တောက်...
အပြင်ဘက်တွင် မိုးသည်းလာသည်။ အမိုးပေါက်နေသည့် နေရာမှ မိုးရေများ ယိုကျလာပြီး ချင်စန်း ပခုံးပေါ်သို့ တည့်တည့် ကျရောက်လာ၏။
အအမလေးက ချင်စန်းကို မိုးလုံစေရန် ကာကွယ်ပေးရင်း ပိုခြောက်သွေ့သော နေရာသို့ ကူညီ ရွှေ့ပြောင်းပေးလိုက်သည်။ ထို့နောက် မီးပြင်းဖိုထဲမှ မီးသွေးခဲ တစ်စကို ယူ၍ မြေပြင်ပေါ်တွင် စာရေးပြသည်။
"ရှင် ကျွန်မကို စတွေ့တုန်းက ရှင့်မျက်လုံးထဲမှာ ရွံရှာတဲ့ အရိပ်အယောင် မတွေ့ရဘူး..."
ထို့နောက် သူမက ချင်စန်းကို မော့ကြည့်လိုက်သည်။ မီးရောင်အောက်တွင် သူမ အကြည့်များက ကြည်လင် တောက်ပနေ၏။
ချင်စန်းက အအမလေး စာရေးနေသည်ကို ကြည့်နေမိသည်။ သူမ၏ လက်ရေးမှာ သေသပ် လှပလှသည်။ သူမ၏ အဘွားဖြစ်သူ အသက်ရှိစဉ်က စာသင်ပေးခဲ့ပြီး နောက်ပိုင်းတွင် အအမလေးက အဘွားကို လွမ်းဆွတ်ရင်း အဖော်ပြုရန် အားလပ်ချိန်များ၌ တစ်ယောက်တည်း လေ့ကျင့်လေ့ ရှိသည်။
ချင်စန်း ဤနယ်မြေ၏ ဘာသာစကားကို တစ်ခါမှ မလေ့လာဖူးသော်လည်း စာလုံးတိုင်း မှတ်မိနေသေးသည်။ ရေခဲလွင်ပြင်တွင် အသုံးပြုသော စာပေနှင့် တစ်ပုံစံတည်း တူညီနေသည် မဟုတ်ပါလား။
ပိုထူးဆန်းသည်မှာ သူက အိမ်ခြေတစ်ထောင်ရွာ နယ်မြေခံများ၏ စကားပြောဆိုမှုကိုလည်း အပြည့်အဝ နားလည်နိုင်ခြင်း ဖြစ်သည်။ တစ်ခုတည်းသော ကွာခြားချက်မှာ လေယူလေသိမ်း ဖြစ်ပြီး ရေခဲလွင်ပြင်၏ လေံသံနှင့် အနည်းငယ် ကွဲပြားရုံသာ။
သူ့ယခင်ဘဝက စံထား မန်ဒရင်စကားနှင့် ဒေသန္တရ ဘာသာစကားများ ကွာခြားသကဲ့သို့ပင်။
ဤအချက်ကို သတိပြုမိလိုက်သည်နှင့် ချင်စန်း လန့်ဖြန့်သွားသည်။
ငါ့အရင်ဘဝတုန်းက ဒေသန္တရ နယ်မြေလေးတွေမှာတောင် ကွဲပြားတဲ့ ဘာသာစကား ထောင်ပေါင်းများစွာ ရှိခဲ့တာ... ဒါပေမဲ့ ဒီလောက် ကျယ်ပြောလှတဲ့ အင်မော်တယ် ကျင့်ကြံခြင်း ကမ္ဘာကြီးမှာ ဘာသာစကား တစ်မျိုးတည်းပဲ ရှိနေတာလား... ငါ ရေခဲလွင်ပြင် နယ်မြေထဲမှာပဲ ရှိနေသေးတာလား... တုန်ယန်းပိုရဲ့ လက်ထဲက မလွတ်မြောက်သေးတာလား...
စိတ်အနည်းငယ် လျှော့ချထားမိသော ချင်စန်း ပြန်လည် တင်းမာသွားသည်။ အခြား မည်သူ့ကိုမှ သူ့အား မမြင်စေရန်နှင့် သတင်းပေါက်ကြားပြီး သူ့တည်နေရာကို မသိရှိစေရန် အအမလေးအား တင်းမာစွာ သတိပေးလိုက်သည်။
ယခုအချိန်ထိ သူ့အကြောင်း သိသူမှာ အအမလေးနှင့် စုန်းသမားတော် အဘိုးကြီးသာ ရှိသေးသည်။
အိမ်ခြေတစ်ထောင်ရွာ နယ်မြေခံများက ဤနေရာကို ရှီကျန်းဟု ခေါ်ဆိုကြသည်။
ချင်စန်းက ရေခဲလွင်ပြင်၏ မြေပုံကို သူ့မှတ်ဉာဏ်ထဲ ရှာဖွေကြည့်သော်လည်း ရှီကျန်း အမည်ရသော မည်သည့် နယ်မြေကိုမှ မမှတ်မိပေ။ ဦးတည်ချက်ကို ထည့်သွင်း စဉ်းစားလျှင် ရေခဲလွင်ပြင်၏ အနောက်ဘက်ခြမ်းသည် နတ်ဆိုးသားရဲများ အုပ်စိုးရာ ကောင်းကင်နတ်ဆိုးတောင် နယ်မြေနှင့် ထိစပ်နေသည်။ ထိုနေရာရှိ သာမန်လူ အားလုံးကို ပြောင်းရွှေ့ထားသည်မှာ ကြာပြီ ဖြစ်သည်။
ထျန်ရှင်း မဟာမိတ်အဖွဲ့က တင်းကျပ်ပြီး ညီညွတ်သော စစ်မျက်နှာစာ တစ်ခုကို ထိန်းသိမ်းထားသည်။ ရှီကျန်း အမည်ရသော နေရာမျိုး မရှိပေ။
လူများက စုန်းနတ်ဘုရားကို ကိုးကွယ်သည့် နယ်မြေမျိုး ရှိကြောင်းလည်း သူ တစ်ခါမှ မကြားဖူးချေ။
သို့သော် သာမန်လူများတွင် အသိပညာ အကန့်အသတ် ရှိသည်။ ဤနေရာသည် မည်သည့်နေရာ ဖြစ်ကြောင်း အမှန်တကယ် သိရှိရန် တာအိုရောင်းရင်း ကျင့်ကြံသူ တစ်ဦးနှင့် တွေ့ဆုံမှသာ ဖြစ်နိုင်ပေလိမ့်မည်။
"ရှင် ကျွန်မကို စတွေ့တုန်းက ရှင့်မျက်လုံးထဲမှာ ရွံရှာတဲ့ အရိပ်အယောင် မတွေ့ရဘူး..."
ချင်စန်း စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
သူ တိုက်ရိုက် မမေးမြန်းဖူးသော်လည်း အတူတကွ နေထိုင်ခဲ့သည့် ရက်များအတွင်း အခြားသူများ ပြောစကား အပိုင်းအစများကို ကြားရာမှ အအမလေး၏ ဇာတ်ကြောင်းကို ဆက်စပ်ကြည့်နိုင်ခဲ့သည်။
သူမက (၁၆) နှစ် ပြည့်ရန် ရက်အနည်းငယ်သာ လိုတော့သည်။
သူမကို ဤရွာတွင်ပင် မွေးဖွားပြီး ကြီးပြင်းစေခဲ့ခြင်း ဖြစ်သည်။
သူမဖခင်မှာ တစ်ချိန်က အိမ်ခြေတစ်ထောင်ရွာ၏ အသတ္တိအရှိဆုံးနှင့် အကျွမ်းကျင်ဆုံး စစ်သည်တော် ဖြစ်ခဲ့ဖူးသည်။ နယ်မြေအနှံ့ ကျော်ကြားပြီး နောက်ထပ် ရွာသူကြီး ဖြစ်လာရန် လျာထားခြင်း ခံခဲ့ရသူ ဖြစ်သည်။
သို့သော် မွေးဖွားလာသည့် နေ့မှစ၍ အအမလေးသည် ရွာအလယ်ရှိ လင်းထိန်ပြီး ကျယ်ဝန်းသော ခြေတံရှည် အိမ်ကြီးများတွင် တစ်ညမျှ မနေခဲ့ရပေ။ တောင်နောက်ကျောဘက်ရှိ စုတ်ပြတ်နေသော တဲအိမ်လေးထဲတွင် တစ်ယောက်တည်း နေထိုင်ခဲ့ရသည်။
အရာအားလုံးက ကပ်ဘေးဟူသော ခေါင်းစဉ်နှင့် စတင်ခဲ့ခြင်းပင်။
သူမ မွေးဖွားသည့်နေ့တွင် ဖခင်ဖြစ်သူက အမဲလိုက်အဖွဲ့ တစ်ဖွဲ့ကို ဦးဆောင်ပြီး တောင်ပေါ်သို့ တက်သွားခဲ့သည်။ သို့သော် အရိုင်းဆန်သော သားရဲတစ်ကောင်၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံရပြီး အဖွဲ့တစ်ခုလုံးနီးပါး သေဆုံးခဲ့ရ၏။ သူမ မိခင်မှာလည်း သူမကို မွေးဖွားပြီး သုံးရက်အကြာတွင် ခင်ပွန်းသည်၏ နောက်သို့ လိုက်ပါသွားခဲ့သည်။
ထို့အပြင် အအမလေး မျက်နှာပေါ်ရှိ ကြီးမားသော မွေးရာပါ အမှတ်က သူမကို နိမိတ်မကောင်းသော ပုံပေါက်စေသည်။ သူမသည် မိဘများကို ကျိန်စာတိုက် သတ်ဖြတ်ခဲ့ပြီး ရွာတစ်ခုလုံး ဒုက္ခပေးမည့် မိစ္ဆာဝိညာဉ် ဝင်စားသူ ဖြစ်သည်ဟူသော ကောလာဟလများ ရွာထဲတွင် ပျံ့နှံ့သွားခဲ့သည်။ သူတို့က သူမကို ကပ်ဘေး အဖြစ် သတ်မှတ်ပြီး မြစ်ထဲတွင် နှစ်သတ်ရန် တောင်းဆိုခဲ့ကြသည်။
တစ်ဦးတည်းသော မိသားစုဖြစ်သည့် နယ်မြေခံများက အဘွားဟူ၍ ခေါ်ဝေါ်ကြသော သူမ၏ အဘွားက သူမကို ရွာမှ ခေါ်ထုတ်သွားပြီး အန္တရာယ်မှ ကာကွယ်ရန် တောင်နောက်ကျောဘက်တွင် အခြေချ နေထိုင်ခဲ့သည်။
သို့သော် သူမ၏ ကံဆိုးမှုများက ထိုတွင် ရပ်တန့်မသွားပေ။
အသက် သုံးနှစ်အရွယ်တွင် သူမ စကားမပြောနိုင်ကြောင်း၊ အ,နေကြောင်း သိသာလာသည်။ အသက် ခုနစ်နှစ်တွင် နောက်ထပ် ကံဆိုးမိုးမှောင် ကျရောက်ပြန်သည်။ သူမ၏ အဘွားဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားပြီး သူမ မျက်စိရှေ့တွင်ပင် အသက်ထွက်သွားခဲ့သည်။
ထိုအချိန်မှစ၍ ကပ်ဘေးဟူသော ခေါင်းစဉ်မှာ အမြစ်တွယ်သွားတော့သည်။ လူတိုင်းက သူမကို အအမလေး ဟု ခေါ်ကြသည်။ သူမ၏ နာမည်ရင်းကို မည်သူမှ မမှတ်မိကြတော့ပေ။
လွန်ခဲ့သော ဆယ်နှစ်အတွင်း သူမကြောင့် အခြားမည်သူမှ မသေဆုံးခဲ့သော်လည်း ရွာသားများက သူမကို ရွာပြန်လာခွင့် မပြုခဲ့ကြ။ အသက် ခုနစ်နှစ် အရွယ်ကတည်းက သူမသည် တောင်စောင်းပေါ်တွင် လုံးဝ တစ်ယောက်တည်း နေထိုင်ခဲ့ရသည်။
စဉ်းစားကြည့်လျှင်ပင် မယုံနိုင်စရာပင်။ ခုနစ်နှစ်အရွယ် ကလေးတစ်ယောက် မည်ကဲ့သို့ တစ်ယောက်တည်း အသက်ရှင်နိုင်မည်နည်း။
ကံကောင်းစွာဖြင့် အိမ်ခြေတစ်ထောင်ရွာ တည်ရှိသော တောင်ပေါ်တွင် တောရိုင်းတိရစ္ဆာန်များ မရှိသလို ရွာကလည်း မြစ်ကမ်းပါး တစ်လျှောက် လှေဖြင့် ပုံမှန် ကင်းလှည့်ရန် စီစဉ်ထားသည်။ တောင်နောက်ကျောဘက်မှာ နှိုင်းယှဉ်ချက်အရ ဘေးကင်းသည်ဟု ဆိုရမည်။
ထို့အပြင် ရွာလူကြီးများမှာ လုံးဝ ရက်စက်ကြမ်းကြုတ်သူများ မဟုတ်ကြပေ။ သူမ၏ ဖခင်နှင့် အဘွားကို လေးစားသောအားဖြင့် တစ်ခါတစ်ရံ အစားအသောက် သို့မဟုတ် ပစ္စည်းများ ပေးကမ်းလေ့ ရှိသည်။ အထူးသဖြင့် သူမ၏ အဘွားနှင့် ရင်းနှီးခဲ့ဖူးသော စုန်းသမားတော်က သူမကို အထူးကောင်းမွန်စွာ ဆက်ဆံသည်။
သို့တိုင် သူသည်လည်း ရွာသားများ၏ စုပေါင်းဆန္ဒကို ဆန့်ကျင်ပြီး သူမကို ပြန်ခေါ်ထားရန် မဝံ့ရဲခဲ့။
ဤမျှသော ဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံခဲ့ရသော်လည်း အအမလေးတွင် အငြိုးအတေး မရှိပေ။ သူမ၏ မျက်ဝန်းများမှာ ကြည်လင်ပြီး အစွန်းအထင်း ကင်းစင်နေဆဲ။
သူမ ဘယ်တော့မှ စိတ်ဓာတ်မကျခဲ့ချေ။ ကြံ့ခိုင်ပြီး ကိုယ့်အားကိုယ်ကိုးတတ်သူ ဖြစ်လာခဲ့သည်။ အသက် (၁၂) နှစ် အရွယ်တွင် ရက်ကန်းယက်ခြင်းနှင့် အလုပ်ကြမ်း လုပ်ခြင်းတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့နိုင်ခဲ့ပြီး အကူအညီများကို ငြင်းပယ်ခဲ့သည်။
လူပေါင်းစုံနှင့် ဆက်ဆံခဲ့ဖူးသော ချင်စန်း အနေဖြင့် အအမလေး၏ တည်ငြိမ်မှု အောက်တွင် ဖြူစင် ရိုးသားနေဆဲ ဖြစ်သော သူမစိတ် တစ်ပိုင်းကို မြင်တွေ့နိုင်သည်။ သူမက လက်ခံခြင်းကို ခံလိုပြီး မိတ်ဆွေများ လိုချင်သည်။ ထို့ကြောင့်သာ အခြား မိန်းကလေးများ၏ လှောင်ပြောင် သရော်ခြင်းကို ခံရသည့်တိုင် သူတို့နှင့် မိတ်ဖွဲ့ရန် ကြိုးစားနေခြင်း ဖြစ်သည်။
မြေကြီးပေါ်တွင် သူမ ရေးသားခဲ့သော စာသားမှာ သူမ၏ နှလုံးသား ပုံရိပ်ပင်။
ချင်စန်းထံတွင် သူမကို လက်ခံပေးမည့် မျှော်လင့်ချက် ရောင်ခြည်တစ်ခုကို သူမ မြင်တွေ့ခဲ့ခြင်း ဖြစ်သည်။
ချင်စန်းက မျှော်လင့်ချက်နှင့် ယုံကြည်မှုတို့ ပြည့်နှက်နေသော အအမလေး၏ မျက်ဝန်းများကို ကြည့်ရင်း ဘာမှ ဆက်မပြောနိုင်တော့ပေ။
သူ့ရုပ်သွင်မှာ ငယ်ရွယ်နေသော်လည်း အသက် ရာကျော်နေပြီဖြစ်သော ကျင့်ကြံသူ တစ်ဦး ဖြစ်ကြောင်း သူမ မသိရှာပေ။ သူက မရေမတွက်နိုင်သော စစ်မှန်သည့် မိစ္ဆာဝိညာဉ်များကို ရင်ဆိုင်ခဲ့ဖူးသူ ဖြစ်သည်။ မွေးရာပါ အမှတ်လောက်ကို အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။
ချင်စန်းသည် လူကို ရုပ်ရည်ဖြင့် ဆုံးဖြတ်သည့် အရွယ်ကို ကျော်လွန်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
မျက်နှာလေး ဘယ်လောက်ပဲ လှပပါစေ... ချန်ယန် သို့မဟုတ် အဘွားကျင်း၏ စစ်မှန်သော ပုံစံများကို ကျော်လွန်နိုင်ပါ့မလား။
ရုပ်ရည် ဘယ်လောက်ပဲ အရုပ်ဆိုးပါစေ... လူသားအချို့၏ စိတ်နှလုံးထဲတွင် ကိန်းအောင်းနေသော အရုပ်ဆိုး အကျည်းတန်မှုများနှင့် ယှဉ်နိုင်ပါမည်လော။
သူ့မျက်လုံးထဲတွင် အအမလေးသည် အပြင်ပန်း လှပသော မျက်နှာပိုင်ရှင်များထက် များစွာ ပိုလှပနေသည်။ သူမကဲ့သို့ မိန်းကလေးမျိုးသည် ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာများနှင့် ထိုက်တန်သည်။
"အရာအားလုံး ပိုကောင်းလာမှာပါ..." ချင်စန်းက ညင်သာစွာ ပြောလိုက်သည်။
သာမန် ဆေးဖက်ဝင် အပင်များမှာ သူ့ဒဏ်ရာအတွက် အသုံးမဝင်သော်လည်း အအမလေး၏ စေတနာကို မငြင်းပယ်လိုသဖြင့် ချင်စန်း ဆေးကို သောက်သုံးဆဲပင်။
ဆေးသောက်ပြီးနောက် အအမလေးက သူ့ကို အတွင်းခန်းသို့ တွဲပို့ပြီး အနားယူစေသည်။ ထို့နောက် သူမ မီးရောင်နားသို့ ပြန်သွားပြီး ဝါးပစ္စည်းများ ရက်လုပ်ခြင်းကို ဆက်လက် လုပ်ဆောင်သည်။ မကြာမီ ကျရောက်မည့် စုန်းနတ်ဘုရား ပွဲတော် မတိုင်မီ တတ်နိုင်သမျှ ပြီးစီးအောင် လုပ်လိုနေသည်။
ပါးလွှာသော လိုက်ကာစ အနောက်မှနေ၍ မီးပြင်းဖိုဘေးတွင် ထိုင်ကာ ဇွဲရှိရှိ အလုပ်လုပ်နေသော သူမ၏ သွယ်လျသည့် ပုံရိပ်ကို ချင်စန်း မြင်နေရသည်။
ခဏအကြာတွင် သူ အကြည့်လွှဲပြီး မျက်လုံးမှိတ်ကာ တရားမှတ်လိုက်သည်။
မိုးက တစ်ညလုံး ရွာသွန်းနေသည်။ မိုးလင်းခါနီးတွင် တဖြည်းဖြည်း စဲသွားပြီး တဖွဲဖွဲကျနေသော မိုးရေစက်သံ သဲ့သဲ့သာ ကျန်ရစ်တော့သည်။
ချင်စန်းက အိပ်ပျော်နေသယောင် ကုတင်ပေါ်တွင် လဲလျောင်းနေရာမှ ရုတ်တရက် မျက်လုံး ဖွင့်လာခဲ့သည်။ ဝမ်းသာသည့် အရိပ်အယောင်တစ်ခု မျက်ဝန်းထဲ ဖြတ်သန်းသွား၏။ နောက်ထပ် နှစ်ရက်လောက် ကြာမည် ခန့်မှန်းထားသော်လည်း သူ့ပြန်လည် သက်သာလာမှုမှာ မျှော်လင့်ထားသည်ထက် ပိုမြန်ဆန်နေလေပြီ။ ယခု သူ့ဝိညာဉ်အသိစိတ် အစအန တစ်ချို့ ပြန်လည် ရရှိလာပြီ ဖြစ်သည်။
"ပေါင်တစ်ထောင်ကွင်းကို ဖွင့်ဖို့ လုံလောက်ရုံလေးပဲ..."
ချင်စန်းက ထိုဝိညာဉ်အသိစိတ် အစအနကို ဂရုတစိုက် လမ်းညွှန်ပြီး ပေါင်တစ်ထောင်ကွင်းအား ထိတွေ့လိုက်သည်။ နောက်ဆုံးတွင် တုံ့ပြန်မှု ရရှိခဲ့လေပြီ။ သူ့ဝိညာဉ်အသိစိတ် အပြည့်အဝ ပြန်လည် ကုန်ခမ်းမသွားခင် အတွင်းမှ ပစ္စည်းအနည်းငယ်ကို အလျင်အမြန် ထုတ်ယူသည်။
ခေါင်းထဲ ထိုးကိုက်သွား၏။
ချင်စန်း မျက်နှာမဲ့ရင်း ကျောက်စိမ်းပုလင်း တစ်လုံးကို စမ်းသပ် ရှာဖွေတော့သည်။ အတွင်းတွင် ဝိညာဉ်အသိစိတ် ပြန်လည် ကောင်းမွန်စေရန် သီးသန့် ဖော်စပ်ထားသော ဆေးလုံးများ ပါရှိသည်။ အဖုံးကို အလျင်အမြန် ဖွင့်ပြီး ဆေးလုံး အနည်းငယ် ပါးစပ်ထဲ ပစ်ထည့်လိုက်ရာ နာကျင်မှု ချက်ချင်း လျော့ပါးသွားသည်ကို ခံစားလိုက်ရသည်။
နောက်ထပ် တစ်နာရီခန့် တရားမှတ်ပြီးနောက် နောက်ထပ် ဝိညာဉ်အသိစိတ် အစအန တစ်ခု ပြန်လည် ရရှိလာသည်။ ထို့နောက် အလောင်းကောင် ရုပ်သေးအိတ်ကို ဖွင့်ပြီး အသွင်ပြောင်းလဲခြင်း ပြီးမြောက်ထားသော အသူရာ အလောင်းကောင်ကို ဆင့်ခေါ်လိုက်သည်။
ထိုအခါမှသာ သူ့စိတ် နှလုံး အမှန်တကယ် အေးချမ်းသွားတော့သည်။
အသူရာ အလောင်းကောင်၏ ပုံပန်းသွင်ပြင်မှာ လုံးဝ ပြောင်းလဲသွားသည်။ ယခုအခါ အကြမ်းကြုတ်ဆုံးသော မိစ္ဆာဝိညာဉ် တစ်ကောင်နှင့် တူနေပြီး ခန္ဓာကိုယ် အရေပြားမှာ နက်မှောင်ကာ သတ္တုရောင် တောက်နေသည်။ သံနက်ဖြင့် သွန်းလုပ်ထားသကဲ့သို့ ဖြစ်နေပြီး ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်လွှတ်နေ၏။
ဤသည်မှာ စစ်မှန်သော အသူရာ အလောင်းကောင်ပင်။
***