"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း"
အသက်ဘေးမှ သီသီလေး လွတ်မြောက်လာခဲ့သော ကျင့်ကြံသူ သုံးယောက်က အသူရာ အလောင်းကောင်အား ကျေးဇူးတင်စွာဖြင့် အလျင်အမြန် လက်သီးဆုပ်၍ အရိုအသေ ပေးလိုက်ကြ၏။
အသူရာ အလောင်းကောင်မှာ သွေးတောင်ပံ သရဲပျားများကို သတ်ဖြတ်ရန်နှင့် ပျားအုံ ပြန်လည်ရယူရန်သာ ကူညီပေးခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ စစ်မှန်သော စွမ်းအား အပြည့်အဝ ထုတ်ဖော်ပြသခဲ့ခြင်း မရှိပေ။ သူတို့ အသိပညာ အဆင့်အတန်းဖြင့်ဆိုလျှင် ဤအသူရာ အလောင်းကောင်၏ ဇာစ်မြစ်ကို ထိုးဖောက် သိမြင်နိုင်စွမ်း မရှိ။
သို့တိုင် တိုက်ပွဲကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရပြီးနောက် ဤအသူရာ အလောင်းကောင်မှာ ၎င်းနှင့်အတူ ပေါ်လာသော လူငယ်ထက်ပင် ပိုအစွမ်းထက်ကြောင်း သူတို့ ရိပ်မိလိုက်ကြသည်။ ထို့ကြောင့် သူတို့၏ လေသံမှာလည်း ပိုမို ရိုသေလေးစားလာခဲ့လေပြီ။
အသူရာ အလောင်းကောင်က ပျားအုံကို ပိုက်လျက် တိတ်ဆိတ်စွာ ရပ်နေ၏။
ထိုအခါ ကျင့်ကြံသူ သုံးယောက်လည်း မသေချာသော အကြည့်များဖြင့် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြသည်။
နောက်ဆုံးတွင် ချင်စန်းက အရိပ်များကြားမှ ထွက်ပေါ်လာခဲ့သည်။ အသူရာ အလောင်းကောင် နည်းတူ သူကလည်း ခန္ဓာကိုယ် အများစုကို ဖုံးကွယ်ထားနိုင်သည့် ခေါင်းစွပ်ပါသော ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထား၏။
"အသေးအဖွဲ ကိစ္စလေးပါ... ပြောနေစရာတောင် မလိုပါဘူး"
သတိထားနေကြသော ထိုသုံးယောက်၏ အကြည့်အောက်တွင်ပင် ချင်စန်းက ရှေ့သို့ တစ်လှမ်း တိုးလာပြီး...
"ဒါက ကျုပ်ရဲ့ ရုပ်သေးရုပ်ပါ... ကျုပ်က အတွေ့အကြုံ ယူဖို့ ထွက်လာရင်း လမ်းပျောက်သွားခဲ့တာ... ဒီနေရာကို ဖြတ်သွားတဲ့ အချိန် ခင်ဗျားတို့ကို ပျားတွေ တိုက်ခိုက်နေတာ မြင်လို့ ကျုပ်ရဲ့ ရုပ်သေးရုပ်ကို ဝင်ကူညီဖို့ အမိန့်ပေးလိုက်တာ"
ထိုစကား ကြားမှသာ သုံးယောက်သား သိသိသာသာ စိတ်သက်သာရာ ရသွားကြသည်။
လူငယ်က ရှေ့သို့ တစ်လှမ်း ထွက်လာပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။
"ကျုပ်က ပိုးမွှားငါးကောင်ဂိုဏ်းက ယွမ်ဟူပါ... ဒီနှစ်ယောက်ကတော့ ထျန်းယွဲ့ရွာက ယဇ်ပုရောဟိတ်ချုပ်နဲ့ ယဇ်ပုရောဟိတ်ငယ်လေးပါ... တာအိုရောင်းရင်းရဲ့ နာမည်ကို သိခွင့်ပြုပါလား"
"ကျုပ်ကို မင်ယွဲ့လို့ပဲ ခေါ်ပါ"
ချင်စန်းက သူပုံမှန် သုံးနေကျ ချင်ဖုန်း ဟူသော အမည်ဝှက်ကိုပင် မသုံးရဲဘဲ ပြန်ဖြေလိုက်သည်။ ထို့နောက် အသူရာ အလောင်းကောင်ကို အနားသို့ ခေါ်ယူကာ ပျားအုံအား စစ်ဆေးတော့သည်။
အတွင်းတွင်တော့ သွေးတောင်ပံ သရဲပျားလောင်းများ ရှိနေသည်။
အရွယ်ရောက်ပြီးသော ပျားများမှာ သက်ရှိများစွာကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သဖြင့် သူတို့၏ ရက်စက်ကြမ်းကြုတ်သော သဘာဝဆီ ပြန်လည် ရောက်သွားခဲ့လေပြီ။ ၎င်းတို့ကို နောက်တစ်ကြိမ် ယဉ်ပါးအောင် လုပ်ဖို့မှာ မဖြစ်နိုင်တော့။ ထို့ကြောင့်ပင် ချင်စန်းက ပျားလောင်းများကိုသာ အရှင်ထားခဲ့ပြီး ကျန်သည့် ပျားအားလုံးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
"မင်ယွဲ့..."
သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ထပ်မံ ကြည့်လိုက်ကြပြန်သည်။ သူတို့ ဤနာမည်ကို တစ်ခါမှ မကြားဖူးခဲ့ပေ။
ထို့ကြောင့် ချင်စန်းအား ထျန်းယွဲ့ရွာသို့ ဖိတ်ခေါ်ကာ စကားစမြည် ပြောဆိုရန် ရည်ရွယ်လိုက်ကြသည်။
သို့သော် ချင်စန်းက ငြင်းပယ်လိုက်၏။
"ကျုပ်က ငယ်ငယ်ကတည်းက ကြိုးကြိုးစားစား ကျင့်ကြံလာခဲ့တာ အခုမှ ကျင့်ကြံခြင်း အဆင့်တစ်ခုကို ရောက်လာတာပါ... အဲ့ဒါကြောင့် ဗဟုသုတ တိုးပွားအောင် ခရီးထွက်လာခဲ့တာ... မထင်မှတ်ဘဲ ဒီနေရာမှာ လမ်းပျောက်သွားခဲ့တယ်... လမ်းမေးဖို့ လူတစ်ယောက်ယောက်ကို ရှာနေတုန်း ခင်ဗျားတို့ သုံးယောက်နဲ့ ဆုံတာပဲ... လမ်းလေးဘာလေး ညွှန်ပြပေးနိုင်ရင် အရမ်း ကျေးဇူးတင်မိမှာပါ"
"ဒါက ပြဿနာ မဟုတ်ပါဘူး" ယွမ်ဟူက ကျောက်စိမ်းပြား တစ်ချပ်ကို ထုတ်ယူကာ လက်ဝှေ့ယမ်း၍ ချင်စန်းထံသို့ ညင်သာစွာ ပစ်လွှတ်ပေးသည်။ "တာအိုရောင်းရင်း မင်ယွဲ့... ဒါက ကျုပ်တို့ ဂိုဏ်းက ထုတ်ထားတဲ့ ပထဝီမြေပုံပါ... အနီးအနားက လမ်းတွေနဲ့ အန္တရာယ်များတဲ့ နေရာတွေကို မှတ်သားထားတယ်... အထဲက လမ်းညွှန်ချက်တွေ အတိုင်း သွားလို့ ရပါတယ်"
မြေပုံကို လက်ခံရယူလိုက်ချိန်တွင် ချင်စန်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူက စိတ်စွမ်းအင် တစ်မျှင်ကို အသုံးပြု၍ စစ်ဆေးကြည့်ရာ ၎င်းမှာ ပတ်ဝန်းကျင် တစ်ဝိုက်လောက်ကိုသာ ဖော်ပြထားကြောင်း တွေ့လိုက်ရသဖြင့် စိတ်ပျက်သွားမိသည်။
မြေပုံပေါ်ရှိ အထင်ရှားဆုံး နေရာများမှာ ဝက်ဝံတောင်ဟု ခေါ်သော မြင့်မားသည့် တောင်ကြီး တစ်လုံးနှင့် ပိုးမွှားငါးကောင်ဂိုဏ်းတို့ ဖြစ်သည်။
၎င်းတို့ အလွန်တွင်တော့ ထျန်းယွဲ့ရွာ အပါအဝင် ရွာကြီး အနည်းငယ် ရှိနေ၏။
ထိုအထဲတွင် ထျန်းယွဲ့ရွာမှာ အလယ်အလတ် အဆင့်လောက်၌ ရှိသည်။
အိမ်ခြေတစ်ထောင်ရွာ ကဲ့သို့သော နေရာမျိုးဆိုလျှင် မြေပုံပေါ်တွင် မှတ်သားခံရလောက်သည့် အရည်အချင်းပင် မရှိချေ။ ပိုးမွှားငါးကောင်ဂိုဏ်းကသာ ဤဒေသတွင် လွှမ်းမိုးထားသော အင်အားစု တစ်ခု ဖြစ်ပုံရသည်။
မြေပုံထဲရှိ အကြောင်းအရာများ အရ ဝက်ဝံတောင် ပတ်လည်ရှိ အင်အားစုများ ပြန့်ကျက်တည်ရှိပုံကို ချင်စန်း အကြမ်းဖျင်း နားလည်သွားသည်။ သို့သော် ထိုအရာများထဲမှ တစ်ခုမှ သူ အရေးတကြီး သိချင်နေသော အရာများ မဟုတ်ပေ။
"တာအိုရောင်းရင်း ယွမ်... ခင်ဗျားတို့ ဂိုဏ်းရဲ့ မြေပုံက ဒီဒေသ တစ်ဝိုက်ကိုပဲ ပြထားတာလား... ကျုပ်က အခုမှ အပြင်ထွက်ဖူးတော့ အပြင်လောက အကြောင်း သိပ်မသိဘူး... ခင်ဗျားတို့ ဂိုဏ်းက တခြား ဒေသတွေ အကြောင်း ဘယ်လောက်လောက် သိထားလဲ မေးလို့ရမလား"
"ကျုပ် ကျင့်ကြံခြင်း အဆင့်က နိမ့်တော့ တခြား ဒေသတွေရဲ့ မြေပုံတွေကို ကြည့်ခွင့် မရှိဘူး... ဒါပေမဲ့ ဂိုဏ်းက ဦးလေးတော်တွေဆီမှာတော့ ရှိတယ်... တကယ်လို့ တာအိုရောင်းရင်း ဆန္ဒရှိရင် ကျုပ်တို့ ဂိုဏ်းကို လိုက်ခဲ့ပြီး သူတို့ဆီကနေ တစ်ချပ်လောက် တောင်းကြည့်လို့ ရပါတယ်" ယွမ်ဟူက ပြန်ဖြေလိုက်သည်။
"ကျုပ်တို့ ဂိုဏ်းက စုဆောင်းထားတဲ့ မြေပုံတွေက ရှီကျန်းဒေသတင် မကဘူး... စုန်းနတ်ဘုရား တိုက်ကြီး တစ်ခုလုံးက အဓိက အင်အားစုတွေနဲ့ အန္တရာယ်ရှိတဲ့ နေရာတွေကိုပါ မှတ်သားထားတာ... တိုက်ကြီး အပြင်ဘက်က ပင်လယ်ပြင် တွေနဲ့ ပတ်သက်ပြီးတော့ ကျုပ်တို့လည်း သေချာ မသိဘူး... အဲ့ဒါကိုတော့ အပြင်ဘက်က အဓိက အင်အားစုကြီး တွေထဲက တစ်ခုခုကို သွားမေးမှ ရလိမ့်မယ်"
စုန်းနတ်ဘုရား တိုက်ကြီး…
ချင်စန်းက ထိုစိမ်းသက်သော နာမည်ကို ကြားလိုက်ရချိန်တွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ဤနေရာက တိုက်ကြီး တစ်ခုဟု ခေါ်ဆိုရဲသည် ဆိုလျှင် ဧရိယာ အလွန် ကျယ်ဝန်းရပေမည်။ ဆိုလိုသည်မှာ သူ အမှန်တကယ်ပင် ရေခဲလွင်ပြင်မှ ထွက်ခွာလာနိုင်ခဲ့ပြီ ဖြစ်သည်။
ယွမ်ဟူ တစ်ယောက် တိုက်ကြီး အလွန်ရှိ ပင်လယ်ပြင် အကြောင်း ပြောလာချိန်တွင် ချင်စန်း၏ စူးစမ်းလိုစိတ်များ နောက်တစ်ကြိမ် နိုးကြွလာပြန်သည်။
"ပြောကြတာတော့ စုန်းနတ်ဘုရား တိုက်ကြီးက ဒီပင်လယ်ပြင်ထဲမှာ အကြီးဆုံး ကျွန်းတစ်ကျွန်းပဲတဲ့... အရင်တုန်းက ဒီတိုက်ကြီးတင် မကဘူး... ပင်လယ်ပြင် တစ်ခွင်မှာ ပြန့်ကျဲနေတဲ့ မရေမတွက်နိုင်တဲ့ ကျွန်းတွေ အကုန်လုံးက ကျုပ်တို့ စုန်းကျင့်ကြံသူတွေ ပိုင်တာ... နောက်ပိုင်း လူသားတွေက အရှက်မရှိ ကျုပ်တို့ရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို လုယူပြီး ကျုပ်တို့ကို ဇာတိမြေကနေ မောင်းထုတ်ခဲ့ကြတာလေ... အခုတော့ ကျုပ်တို့ စုန်းကျင့်ကြံသူတွေက လူသားတွေရဲ့ နှင်ထုတ်တာကို ခံရပြီး စုန်းနတ်ဘုရား တိုက်ကြီးနဲ့ အနီးအနားက ကျွန်းတချို့မှာပဲ အသက်ဆက် နေကြရတယ်..."
ယွမ်ဟူ၏ လေသံမှာ လူသား ကျင့်ကြံသူများ အကြောင်း ပြောချိန်တွင် ဒေါသကြောင့် တုန်ယင်နေသည်။
သူ့ ကျင့်ကြံခြင်း အဆင့်က မမြင့်မားသလို သူသိထားသည် အများစုမှာလည်း ကောလာဟလများနှင့် မသဲကွဲသော အကြောင်းအရာများသာ ဖြစ်သော်ငြား ဤမျှဆိုလျှင်ပင် ချင်စန်းအတွက် အသုံးဝင်သော သတင်းအချက်အလက်များ စုဆောင်းရန် လုံလောက်နေလေပြီ။
ချင်စန်း တိတ်တဆိတ် အံ့အားသင့်သွားမိသည်။ သူက သူစိမ်း တိုက်ကြီး တစ်ခုကို ရောက်သွားသည်ဟုသာ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ ဤမျှ ကျယ်ပြော အဆုံးမဲ့သော ပင်လယ်ပြင်ကြီးထဲ ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ချေ။
ဤနေရာတွင် ကျင့်ကြံသူများကို လူသားနှင့် စုန်းမျိုးနွယ် ဟူ၍ နှစ်ပိုင်း ခွဲခြားထားသည်။ ထိုနှစ်ဖက်ကြားတွင် ငြိမ်းချမ်းရေး လုံးဝ မရှိဘဲ တစ်ချိန်က ကြီးမားသော စစ်ပွဲကြီး တစ်ခုကိုပင် ဆင်နွှဲခဲ့ကြပုံရသည်။
ယခုအခါ လူသားများက ကြီးပွား တိုးတက်နေပြီး စုန်းမျိုးနွယ်များမှာမူ စုန်းနတ်ဘုရား တိုက်ကြီးသို့ ဆုတ်ခွာလာခဲ့ရလေပြီ။
ယွမ်ဟူ၏ အဆိုအရ စုန်းနတ်ဘုရား တိုက်ကြီးမှာ အလွန် ကျယ်ဝန်းသည် ဆိုသော်လည်း မည်မျှအထိ ကျယ်ဝန်းကြောင်းကိုမူ သူလည်း သေချာ မသိပေ။
ချင်စန်းက အပြင်လောက အကြောင်းကို ပိုသိချင်နေသော်လည်း နောက်ဆုံးတွင် ယွမ်ဟူ၏ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်သည်။ ဤနေရာမှာ ရေခဲလွင်ပြင် မဟုတ်တော့ကြောင်း သိလိုက်ရသည်ကပင် သူ့စိတ်ကို အေးချမ်းသွားစေရန် လုံလောက်နေပြီ မဟုတ်ပါလား။
ပိုးမွှားငါးကောင်ဂိုဏ်း၏ အင်အား သို့မဟုတ် စရိုက်လက္ခဏာကို သူ သေချာ မသိသော်လည်း အလောင်းကောင် သန့်စင်ခြင်းကိုပါ ပူးတွဲ ကျင့်ကြံထားသည့် ယွမ်ဟူကို ကြည့်ခြင်းအားဖြင့် သူတို့မှာ သဘောကောင်းသည့် အဖွဲ့တစ်ခု ဖြစ်ဖို့ မလွယ်ပေ။ သူ့အတွက် လက်ရှိ အရေးအကြီးဆုံးမှာ ဒဏ်ရာကုသရန်နှင့် အမြူတေ ဖွဲ့တည်ရန် နေရာတစ်ခု ရှာဖွေဖို့သာ။
သူ စွမ်းအားများ ပြန်လည် ရရှိလာသည့် အခါမှသာ ထိုသူများထံ သွားရောက် လည်ပတ်နိုင်ပေမည်။
ယွမ်ဟူက ငြင်းပယ်ခံရသော်လည်း မကျေနပ်သည့် အရိပ်အယောင် မပြပေ။ ထိုအစား နွေးထွေးစွာ ဆက်ပြောလာ၏။
"တာအိုရောင်းရင်း... တကယ်လို့ ထွက်သွားဖို့ သိပ်အလျင်မလိုဘူး ဆိုရင် ဒီနားမှာ ခဏလောက် နေသွားဖို့ စဉ်းစားသင့်တယ်... နှစ်စဉ်ကျင်းပတဲ့ စုန်းနတ်ဘုရား ပွဲတော် မတိုင်ခင် ဝက်ဝံတောင် ဒေသ တစ်ဝိုက်က ရွာတွေ အကုန်လုံးက ဘီမိုတွေနဲ့ ယဇ်ပုရောဟိတ်တွေ အားလုံး ဝက်ဝံတောင်မှာ လာစုကြတယ်... သူတို့ အချင်းချင်း အရောင်းအဝယ် လုပ်တယ်၊ သတင်းတွေ ဖလှယ်ကြတယ် ပြီးတော့ လိုအပ်တာတွေကို လဲလှယ်ကြတယ်လေ... သတင်း အချက်အလက် ရှာချင်တာပဲ ဖြစ်ဖြစ်၊ ရတနာတွေ လဲလှယ်ချင်တာပဲ ဖြစ်ဖြစ် လွတ်သွားအောင် မလုပ်သင့်ဘူး"
ချင်စန်း၏ နှလုံးသား လှုပ်ခတ်သွားသည်။ ဤသည်မှာ သတင်းအချက်အလက် စုဆောင်းရန် အကောင်းဆုံး အခွင့်အရေး တစ်ရပ် ဖြစ်ပုံရသည်။
သူ စုံစမ်းရန် လိုအပ်သည့် အရာများစွာ ရှိနေသေးသည် မဟုတ်လော။ စီနီယာ ချင်းကျူ၏ ကိစ္စ၊ အပျက်အစီးများ အနီးတွင် လျှို့ဝှက်နယ်မြေများ သို့မဟုတ် ရှေးဟောင်း အတားအဆီးများ ရှိ၊ မရှိ စသည်ဖြင့် ရှေးဟောင်း တယ်လီပို့ အစီအရင် တစ်ခုကို ရှာဖွေရန် အထောက်အကူ ပြုနိုင်မည့် အရာများကို စုံစမ်းရပေမည်။
လောလောဆယ် သူက ခေတ္တ ပုန်းအောင်းနေခြင်းသာ။ ဤနေရာတွင် အမြဲတမ်း အခြေချနေထိုင်ရန် မဖြစ်နိုင်ပေ။ ကိုးသွယ်ပုံရိပ်ယောင် ကောင်းကင်သစ်ခွမှာ ရေခဲလွင်ပြင်တွင် ကျန်နေသေးသဖြင့် သူ ဝိညာဉ်သန္ဓေသား အဆင့် မတိုင်မီ ထိုနေရာသို့ မဖြစ်မနေ ပြန်သွားရမည်။
ယွမ်ဟူ၏ ကျင့်ကြံခြင်း အဆင့်မှာ နိမ့်ကျလွန်းသဖြင့် အများကြီး အကူအညီ မဖြစ်နိုင်သလို သူ့ ဗဟုသုတမှာလည်း ကန့်သတ်ချက် ရှိသည်။
ထို့ကြောင့် ချင်စန်းက စုဝေးမည့် နေ့ရက် အတိအကျကို အလျင်အမြန် မေးမြန်းပြီး ထိုအချိန် မတိုင်မီ ဒဏ်ရာများ ပြန်ကောင်းလာရန်နှင့် အမြူတေ ဖွဲ့တည်ရန် အချိန်လုံလောက်မှု ရှိ၊ မရှိ တွက်ချက်ကြည့်လိုက်သည်။
နောက်ထပ် ယဉ်ကျေးမှု အရ စကား အနည်းငယ် ပြောပြီးနောက် ချင်စန်းလည်း ထွက်ခွာရန် ဆုံးဖြတ်ခဲ့၏။ မြေပုံ လက်ထဲ ရထားပြီ ဖြစ်သဖြင့် ဝိညာဉ်ကြော တစ်ခုကို မည်သည့် နေရာတွင် ရှာရမည်အား သူ ကောင်းကောင်း သိနေလေပြီ။
"ခဏလောက် စောင့်ပါဦး တာအိုရောင်းရင်း"
ချင်စန်း ထွက်ခွာတော့မည်ကို မြင်လျှင် ယွမ်ဟူက လှမ်းခေါ်လိုက်ပြီး ခဏတာ တွေဝေသွားကာ ရှက်ရွံ့စွာ ပြောလာသည်။
"ကျုပ်မှာ မသင့်တော်တဲ့ တောင်းဆိုမှုလေး တစ်ခု ရှိလို့ပါ... ဟို ထူးဆန်းတဲ့ ပျားအုံထဲက ပျားလောင်းလေး တစ်ကောင်လောက် ကျုပ်ကို ချန်ထားပေးလို့ ရမလား"
အစောပိုင်းက သူတို့ အလွန် အန္တရာယ်များသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရပြီး အသူရာ အလောင်းကောင် ဝင်ရောက် စွက်ဖက်မှုကြောင့်သာ အသက်ရှင်ခဲ့ကာ သွေးတောင်ပံ တစ္ဆေခေါင်းနီ ပျားများကိုလည်း ရှင်းလင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ တကယ်တမ်း ဆိုရလျှင် ထိုပျားအုံမှာ ချင်စန်း တစ်ယောက်တည်းနှင့်သာ သက်ဆိုင်၏။ သူတို့တွင် ဝေစုတောင်းပိုင်ခွင့် လုံးဝ မရှိပေ။
ချင်စန်းက ထျန်းယွဲ့ရွာမှ ယဇ်ပုရောဟိတ် နှစ်ယောက်၏ ဝိညာဉ်အင်းဆက်များကို လှမ်းကြည့်ပြီး အံ့အားသင့်စွာ မေးလိုက်သည်။
"တာအိုရောင်းရင်းရဲ့ ကျင့်ကြံခြင်း အဆင့်အရ ခင်ဗျားမှာ တစ်ကောင် ရှိနေလောက်ပြီ မဟုတ်လား..."
"မဟုတ်ပါဘူး မဟုတ်ပါဘူး..."
ယွမ်ဟူက ခေါင်းကို အကြိမ်ကြိမ် ခါယမ်း၍...
"ကျုပ်ဆီမှာ သက်စောင့် အင်းဆက်ဂူတစ်ကောင် ရှိပြီးသားပါ... အစောက အရိုးစုကို ထိန်းချုပ်ဖို့ပဲ အာရုံစိုက်နေလို့ အဲ့ဒါကို ထုတ်မသုံးခဲ့တာပါ... ဒီပျားတွေက တိုက်ခိုက်ရေးမှာ တော်တော် အစွမ်းထက်နိုင်တယ်လို့ ထင်လို့ပါ... ဒီလိုမျိုးကို ကျုပ် တစ်ခါမှ မမြင်ဖူးဘူးလေ... ထူးဆန်းတာက စုန်းပိုးမွှား မှတ်တမ်းကျမ်း ထဲမှာတောင် သူတို့ အကြောင်း မပါဘူး... အဲ့ဒါကြောင့် စပ်စုကြည့်ချင်ရုံပါ"
ဪ... သက်စောင့် အင်းဆက်ဂူလို့ ခေါ်တာကိုး။
ပြီးတော့ စုန်းပိုးမွှား မှတ်တမ်းကျမ်း...
ချင်စန်းက ထိုအမည် နှစ်ခုကို မှတ်ဉာဏ်ထဲ တိတ်တဆိတ် မှတ်သားထားပြီး စုန်းပိုးမွှား မှတ်တမ်းကျမ်းမှာ ယူလင်းဂိုဏ်း၏ ထူးခြားဆန်းကြယ် အင်းဆက် မှတ်တမ်းများနှင့် ဆင်တူလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။
ကြည့်ရသလောက် စုန်းကျင့်ကြံသူများမှာ ဝိညာဉ်အင်းဆက်များနှင့် ပတ်သက်၍ ယူလင်းဂိုဏ်းထက် ပိုမို ကျယ်ပြန့်ပြီး နက်ရှိုင်းသော နားလည်မှု ရှိပုံရသည်။ သူတို့က ဝိညာဉ်အင်းဆက်များကို သက်စောင့် အင်းဆက်ဂူ အဖြစ်ပင် သန့်စင်နိုင်ကြပြီး ထိုမှတ်တမ်းကျမ်းမှာလည်း ယူလင်းဂိုဏ်းထက် ပိုပြည့်စုံကာ စနစ်တကျ ခွဲခြားထားမည်မှာ သေချာလှ၏။
***