်၏ ဆိုင်ခွဲတစ်ခုကိုပင် တွေ့လိုက်ရသေးသည်။
"ငါတစ်ယောက်တည်း ဒီလိုတွေးတာ မဟုတ်ဘူးပဲ"
လော့ချန် သူ၏နောက်မှ တွမ်ဖုန်းနှင့် ဖုန်းရှတို့ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
တွမ်ဖုန်းသည် အနည်းငယ် အနေရခက်နေသော်လည်း အံကြိတ်ကာ အလုပ်စတင်လိုက်တော့သည်။
သူသည် သူ၏ သိုလှောင်အိတ်ထဲမှ ကိရိယာမျိုးစုံ၊ ပန်းပဲဖို၊ တူကြီး၊ တူငယ်၊ ပလာယာ၊ ထွင်းထုဓားများနှင့် ပေတံများကို ထုတ်လိုက်သည်။ ထို့နောက် ထူးဆန်းသော အပြာရောင်အရည်များ ပါသည့် ကန်တစ်ကန်နှင့် အနံ့ဆိုးထွက်နေသော ရေပုံးများကိုလည်း ပြင်ဆင်လိုက်သည်။ လက်ဖဝါးခန့်ရှိသော အိမ်မြှောင်တစ်ခု၊ ဖန်မှန်အချို့နှင့် နောက်ဆုံးတွင် ပေ ၃၀ ခန့် မြင့်သော အလံကြီး တစ်ခုကိုလည်း ထောင်လိုက်သည်။
ဖုန်းရှ၏ အကူအညီဖြင့် သူတို့နှစ်ဦးမှာ ဆိုင်ခန်းတစ်ခုကို အမြန် ပြင်ဆင်လိုက်ကြသည်။
ထိုအလံကြီးပေါ်တွင် စာလုံးကြီး ၄ လုံးနှင့်အတူ အောက်တွင် အနီရောင်စာလုံးလေးများဖြင့် စာသားအချို့ကို ရေးသားထားသည်။
[ဖုန်းဟိုင် ပန်းပဲဖိုနှင့် လက်နက်ပြင်ဆိုင်]
[အဆင့်နိမ့်နှင့် အလတ်စား မှော်လက်နက်များကို ကျွမ်းကျင်စွာ ပြုပြင်ပေးသည်] [အဆင့်မြင့်လက်နက်များကို အသစ်ပြန်ဖြစ်အောင် ပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ လုပ်ဆောင်ပေးသည်]
[တစ်ပတ်ရစ် မှော်လက်နက်များကို စျေးကောင်းပေး၍ ဝယ်ယူသည်၊ စျေးနှုန်း ညှိနှိုင်းနိုင်သည်]
ထိုအမည်ကို လော့ချန်ကိုယ်တိုင် ရွေးချယ်ပေးထားခြင်း ဖြစ်သည်။ တွမ်ဖုန်း၏ အမည်ကို အခြေခံထားသလို ဆိုင်၏ ဝန်ဆောင်မှုကိုလည်း ချက်ချင်း သိသာစေသည်။ ဤဆိုင်မှာ တွမ်ဖုန်း၏ ဆိုင်သာမက လော့ချန်၏ ရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်ပေသည်။
ဆိုင်သုံးပစ္စည်း ကိရိယာ အများစုကို လော့ချန် သူ၏ ကိုယ်ပိုင် ဝိညာဉ်ကျောက်တုံးများဖြင့် ဝယ်ယူပေးထားခြင်း ဖြစ်သည်။
"ဒီမှာ အဆင့်နိမ့် မှော်လက်နက် ၅ ခုနဲ့ အလတ်စား လက်နက် ၂ ခု ရှိတယ်၊ ဒါတွေကို ရောင်းလို့ရတယ်၊ ပြီးတော့ မတည်ရင်းနှီးငွေအဖြစ် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ပေးမယ်၊ အဲ့ဒါနဲ့ ပျက်စီးနေတဲ့ လက်နက်တွေကို စျေးပေါပေါနဲ့ လိုက်ဝယ်လိုက်"
လော့ချန်က သူ၏ သိုလှောင်အိတ်ထဲမှ ကျောက်တုံးများကို တွမ်ဖုန်းအား ပေးလိုက်သည်။
လော့ချန်တွင် ယခုအခါ ဝိညာဉ်ကျောက်တုံး ၇၀၀၀ ခန့် ရှိနေသဖြင့် ၂၀၀၀ ခန့်ကို ထုတ်ပေးလိုက်ခြင်းမှာ သူ့အတွက် ဘာမျှ မပြောပလောက်ချေ။
တွမ်ဖုန်းက မျက်မှောင်ကြုတ်ကာ ဆိုသည်။
"စျေးကောင်းပေးပြီး ဝယ်ရမှာ မဟုတ်ဘူးလား"
"ရတနာဆောင်က ပေးတဲ့စျေးထက် ပိုပေးရင် စျေးကောင်းပေးတယ်လို့ ခေါ်တာပဲ မဟုတ်လား" ဟု လော့ချန်က ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။
"အင်း.... ဟုတ်သားပဲ"
တွမ်ဖုန်း ဘာမှ ပြန်မပြောနိုင်တော့ချေ။
ရတနာဆောင်သည် တစ်ပတ်ရစ်ပစ္စည်းများကို စျေးနှုန်း၏ ထက်ဝက်ဖြင့်သာ ပြန်ဝယ်လေ့ရှိသည်။ အကယ်၍ သူတို့သာ ထက်ဝက်ထက် ပိုပေးလျှင် စျေးကောင်းပေးသည်ဟု ဆိုနိုင်ပေသည်။
"ဝယ်ပြီးရင်တော့ အဲ့ဒါတွေကို နည်းနည်းပါးပါး ပြင်လိုက်၊ ပြီးရင် ရတနာဆောင်က စျေးထက် နည်းနည်းလေး လျှော့ပြီး ပြန်ရောင်း"
"မဟုတ်သေးဘူး.... အခု မှော်လက်နက်စျေးတွေ တက်နေတာဆိုတော့ ရတနာဆောင်က မူလစျေးအတိုင်း ရောင်းလိုက်"
"ဖောက်သည်က ဝယ်ဖို့ တုံ့ဆိုင်းနေရင် စျေးကို အများကြီး လျှော့ပေးလိုက်သလိုမျိုး၊ အရှုံးခံရောင်းပေးလိုက်သလိုမျိုး သရုပ်ဆောင်ပြလိုက်၊ စျေးအကြီးအကျယ် လျှော့ပေးလိုက်တာမျိုး ဖြစ်ရမယ်နော်…. သိလား…."
တွမ်ဖုန်းသည် လော့ချန်၏ စီးပွားရေး လှည့်ကွက်များကို နားထောင်ရင်း ခေါင်းညိတ်နေမိသည်။ သူသည် ဤကဲ့သို့သော ကိစ္စများကို နားမလည်သော်လည်း လော့ချန်၏ ယုံကြည်မှုရှိသော ရှင်းပြချက်ကြောင့် တစ်ခုခုတော့ ထူးခြားလိမ့်မည်ဟု ယူဆလိုက်သည်။
"တော်တော်လေး ပျက်စီးနေတဲ့ လက်နက်တွေကိုလည်း လွှတ်မထားနဲ့၊ ဝိညာဉ်ကျောက်တုံး အနည်းငယ်နဲ့ ဝယ်ထားလိုက်"
"အစ်ကိုတွမ်…. ခင်ဗျား ရွှေအရည်ပျော်သံ အကြောင်း သိတယ် မဟုတ်လား၊ အဲ့ဒီလက်နက်တွေကို အရည်ကျိုပြီး ကုန်ကြမ်းတွေ ထုတ်ယူလိုက်၊ အဲ့ဒီကုန်ကြမ်းတွေကို လက်နက်ပြင်တဲ့နေရာမှာ ပြန်သုံးလို့ရသလို ရတနာဆောင်တို့၊ နတ်သက်ကြွေအိမ်ရာတို့မှာလည်း ပြန်ရောင်းလို့ရတယ်"
“အဆင့်မြင့် မှော်လက်နက်တွေမှာတော့ အစီအရင်တွေက ပိုရှုပ်ထွေးတယ်၊ သေချာ မပြင်နိုင်ဘူးဆိုရင် အလွယ်တကူ လက်မခံနဲ့နော်၊ ဆိုင်ရဲ့ နာမည်ပျက်မှာထက်စာရင် ငြင်းလိုက်တာက ပိုကောင်းတယ်”
***