"ဆေးဝါးနှင့် ချီဓာတ် ပေါင်းစပ်မှ ပုံသဏ္ဌာန် ပေါ်ထွန်းလာမည်... တာအိုနှင့် နက်နဲမှုတို့ လိုက်လျောညီထွေ ဖြစ်သွားမှ သဘာဝကျသွားမည်... ရွှေအမြူတေ တစ်လုံး မျိုချလိုက်မှ... ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ကြောင်း သဘောပေါက် လာပေလိမ့်မည်..."
ချွေ့ရွှမ်ဇီက မြေပြင်ပေါ်ထိ ရောက်အောင် ဦးညွှတ်လိုက်သည်။ သူ့လေသံတွင် လေးစားမှုများ ပါဝင်နေသော်လည်း ဝမ်းနည်းမှု အရိပ်အယောင် အနည်းငယ် စွန်းထင်းနေ၏။ သို့သော် နောက်ဆုံးတွင် ထိုအရာအားလုံးက ဂုဏ်ပြုစကား တစ်ခွန်းအဖြစ် ပြောင်းလဲသွားချေပြီ။
"စီနီယာ အမြူတေ ဖွဲ့စည်းနိုင်ခဲ့တာ ဂုဏ်ယူပါတယ်..."
ချင်စန်းက အသက် နှစ်ဆယ်ထက် မကြီးသော လူငယ်တစ်ယောက်ပုံ ပေါက်နေပြီး ချွေ့ရွှမ်ဇီ၏ ခေါင်းပေါ်တွင်တော့ ဆံပင်ဖြူများဖြင့် ပြည့်နှက်နေသည်။
အကယ်၍ သာမန်လူ တစ်ယောက်သာ ဤမြင်ကွင်းကို မြင်လိုက်လျှင် နေရာလွဲနေသည်ဟု ထင်မှတ်ပြီး အံ့အားသင့်သွားကြပေမည်။
သို့သော် အင်အားသာလျှင် အရာရာကို ဖန်တီးသော ကျင့်ကြံခြင်း လောကတွင်မူ ဤကဲ့သို့ အဖြစ်အပျက်များက ထူးဆန်းမနေချေ။
"ရွှေအမြူတေ ဖွဲ့စည်းနိုင်တာက လောကကြီးရဲ့ ချည်နှောင်မှုတွေကနေ ရုန်းထွက်ဖို့ ပထမဆုံး ခြေလှမ်း တစ်လှမ်းပဲ ရှိပါသေးတယ်... အင်မော်တယ် လမ်းစဉ်က အန္တရာယ်များပြီး ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြည့်နှက်နေတာ... ကံကြမ္မာကို ဖန်တီးဖို့ဆိုတာ ပေါ့ပေါ့တန်တန် မပြောရဲသေးပါဘူး..."
ချင်စန်းက ခပ်ရေးရေး ပြုံးပြီး အသူရာ အလောင်းကောင်ကို ပြန်သိမ်းကာ ပိုးငါးကောင်ဂိုဏ်း တပည့်များ ထွက်ခွာသွားရာ လမ်းကြောင်းအား လှမ်းကြည့်လိုက်သည်။
"ခင်ဗျားတို့ ဂိုဏ်းက ရွှေအမြူတေ အဆင့် တာအိုရောင်းရင်းတွေ အားလပ်ချိန် ရှိမလား... ကျုပ်က အခုမှ အမြူတေ ဖွဲ့စည်းထားတာ ဆိုတော့ သံသယဖြစ်စရာတွေ အများကြီး ရှိနေသေးတယ်... သွားရောက်လည်ပတ်ပြီး ဆွေးနွေးချင်လို့ပါ..."
ချွေ့ရွှမ်ဇီ၏ မျက်လုံးများ လှုပ်ခတ်သွားသော်လည်း တည်ငြိမ်စွာပင် ရှင်းပြလိုက်သည်။
"စီနီယာချင်ကို အစီရင်ခံပါတယ်... ကျုပ်ရဲ့ ဆရာဦးလေးက အမြူတေ ဖွဲ့စည်းပြီး မကြာခင်မှာပဲ ခရီးထွက်သွားခဲ့တာပါ... ရှီကျန်းကနေတောင် ထွက်ခွာသွားလောက်ပြီ... သူက တခြား ကျင့်ကြံသူ မိတ်ဆွေတွေကို ဖိတ်ခေါ်ပြီး မုန်တိုင်းထန် နတ်ဆိုးပင်လယ်ထဲမှာ နတ်ဆိုးတွေ သွားသတ်မယ်လို့ ပြောပါတယ်... မကြာခင် ပြန်လာမယ့်ပုံ မပေါ်ဘူး... တကယ်လို့ စီနီယာ ရက်အနည်းငယ်လောက် နေမယ်ဆိုရင် ကျုပ် သတင်းပို့ပေးပါ့မယ်..."
စောစောပိုင်းက ချင်စန်းတွင် အသူရာ အလောင်းကောင်တစ်ကောင် ရှိနေသော်လည်း လေသံယဉ်ကျေးနေသည်ကို သတိပြုမိသဖြင့် ချွေ့ရွှမ်ဇီ စိတ်သက်သာရာ ရသွားခဲ့သည်။ သွေးဆာနေသော မိစ္ဆာကောင် တစ်ကောင်နှင့် မတူတော့ပေ။
သို့သော် ရွှေအမြူတေ အဆင့် ကျင့်ကြံသူ တစ်ယောက်အကြောင်း မေးမြန်းလာသောအခါ ချွေ့ရွှမ်ဇီ၏ စိတ်များ ပြန်လည် လှုပ်ရှားလာသည်။
ပိုးငါးကောင်ဂိုဏ်းတွင် ထိုကဲ့သို့ ကျင့်ကြံသူ တစ်ယောက် ရှိခဲ့ဖူးသည်။ ချွေ့ရွှမ်ဇီ၏ ဆရာဦးလေးပင်။
သို့သော် ဂိုဏ်းခေါင်းဆောင် တာဝန်ကို ချွေ့ရွှမ်ဇီ လွှဲပြောင်းယူပြီး မကြာမီမှာပင် ထိုဆရာဦးလေး ခရီးထွက်သွားခဲ့ခြင်း ဖြစ်သည်။ ယခု ချွေ့ရွှမ်ဇီ သက်တမ်းကုန်ခါနီး အချိန်ထိ ထိုလူ ပြန်မလာသေးပေ။ ဝိညာဉ်မီးအိမ်လည်း ထားခဲ့ခြင်း မရှိချေ။
သေလား ရှင်လား မည်သူမှ မသိကြ။
ပြင်ပလူများက ဤအသေးစိတ် အချက်အလက်များကို မသိပေ။ ဆရာဦးလေး နာမည်ကို အသုံးပြုပြီး ချိန်ခြောက်ခြင်းက ချွေ့ရွှမ်ဇီ မကြာခဏ အသုံးပြုသော နည်းဗျူဟာ တစ်ခုဖြစ်သော်လည်း ချင်စန်းကို အမှန်အတိုင်း ပြောပြရန် ဆန္ဒမရှိပေ။
မုန်တိုင်းထန် နတ်ဆိုးပင်လယ်...
ချင်စန်းက ထိုနာမည်သစ်ကို မှတ်သားလိုက်သည်။ နားထောင်ရသလောက် ကောင်းကင်နတ်ဆိုးတောင်နှင့် ဆင်တူမည့်ပုံပင်။ နတ်ဆိုးသားရဲများ စိုးမိုးထားသော နယ်မြေတစ်ခု ဖြစ်လောက်သည်။
သို့သော် ရွှေအမြူတေ အဆင့် ကျင့်ကြံသူများပင် အုပ်စုဖွဲ့ပြီး နတ်ဆိုးလိုက်လံ သတ်ဖြတ်ရသည် ဆိုလျှင် မုန်တိုင်းထန် နတ်ဆိုးပင်လယ်မှ သားရဲများက ကောင်းကင်နတ်ဆိုးတောင်မှ သားရဲများလောက် လူသားများအပေါ် ဖော်ရွေမည် မဟုတ်ပေ။
"ထားလိုက်ပါတော့... ကျုပ် ရှီကျန်းကို လာတာက ကျုပ်ရဲ့ သက်စောင့် ဂူပိုးကောင် အဖြစ် မွေးမြူဖို့ သင့်တော်တဲ့ ဝိညာဉ်ပိုးကောင် လာရှာတာပါ... ဒီအရိုင်းနယ်မြေမှာ အဲ့လိုသတ္တဝါတွေ ပေါများတယ်လို့ ကြားဖူးတယ်... ဒီမှာ အမြူတေ ဖွဲ့စည်းဖြစ်သွားတာက ကံကောင်းလို့ပါ... ဝက်ဝံတောင် ဒေသမှာ ကြာကြာနေဖြစ်မှာ မဟုတ်ပါဘူး..."
ချင်စန်းက ချွေ့ရွှမ်ဇီကို အချိန်ကြာမြင့်စွာ စူးစိုက်ကြည့်လိုက်သည်။ သူ့အကြည့်များက စူးရှနေ၏။ အဘိုးအို၏ စကားများက လုံးဝ မှန်ကန်မှု မရှိကြောင်း သူ ပြောနိုင်လေသည်။ သို့သော် ဘယ်အရာက အမှန်၊ ဘယ်အရာက အမှားလဲ ဆိုသည်ကို စုံစမ်းရန် မကြိုးစားတော့ပေ။ လက်ကာပြရင်း ပြောလိုက်သည်။
"အဲ့ဒီ တာအိုရောင်းရင်း မရှိမှတော့ ဒုက္ခခံနေစရာ မလိုတော့ပါဘူး..."
သို့သော် စကားမဆုံးခင်မှာပင် ချွေ့ရွှမ်ဇီက မယုံကြည်နိုင်စရာ တစ်ခုခုကို ကြားလိုက်ရသကဲ့သို့ သူ့အား ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေသည်အား ချင်စန်း သတိထားမိလိုက်သည်။
"စီနီယာ... ခင်ဗျားက သက်စောင့် ဂူပိုးကောင်တောင် မရွေးရသေးဘဲ အမြူတေ ဖွဲ့စည်းပြီးသွားပြီလား..."
ချွေ့ရွှမ်ဇီမှာ လုံးဝ ကြောင်အသွားပုံ ရသည်။
ချင်စန်း၏ စိတ်နှလုံး လှုပ်ရှားသွားသည်။
အမြူတေ ဖွဲ့စည်းခြင်းနဲ့ သက်စောင့် ဂူပိုးကောင် ချိတ်ဆက်ခြင်းကြားမှာ လျှို့ဝှက် ဆက်နွယ်မှု တစ်ခုခု ရှိနေတာလား...
သူက ယွမ်ဟူနှင့် ပြောဆိုခဲ့သည်များကို ပြန်ပြောင်း စဉ်းစားလိုက်သည်။
ထိုစကားဝိုင်းအရ စုန်းမျိုးနွယ်နှင့် လူသားမျိုးနွယ်တို့က စစ်ပွဲများနှင့် သွေးမြေကျမှု သမိုင်းကြောင်းကြောင့် အကြီးအကျယ် ရန်ငြိုးဖွဲ့ထားကြကြောင်း ချင်စန်း သိထားခဲ့သည်။
စုန်းမျိုးနွယ်မှာ မောင်းထုတ်ခံခဲ့ရပြီး ယခုအခါ စုန်းနတ်ဘုရား တိုက်ကြီးတွင် ပြည်နှင်ဒဏ် ခံနေရလေပြီ။ ဝက်ဝံတောင် ဒေသမှ တစ်ခါမှ မထွက်ခွာဖူးသော ယွမ်ဟူကဲ့သို့ လူတစ်ယောက်ပင် လူသားများအပေါ် ပြင်းထန်သော ရန်ငြိုး ထားရှိလေသည်။ ထို့ကြောင့် စုန်းမျိုးနွယ်ဝင် တစ်ယောက်အဖြစ် ဆက်လက် ဟန်ဆောင်နေခြင်းက ပိုလုံခြုံမည်ဟု ချင်စန်း ဆုံးဖြတ်လိုက်သည်။
ကံကောင်းစွာဖြင့် မကြာသေးမီက ဆက်ဆံရေးများအရ စုန်းမျိုးနွယ်နှင့် လူသားများကြား ပြင်ပပုံပန်းသဏ္ဍာန် ကွာခြားမှု မရှိသလောက် နည်းပါးကြောင်း ချင်စန်း သတိထားမိခဲ့၏။
စုန်းမျိုးနွယ်က ကျင့်ကြံသူများကို စုန်းနတ်ဘုရား၏ တမန်တော်များဟု ခေါ်ဝေါ်ကြပြီး ထူးဆန်းသော ဓလေ့ထုံးတမ်းများစွာ ရှိကြသည်။
သို့သော် ယွမ်ဟူနှင့် ချွေ့ရွှမ်ဇီတို့ကို တွေ့ဆုံပြီးနောက် ထိုဓလေ့များ ပျောက်ကွယ်လုနီးပါး ဖြစ်နေကြောင်း သူ သဘောပေါက်လိုက်သည်။ သူတို့၏ ပြောဆိုပုံနှင့် အပြုအမူများက သာမန် လူသားကျင့်ကြံသူများနှင့် ကွာခြားမှု မရှိပေ။ ချင်စန်းက စကားပြောသည့်အခါ ဂရုစိုက်ရုံသာ လိုအပ်သည်။
ရွာသားများကြားရှိ ဘီမိုများနှင့် ကိုယ်တော်များ ကြားတွင်သာ ထိုထူးဆန်းသော ဓလေ့များ ဆက်လက် တည်ရှိနေခြင်း ဖြစ်သည်။
သာမန်လူများကို ထိန်းချုပ်ရန်နှင့် သူတို့၏ အာဏာကို တည်မြဲစေရန် နည်းလမ်းတစ်ခု ဖြစ်မည်ဟု ချင်စန်း သံသယရှိမိသည်။
စုန်းမျိုးနွယ်က စုန်းနတ်ဘုရား တမန်တော်များ၏ စွမ်းအားကို ကြောက်ရွံ့ကြသော်လည်း စုန်းနတ်ဘုရား အပေါ်တွင်တော့ မယိမ်းယိုင်သော ယုံကြည်မှု ထားရှိကြသည်။ ထိုယုံကြည်မှုက လက်ဆုပ်လက်ကိုင် မပြနိုင်သော်လည်း တစ်ခါတစ်ရံ ကြီးမားသော စွမ်းအားကို ပေးစွမ်းနိုင်သည်။
စုန်းကျင့်ကြံသူများက ပိုးကောင် ထိန်းချုပ်ရာတွင် ကျွမ်းကျင်ကြပြီး ဝိညာဉ်ပိုးကောင်များကို သက်စောင့် ဂူပိုးကောင်များ အဖြစ် သန့်စင်လေ့ ရှိကြသည်။
သို့သော် ဒေသခံ လူသားကျင့်ကြံသူများ မည်သည့် လမ်းစဉ်ကို လိုက်နာသည်ကိုမူ ချင်စန်း မသေချာသေးပေ။ စုန်းမျိုးနွယ်နှင့် တူညီနေမလား...
သူ့အတွေးများ လျင်မြန်စွာ လည်ပတ်သွားပြီး ချင်စန်းက တည်ငြိမ်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
"ကျုပ် နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံခဲ့ပေမယ့် သင့်တော်တဲ့ သက်စောင့် ဂူပိုးကောင်ကို ရှာမတွေ့ခဲ့ဘူး... ဒါကြောင့် တိုးတက်မှု နှောင့်နှေးခဲ့ရတယ်... မကြာခင်တုန်းက အမြူတေ ဖွဲ့စည်းခြင်းမှာ အခက်အခဲနဲ့ ကြုံရပြီးတော့ ခရီးသွားရင်း လေ့ကျင့်မှု တစ်ခုအနေနဲ့ ဝိညာဉ်ပိုးကောင် လိုက်ရှာဖို့ ဆုံးဖြတ်ခဲ့တာ... ခရီးသွားနေတုန်း ရုတ်တရက် ဉာဏ်အလင်းပွင့်ပြီး အောင်မြင်သွားမယ်လို့ ဘယ်သူ ထင်မှာလဲ... ကျုပ်ကိုယ်တိုင်တောင် မမျှော်လင့်ထားခဲ့ဘူး..."
သူက လိမ်ညာစကားကို လွယ်ကူစွာ ပြောလိုက်သည်။
သို့သော် စိတ်ထဲတွင်တော့ ခါးသီးစွာ လှောင်ပြောင်နေမိ၏။
အမြူတေ ဖွဲ့စည်းဖို့ ငါဘယ်လောက် ဒုက္ခရောက်ခဲ့ရလဲဆိုတာ မင်းသိရင် ကောင်းမှာပဲ...
"စီနီယာ... ခင်ဗျားရဲ့ ပါရမီက ကျုပ်မြင်ဖူးသမျှနဲ့ မတူဘူး..."
ချွေ့ရွှမ်ဇီမှာ ချင်စန်းကြောင့် အံ့အားသင့်သွားပြီး ခေါင်းကို အကြိမ်ကြိမ် ခါယမ်းနေမိသည်။
"သက်စောင့် ဂူပိုးကောင်ကို အားမကိုးဘဲ အမြူတေ ဖွဲ့စည်းနိုင်တယ် ဆိုတာ... ရှီကျန်း ပြင်ပက ဂိုဏ်းကြီးတွေရဲ့ တိုက်ရိုက်တပည့်တွေတောင် စီနီယာ့ကို မယှဉ်နိုင်ပါဘူး... စီနီယာ ရှီကျန်းမှာ လေ့ကျင့်နေစဉ်အတွင်း တစ်စုံတစ်ရာ လိုအပ်တာရှိရင် ညွှန်ကြားဖို့ ဝန်မလေးပါနဲ့... ကျုပ်နဲ့ ဂိုဏ်းသားတွေ အစွမ်းကုန် ကူညီပေးပါ့မယ်..."
ချင်စန်းက သက်စောင့် ဂူပိုးကောင်တောင် မရွေးချယ်ရသေးကြောင်း သိလိုက်ရသောအခါ ချင်စန်း၏ ဇာစ်မြစ်မှာ သာမန်မဟုတ်ကြောင်း ချွေ့ရွှမ်ဇီ ပိုယုံကြည်သွားသည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးနှင့် မိတ်ဖွဲ့လိုစိတ်များ သူ့စိတ်ထဲ ကြီးထွားလာတော့၏။
မျက်နှာပြောင်တိုက်ရာတွင် ကျွမ်းကျင်သော ချင်စန်းမှာမူ ရှက်ရွံ့သည့် အရိပ်အယောင် တစ်စက်မှ မပြပေ။
ဆန့်ကျင်ဘက် အနေဖြင့် ချွေ့ရွှမ်ဇီ၏ စကားများက သူ့သိချင်စိတ်ကို ပိုဆွပေးလိုက်သလို ဖြစ်သွားသည်။
ရေခဲလွင်ပြင်က ကျင့်ကြံသူများတွေလို ဝိညာဉ်ဆေးလုံးတွေနဲ့ ရှားပါး ရတနတွေ အသုံးပြုတာမျိုး မဟုတ်ဘဲ စုန်းကျင့်ကြံသူတွေက သက်စောင့် ဂူပိုးကောင် အားကိုးပြီး အမြူတေ ဖွဲ့စည်းကြတာလား...
ချင်စန်းက ချွေ့ရွှမ်ဇီကို ပြုံးစစ မျက်လုံးများဖြင့် စိုက်ကြည့်ပြီး ပေါ့ပါးစွာ ရယ်မောလိုက်သည်။
"တကယ်လို့များ ကျုပ်က ခင်ဗျားတို့ဂိုဏ်းရဲ့ လက်ဆင့်ကမ်း လျှို့ဝှက်နည်းလမ်းကို ငှားကြည့်ချင်တယ်ဆိုရင် သဘောတူမလား..."
"ဒါက..."
ချွေ့ရွှမ်ဇီ၏ မျက်နှာထား ပြောင်းလဲသွားသည်။ ချင်စန်းက သူ့ဂိုဏ်း၏ ပညာရပ်များကို မက်မောလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သို့သော် ဤလူ့နောက်ကွယ်တွင် ကြီးမားသော နောက်ခံ ရှိနေမှတော့ သူတို့လို ဂိုဏ်းသေးသေးလေးက ဘာတန်ဖိုး ရှိမည်နည်း။
"စီနီယာ... နောက်နေတာ မဟုတ်လား..." ချွေ့ရွှမ်ဇီက အဆင်မပြေစွာ ပြုံးလိုက်သည်။ "ရှီကျန်း တစ်ခွင်လုံးက ကျင့်ကြံခြင်း နည်းလမ်းတွေက အတူတူပါပဲ... ကျုပ်တို့ဂိုဏ်းရဲ့ အမွေအနှစ်က တိမ်ကောလွန်းပါတယ်... ခင်ဗျား စိတ်ဝင်စားလောက်တဲ့ အရာ မဟုတ်မှာ စိုးရိမ်မိပါတယ်..."
ချင်စန်းက အေးစက်စက် အမူအရာဖြင့်…
"ကျုပ်က ဒီလိုကိစ္စမျိုးကို နောက်စရာလား... မတူညီတဲ့ ပညာရပ်တွေကို နှိုင်းယှဉ်လေ့လာပြီး ရင်းမြစ်ပေါင်းစုံကနေ သင်ယူတာ၊ ကျုပ်ရဲ့ ကျင့်ကြံခြင်းကို အထောက်အကူ ပြုသရွေ့ ကျုပ် စိတ်ဝင်စားတယ်... ခင်ဗျားတို့ဂိုဏ်းက ရှီကျန်းမှာ ခိုင်မာစွာ ရပ်တည်နိုင်ပြီး ဝက်ဝံတောင် ဒေသကို စိုးမိုးထားနိုင်တယ်... ရွှေအမြူတေ အဆင့် ပညာရှင် တစ်ယောက်တောင် မွေးထုတ်ပေးနိုင်ခဲ့သေးတာပဲ... သေချာပေါက် အားသာချက်တွေ ရှိမှာပါ... တကယ်လို့ ကျုပ်သာ လေ့လာခွင့်ရရင် ဉာဏ်အလင်း တစ်ခုခု ရနိုင်လောက်တယ်... ဒါပေမယ့် အတင်းအကျပ်တော့ မတောင်းဆိုပါဘူး..."
ချွေ့ရွှမ်ဇီ စိတ်ထဲတွင် ကျိန်ဆဲလိုက်မိသည်။ သူ့ဆရာဦးလေး နာမည်ကို ငှားသုံးလိုက်ခြင်းက အကျိုးမရှိဘဲ ယခုလို ပြဿနာ တက်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ချင်စန်းက သူ့လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူပြီး ချွေ့ရွှမ်ဇီကို ပြသလိုက်သည်။
"တကယ်လို့ ခင်ဗျား သဘောတူရင် ဒီပစ္စည်းနဲ့ လဲလှယ်ပေးလို့ ရတယ်..."
ချွေ့ရွှမ်ဇီက အာရုံစိုက် ကြည့်ရာ အဆောင်စက္ကူ တစ်ရွက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အစပိုင်းတွင် သူ နားမလည် ဖြစ်သွား၏။
သို့သော် ဘာပစ္စည်းဖြစ်ကြောင်း သေချာ ခွဲခြားမိလိုက်သည်နှင့် သူ့မျက်နှာပေါ်တွင် ထိတ်လန့်အံ့ဩမှုများ လွှမ်းမိုးသွားတော့သည်။
"ဒါက... အဆောင်ဝိညာဉ်လက်နက်လား..."
***