ယူလင်းဂိုဏ်း၏ သဘာဝလွန် ပိုးမွှားမှတ်တမ်း ဆိုသည်မှာ အတိတ်က ကျင့်ကြံသူများ၏ အတွေ့အကြုံများနှင့် ရှေးဟောင်း အင်မော်တယ် စစ်တလင်းမှ တူးဖော်ရရှိသော ရှေးဟောင်းစာပေများကို ကိုးကား၍ ပြုစုထားခြင်း မျှသာ။
ယူလင်းဂိုဏ်းမှာ သားရဲထိန်းချုပ်ခြင်း ပညာရပ်ဖြင့် ကျော်ကြားသော်လည်း ဤဂိုဏ်းအား ကောင်းကင်နတ်ဆိုးတောင်မှ မွေးမြူပျိုးထောင်ထားခြင်း ဖြစ်သည်ဟု ချင်စန်း သံသယ ဝင်မိဖူး၏။ ပိုးမွှားထိန်းချုပ်ခြင်း ပညာရပ်ကို အထူးပြု လေ့လာကြသော ဂိုဏ်းသားများမှာ သူတို့၏ များပြားလှသော လမ်းစဉ်များထဲမှ အခွဲတစ်ခုမျှသာ ဖြစ်လောက်ပေသည်။
"ဒီအကောင်တွေက သရဲပျားတွေနဲ့ တော်တော်လေး တူတယ်လို့ မထင်ဘူးလား"
ချင်စန်းက သွေးရောင်အတောင်ပံ သရဲပျား တစ်ကောင်၏ အလောင်းနားသို့ လျှောက်သွားလိုက်သည်။
၎င်း၏ သွေးရောင် အတောင်ပံများမှာ လုံးဝ မီးလောင်ကျွမ်းနေပြီး လုံးဝန်းသော ကိုယ်ထည်သာ ကျန်ရစ်တော့သည်။
ယွမ်ဟူက ခေါင်းငုံ့၍ ခဏတာ လေ့လာကြည့်လိုက်သည်။ တွေးတောပြီးနောက် သူက ဆိုလေ၏။
"မိတ်ဆွေ ပြောမှပဲ သတိထားမိတော့တယ်... သူတို့က စုန်းပိုးမွှား မှတ်တမ်းရဲ့ အဆင့် (၅၁၂)မှာ ရှိတဲ့ သရဲခေါင်းနီပျားနဲ့ တူသားပဲ... သွေးရောင် အတောင်ပံတွေ ပါလာအောင် ဘယ်လို ဗီဇပြောင်းသွားလဲတော့ မပြောတတ်ဘူး... သရဲပျားတွေက ဒီရှီကျန်း နယ်မြေမှာ မျိုးတုန်းပျောက်ကွယ်သွားတာ ကြာပြီ... အခုမှ ရုတ်တရက်ကြီး ဘယ်ကမှန်းမသိ ပေါ်လာတာပါပဲ... ပြီးတော့ ဗီဇပြောင်း ပုံစံနဲ့"
စကားပြောရင်း ယွမ်ဟူက ထျန်းယွဲ့ရွာ၏ ယဇ်ပုရောဟိတ်ဆီ လှည့်၍ မေးလိုက်သည်။
"ယဇ်ပုရောဟိတ်ကြီး... ဒီထူးဆန်းတဲ့ ပျားတွေ မပေါ်လာခင်တုန်းက တစ်ခုခု ထူးခြားတာမျိုး သတိထားမိလိုက်လား"
ယဇ်ပုရောဟိတ်ကြီးက ခေါင်းခါယမ်း၍…
"ရွာက မုဆိုးတွေ ဒီနားက သားကောင်တွေ ပျောက်ဆုံးနေတာ သတိထားမိလို့ ခြေရာခံလိုက်ရင်း ဒီပျားအုံကို တွေ့ခဲ့တာ... ကျွန်တော်တို့ ရှင်းပစ်ဖို့ အကြိမ်ကြိမ် ကြိုးစားပေမယ့် ပျားတွေက အရမ်း အစွမ်းထက်လွန်းတော့ ပိုးမွှားငါးကောင်ဂိုဏ်းဆီ အကူအညီ တောင်းလိုက်ရတာ... ဒီနေရာက ထျန်းယွဲ့ရွာရဲ့ အမဲလိုက်ကွင်း ဖြစ်နေတာ ကြာပါပြီ... အရင်က ဘာထူးခြားမှုမှ မရှိခဲ့ဖူးဘူး... ဒီပျားတွေက ရုတ်တရက်ကြီး ဘယ်ကမှန်းမသိ ပေါ်လာတာပါပဲ"
ကြည့်ရသလောက် စုန်းပိုးမွှား မှတ်တမ်းထဲတွင် သရဲပျားများ ပါဝင်နေသော်လည်း ယူလင်းဂိုဏ်း၏ သဘာဝလွန် ပိုးမွှားမှတ်တမ်းနှင့် များစွာ ကွာခြားနေပုံပင်။
စုန်းပိုးမွှား မှတ်တမ်းက ဝိညာဉ်ပိုးမွှားများကို တိကျစွာ အဆင့်ခွဲခြားထားပုံ ရသည်။
ဆန့်ကျင်ဘက် အနေဖြင့် ယူလင်းဂိုဏ်း၏ မှတ်တမ်းမှာ ကတ်တလောက် တစ်ခုနှင့် ပိုတူပြီး ပိုးမွှားအမျိုးမျိုး၏ စွမ်းရည်များကို စာရင်းပြုစုထားခြင်းသာ။ အချို့မှာ ရှေးဟောင်း စာပေများထဲမှ ဒဏ္ဍာရီများနှင့် ပုံပြင်များကို ပြန်လည် ပြောပြထားခြင်း ဖြစ်ပြီး ရှင်းလင်းသော အဆင့်အတန်း ခွဲခြားမှု မရှိပေ။
သဘာဝလွန် ပိုးမွှားမှတ်တမ်းတွင် ယူလင်းဂိုဏ်းက သရဲပျားကို အဆင့်အတန်း မြင့်မားစွာ သတ်မှတ်ထားသည်။
ရှေးဟောင်း စာလိပ်တစ်ခုအရ သရဲပျားများမှာ အကြိမ်ကြိမ် သဏ္ဌာန်ပြောင်းလဲခြင်း ပြုလုပ်နိုင်ပြီး ဝိညာဉ်သန္ဓေသား အဆင့် ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်နိုင်သော စွမ်းအား ပိုင်ဆိုင်ကာ ဆက်လက် ဆင့်ကဲပြောင်းလဲနိုင်သော အလားအလာ ရှိသည်ဟု ဆို၏။
ထိုကြောင့်ပင် သရဲပျားက မှတ်တမ်းတွင် နေရာတစ်နေရာ ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် စုန်းပိုးမွှား မှတ်တမ်းထဲတွင်မူ သရဲပျားကို အရေးပါသည်ဟု သတ်မှတ်ပုံ မရပေ။ အဆင့် ငါးရာကျော်တွင် မြှုပ်နှံထားသည်။
စုန်းပိုးမွှား မှတ်တမ်းက မည်သည့် သတ်မှတ်ချက်ကို အသုံးပြု၍ အကဲဖြတ်သနည်း။
ခဏတာ စဉ်းစားပြီးနောက် ချင်စန်းက ပြောလိုက်သည်။
"အုံထဲမှာ သားလောင်းတွေ အများကြီး ကျန်သေးတယ်... ခင်ဗျားကို နှစ်ကောင်လောက် ပေးရတာ ပြဿနာ မရှိပါဘူး... ဒါပေမဲ့ ကျုပ်မှာ ဝိညာဉ်ပိုးမွှားတွေ သိမ်းဆည်းဖို့ သင့်တော်တဲ့ မှော်ရတနာ မရှိဘူး... ခင်ဗျားဆီမှာ ပိုနေတာလေးများ ရှိရင် ရောင်းပေးနိုင်မလား"
"တိုက်ဆိုင်လိုက်တာ... ကျုပ်ဆီမှာ ဝါးဖြူ ပိုးမွှားခြင်းတောင်း တစ်လုံး ရှိတယ်... သားလောင်း နှစ်ကောင်နဲ့ လဲလိုက်ကြတာပေါ့"
ယွမ်ဟူ၏ မျက်နှာ ဝင်းပသွားပြီး လည်ပင်းကျဉ်း ဝါးခြင်းတောင်း တစ်လုံးကို ထုတ်ယူလိုက်သည်။ သေသပ်စွာ ယက်လုပ်ထားပြီး စုန်းပိုးမွှားများ သိမ်းဆည်းရန် အထူးပြုလုပ်ထားသော မှော်ရတနာ တစ်ခု ဖြစ်ကြောင်း ထင်ရှား၏။
စေတနာအရ ယွမ်ဟူက ချင်စန်းကို သတိပေးလိုက်သည်။
"တာအိုရောင်းရင်း... ခင်ဗျားမှာ ခြင်းတောင်းတောင် မရှိဘူးဆိုတော့ ပိုးမွှား ထိန်းချုပ်တာကို အထူးပြုတဲ့သူ မဟုတ်လောက်ဘူး... တကယ်လို့ ဒီဗီဇပြောင်း ပျားတွေကို သက်စောင့် ပိုးမွှားဂူ အဖြစ် မွေးမြူဖို့ စဉ်းစားနေရင်တော့ သတိထားဖို့ အကြံပေးချင်တယ်... ဝိညာဉ်ပိုးမွှားတွေ သဏ္ဌာန်ပြောင်းလဲခြင်း ဆိုတာက မူလကတည်းက ရှားပါးပြီးသား... ဗီဇပြောင်းသွားပြီ ဆိုရင်တော့ သူတို့ရဲ့ ဆင့်ကဲပြောင်းလဲနိုင်တဲ့ စွမ်းရည်က ထိခိုက်သွားနိုင်တယ်... ဒါမှမဟုတ် လုံးဝ ပျောက်ဆုံးသွားနိုင်တယ်... သက်စောင့် ပိုးမွှားဂူ တစ်ကောင်ကို ပျိုးထောင်ဖို့က ကြီးမားတဲ့ ကြိုးစားအားထုတ်မှုနဲ့ ဂရုစိုက်မှု လိုအပ်တာ... တကယ်လို့ ပိုးမွှားက ဆင့်ကဲမပြောင်းလဲနိုင်ဘူး ဆိုတာ နောက်ကျမှ သိလိုက်ရရင် အစားထိုးဖို့အတွက် အစကနေ ပြန်စရလိမ့်မယ်... ခင်ဗျားရဲ့ အနာဂတ်ကို ဖျက်ဆီးသလို ဖြစ်သွားနိုင်တယ်"
နားထောင်လေ သက်စောင့် ပိုးမွှားဂူ၏ သဘောတရားက အသက်သွေး ဝိညာဉ်လက်နက်နှင့် တူညီလေဟု ချင်စန်း ခံစားမိလိုက်သည်။
မူလဝိညာဉ် ဓားမွေးမြူခြင်းလိုမျိုး အထူးပညာရပ်ကလွဲရင် ကျင့်ကြံသူတိုင်းက အသက်သွေး ဝိညာဉ်လက်နက် တစ်ခုသာ သန့်စင်နိုင်ကြသည်။
သက်စောင့် ပိုးမွှားဂူကရော အဲ့ဒီနေရာကိုပဲ ယူတာလား… တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုတာကတော့ မက်မောစရာပဲ…
သို့သော် ပိုးမွှားသာ ဆင့်ကဲမပြောင်းလဲနိုင်ဘဲ သခင်ဖြစ်သူ၏ ကျင့်ကြံခြင်းနောက် လိုက်မမီနိုင်ပါက ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်လာရုံ ရှိပေမည်။
ချင်စန်းက ခေါင်းညိတ်ပြီး ယွမ်ဟူ၏ အကြံဉာဏ်အတွက် ကျေးဇူးတင်စကား ပြောလိုက်သည်။
သွေးတောင်ပံ သရဲပျားများကို နှစ်ပေါင်းများစွာ မွေးမြူလာခဲ့သူ ပီပီ တစ်ခုခုကို သံသယ ဝင်နေခဲ့ပြီးသား ဖြစ်သည်။
အဆုံးမဲ့တောင်ကြားလို ကြမ်းတမ်းသည့် ပတ်ဝန်းကျင်တွင် ရှင်သန်ဖို့အတွက် သရဲပျားများက သွေးရောင်အတောင်ပံများ ပါလာအောင် ဗီဇပြောင်းလဲခဲ့ပုံရပြီး ထိုလိုက်လျောညီထွေ ဖြစ်မှု၏ တန်ကြေးမှာ သူတို့ သဏ္ဌာန်ပြောင်းလဲနိုင်သည့် အလားအလာ ပျောက်ဆုံးသွားခြင်း ဖြစ်ပေလိမ့်မည်။
ပျားအုံကို ဝါးဖြူ ပိုးမွှားခြင်းတောင်းထဲ ထည့်ပြီးနောက် ချင်စန်းက လူသုံးယောက်ကို နှုတ်ဆက်၍ အနောက်ဘက်သို့ ဦးတည် ထွက်ခွာလာခဲ့တော့သည်။
မြေပုံအရ ဝက်ဝံတောင်နှင့် ပိုးမွှားငါးကောင်ဂိုဏ်းတို့မှာ အနောက်မြောက်ဘက် နယ်မြေတွင် တည်ရှိသည်။
ဝက်ဝံတောင် ဧရိယာ တစ်ခုလုံးမှာ အတော်လေး ခြောက်သွေ့ကာ အထီးကျန် ဆန်နေသည်။ တောင်ထွတ် အနည်းငယ်တွင်သာ ဝိညာဉ်သွေးကြောများ ရှိပြီး အသင့်အတင့် ကောင်းမွန်သော နေရာများကို ဘီမိုများနှင့် ယဇ်ပုရောဟိတ်များ ထိန်းချုပ်ထားသည့် ရွာကြီးများက ဦးစီးထားကြ၏။
ဤရွာကြီးများမှာ ရေခဲလွင်ပြင်အတွင်း လွတ်လပ်သော တိုင်းပြည်ငယ်များသဖွယ် လည်ပတ်ကြသည်။ တစ်ရွာစီက ကျယ်ပြန့်သော နယ်မြေများကို ထိန်းချုပ်ထားသော်လည်း လူဦးရေမှာမူ ပြောပလောက်အောင် မရှိပေ။ အိမ်ထောင်စုတစ်ထောင် ရွာကဲ့သို့ သာမန်လူသား အခြေချ နေထိုင်မှုများသာ အများစု ဖြစ်ကြသည်။
ဥပမာအားဖြင့် အိမ်ထောင်စုတစ်ထောင် ရွာဆိုလျှင် တောင်ပံမြွေရွာ အမည်ရသော ပိုကြီးမားသည့် ရွာတစ်ရွာ၏ လက်အောက်ခံ ဖြစ်သည်။
ရွာကြီးများကြား ဆက်နွယ်မှုမှာ ရှုပ်ထွေးလွန်းသဖြင့် တစ်ခုကို ထိပါက အားလုံး လှုပ်ခတ်သွားနိုင်သည်။ ဒဏ်ရာများ မပျောက်ကင်းသေးသဖြင့် ချင်စန်းက နယ်မြေခံ အင်အားစုများနှင့် ပဋိပက္ခ မဖြစ်လိုပေ။
ဝက်ဝံတောင် အနောက်ဘက်၊ ရှီကျန်း၏ အတွင်းပိုင်းသို့ ဝင်ရောက်လေ မြေမျက်နှာသွင်ပြင်က ပိုကြမ်းတမ်းလေ ဖြစ်ပြီး နေထိုင်ရန် ခက်ခဲလေ ဖြစ်သည်။ ထိုနေရာများတွင် ပိုင်ရှင်မဲ့ ဝိညာဉ်သွေးကြော အချို့ ရှိသော်လည်း အများစုမှာ နတ်ဆိုးသားရဲများ နေရာယူထားကြ၏။
အသူရာ အလောင်းကောင်၏ ခွန်အားဖြင့်ဆို လှိုဏ်ဂူ တစ်ခု ရယူဖို့မှာ သိပ်ခက်ခဲမည် မဟုတ်ပေ။
ဘုန်း...
အနက်ရောင် အရိပ်တစ်ခု ကောင်းကင်မှ ထိုးကျလာပြီး ကျောက်ဆောင်များပေါ် ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ အမွှေးအတောင်များ နေရာအနှံ့ လွင့်စဉ်လို့။
ယင်းမှာ အတောင်ပံ ဖြန့်လိုက်လျှင် သုံးမီတာနီးပါး ကျယ်ဝန်းသည့် အနက်ရောင် လင်းယုန်ကြီး တစ်ကောင် ဖြစ်ပြီး ခန့်ညား ထည်ဝါလှသည်။ နတ်ဆိုးဝိညာဉ် အလယ်အလတ် အဆင့်ရှိ နတ်ဆိုးသားရဲ တစ်ကောင် ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ နတ်ဆိုးသားရဲများ၏ ဘုရင်တစ်ပါးဟု ဆိုရမည်။
အနက်ရောင် လင်းယုန်များမှာ ရှောင်တိမ်းခြင်း နည်းစနစ်များနှင့် အံ့မခန်း မြန်နှုန်းတို့ကြောင့် ကျော်ကြားသည်။ ထွက်ပြေးဖို့သာ အာရုံစိုက်ထားလျှင် အတုအယောင် အမြူတေ အဆင့် ကျင့်ကြံသူများပင် ဖမ်းမိရန် ခက်ခဲပေလိမ့်မည်။
သို့သော် ကံဆိုးစွာဖြင့် ချင်စန်းနှင့် အသူရာ အလောင်းကောင်တို့နှင့် တွေ့ဆုံခဲ့ခြင်းပင်။
ပြင်းထန်စွာ ပြုတ်ကျမှုကြောင့် မူးဝေနေသော အနက်ရောင် လင်းယုန်ကြီးမှာ ယိုင်နဲ့စွာ ထရပ်လိုက်သည်။ သို့သော် ပြန်လည် မတုံ့ပြန်နိုင်ခင်မှာပင် သရဲတစ္ဆေ အရိပ်တစ်ခုက ဖန်တီးထားသကဲ့သို့ အနားသို့ ရောက်လာခဲ့၏။
ဘာမှ အာရုံမခံမိလိုက်ခင် လင်းယုန်၏ လည်ပင်းကို သရဲလက်တစ်ဖက်က ဆုပ်ကိုင်လိုက်သည်။ ကြွပ်ဆတ်သော အသံတစ်ချက်နှင့်အတူ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။
တောင်ထိပ်ပေါ်မှနေ၍ ချင်စန်းက အသူရာ အလောင်းကောင် သားရဲကောင်ကို အားစိုက်ထုတ်စရာ မလိုဘဲ သတ်ဖြတ်လိုက်သည်အား ကြည့်နေလိုက်သည်။ အလောင်းကို သယ်ဆောင်လာပြီး ဂူဝတွင် စောင့်ကြပ်ရန် အမိန့်ပေးကာ သူကိုယ်တိုင် ဂူထဲသို့ ဝင်ရောက်သွားတော့သည်။
ဤတောင်ပေါ်ရှိ ဝိညာဉ်သွေးကြောမှာ မဆိုးပေ။ အမြူတေ ဖွဲ့စည်းခြင်း အတွက် လုံလောက်သည်ထက်ပင် ပိုသေးသည်။
အရာအားလုံး အဆင်သင့် ဖြစ်သည်နှင့် ချင်စန်းက အမြူတေ အောင်မြင်စွာ ဖွဲ့စည်းနိုင်သည်အထိ တံခါးပိတ် ကျင့်ကြံရန် ရည်ရွယ်ထား၏။
အနက်ရောင် လင်းယုန်မှာ အသံတစ်ချက်မထွက်ဘဲ သေဆုံးသွားခဲ့လေပြီ။
ဤလှိုဏ်ဂူ၏ ပိုင်ရှင်ပြောင်းသွားသည်ကို မည်သူမှ သိလိုက်မည် မဟုတ်ပေ။
အသူရာ အလောင်းကောင်က တံခါးစောင့်အဖြစ် အပြင်ဘက်တွင် တိတ်ဆိတ်စွာ စောင့်ကြပ်နေလိုက်သည်။
ဂူအတွင်းတွင်တော့ ချင်စန်းက တင်ပျဉ်ခွေ ထိုင်ကာ နက်ရှိုင်းစွာ တရားမှတ်နေ၏။
ဝိညာဉ်ဆေးလုံးများနှင့် တိတ်ဆိတ်စွာ ကျင့်ကြံခြင်းတို့ကြောင့် သူ့စိတ်စွမ်းအင် အများစု ပြန်ကောင်းလာခဲ့ပြီ ဖြစ်သည်။ သို့တိုင် ချင်စန်း စိတ်မရှည် ဖြစ်လာသည်။ တရားမှတ်ရာမှ ထွက်ခွာပြီး လက်ဖဝါးကို လှန်လိုက်ရာ ကျောက်စိမ်းသေတ္တာ တစ်လုံး လက်ထဲ ပေါ်လာခဲ့သည်။
သေတ္တာထဲတွင် တိမ်လိပ်ပုံစံများဖြင့် ဝန်းရံထားပြီး ပြင်းထန်သော မွှေးရနံ့များ ထုတ်လွှတ်နေသည့် ခရမ်းရောင် ဝိညာဉ်သစ်သီး တစ်လုံး ရှိနေ၏။ ယင်းမှာ ခရမ်းရောင် တိမ်တိုက်သီးပင်။
သေတ္တာကို ဖွင့်ပြီးနောက် ချင်စန်းက သစ်သီးအား လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်လိုက်ရာ သူ့မျက်နှာထားတွင် စိတ်ခံစားချက်များနှင့် လွမ်းဆွတ်မှု အရိပ်အယောင်များ ယှက်သန်းသွားသည်။
ထိုစဉ်က အုပ်မြစ်တည်ဆောက်ခြင်း အဆင့် ရောက်ရှိဖို့ ကြီးမားသော တန်ဖိုးတစ်ခု ပေးဆပ်ခဲ့ရသည်။ ယခု ခက်ခဲကြမ်းတမ်းမှုများစွာ ဖြတ်သန်းပြီးနောက် နောက်ဆုံးတွင် အစားပြန်ပေးနိုင်မည့် နည်းလမ်းတစ်ခု ရခဲ့လေပြီ။
သူ လေနှင်ရာ ခရီးသည်ကို ကျေးဇူးအများကြီး တင်ရမည်။ ထိုသူသာ မရှိခဲ့လျှင် ဤသစ်သီးကို ပိုင်ဆိုင်ခွင့် ရမည် မဟုတ်ပေ။ တာအိုရောင်းရင်းအိုကြီး သူ့ကံကြမ္မာဆိုးမှ လွတ်မြောက်ခဲ့ရဲ့လား၊ ယခု မည်သို့ ရှိနေမည်နည်းဟု ချင်စန်း တွေးနေမိသည်။
အတွေးများကို ဖယ်ရှားပြီး ခေါင်းမော့ကာ ခရမ်းရောင် တိမ်တိုက်သီး တစ်လုံးလုံးကို မျိုချလိုက်သည်။ ထို့နောက် သူ့စိတ်စွမ်းအင်ကို လမ်းညွှန်၍ သစ်နက်ဓားအား ဆင့်ခေါ်ကာ ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများ စုပ်ယူစေပြီး သစ်သီး တစ်လုံးလုံး သန့်စင်ရန် ဝန်းရံလိုက်သည်။
ခရမ်းရောင် တိမ်တိုက်သီး၏ အခွံမှာ ထူးကဲစွာ မာကျောလှသည်။ သန့်စင်သည့် လုပ်ငန်းစဉ်က ကြီးမားသော ဂရုစိုက်မှု လိုအပ်၏။ အမှားအယွင်း အနည်းငယ်ကပင် ဆေးစွမ်းအာနိသင်ကို ထိခိုက်စေနိုင်သည်။
ထို့အပြင် ချင်စန်း၏ ဝိညာဉ်စွမ်းအားမှာ အပိတ်ခံထားရဆဲ ဖြစ်သည်။ သန့်စင်ရာတွင် ကူညီရန် သတ်ဖြတ်ခြင်း သင်္ကေတကိုသာ အားကိုးရသဖြင့် လုပ်ငန်းစဉ်မှာ ပို၍ နှေးကွေးနေသည်။
ခရမ်းရောင် တိမ်တိုက်သီးကို အပြည့်အဝ သန့်စင်ရန် နေ့တစ်ဝက်ကျော် ကြာမြင့်ခဲ့သည်။ ပြီးဆုံးသည်နှင့် ဝိညာဉ်သစ်သီးမှာ မယုံကြည်နိုင်လောက်အောင် သန့်စင်သော ဆေးစွမ်းအင် လှိုင်းလုံးအဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားတော့သည်။
နက်ရွှေအမြူတေ ဟယ်ယွင်ဆေးလုံးကဲ့သို့ ဆေးလုံးများ သောက်သုံးခဲ့ဖူးသဖြင့် အတွင်းဒဏ်ရာ ကိုးဆယ်ရာခိုင်နှုန်း သက်သာနေပြီ ဖြစ်သော်လည်း ပြန်မကောင်းနိုင်သည့် နောက်ဆုံး အပိုင်းအစ တစ်ခု ကျန်နေသေးသည်။ ထိုအရာက ဖြတ်ကျော်မရနိုင်သော ချောက်နက်ကြီးတစ်ခုကဲ့သို့ ပိတ်ဆို့ထားပြီး ကြိုးပမ်းမှု အားလုံးကို ဆန့်ကျင်နေခဲ့ခြင်း ဖြစ်သည်။
ယခု ခရမ်းရောင် တိမ်တိုက်သီး၏ ဆေးစွမ်းအင်ဖြင့် အားဖြည့်လိုက်ချိန်တွင်တော့ သူ့အခြေခံအုတ်မြစ်မှာ နောက်ဆုံးတွင် အပြည့်အဝ ပြန်လည် ကောင်းမွန်သွားခဲ့လေပြီ။
***