"တုန်အောက်ရှန်း... မင်းတို့ အလွတ်တန်းကျင့်ကြံသူများသမဂ္ဂက အဖွဲ့ကြီး ငါးခု လုပ်ထားတဲ့ သဘောတူညီချက်ကို ဆန့်ကျင်ဖို့ စီစဉ်နေတာလား"
ခေါင်းဆောင်ရှဲ့ အံကြိတ်လိုက်သည်။ တုန်အောက်ရှန်း သူ့ကို ပေးသော ဖိအားမှာ ကြီးမားလွန်းလှသည်။ တုန်အောက်ရှန်း ရှိနေသရွေ့ သူတစ်ယောက်တည်းမပြောနှင့်၊ ကျောက်တုံးမြို့ရှိ ဥပဒေစိုးမိုးရေးအဖွဲ့ တစ်ခုလုံး ပေါင်းရင်တောင် တုန်အောက်ရှန်းကို ရင်ဆိုင်နှိမ်နင်းနိုင်မည် မဟုတ်ပေ။
သံတမန်အရှင် ရောက်မလာပါက သူတို့ငါးယောက်မှာ တုန်အောက်ရှန်း၏ ပြိုင်ဘက် မဟုတ်ပေ။ ခုနကပင် သူသည် ကျောက်တုံးမြို့ကို အစိုးရအဖွဲ့၏ နယ်မြေဖြစ်ပြီး သူတို့တွင် လူအင်အား လုံလံုလောက်လောက် ရှိသည်ဟု ထင်မှတ်နေခဲ့သေးသည်။
သို့သော် ယခုတော့ သူ ထိုသို့ မထင်တော့ပေ။ လင်းဖုန်းသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို အခုလေးတင် ချိုးဖျက်ထားသော သိုင်းသမားတစ်ဦးသာ ဖြစ်သည်။ အလွတ်တန်းကျင့်ကြံသူများသမဂ္ဂမှ တုန်အောက်ရှန်းကတောင် သူ့အတွက် ရှေ့ထွက်ရပ်တည်ပေးရန် ဆန္ဒရှိလောက်အောင် သူက ဘယ်လိုလုပ် ဒီလောက် အချိတ်အဆက် ကောင်းနေရတာလဲ။
ခေါင်းဆောင်ရှဲ့ မသိသည်မှာ လင်းဖုန်းက သိုင်းနယ်မြေဖိုရမ်တွင် တင်ခဲ့သော ပို့စ်ကြောင့်ပင် ဖြစ်သည်။ တုန်အောက်ရှန်းက ထိုခေါ်ယူမှုကို တုံ့ပြန်ခဲ့ခြင်းသာ ဖြစ်သည်။
"ဟက်... ငါ့ကို လာမစွပ်စွဲနဲ့။ ငါက အဖွဲ့ကြီး ငါးခုရဲ့ သဘောတူညီချက်တွေကို မချိုးဖောက်ရဲပါဘူး။ ဒါပေမဲ့ ဒီနေ့ ငါက ငါ့ရဲ့ ကိုယ်ပိုင် အဆင့်အတန်းကိုပဲ ကိုယ်စားပြုတာ။ ငါက ရှေ့တန်းမှာ အသက်စွန့်ပြီး တိုက်ပွဲဝင်နေတဲ့ သိုင်းသမားတစ်ယောက်ပဲ။ ငါ အသည်းမခံနိုင်ဆုံးက နောက်တန်းမှာ ပုန်းအောင်းနေပြီးတော့ အာဏာတချို့ကို အားကိုးပြီး ရှေ့တန်းမှာ အသက်စွန့် တိုက်ပွဲဝင်နေတဲ့ သိုင်းသမားတွေကို ဖိနှိပ်နေတဲ့ လူကြောက်တချို့ကိုပဲ"
တုန်အောက်ရှန်းမှာ မာနကြီးပြီး ခပ်တည်တည်နေတတ်သော်လည်း လင်းဖုန်းကို မြင်သောအခါ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ သူ လာရောက်နိုင်ခြင်းကပင် ကြီးမားသော တားဆီးမှုတစ်ခု ဖြစ်နေပြီ ဖြစ်သည်။
ခေါင်းဆောင်ရှဲ့၏ မျက်နှာမှာ ပြာနှမ်းသွားသည်။ တစ်ခုခုတော့ သေချာပေါက် မှားယွင်းနေပြီဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။ ကိစ္စတွေက ဘယ်လိုလုပ် ဒီအခြေအနေထိ ရောက်လာရတာလဲ။
နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည်များက ခေါင်းဆောင်ရှဲ့ကို ပို၍ပင် မျှော်လင့်ချက် ကင်းမဲ့သွားစေသည်။
တုန်အောက်ရှန်းအပြင် အခြားသော သာလွန်လူသား ကျွမ်းကျင်သူ အများအပြားလည်း ဆက်တိုက် ရောက်ရှိလာကြသည်။ ဥပမာအားဖြင့် သူတို့ထဲမှ အချို့မှာ လှိုင်းလုံးများကို နင်းလျက် ရောက်ရှိလာကြသည်။ မြစ်ကြီးပေါ်တွင် လှိုင်းလုံးကြီးများ လိမ့်တက်လာစဉ် လှိုင်းလုံးများပေါ် နင်းလျှောက်လာရခြင်းမှာ မည်မျှ ကြီးကျယ်ခမ်းနားလိုက်သနည်း။
အချို့က ရေလွှမ်းမိုးမှု ဖြစ်ပွားပြီဟုပင် ခဏတာ ထင်မှတ်ခဲ့ကြသော်လည်း ယင်းမှာ သာလွန်လူသား ကျွမ်းကျင်သူများ အသုံးပြုသော နည်းစနစ်တစ်ခုသာ ဖြစ်ပေသည်။
အချို့က အဆင့် ၁၀ မုန်တိုင်းတစ်ခုကဲ့သို့ လေကို စီးနင်းလာကြသည်။ မုန်တိုင်း၏ ဗဟိုချက်ထဲတွင် သိုင်းသမားက ဗီလာဧရိယာသို့ ဖြည်းညှင်းစွာ ပျံသန်းလာသည်။
အချို့မှာ သူတို့ရောက်ရှိလာကြောင်း ကြေညာရန်အတွက် ကောင်းကင်ယံသို့ အဝါရောင်သဲများကို မြှင့်တင်ကာ အရပ်မျက်နှာ အသီးသီးသို့ လွင့်စင်သွားစေပြီး ကျောက်တုံးမြို့ တစ်ခုလုံးကို အဝါရောင်သဲများဖြင့် ဖုံးလွှမ်းသွားစေခဲ့သည်။
ဤအံ့ဖွယ် ဖြစ်ရပ်အမျိုးမျိုးသည် ကျောက်တုံးမြို့ရှိ လူများအတွက် မေ့မရနိုင်စရာ ဖြစ်ခဲ့သည်။ ယခင်က သူတို့သည် ရုပ်မြင်သံကြားမှ တစ်ဆင့်သာ အနည်းငယ် ကြားဖူးခဲ့ကြသည်။ သာလွန်လူသား ကျွမ်းကျင်သူများဆိုသည်မှာ ပိုမိုသန်မာသော ခန္ဓာကိုယ်နှင့် ထူးဆန်းသော မွေးရာပါ စွမ်းရည်အချို့ ရှိသည့် သိုင်းသမားများသာ ဖြစ်သည်ဟု သူတို့ ထင်ခဲ့ကြသည်။
သို့သော် ယခု ဤကဲ့သို့အံ့ဖွယ်စွမ်းရည်များကို မြင်တွေ့ရသောအခါ သာလွန်လူသားတို့၏ စွမ်းအားမှာ သဘာဝကပ်ဘေးတစ်ခုနှင့်ပင် ယှဉ်နိုင်လုနီးပါး ဖြစ်နေသည်။ ဒါက သူတို့ စိတ်ကူးယဉ်ထားတဲ့ သိုင်းသမား ဘယ်လိုလုပ် ဖြစ်နိုင်တော့မှာလဲ။ သူတို့ကို နတ်ဘုရားများဟု ခေါ်လျှင်ပင် ချဲ့ကားပြောဆိုရာ ရောက်မည် မဟုတ်ပေ။ သေချာပေါက် ဤသို့ လုပ်နိုင်သော သိုင်းသမားများသည် အနည်းဆုံး အသွင်ပြောင်းနယ်ပယ် ဒုတိယ သို့မဟုတ် တတိယအဆင့် သိုင်းသမားများ ဖြစ်ကြသည်။ သို့သော် နတ်ဘုရားနယ်ပယ်အထက် သိုင်းသမားများမှာမူ ပေါ်ထွက်လာခြင်း မရှိသေးပေ။ မည်သို့ပင်ဆိုစေ နတ်ဘုရားနယ်ပယ် သိုင်းသမားများဆိုသည်မှာ သာမန်ကိစ္စ မဟုတ်ပေ။ သူတို့ ပေါ်ထွက်လာသည်နှင့် ကြီးမားသော တုန်လှုပ်မှုကို ဖြစ်စေလိမ့်မည်။ ရှေးခေတ်ကာလများကဆိုလျှင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများသည် သက်ရှိအားလုံးကို အုပ်စိုးသော အမှန်တကယ် နတ်ဘုရားများပင် ဖြစ်ကြသည်။ သာလွန်လူသား ကျွမ်းကျင်သူ အများအပြား ရောက်ရှိလာသည်နှင့်အမျှ ခေါင်းဆောင်ရှဲ့နှင့် ရဲမှူးကြီးလျူတို့၏ မျက်နှာများမှာ ပြာနှမ်းနေပြီ ဖြစ်သည်။ သူတို့ ဘာမှ ထပ်မပြောနိုင်တော့ပေ။ ယခု သူတို့ ဘာပြောနိုင်မည်နည်း။
အသွင်ပြောင်းနယ်ပယ် တတိယအဆင့် သိုင်းသမားများချည်းပင် အနည်းဆုံး ဆယ်ဦးခန့် ရှိပြီး ကျောက်တုံးမြို့သို့ ရောက်လာသော အသွင်ပြောင်းနယ်ပယ် သိုင်းသမားစုစုပေါင်း ၅၀ နီးပါး ရှိနေပြီ ဖြစ်သည်။ ဤအင်အားမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းလှသနည်း။
လင်းဖုန်းက ဤမျှများပြားသော သာလွန်လူသား ကျွမ်းကျင်သူများကို ခေါ်ယူနိုင်စွမ်း မည်သို့ ရှိနေသည်ကို သူတို့ စဉ်းစား၍မရပေ။
အထူးသဖြင့် ဤသာလွန်လူသား ကျွမ်းကျင်သူများသည် မတူညီသော အဖွဲ့အစည်းများမှ လာကြခြင်း ဖြစ်သည်။ ပညာရေးအဖွဲ့၊ အလွတ်တန်းကျင့်ကြံသူများသမဂ္ဂ၊ တပ်အဖွဲ့နှင့် စီးပွားရေးအဖွဲ့များမှ ဖြစ်ကြသည်။ အစိုးရအဖွဲ့မှ သိုင်းသမားများအပြင် အခြားသော အဖွဲ့ကြီးလေးခုမှ သိုင်းသမားများ အားလုံး ပေါ်လာကြခြင်း ဖြစ်သည်။
ဤအခြေအနေမှာ ခေါင်းဆောင်ရှဲ့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်သည်။ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်းကိုလည်း သူ ဝေဝါးဝါး ခံစားမိလိုက်သည်။
လင်းဖုန်း၏ အကြည့်များမှာ ပို၍ပင် အေးစက်လာသည်။ သူ့ကို ကူညီရန် လူများစွာ ရောက်လာကြသဖြင့် သူ အလွန် ဝမ်းသာမိသည်။ တစ်ချိန်တည်းမှာပင် သူ အလွန် ကျေးဇူးတင်မိသည်။ သို့သော် သူ၏ ပို့စ်တစ်ခုက ဤမျှလူများစွာကို ခေါ်ယူနိုင်ခြင်းက အရာများစွာကို သက်သေပြနေသည်။
ဤပြဿနာမှာ ဖြစ်တည်နေခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ အစိုးရအဖွဲ့၏ လုပ်ရပ်တချို့မှာ သည်းမခံနိုင်စရာ ဖြစ်နေခဲ့သည်မှာ အတောိကြာခဲ့လေပြီ။
ရုတ်တရက် အဝေးမှ အာကာသယာဉ်တစ်စီး ပျံသန်းရောက်ရှိလာပြီး မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။
အာကာသယာဉ်ထဲမှ ရင်းနှီးသော ပုံရိပ်အချို့ ဆက်တိုက် ထွက်ပေါ်လာကြသည်။
"ညီအစ်ကို လင်းဖုန်း... ငါတို့ ရောက်လာပြီ"
"ညီအစ်ကို လင်းဖုန်း အဆင်ပြေနေလို့ တော်သေးတာပေါ့"
"ဟားဟား... ညီအစ်ကို လင်းဖုန်း၊ စိတ်မပူနဲ့။ ငါတို့ နဂါးတောင်စခန်းက မင်းရဲ့ အခိုင်မာဆုံး ကျောထောက်နောက်ခံပဲ။ ငါတို့ အားလုံး မင်းကို ထောက်ခံတယ်။ ငါတို့ နဂါးတောင်စခန်းက သိုင်းသမားတွေကို ရန်စရဲတဲ့သူတိုင်း တန်ဖိုးတစ်ခု ပေးဆပ်စေရမယ်ကွ"
လင်းဖုန်း အနည်းငယ် ကြောင်သွားသည်။ နဂါးတောင်စခန်းမှ သိုင်းသမားများပါ ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ လုံကျိုးအပါအဝင် သာလွန်လူသား ကျွမ်းကျင်သူများ အားလုံး ရောက်လာကြခြင်း ဖြစ်သည်။ ဤသည်မှာ သူ့အပေါ် နဂါးတောင်စခန်း တစ်ခုလုံး၏ ထောက်ခံမှုပင် ဖြစ်သည်။
လုံကျိုး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ရင်းနှီးသော မျက်နှာအချို့ကိုလည်း တွေ့လိုက်ရသည်။ မည်သို့ပင်ဆိုစေ သူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သည်မှာ ဆယ်စုနှစ်များစွာ ရှိပြီဖြစ်ရာ သဘာဝကျကျပင် အသိမိတ်ဆွေများစွာ ရှိနေသည်။
နာမည်ကျော် သိုင်းသမားအချို့ အပါအဝင် လူအများအပြား ရောက်လာကြသည်ကို မြင်သောအခါ သူ အံ့အားသင့်သွားသည်။ သူ့ခန့်မှန်းချက် မှန်ပုံရသည်။
ဝှစ်
လုံကျိုး လင်းဖုန်း၏ ဘေးသို့ ပြေးသွားလိုက်သည်။ သူသည် ယွီရှန်းကို တစ်ချက်ကြည့်လိုက်ရာ ယွီရှန်း အမှန်တကယ်ပင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး အသွင်ပြောင်းလဲနေကြောင်း တွေ့လိုက်ရသည်။ သူလည်း အလွန် ဝမ်းသာသွားသည်။
တိတိကျကျ ပြောရလျှင် ယွီရှန်းသည်လည်း နဂါးတောင်စခန်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ မကြာသေးမီက နဂါးတောင်စခန်းတွင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ကာ သာလွန်လူသား ကျွမ်းကျင်သူ နှစ်ဦး ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ပုံမှန်အားဖြင့် အကြီးအကဲတစ်ဦးအနေဖြင့် သူသည်လည်း ကြီးမားသော အကျိုးခံစားခွင့်များကို ရရှိမည် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ထိုအရာများ အားလုံးကို ဂရုစိုက်ရန် သူ့၌ ကောင်းမွနိသော စိတ်အခြေအနေ မရှိသေးပေ။
"လင်းဖုန်း... အခုဆို မင်း ဒီကိစ္စကို အတော်လေး ကြီးကျယ်သွားအောင် လုပ်လိုက်ပြီပဲ"
လုံကျိုးက တည်ကြည်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
"ကျွန်တော် သိပါတယ်။ အကြီးအကဲ... လာရောက်ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်"
သူ၏ ပို့စ်က ဘာကို ဆိုလိုကြောင်း လင်းဖုန်း သိသည်။ ယခု သာလွန်လူသား ကျွမ်းကျင်သူ အများအပြား ရောက်လာပြီဖြစ်ရာ သူတို့သည် အစိုးရအဖွဲ့ကို သေချာပေါက် ဒေါသထွက်စေလိမ့်မည် ဖြစ်သည်။ နောက်ဆုံး ရလဒ်ကို သူ ကြိုတင် မခန့်မှန်းနိုင်ပေ။
လုံကျိုး လင်းဖုန်းကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သော်လည်း အကူအညီမဲ့စွာ ခေါင်းခါကာ ပြောလိုက်သည်။
"လင်းဖုန်း... မင်းရဲ့ ကိစ္စက အရမ်း ကြီးကျယ်လွန်းတယ်။ မင်းရဲ့ ပို့စ်က သာလွန်လူသား ကျွမ်းကျင်သူ တွေအများကြီးကို ဆွဲဆောင်နိုင်ခဲ့တယ်။ မင်းက အစိုးရအဖွဲ့ကို သိသိသာသာ ဆန့်ကျင်နေတာပဲ။ အစိုးရအဖွဲ့က နောက်ဆုံးမှာ ဘာလုပ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ရလဒ်က ဘာပဲဖြစ်ဖြစ် ဒီနေ့ကစပြီး မင်းက အစိုးရအဖွဲ့ရဲ့ မျက်စိစူးစရာတစ်ခု ဖြစ်လာလိမ့်မယ်။"
လင်းဖုန်း နားလည်လိမ့်မည်ဟု လုံကျိုး မျှော်လင့်သည်။ ယခုတစ်ကြိမ် ရလဒ် မည်သို့ပင် ရှိစေကာမူ လင်းဖုန်းသည် အစိုးရအဖွဲ့ကို အပြည့်အဝ စော်ကားမိပြီ ဖြစ်သည်။ ယင်းက အနာဂတ်တွင် သူတို့ထံမှ အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့ရမည်ဟု သေချာပေါက် ဆိုလိုနေသည်။
အနည်းဆုံးတော့ အနာဂတ်တွင် တစ်ခုခု ဖြစ်လာပါက အစိုးရအဖွဲ့ထံမှ အကူအညီ ရယူရန် မဖြစ်နိုင်တော့ပေ။
"ကျွန်တော် နောင်တမရဘူး"
လင်းဖုန်း၏ လေသံမှာ အလွန် ပြတ်သားလှသည်။ သူ လုပ်ခဲ့ပြီးမှတော့ နောင်တရမည် မဟုတ်ပေ။ အမှန်တကယ်တော့ ပို့စ်တင်ပြီးနောက် ဤအခြေအနေ၏ သဘောသဘာဝ ပြောင်းလဲသွားကြောင်းကို သူ မည်သို့ မသိဘဲ နေမည်နည်း။
ဒါပေမဲ့ ဘာဖြစ်လဲ။ အစိုးရက ကျန်းဟွေကို မသတ်ဖို့ သူ့ကို တားဆီးခဲ့ပြီး သူ့ကိုတောင် ဖမ်းဖို့ ကြိုးစားခဲ့တယ်။ သူက အလွယ်တကူ လက်လျှော့ပြီး အဖမ်းခံရမှာလား။ အဲဒါက မဖြစ်နိုင်ဘူး။ ထို့အပြင် အစိုးရ၏ လုပ်ရပ်အချို့ကြောင့် မကျေနပ်မှုများ စုပုံနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ လင်းဖုန်း၏ ပို့စ်က စနက်တံတစ်ခုသာ။
လင်းဖုန်း မည်မျှ ပြတ်သားကြောင်း မြင်သောအခါ လုံကျိုးလည်း ရယ်မောလိုက်သည်။ သူက ဆက်ပြောသည်။
"မင်း အကျိုးဆက်တွေကို သိနေပြီဆိုတော့ ငါ ထပ်မပြောတော့ဘူး။ မင်းက ပညာရေးအဖွဲ့က သိုင်းသမားတစ်ယောက်ပဲ။ အစိုးရအဖွဲ့ဆိုတော့ကော ဘာဖြစ်လဲ။ အလွန်ဆုံး အနာဂတ်မှာ သူတို့ဆီက အကူအညီ မတောင်းဘဲ နေလိုက်ရုံပေါ့။ ဟားဟား... စိတ်မပူပါနဲ့။ အခု မင်းရဲ့ ဒီကိစ္စက စနက်တံတစ်ခု ဖြစ်သွားပြီ။ မင်းအတွက် ကြီးကြီးမားမား ပြဿနာ ဘာမှ ဖြစ်မလာပါဘူး။ အဲဒါက သူတော်စင် ကိုးပါးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်လိမ့်မယ်။"
လင်းဖုန်း ခေါင်းညိတ်လိုက်သည်။ ကိစ္စများ ယခုအခြေအနေအထိ တိုးတက်လာပုံအရ အဖွဲ့ကြီး ငါးခုစလုံး အားပြိုင်မှုတစ်ခုတွင် ပါဝင်နေပြီ ဖြစ်သည်။ နောက်ဆုံး ဆုံးဖြတ်ချက်မှာ သူတော်စင် ကိုးပါးအပေါ်တွင်သာ မူတည်တော့သည်။
"အဲဒီမတိုင်ခင်တော့ ဘာပဲဖြစ်ဖြစ် ကျန်းဟွေကို ငါ သတ်မယ်"
လင်းဖုန်း မတ်တပ်ရပ်ကာ ထိတ်လန့်နေသော ကျန်းဟွေကို ကြည့်လိုက်သည်။ အခု အချိန်ကျပြီ။ ကျန်းဟွေ သေကိုသေရမည်။
***