"ဂျူနီယာညီလေးထုံ... မင်းရဲ့ သက်စောင့် ဂူပိုးကောင်ကို ဆင့်ခေါ်ပြီး ငါနဲ့အတူ အစီအရင် ဖွဲ့စည်းမယ်... အစွမ်းကုန် ကြိုးစားရမယ်... ဘာမှ ချန်မထားနဲ့... ဒီနတ်ဆိုးဝိညာဉ်က အရမ်း ဉာဏ်ကောင်းပြီး ကောက်ကျစ်တယ်... တစ်ခုခု မှားယွင်းနေတာ အာရုံခံမိတာနဲ့ ဝိညာဉ်သစ်သီး အပြည့်အဝ မမှည့်ခင်မှာပဲ စားပြီး ထွက်ပြေးသွားလိမ့်မယ်... ကျန်တဲ့ တပည့်တွေက နောက်ကနေ လိုက်ခဲ့ပြီး အဝေးကနေ တိုက်ပွဲကို စောင့်ကြည့်ကြ... နတ်ဆိုးသားရဲ သေတာနဲ့ အကောင်ငယ်လေးတွေက မင်းတို့ တာဝန်ပဲ... ရလာတဲ့ ဝိညာဉ်ဆေးပင်တွေနဲ့ ပစ္စည်းတွေ အကုန်လုံး မင်းတို့အပိုင်ပဲ"
တောင်ထိပ်ပေါ်တွင် ကျင့်ကြံသူ သုံးဆယ်ကျော် ရပ်နေကြသည်။
ထိုအထဲတွင် အုတ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ ခြောက်ဦး ပါဝင်ပြီး ကျန်သူများမှာ ချီသန့်စင်ခြင်း အဆင့်များ ဖြစ်ကြသည်။
ချီသန့်စင်ခြင်း အဆင့် တပည့်များမှာ တူညီလုနီးပါး ဝတ်ရုံရှည်များ ဝတ်ဆင်ထားပြီး ကျောဘက်တွင် ပိုးမွှားဟူသော စာလုံး ပုံဖော်ထားသည့် ထူးဆန်းသော ပုံစံ တစ်ခုကို ပန်းထိုးထား၏။
အကယ်၍ ချင်စန်းသာ ရှိနေခဲ့လျှင် သွေးတောင်ပံ သရဲပျား အမဲလိုက်ရာတွင် ပါဝင်ခဲ့သော ယွမ်ဟူ ထိုအထဲ၌ ရှိနေသည်ကို သတိထားမိပေလိမ့်မည်။
စကားပြောနေသူမှာ ဆံပင်ဖြူဖွေးပြီး ကြင်နာတတ်သော ရုပ်သွင်ရှိသည့် မျက်လုံး ကြည်လင်သော အဘိုးအို တစ်ဦး ဖြစ်သည်။ သူက ပိုးမွှားတစ်ကောင်၏ သွေးဖြင့် ရေးဆွဲထားသော အပြာရောင် သွေးပျက်ဖွယ် ပုံစံများ ထွင်းထုထားသည့် သစ်သားနက် တုတ်ကောက် တစ်ချောင်းကို ကိုင်ထားသည်။
အဘိုးအို အမိန့်ပေးနေစဉ် ရုတ်တရက် မိုးခြိမ်းသံ တစ်ခုက သူ့စကားကို ဖြတ်တောက်လိုက်၏။
လူတိုင်း၏ အမူအရာ ပြောင်းလဲသွားပြီး ကောင်းကင်သို့ ပျံတက်ကာ တောင်တန်းများ၏ နက်ရှိုင်းရာသို့ လှမ်းကြည့်လိုက်ကြသည်။
အနောက်တောင်ဘက်တွင် မြင့်မားသော တောင်ထိပ်တစ်ခု၌ မည်သည့်အချိန်က စုဝေးခဲ့မှန်းမသိ ကြီးမားသော မိုးတိမ်မည်းကြီး တစ်ခု ဖြစ်ပေါ်နေလေပြီ။ မိုးတိမ်မည်း အတွင်းတွင် လျှပ်စီးများ ကခုန်နေပြီး မိုးခြိမ်းသံများ ဟိန်းထွက်နေ၏။
ကနဦး ပေါက်ကွဲသံ ပြီးဆုံးပြီးနောက် မိုးခြိမ်းသံမှာ ဆက်တိုက်ဆိုသလို နားကွဲလုမတတ် မြည်ဟည်းလာသည်။ တိမ်များက ပိုထူထပ်လာပြီး ငွေရောင် လျှပ်စီးတန်းများက ရူးသွပ်စွာ တွန့်လိမ် လှုပ်ရှားနေကြသည်။
ထူးဆန်းသည်မှာ ဤမိုးတိမ်များက ထိုတောင်ထိပ် တစ်ခုတည်းနှင့် မီတာတစ်ထောင် မပြည့်သော ပတ်ဝန်းကျင် ဧရိယာကိုသာ ဖုံးလွှမ်းထားခြင်း ဖြစ်သည်။ ၎င်းအလွန်တွင်တော့ ကောင်းကင်ကြီးမှာ ကြည်လင်နေပြီး လေထဲတွင် ရေငွေ့ အစအနပင် မရှိပေ။ မိုးရွာမည့် အရိပ်အယောင် လုံးဝ မရှိ။
ထိုမြေနေရာ တစ်ခုတည်း ကမ္ဘာပျက်ကပ် ဆိုက်ရောက်နေသကဲ့သို့ပင်။ မျက်စိကျိန်းလောက်အောင် တောက်ပသော လျှပ်စီးတန်းများက တောင်ထိပ်နား ကပ်၍ ပစ်ခတ်နေသဖြင့် တောင်ကြီး တစ်ခုလုံး အချိန်မရွေး ပြိုကျ ပျက်စီးသွားနိုင်မလို ထင်မှတ်ရသည်။
မိုးခြိမ်းသံမှာ နားကွဲလုမတတ် ကျယ်လောင်ပြီး သက်ရှိ သတ္တဝါ အားလုံး၏ နှလုံးသားများကို တုန်လှုပ်သွားစေသည်။
တောင်ပတ်လည်ရှိ ငှက်များနှင့် သားရဲများထံမှ ကြောက်လန့်တကြား အော်ဟစ်သံများ ပဲ့တင်ထပ်နေသည်။ သာမန် တိရစ္ဆာန်များ ဖြစ်စေ၊ နတ်ဆိုးသားရဲများ ဖြစ်စေ အားလုံး ထိတ်လန့်သွားကြသည်။ မည်သူမျှ အနီးအနားတွင် မနေရဲဘဲ အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေးကြတော့သည်။
တိမ်များက ပိုထူထပ်လာပြီး တောင်ကို ပြင်းထန်စွာ ဖိစီးထားသည်။ လေပြင်းများ တဝေါဝေါ တိုက်ခတ်နေသော်လည်း မိုးက တစ်စက်မှ မရွာသေးပေ။
ပိုးမွှားငါးကောင်ဂိုဏ်းမှ ကျင့်ကြံသူများ အံ့သြစွာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ဤကဲ့သို့ ဖြစ်ရပ်ဆန်းမျိုး ကိုယ်တိုင် မကြုံဖူးသော်လည်း ဂိုဏ်းမှတ်တမ်းများမှ တဆင့် သိရှိထားကြသည်။ ဤသည်မှာ ရှားပါးပြီး အစွမ်းထက်သော ဖြစ်ရပ်တစ်ခုနှင့် သိသိသာသာ တူညီနေသည်။
မျက်လုံး ကြည်လင်သော အဘိုးအို မျက်နှာမှာ တည်ကြည် ခက်ထန်သွား၏။
"ဝုန်း..."
ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများ တောင်ထိပ်ဆီသို့ ဆွဲယူခံလိုက်ရသဖြင့် တောင်တန်းများကြားတွင် အသံအုပ်အုပ် တစ်ခု ပဲ့တင်ထပ်သွားသည်။ ဝိညာဉ်ချီများက အပေါ်ရှိ မိုးတိမ်မည်းများထဲသို့ ရူးသွပ်စွာ စီးဝင်သွားပြီး အနီးနားတဝိုက်ကို ခြောက်သွေ့သွားစေသည်။
မုန်တိုင်းအောက်တွင် ဝိညာဉ်ချီများ သိသိသာသာ ပြင်းအားကောင်းလာပြီး ဝဲကတော့ ပုံသဏ္ဌာန် မသဲမကွဲ ဖြစ်ပေါ်လာသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် သံသယ အားလုံး ပျောက်ကွယ်သွားတော့သည်။ အမှန်တကယ်ပင်... တစ်စုံတစ်ယောက် အမြူတေ ဖွဲ့စည်းခြင်းကို ခံယူနေခြင်းပင်။
"ဂိုဏ်းချုပ် စီနီယာအစ်ကိုကြီး... ကျွန်တော် မှတ်မိတာ မမှားဘူးဆိုရင် အဲ့ဒီတောင်က အနက်ရောင် အတောင်ပံ လင်းယုန်ရဲ့ အသိုက် ရှိတဲ့ နေရာလေ... အဲ့ဒီကောင်များ ဖြစ်နေမလား..."
ဂျူနီယာညီလေးထုံက အဘိုးအိုဘေးတွင် ပျံသန်းရင်း တုန်ရီသော အသံဖြင့် ပြောလိုက်သည်။
အကယ်၍ နတ်ဆိုးသားရဲ တစ်ကောင်သာ နတ်ဆိုးအမြူတေ ဖွဲ့စည်းလိုက်ပါက သူတို့ ပိုးမွှားငါးကောင်ဂိုဏ်း အပါအဝင် ဝက်ဝံတောင် ဒေသတစ်ခုလုံး ခုခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။ ထာဝရ ပုန်းအောင်းနေရန် မကြံစည်ထားပါက ကာကွယ်ရန် မျှော်လင့်ချက် မရှိတော့။
သွေးဆာသော သားရဲတစ်ကောင်သာ ဖြစ်ခဲ့လျှင် ဒေသတစ်ခုလုံး ဖရိုဖရဲ ဖြစ်ပြီး ပျက်စီးခြင်းသို့ ရောက်သွားနိုင်သည်။
အဘိုးအို၏ မျက်နှာထား မည်းမှောင်သွားသည်။ တုတ်ကောက်ကို ဆုပ်ကိုင်ထားသော သူ့လက်မှ သွေးကြောများ ဖောင်းကြွလာပြီး တိုးညှင်းသော အသံဖြင့် ဆိုလေ၏။
"ဖြစ်နိုင်ချေ နည်းတယ်... လွန်ခဲ့တဲ့ သုံးနှစ်က အဲ့ဒီတိရစ္ဆာန်ကောင်ကို ငါ တွေ့ခဲ့ဖူးတယ်... နတ်ဆိုးဝိညာဉ် အလယ်အလတ် အဆင့်မှာပဲ ရှိသေးတာ... သူ့ရဲ့ အလားအလာက ကုန်ခါနီး ဖြစ်နေပြီ... ရှားပါး ရတနာ တစ်ခုခု စားထားရင်တောင် အနက်ရောင် အတောင်ပံ လင်းယုန်က သုံးနှစ်အတွင်း နောက်ဆုံးအဆင့် နတ်ဆိုးဝိညာဉ် ကနေ အမြူတေ ဖွဲ့စည်းခြင်း အဆင့်ထိ ရောက်ဖို့ မဖြစ်နိုင်ဘူး... ဒါ့အပြင် နတ်ဆိုးသားရဲတွေ အမြူတေ ဖွဲ့စည်းတဲ့ ပုံစံက ကျင့်ကြံသူတွေနဲ့ ကွာခြားတယ်"
ဂျူနီယာညီလေးထုံ အေးခဲသွားသည်။
"ဒါဆို စီနီယာအစ်ကိုကြီး သံသယ ရှိနေတာက..."
အဘိုးအိုက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
ဖြတ်သန်းသွားသော သို့မဟုတ် တသီးတခြား နေထိုင်သော ကျင့်ကြံသူ တစ်ဦးက အနက်ရောင် အတောင်ပံ လင်းယုန်၏ ဂူအောင်းရာကို သိမ်းပိုက်ပြီး ယခု ထိုနေရာတွင် အမြူတေ ဖွဲ့စည်းနေသည်ဟု သူ သံသယ ရှိနေခြင်း ဖြစ်သည်။
သို့သော် အစွမ်းထက်သော ပြင်ပလူ တစ်ယောက် သူတို့နယ်မြေထဲ ဝင်ရောက်လာခြင်းက ပိုးမွှားငါးကောင်ဂိုဏ်း အတွက် သတင်းကောင်း ဖြစ်ချင်မှ ဖြစ်မည်။
အဝေးရှိ ဖြစ်ရပ်ဆန်း ဆက်လက် ဖြစ်ပေါ်နေစဉ် အဘိုးအိုက လျင်မြန်စွာ ဆုံးဖြတ်ချက် ချလိုက်သည်။
"ဂျူနီယာညီလေးထုံ... ဂိုဏ်းကို ချက်ချင်း ပြန်လိုက်... ကာကွယ်ရေး အစီအရင်ကို အသက်သွင်းထား... ငါ့ရဲ့ တိကျတဲ့ အမိန့်မရဘဲ ဘယ်သူမှ တောင်ထဲ မဝင်စေနဲ့... ရွာကင်းစခန်းတွေ အတွက်တော့ လောလောဆယ် လျစ်လျူရှုထားလိုက်ရမယ်"
"စီနီယာအစ်ကိုကြီး... အစ်ကိုကြီး ပြန်မလိုက်ဘူးလား" ဂျူနီယာညီလေးထုံ စိုးရိမ်လာသည်။
အဘိုးအိုက ခေါင်းခါယမ်းလိုက်သည်။
"ငါ ထွက်သွားလို့ မဖြစ်ဘူး... ငါတို့က ဒီလောက် ဆူညံပွက်လောရိုက်အောင် လုပ်ထားတာ အဲ့ဒီလူ သတိမထားမိဘဲ မနေဘူး... အခု ထွက်သွားရင် သူ့ကို စော်ကားသလို ဖြစ်သွားနိုင်တယ်... တကယ်လို့ သူက ဖြတ်သွားရုံ သက်သက်ဆိုရင် ငါတို့ ရိုသေစွာ နှုတ်ဆက်ပြီး လိုက်ပို့ပေးရမယ်... ဒါပေမဲ့ သူက နေဖို့ ရည်ရွယ်ထားရင်တော့ ငါတို့ နောက်ဆုံး ရင်ဆိုင်ရမှာပဲ... သူ့ရည်ရွယ်ချက်ကို စောစောစီးစီး သိထားတာ ပိုကောင်းတယ်... တကယ်လို့ ငါ အသတ်ခံလိုက်ရရင် ဂိုဏ်းကို စွန့်ခွာပြီး ဂျူနီယာညီလေးထုံပဲ ဒီကစပြီး ဦးဆောင်လိုက်တော့"
ဂျူနီယာညီလေးထုံ၏ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားသည်။
"စီနီယာအစ်ကိုကြီး... အစ်ကိုကြီး ပြန်လိုက်ပါ... ကျွန်တော် နေခဲ့..."
"မင်းနဲ့ မလုံလောက်ဘူး... စိတ်မပူပါနဲ့... ငါ့အခြေအနေ ငါသိပါတယ်... ရှီကျန်းက လူသူကင်းမဲ့ပြီး ခြောက်သွေ့တယ်... ဝက်ဝံတောင်လည်း မထူးမခြားနားပါပဲ... အမြူတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်က ကောင်းကင်ကိုးဆင့်မှာ ပျံသန်းတဲ့ နဂါးလိုပဲ... ဘာလို့ ဒီလို ခေါင်တဲ့နေရာမှာ ပိတ်မိခံနေမှာလဲ... ဖြစ်နိုင်ချေ အများဆုံးကတော့ သူ ဖြတ်သွားရုံ သက်သက်ပါပဲ... ကြိုတင်ကာကွယ်မှုတွေက စိတ်ချရအောင် လုပ်ထားတာပါ" အဘိုးအိုက ပြတ်သားစွာ ပြောလိုက်သည်။
သူတို့ စကားပြောနေစဉ် အဝေးမှ မိုးခြိမ်းသံ တဖြည်းဖြည်း တိုးသွားပြီး မိုးတိမ်မည်းများ စတင် လူစုခွဲတော့သည်။
ဝိညာဉ်ချီ ဝဲကတော့ကြီးက ပိုရှင်းလင်း ပြတ်သားလာသည်။
ထိုပတ်ပတ်လည်တွင် ရောင်စုံ တိမ်တိုက်များ တောက်ပလာပြီး တောင်အထက် ကောင်းကင်ယံကို မျက်စိကျိန်းလောက်အောင် အရောင်စုံ ခြယ်သလိုက်သည်။ ရင်သပ်ရှုမောဖွယ် မြင်ကွင်း တစ်ခုပင်။
"သေစမ်း... သက်တံရောင် မြူခိုးတွေ ပေါ်လာရင် အမြူတေ ဖွဲ့စည်းတော့မယ်လို့ ဆိုလိုတာပဲ... မြန်မြန် ထွက်သွားကြ..."
အဘိုးအိုက တပည့်များအား ဆုတ်ခွာရန် တိုက်တွန်းလိုက်ပြီး သူ့အသွင်အပြင်ကို သပ်ရပ်အောင် ပြုလုပ်ကာ လေကိုစီး၍ ဖြစ်ရပ်ဆန်း ဖြစ်ပေါ်ရာ နေရာဆီ တည့်တည့် ပျံသန်းသွားတော့သည်။
သူ ရောက်သွားချိန်တွင် တောင်ထိပ် တစ်ခုလုံး ရောင်စုံ အလင်းတန်းများဖြင့် လွှမ်းခြုံထားပြီး ဖြစ်သည်။
ခဏအကြာတွင် အလင်းရောင် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများ ဖြည်းညှင်းစွာ ငြိမ်သက်လာကာ ပုံမှန် အခြေအနေသို့ ပြန်ရောက်သွားသည်။
အဘိုးအိုက နေရာတွင် ခဏတာ ပျံဝဲနေလိုက်သည်။ တောင်ထိပ်ရှိ ဂူအောင်းရာ နေရာ တိတ်ဆိတ်နေသည်ကို မြင်လျှင် ခေတ္တ တွေးတောပြီးနောက် တောင်ထိပ်ဆီ တည့်တည့် ပျံသန်းလာခဲ့တော့သည်။
မမျှော်လင့်ဘဲ ဂူဝသို့ ရောက်သည်နှင့် အနက်ရောင် အရိပ်တစ်ခု ရုတ်တရက် သူ့မျက်စိရှေ့ ဖြတ်ခနဲ ပေါ်လာ၏။
"အာ့..."
အဘိုးအိုမှာ အသူရာ အလောင်းကောင်၏ ခြိမ်းခြောက်နေသော ပုံရိပ်ကြောင့် လန့်ဖြန့်သွားသည်။ ၎င်း၏ ကြောက်မက်ဖွယ် အော်ရာကို အာရုံခံမိသည်နှင့် အသက်ပြင်းပြင်း မရှူဘဲ မနေနိုင်တော့။ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ အထင်းသား။
"သူက အမြူတေ အောင်မြင်စွာ ဖွဲ့စည်းနိုင်ရုံတင် မကဘူး... အသူရာ အလောင်းကောင် အဖြစ် သဏ္ဌာန်ပြောင်းလဲထားတဲ့ အလောင်းကောင် ရုပ်သေးကိုတောင် ပိုင်ဆိုင်ထားတာလား..."
အဘိုးအို စိတ်ထဲ ညည်းတွားလိုက်မိပြီး ဂူအတွင်း နေထိုင်သူအပေါ် မနာလိုစိတ်များ လွှမ်းမိုးသွားသည်။
ထိုလူ မည်ကဲ့သို့သော သက်စောင့် ဂူပိုးကောင်ကို အသုံးပြုသည် သူ မသိပေ။ သို့သော် အမြူတေ ချောမွေ့စွာ ဖွဲ့စည်းနိုင်ခဲ့သဖြင့် သူ့ပိုးမွှားဂူကလည်း သဏ္ဌာန်ပြောင်းလဲခြင်း ပြီးမြောက်သွားပြီဟု ဆိုလိုခြင်း ဖြစ်နိုင်ပေသည်။
ယခု ဤလူက အမြူတေ ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ရာ တူညီသော အဆင့်ရှိ အခြားသူများထက် အလွယ်တကူ သာလွန်နိုင်ပြီး သူ့အဆင့်ထက် မြင့်သော ကျင့်ကြံသူများကိုပင် စိန်ခေါ်နိုင်ပေလိမ့်မည်။
ထိုကဲ့သို့ ကျင့်ကြံသူမျိုးမှာ ရှီကျန်း ပြင်ပရှိ ဂိုဏ်းကြီးများတွင်ပင် ရှားပါးလှသည်။ ဝိညာဉ်သန္ဓေသား အဆင့် ကျင့်ကြံသူ တစ်ဦး၏ အမွေဆက်ခံသူ ဖြစ်ကောင်း ဖြစ်နိုင်ပြီး အဘိုးအိုနှင့် ကွာခြားလွန်းသဖြင့် မနာလို ဖြစ်ရန်ပင် အားမရှိတော့ပေ။
ထူးဆန်းသည်မှာ ဤအသိက သူ့အား စိတ်သက်သာရာ ရသွားစေခြင်းပင်။
တဖက်လူက ကြီးမြတ်သော အမွေအနှစ်မှ ဆင်းသက်လာပြီး လျှို့ဝှက်ဆန်းကြယ်သော ဇာစ်မြစ် ရှိသောကြောင့် ဝက်ဝံတောင်၏ မပြောပလောက်သော အရင်းအမြစ်များကို စိတ်ဝင်စားမည် မဟုတ်သည်မှာ သေချာသလောက် ရှိသည် မဟုတ်ပါလား။
အသူရာ အလောင်းကောင်၏ နောက်တွင် ရပ်ရင်း အဘိုးအိုက ဂူအောင်းရာ နေရာဘက်သို့ ရိုသေစွာ လက်သီးဆုပ် နှုတ်ဆက်ပြီး အသာအယာ ချောင်းဟန့်လိုက်သည်။
"ကျွန်တော်က ပိုးမွှားငါးကောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ချွေ့ရွှမ်ဇီပါ... စီနီယာကို ဂါရဝပြုပါတယ်"
"ဘုန်း..."
ဂူရှေ့ရှိ ကျောက်ပြားတစ်ခု ရုတ်တရက် ကွဲကြေသွားသည်။
အရိပ်များထဲမှ ထူးခြားစွာ ငယ်ရွယ်သော လူငယ်တစ်ဦး ထွက်ပေါ်လာသည်နှင့် ချွေ့ရွှမ်ဇီ၏ မျက်လုံးအိမ်များ ကျုံ့သွားသည်။
သူ့ထံမှ အလင်းရောင်များ ထွက်ပေါ်နေပြီး တက်ကြွသော သက်စောင့်စွမ်းအားများ ထုတ်လွှတ်နေ၏။
လူငယ်က သူ့ကို ပြုံးပြပြီး ညင်သာစွာ ပြောလိုက်သည်။
"ခင်ဗျားက ပိုးမွှားငါးကောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်ရမယ်... ကျုပ် ဒီနား ဖြတ်သွားရင်း အမြူတေ ဖွဲ့စည်းဖို့ အခွင့်အရေး ရလာတာနဲ့ ဖြတ်ကျော်ဖို့ နေရာတစ်ခု ရှာလိုက်တာပါ... ကံကောင်းလို့ အောင်မြင်သွားတယ်... ခင်ဗျားကို လန့်သွားစေခဲ့ရင် တောင်းပန်ပါတယ်"
***