ဝီ... ဝီ...
သွေးတောင်ပံ သရဲခေါင်းနီပျားများ၏ တောင်ပံခတ်သံများနှင့် သွေးဆာနေသော အော်ရာအငွေ့အသက်များက တောင်တန်းကြီး တစ်ခုလုံးရှိ သက်ရှိသတ္တဝါ အပေါင်း နှလုံးသားကို ထိတ်လန့် တုန်လှုပ်စေခဲ့သည်။ ဝံပုလွေများ၊ ကျားများနှင့် ကျားသစ်များပင် ကြောက်လန့်တကြား ဝပ်စင်းနေကြပြီး ကြောက်လန့်လွန်း၍ ဆီးပါချသူက ချနှင့် တောင်တန်းကြီး တစ်ခုလုံး ပရမ်းပတာ ဖြစ်နေလေပြီ။
ထူးဆန်းသည်မှာ ပျားအုပ်ကြီးက မြေပြင်ပေါ် ပြန့်ကျဲနေသော အလောင်းများကို စိတ်ဝင်စားပုံ မရခြင်းပင်။ ပျား တစ်ကောင်မှ အောက်သို့ ဆင်းသက်ပြီး ဒုက္ခပေးခြင်း မရှိချေ။
ထိုစဉ် မြေပြင်ပေါ်ရှိ အလောင်းတစ်လောင်း လှုပ်ရှားသွားသည်။
ရုတ်တရက် လှိမ့်ချပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ ကျန်ရှိနေသေးသော ခွန်အား အကုန်လုံးကို စုစည်းကာ မြစ်ထဲသို့ လျှောဆင်းလိုက်၏။ ကျန်ရစ်သော လက်တစ်ဖက်တည်းကို အသုံးပြု၍ ကြီးမားသော သစ်တုံးတစ်တုံးကို တင်းတင်းကျပ်ကျပ် ဖက်တွယ်လိုက်ပြီးနောက် လုံးဝ မလှုပ်ရှားတော့ပေ။ ရေစီးနှင့်အတူ မျောပါသွားခြင်းဖြင့် ပျားအုပ်ကြီး၏ ဝါးမြိုခြင်းကို ခံရမည့် ဘေးဆိုးမှ သီသီလေး လွတ်မြောက်သွားတော့သည်။
ညနေစောင်းချိန်တွင် မိုးဖွဲဖွဲ ကျလာပြန်သည်။ တောင်တန်းကြီး တစ်ခုလုံး မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး အဝေးမှကြည့်လျှင် မဲနယ်ရောင် မှင်စက်များ ချထားသကဲ့သို့ ထင်မှတ်ရ၏။
ကွေ့ကောက် စီးဆင်းနေသော မြစ်တစ်စင်း ဝန်းရံထားသည့် မတ်စောက်သော တောင်ကုန်းတစ်ခုပေါ်တွင် ခြေတံရှည် အိမ်တန်းများ စုဝေး တည်ရှိသည်။ တောင်စောင်း အတိုင်း အဆင့်ဆင့် တည်ဆောက်ထားပြီး အကြမ်းဖျင်း ရေတွက်ကြည့်လျှင်ပင် အိမ်ခြေ တစ်ထောင်ကျော်ခန့် ရှိပေလိမ့်မည်။
ဤသည်မှာ အိမ်ခြေတစ်ထောင်ရွာပင်။
အနီးအနားရှိ အခြေချ နေထိုင်မှုများနှင့် ယှဉ်လျှင် အလွန် ကြီးကျယ်ခမ်းနားသည် မဟုတ်သော်လည်း သေးငယ်ခြင်းတော့ မရှိပေ။ ပတ်ဝန်းကျင် လီတစ်ရာ အတွင်းရှိ နယ်မြေများကို ဤရွာနှင့် အခြား ရွာအနည်းငယ်က ပူးပေါင်း ထိန်းချုပ်ထားသည်။ သို့သော် မြေပြင်အနေအထား အများစုမှာ အန္တရာယ်များပြီး သာမန်လူများ သွားလာရန် မသင့်တော်ချေ။
ညအမှောင်ထု အပြည့်အဝ မကျရောက်သေးသော်လည်း ရွာထဲတွင် မီးများ လင်းထိန်နေပြီ ဖြစ်ရာ အမှောင်ထဲတွင် ကြယ်များ လင်းလက်နေသကဲ့သို့ပင်။
သို့သော် တောင်နောက်ကျောဘက် တောစပ်တွင်တော့ စုတ်ပြတ် ယိုယွင်းနေသော သက်ကယ်တဲအိုလေး တစ်လုံးက အထီးကျန်စွာ တည်ရှိနေသည်။ ကျဲပါးသော ခြံစည်းရိုး တစ်ခုကသာ အိမ်နယ်နိမိတ်ကို ပိုင်းခြားထား၏။
အရောင်အသွေး စုံလင်သော အဝတ်အစားများ ဝတ်ဆင်ထားသည့် မိန်းကလေး အနည်းငယ်က တဲအိမ်အပြင်ဘက်တွင် စုဝေးနေကြသည်။ သူတို့က ဆူညံစွာ စကားပြောရင်း အိမ်ထဲရှိ မိန်းကလေးကို တံခါးဖွင့်ရန် လှမ်းအော်နေ၏။
"အအမလေး... နင် ရေထဲကနေ ယောက်ျားတစ်ယောက် ဆယ်လာတယ်လို့ ကြားတယ်... ငါတို့ကို ပေးကြည့်စမ်းပါ..."
"ဟုတ်ပါရဲ့... ငါတို့ကပဲ ခိုးပြေးမှာ ကျနေတာပဲ..."
"အအမလေးက ယောက်ျား အရသာကို ပထမဆုံး မြည်းစမ်းရလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ... နင့်လိုလူကို ဘယ်ယောက်ျားကမှ ယူမှာ မဟုတ်ဘူးလို့ ငါထင်ထားတာ... ဟီးဟီး..."
"နင်က (၁၆) နှစ်တောင် မပြည့်သေးဘူးလေ အအမလေးရဲ့... ခိုးဖို့ ကြံနေတာလား... သတိထားနော်... အကြီးအကဲ သိရင် နင့်ခြေထောက်တွေ ရိုက်ချိုးပစ်လိမ့်မယ်..."
"ဟွန်း... နင့်လို ဂြိုဟ်မွှေတဲ့လူက လူတစ်ယောက်ကို ကယ်နိုင်မယ်လို့ ဘယ်သူ ထင်မှာလဲ... မြန်မြန် မောင်းထုတ်လိုက်တာ ကောင်းမယ်... နင် ကြာကြာ ထားလေလေ ဟိုလူက နင့်ကျိန်စာမိပြီး သေလေ ဖြစ်မှာ... အလကား အချိန်ကုန်တာပဲ ရှိမယ်..."
သူတို့က လှောင်ပြောင် ရယ်မောရင်း ခြံစည်းရိုးကို တိုးဝှေ့ကာ အထဲရှိ လူကို ချောင်းမြောင်း ကြည့်ရှုရန် ကြိုးစားနေကြသည်။
ခြံစည်းရိုး အတွင်းရှိ မိန်းကလေး၏ မျက်နှာတွင်တော့ စိုးရိမ်ပူပန်မှုနှင့် အားကိုးရာမဲ့မှုများ အထင်းသား။ သူမက တိုးညှင်းသော "အ... အ" ဟူသည့် အသံများ ပြုလုပ်၍ တားဆီးရန် ကြိုးစားနေသော်လည်း စကားလုံး တစ်လုံးမျှ ထွက်မလာပေ။
သူမက အသံအ,နေသူ။ ရွာထဲရှိ လူတိုင်းက သူမကို "အအမလေး” ဟူ၍သာ ခေါ်ကြသည်။
သူမ၏ အဝတ်အစားများမှာ အခြား မိန်းကလေးများနှင့် များစွာ ကွာခြားလှသည်။ နေရာအနှံ့ ဖာထေးထားသော်လည်း စင်ကြယ် သန့်ရှင်းနေ၏။ သူမ မျက်နှာကို တစ်ဖက်သို့ လှည့်ထားပြီး မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုနှင့် ရှက်ရွံ့မှုတို့ ပြည့်နှက်နေသည်။
အနီးကပ် ကြည့်လိုက်လျှင် သူမ မျက်နှာ ဘယ်ဘက်ခြမ်း တစ်ခုလုံးကို ဖုံးလွှမ်းထားသော ကြီးမားသည့် မွေးရာပါ အမှတ်တစ်ခုကို တွေ့ရပေမည်။ ထိုအမှတ်က သူမ၏ ရုပ်ရည်သွင်ပြင်ကို လုံးဝ ဖျက်ဆီးထားသကဲ့သို့ပင်။
အအမလေး အားကိုးရာမဲ့စွာ ရပ်နေစဉ် တောင်ပေါ်လမ်းမှ မီးရောင်တစ်ခု ပေါ်လာသည်။ ဝါးမီးအိမ် တစ်လုံးကို ကိုင်ဆောင်ထားသော အဘိုးအို တစ်ယောက် လျှောက်လှမ်းလာ၏။
ထိုမြင်ကွင်းကို မြင်လျှင် အဘိုးအိုက ဒေါသတကြီး လှမ်းအော်တော့သည်။
"မှောင်နေပြီကို အပြင်မှာ ကဲနေကြတုန်းလား... အခုချက်ချင်း အိမ်ပြန်ကြစမ်း..."
မိန်းကလေးများမှာ အဘိုးအိုကို အတော်လေး ကြောက်ရွံ့ပုံရသည်။ သူတို့ ဆက်လက် ပြဿနာ မရှာရဲတော့။ လှည့်ပြန်ရန် ပြင်လိုက်စဉ် အဘိုးအို မမြင်အောင် အအမလေးကို မျက်နှာ ပြောင်ပြပြီး ထွက်ပြေး သွားကြသည်။
"နောက်တစ်ခါ အအမလေးကို အနိုင်ကျင့်တာ မိလို့ကတော့... နင်တို့ ခြေထောက်တွေ ရိုက်ချိုးပစ်မယ်..."
အဘိုးအိုက မီးအိမ်ကို မြှောက်၍ ထွက်ပြေးသွားသော မိန်းကလေးများကို လှမ်းအော်လိုက်သည်။
"စုန်းသမားတော် အဘိုးကတော့လေ... အမြဲတမ်း အအမလေး ဘက်ကပဲ ပါတယ်..."
မိန်းကလေး တစ်ယောက်က ထွက်ပြေးရင်း တီးတိုး ရေရွတ်သွား၏။
အဘိုးအိုက စိတ်ပျက်ဟန်ဖြင့် ခေါင်းခါရင်း ခြံစည်းရိုးနားသို့ လျှောက်လာသည်။ အပြင်ဘက်တွင် ရပ်ရင်း…
"အအမလေး... ဟိုလူ သတိရလာပြီလား... ခုတင်ပေါ်က ဆင်းပြီး လမ်းလျှောက်နိုင်ပြီလား”
အအမလေး ခေါင်းညိတ်ပြပြီး လက်ဟန်ခြေဟန် အနည်းငယ် လုပ်ပြလိုက်သည်။
သူမ၏ လက်ဟန်များကို ကြည့်ပြီးနောက် အဘိုးအိုက ခေါင်းညိတ်၍ ပြန်ပြောသည်။
"ကောင်းတယ်... သူ နည်းနည်း ပိုသက်သာလာရင် စုန်းနတ်ဘုရား ပွဲတော်ကျတဲ့အခါ ပါချိုင်တို့နဲ့ ထည့်ပေးလိုက်တော့..."
အအမလေး၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။ သူမက လက်ဟန်များဖြင့် အသည်းအသန် ကန့်ကွက်လိုက်၏။
သို့သော် အဘိုးအိုက အေးစက်စွာ နှာခေါင်းရှုံ့၍ ဖြတ်ပြောသည်။
"အအမလေး... နင်က အရမ်း ရိုးလွန်းတယ်... နင် နားမလည်တဲ့ အရာတွေ အများကြီး ရှိသေးတယ်..."
"အဲ့ဒီလူက လက်တစ်ဖက် ပြတ်နေတာ... ပြီးတော့ လူတွေ မမြင်အောင် တားထားခိုင်းသေးတယ်... သူ တစ်ခုခု ဖုံးကွယ်ထားတာ သေချာတယ်... သူ့ရဲ့ နူးညံ့တဲ့ အသွင်အပြင်နဲ့ ချိုသာတဲ့ စကားလုံး အနည်းငယ်ကြောင့် အလိမ်ခံမနေနဲ့... သူ့ကို လူကောင်းလို့ ထင်နေလား..."
"သူက နင်စိတ်ထား ကောင်းတာကို အခွင့်ကောင်း ယူနေတာ..."
"နင်သာ ခေါင်းမမာခဲ့ရင် ငါ သူ့ဒဏ်ရာတွေကို ကုပေးခဲ့မှာ မဟုတ်ဘူး... ရေထဲ ပြန်ပစ်ချလိုက်မှာ... ကောင်းပြီလေ... တကယ်လို့ သူသာ စုန်းနတ်ဘုရား ပွဲတော်မှာ မလိုက်သွားရင် နောက်ထပ် ရောက်လာမယ့် ကုန်သည်အဖွဲ့နဲ့ ထည့်ပေးလိုက်မယ်... ဘယ်လိုပဲဖြစ်ဖြစ် သူ ရွာမှာ ဆက်နေလို့ မရဘူး..."
"သူ့ကို ဒီလောက်ကြာကြာ ပေးနေထားတာကကို ကျေးဇူးကြီးလှပြီ... ဒီနေ့ အကြီးအကဲ သိသွားလို့ ငါ့ကို လာမေးနေပြီ... သူ လုံးဝ ဆက်နေလို့ မရဘူး... မဟုတ်ရင် ရွာကို ဘေးဒုက္ခ ယူလာလိမ့်မယ်..."
"စိတ်မပူပါနဲ့ အအမလေးရယ်... နင် (၁၆) နှစ် ပြည့်ရင် ငါ လူကောင်း တစ်ယောက် ရှာပေးပါ့မယ်..."
အအမလေး ခေါင်းငုံ့သွားပြီး သူမ မျက်ဝန်းများ မှေးမှိန်သွားသည်။ ထပ်ပြီး ငြင်းဆန်ရဲခြင်း မရှိတော့။
အဘိုးအိုက သူမကို အိတ်တစ်လုံး ကမ်းပေးလိုက်သည်။
"ဒါ ယူထား... အထဲမှာ ဆေးဖက်ဝင် အပင်တချို့ပါတယ်... သုံးကြိမ်စာလောက်တော့ လုံလောက်ပါတယ်... ဟိုကောင် မြန်မြန် သက်သာပြီး ထွက်သွားပါစေတော့..."
အအမလေးလည်း အိတ်ကို ယူလိုက်သည်။ အဘိုးအို ထွက်ခွာရန် ပြင်လိုက်သည်ကို မြင်လျှင် သူမက အရေးတကြီး အသံအချို့ ပြုလုပ်ပြီး တဲအိမ်ထဲသို့ ပြေးဝင်သွားသည်။ များမကြာမီ သူမ ကိုယ်တိုင် ရက်လုပ်ထားသော ထူထဲသည့် မိုးကာဝတ်ရုံ တစ်ထည် ယူဆောင်လာပြီး အဘိုးအိုနောက်သို့ လိုက်သွားတော့သည်။
"ငါက သန်မာပါတယ်... မလိုပါဘူး... နင့်ခန္ဓာကိုယ်ကသာ အားနည်းတာ... ပြန်ဝင်တော့... အအေးမိဦးမယ်..."
အဘိုးအိုက လက်ကာပြသော်လည်း အအမလေးက ခေါင်းခါရင်း အဘိုးအို ပခုံးပေါ်သို့ ဝတ်ရုံကို ဇွတ်အတင်း လွှမ်းခြုံပေးလိုက်သည်။
ဟူး...
အဘိုးအိုက အအမလေး ပါးပြင်ပေါ်ရှိ ကြီးမားသော အမှတ်ကို ညင်သာစွာ ထိတွေ့ရင်း သနားကြင်နာစွာဖြင့်…
"လိမ္မာတဲ့ ကလေးမလေး... ကံဆိုးရှာလိုက်တာ... စုန်းနတ်ဘုရားက မတရားလိုက်တာကွယ်... ဒါပေမဲ့ နင့်မျက်နှာပေါ်က အမှတ် ပျောက်သွားအောင် ငါ နည်းလမ်း ရှာပေးပါ့မယ်... ဪ ပြီးတော့... ယိုနင်တို့အဖွဲ့ နင့်ကို နောက်တစ်ခါ ထပ်နှောင့်ယှက်ရင် ဘိုးဘွားပိုင် နတ်စင်ကို သွားပြီး တိုင်လိုက်... ငါ နင့်ဘက်က ရပ်တည်ပေးမယ်... သူတို့ ကြောက်သွားအောင် အိမ်တော် စည်းကမ်းနဲ့ အရေးယူပြလိုက်ရင် နောက်တစ်ခါ လုပ်ရဲကြမှာ မဟုတ်တော့ဘူး..."
အအမလေးက ခေါင်းခါယမ်းပြီး ကန့်ကွက်ကြောင်း လက်ဟန်ပြလိုက်သည်။
"ရိုးလိုက်တဲ့ ကလေးမလေး... သူတို့က နင့်ကို စနောက်နေတယ်လို့ ထင်နေတာလား..."
အဘိုးအိုက သက်ပြင်းချပြီး ထွက်ခွာသွားတော့သည်။
အဘိုးအိုကို ပြန်ပို့ပြီးနောက် အအမလေး သူမ၏ ခြံဝင်းငယ်လေးထဲသို့ ပြန်လာခဲ့သည်။ မိန်းကလေးများကြောင့် ပျက်စီးလုနီးပါး ဖြစ်နေသော ခြံစည်းရိုး တံခါးကို ကြည့်ရင်း စိတ်မကောင်း ဖြစ်မိသည်။ သူမ အိမ်ထဲဝင်ကာ မီးပြင်းဖိုကို မီးမွှေးပြီး ဆေးအိုးတည်သည်။ ထို့နောက် အိတ်ထဲမှ ဆေးပင် တစ်ထုပ် ထုတ်ယူကာ ဆေးစတင် ပြုတ်တော့သည်။
သူမ၏ လှုပ်ရှားမှုများမှာ လျင်မြန်ပြီး ကျွမ်းကျင်လှသည်။ ဤသည်မှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း သိသာထင်ရှား၏။
ထိုစဉ် အတွင်းခန်းထဲမှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
အအမလေး၏ မျက်နှာထား ပြောင်းလဲသွားပြီး အလျင်အမြန် ထရပ်လိုက်ရာ အတွင်းမှ လက်တစ်ဖက်ပြတ်နှင့် လူတစ်ယောက် လမ်းလျှောက် ထွက်လာသည်ကို တွေ့လိုက်ရ၏။ လေတိုက်လျှင်ပင် လဲကျသွားမတတ် သူ့ခြေလှမ်းများမှာ ယိုင်နဲ့နေသော်လည်း အနည်းဆုံးတော့ မတ်တပ်ရပ်ပြီး လမ်းလျှောက်နိုင်ပြီ ဖြစ်သည်။
"ငါ အဆင်ပြေပါတယ်... နေ့တိုင်း ပိုသက်သာလာပါတယ်..."
လက်တစ်ဖက်ပြတ်နှင့် လူက မီးပြင်းဖိုဘေးတွင် ဝင်ထိုင်ကာ အနွေးဓာတ်ယူရင်း အအမလေး ကမ်းပေးသော ရေနွေးခွက်ကို လက်ခံယူပြီး တိုးညှင်းစွာ ပြောလိုက်၏။
"မင်းကို ဒုက္ခပေးမိပြီ..."
ဤလူမှာ ချင်စန်းမှလွဲ၍ တခြားသူ မဟုတ်ပေ။
သူ့ထံတွင် အမြူတေအဆင့် ကျင့်ကြံသူ တစ်ယောက်၏ အငွေ့အသက် အနည်းငယ်မျှပင် မကျန်တော့ပေ။ ပြင်းထန်သော ဖျားနာမှုမှ ပြန်လည် သက်သာလာသည့် သာမန် လူတစ်ယောက်နှင့် ဘာမှ မခြားနားတော့။ အားနည်းပြီး နွမ်းနယ်နေ၏။
လတ်တလောတွင် သူ အိပ်ပျော်သွားတိုင်း တစ်ရက်လုံး ကြာမြင့်လေ့ ရှိသည်။
ယခုလည်း အပြင်ဘက်မှ ဆူညံသံကြောင့်သာ နှစ်ခြိုက်စွာ အိပ်ပျော်နေရာမှ လန့်နိုးလာခြင်း ဖြစ်သည်။
မီးပြင်းဖိုတွင် အနွေးဓာတ် ယူနေရင်း ချင်စန်းက သူ့ဝိညာဉ်အသိစိတ်ကို ခန္ဓာကိုယ် အတွင်းပိုင်းသို့ ပို့လွှတ်လိုက်သည်။
သူ့ချီပင်လယ်နှင့် သွေးကြောများကို ထူးဆန်းသော အစီအရင် သင်္ကေတ တစ်ခုက တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထား၏။ သူ့ဝိညာဉ်စွမ်းအင် တစ်ခုလုံးမှာ အသွားမပါသော ဓားတစ်လက်ကဲ့သို့ အသုံးမဝင် ဖြစ်နေလေပြီ။
သူ့ဝိညာဉ်အသိစိတ်မှာလည်း လုံးဝ ကုန်ခမ်းနေပြီ ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ် အတွင်း ပြန်လည် ကောင်းမွန်လာမည့် လက္ခဏာများ တဖြည်းဖြည်း ပြသလာသော်လည်း တိုးတက်မှုမှာ အလွန် နှေးကွေးလှသည်။ ခွန်အား အနည်းငယ် ပြန်လည်ရရှိပြီး သိုလှောင်လက်စွပ်ကို ဖွင့်နိုင်ရန် အနည်းဆုံး နောက်ထပ် နှစ်ရက်ခန့် ကြာပေဦးမည်။
ဂုဏ်ရှိန်ကြီးမားသော အင်မော်တယ် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ယခုလို အခြေအနေမျိုး ရောက်ရှိနေခြင်း... သာမန် မိန်းကလေး တစ်ယောက်အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေပြီး မကြာမီ ရွာမှ နှင်ထုတ်ခံရတော့မည့် အဖြစ်မှာ ကံတရား၏ လှောင်ပြောင်မှုပင်။
ချင်စန်း စိတ်ထဲတွင် သက်ပြင်းမချဘဲ မနေနိုင်တော့။ ဤသည်မှာ ရေတိမ်နစ်သော နဂါး ပုဇွန်ဆိတ် အာတာ ခံရသလို၊ မြေပြန့်ဆင်းသော ကျား ခွေးဟောင်တာ ခံရသလို အဖြစ်မျိုးပင် မဟုတ်ပါလား။
***