ရုတ်တရက် ကောင်းကင်ကြီး မှောင်မိုက်သွားသည်။
ကောင်းကင်ယံကိုပင် ထောက်ပင့်ထားနိုင်သော ကြီးမားလှသည့် လက်ညှိုးကြီးတစ်ခုက လေဟာနယ်မှနေ၍ ဖိချလာပြီး အလွှာပေါင်းများစွာသော ဟင်းလင်းပြင်ကို ထိုးဖောက်လာသည်။ ကောင်းကင်ကြီးကိုပင် ဖုံးကွယ်ထားသကဲ့သို့ ဖြစ်သွားပြီး လေပြင်းများက ဗီလာဧရိယာ တစ်ခုလုံးကို ရိုက်ခတ်သွားသည်။
လင်းဖုန်း တစ်ယောက်တည်းသာ မျှော်လင့်ချက် ကင်းမဲ့ခြင်းနှင့် အသက်ရှူကျပ်ခြင်းကို ခံစားရသည် မဟုတ်ပေ။ ဗီလာအတွင်းရှိ သာမန်လူများဖြစ်စေ သာလွန်လူသား ကျွမ်းကျင်သူများဖြစ်စေ လူတိုင်း၏ မျက်လုံးများတွင် မျှော်လင့်ချက် ကင်းမဲ့မှုများ ရှိနေကြသည်။
ဤလက်ညှိုးကို တားဆီး၍ မရနိုင်ပေ။ သူတို့အားလုံး ပူးပေါင်းလိုက်လျှင်တောင်မှ ခုခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။ ကွာခြားချက်က ကြီးမားလွန်းလှသည်။
လုံကျိုးနှင့် နဂါးတောင်စခန်းမှ သာလွန်လူသား ကျွမ်းကျင်သူများ အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ လင်းဖုန်း ဤလက်ညှိုးကြောင့် သေဆုံးသွားမည်ကို သူတို့ ဒီအတိုင်း ရပ်ကြည့်မနေနိုင်ပေ။ သူတို့သည် ချုပ်နှောင်မှုများကို ရုန်းထွက်ရန်နှင့် သူတို့၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားများကို လှုပ်ရှားရန် အရူးအမူး ကြိုးစားရင်း အော်ဟစ်နေကြသည်။
သို့သော် သူတို့ မည်မျှပင် ကြိုးစားစေကာမူ အားလုံးမှာ အချည်းနှီးသာ ဖြစ်သည်။
လုံကျိုး၏ မျက်လုံးများပင် နီရဲနေသည်။ သူ ကောင်းကင်ကို ကြည့်လိုက်သည်။ ထိုကြီးမြတ်သော ပုဂ္ဂိုလ်ကို သူ ရှင်းရှင်းလင်းလင်း အကြောင်းကြားထားပြီး ဖြစ်သည်။ သူ ဘာလို့ အခုထိ ရောက်မလာသေးတာလဲ။
ဝေါင်း
ကြီးမားလှသော လက်ညှိုးကြီး ဖိချလာချိန်မှာပင် လူတိုင်း ရှင်းလင်းပြတ်သားသော အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအသံမှာ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံနှင့် တူလှသည်။ ထိုအသံသည် အဝေးမှ ချဉ်းကပ်လာပြီး သူတို့၏ နားထဲတွင် မိုးကြိုးသံကဲ့သို့ ပဲ့တင်ထပ်သွားသည်။
လေဟာနယ်ထဲမှ ကြီးမားသော နဂါးကြီးတစ်ကောင် ထွက်ပေါ်လာသည်။
ဤနဂါးကြီးမှာ မီတာရာပေါင်းများစွာ ရှည်လျားသည်။ ကောင်းကင်ကို ဖုံးကွယ်ထားနိုင်သော အတောင်ပံတစ်စုံ ပါရှိသည့် အာကာသယာဉ်တစ်စီးနှင့် တူသည်။ တောင်ပံပေါ့ပေါ့ပါးပါး တစ်ချက် ခတ်လိုက်ရုံဖြင့် မုန်တိုင်းတစ်ခု တိုက်ခတ်သွားသည်။
နဂါး...။ ဤသည်မှာ အနောက်တိုင်း ဒဏ္ဍာရီထဲမှ နဂါးတစ်ကောင် ဖြစ်သည်။
စင်စစ်တွငါ နဂါးများသည် အမှန်တကယ် တည်ရှိကြသည်။ သူတို့က အလွန်အမင်း အစွမ်းထက်သော နတ်ဆိုးအမျိုးအစားတစ်ခုသာ ဖြစ်သည်။ နဂါးများထဲမှ အစွမ်းထက်သော ကောင်များသည် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများနှင့်ပင် ယှဉ်နိုင်စွမ်း ရှိကြသည်။
ထို့ကြောင့် အနောက်တိုင်းတွင် ရှေးခေတ်ကာလများကတည်းက နတ်ဆိုးနဂါးများနှင့် ပတ်သက်သည့် ဒဏ္ဍာရီများ ရှိခဲ့သည်။ ထိုနတ်ဆိုးနဂါးများသည် လူများကို စားသောက်ရသည်ကို နှစ်သက်ကြပြီး မကောင်းမှု အမျိုးမျိုးကို ကျူးလွန်ကြသည်။ သူတို့သည် ကမ္ဘာကြီးကိုပင် ဖျက်ဆီးပစ်နိုင်ပေသည်။ နတ်ဆိုးနဂါးများ၏ စွမ်းအားကို ထိုဒဏ္ဍာရီများနှင့် ပုံပြင်များမှတစ်ဆင့် ထင်ရှားစွာ သိနိုင်သည်။
လက်ရှိအချိန်တွင် ကြီးမားလှသော နဂါးကြီးတစ်ကောင် ရုတ်တရက် ပေါ်လာခြင်းက ဘယ်လိုလုပ် မတုန်လှုပ်ဘဲ နေနိုင်မည်နည်း။
အထူးသဖြင့် ထိုကြီးမားလှသော နဂါးကြီးပေါ်တွင် လူသားပုံစံ ပုံရိပ်တစ်ခု ရှိနေသည့်အချိန်တွင် ဖြစ်သည်။
ထိုနဂါးနှင့် ကျောပေါ်ရှိ ပုံရိပ်ကို မြင်သောအခါ လုံကျိုးသည် အတိုင်းမသိ ဝမ်းသာသွားပြီး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။
နောက်ဆုံးတော့ သူ ရောက်လာပြီ။ ထိုသူမှာ အနန္တလမ်းစဉ်အကယ်ဒမီ ပညာရေးအဖွဲ့၏ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ၊ နဂါးစီးသူရဲကောင်း ဟောက်ရှီရီပင်။
လုံကျိုးသည် နဂါးတောင်အခြေစိုက်စခန်း၏ သာမန် အကြီးအကဲ တစ်ဦးသာ ဖြစ်သော်လည်း သူသည် တစ်ချိန်က နဂါးစီးသူရဲကောင်း ဟောက်ရှီရီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ခွင့် ရခဲ့ဖူးသည်။ ထို့ပြင် သူ၏ ပါရမီအတွက် အလွန် အသိအမှတ်ပြုခံခဲ့ရသူ ဖြစ်သည်။
လင်းဖုန်း ဒုက္ခရောက်နေကြောင်းနှင့် သိုင်းနယ်မြေဖိုရမ်တွင် စိန်ခေါ်စာတစ်စောင် တင်ထားကြောင်း သိရပြီးနောက် သူသည် ဤကိစ္စကို နဂါးစီးသူရဲကောင်း ဟောက်ရှီရီထံ အစီရင်ခံခဲ့ပြီး ဟောက်ရှီရီ ဝင်ပါပေးနိုင်ရန် မျှော်လင့်ခဲ့သည်။ မည်သို့ပင်ဆိုစေ ကျောက်တုံးမြို့မှာ အစိုးရအဖွဲ့၏ နယ်မြေဖြစ်ပြီး ထိုနေရာတွင် သူတို့၏ သံတမန် ရှိနေသည်။ လင်းဖုန်းက ဤမျှ ကြီးမားသော ဆူပူမှုကို ဖြစ်စေပြီးနောက် သံတမန်က ဘယ်လိုလုပ် ပေါ်မလာဘဲ နေမည်နည်း။
သို့သော် သူ၏ ခေါ်ယူမှုကြောင့် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ရောက်လာမည်လား ဆိုသည်နှင့် ပတ်သက်၍ လုံကျိုးတွင် ယုံကြည်မှု မရှိခဲ့ပေ။
သံတမန် ရောက်လာပြီး ငြင်းဆန်သည့် စကားတစ်ခွန်းတည်းဖြင့် လင်းဖုန်းကို ကွပ်မျက်ချင်သည့်အခါ လုံကျိုးမှာ ကြောက်ရွံ့မှုများကြောင့် အသက်ရှူကျပ်လုမတတ် ဖြစ်သွားရပြီး အလွန်အမင်း ဒေါသထွက်ခဲ့ရသည်။ သူ ဘယ်လိုများ ရဲဝံ့ရတာလဲ။
လင်းဖုန်းသည် ပညာရေးအဖွဲ့၏ ပါရမီရှင်တစ်ဦး ဖြစ်ပြီး ပညာရေးအဖွဲ့မှ သိုင်းသမားတစ်ဦး ဖြစ်သည်။ ထို့အပြင် သူသည် လူသားသူရဲကောင်း တံဆိပ်ကို ရရှိထားသော သူရဲကောင်းတစ်ဦးဖြစ်ပြီး အရှင်ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ ချီးကျူးမှုကိုလည်း ရရှိထားသူ ဖြစ်သည်။ အစိုးရအဖွဲ့၏ အုပ်ထိန်းသူက လင်းဖုန်းကို ဘယ်လိုလုပ် တိုက်ရိုက် ကွပ်မျက်နိုင်မှာလဲ။
သို့သော် လုံကျိုးမှာ အစွမ်းအစ မရှိပေ။ သူ ဘာမှ မလုပ်နိုင်ခဲ့ပေ။ သံတမန်က လင်းဖုန်း၏ သေဒဏ်ကို ကြေညာပြီး လင်းဖုန်းကို လက်ညှိုးတစ်ချောင်းဖြင့် ချေမှုန်းလိုက်သည်ကို သူ အကူအညီမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်ပေသည်။
ကံကောင်းထောက်မစွာဖြင့် နဂါးစီးသူရဲကောင်း ဟောက်ရှီရီ ရောက်လာခဲ့လေပြီ။
နဂါးကြီး ဟိန်းဟောက်လိုက်သည်နှင့် ရုတ်တရက် မီးလုံးကြီးတစ်ခုကို မှုတ်ထုတ်လိုက်သည်။ လေထဲရှိ ကြီးမားလှသော လက်ညှိုးကြီးနှင့် ပြင်းထန်စွာ တိုက်မိသောအခါ မီးလုံးကြီးက လေခွင်းသံများ မြည်ဟည်းသွားသည်။
ဝုန်း
မီးလုံးကြီးသည် ကြီးမားလှသော လက်ညှိုးကြီးကို ဝင်တိုက်မိပြီး ကျယ်လောင်သော အသံကြီးနှင့်အတူ ပေါက်ကွဲထွက်သွားသည်။ ပတ်ဝန်းကျင်ရှိ မမြင်နိုင်သော ချုပ်နှောင်မှုများအားလုံး ပျောက်ကွယ်သွားသကဲ့သို့ ရိုက်ခတ်မှု လှိုင်းလုံးများ အရပ်မျက်နှာ အသီးသီးသို့ ပြန့်နှံ့သွားသည်။ ယခု လူတိုင်း လွတ်လပ်စွာ လှုပ်ရှားနိုင်သွားကြပြီ ဖြစ်သည်။
"လင်းဖုန်း... မင်း အဆင်ပြေရဲ့လား"
လုံကျိုးနှင့် နဂါးတောင်စခန်းမှ သာလွန်လူသား ကျွမ်းကျင်သူများသည် လင်းဖုန်း ဘေးသို့ ချက်ချင်း ပြေးသွားကြသည်။
လင်းဖုန်း ခေါင်းခါကာ ပြောလိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်"
ထို့နောက် သူသည် ကောင်းကင်ရှိ ကြီးမားလှသော နဂါးကြီးကို ကြည့်လိုက်ရာ သူ့မျက်လုံးများတွင် ဇဝေဇဝါ ဖြစ်မှုများ ပြည့်နှက်နေသည်။
လုံကျိုးက ရိုးရှင်းစွာ ရှင်းပြလိုက်သည်။
"လင်းဖုန်း... ဒီလူက ပညာရေးအဖွဲ့ရဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ နဂါးစီးသူရဲကောင်း သခင်ဟောက်ရှီရီပဲ။ ငါ မလာခင်က သခင်ဟောက်ရှီရီကို အကြောင်းကြားခဲ့တာ။ ကံကောင်းလို့ သခင်ဟောက်ရှီရီ အချိန်မီ ရောက်လာတာပဲ။ ခုနက တကယ်ကို သီသီလေးပဲ"
ဒါဆို ဟောက်ရှီရီကို အကြောင်းကြားခဲ့တာ လုံကျိုးပေါ့။ လင်းဖုန်း အလွန် ကျေးဇူးတင်မိသည်။ သို့သော် မြင့်မြတ်သော နတ်ဘုရားတစ်ပါးကဲ့သို့ ဝတ်စင်ဖြူကြယ်ကို ဝတ်ဆင်ထားသော လေထဲရှိ သံတမန်ကို တွေ့သောအခါ သူ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"သူက ခုနက ကျွန်တော့်ကို တကယ် သတ်ချင်နေခဲ့တာပဲ။ သူ ဘယ်လိုများ လုပ်ရဲရတာလဲ"
လုံကျိုးက ခါးသက်သက် ပြုံးကာ ပြောလိုက်သည်။ "လင်းဖုန်း... အခု ဘာဖြစ်နေလဲဆိုတာ ငါ သိလောက်ပြီ။ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ကူးပြောင်းမှုဆိုတာ နတ်ဘုရားနယ်ပယ်ကို ရောက်ရှိတာပဲ။ ရှေးခေတ်ကာလတွေကဆိုရင် သူတို့ဟာ မြင့်မြတ်တဲ့ နတ်ဘုရားတွေ ဖြစ်နေလိမ့်မယ်။ မင်းလည်း အနောက်တိုင်းက ဒဏ္ဍာရီတချို့ကို ကြားဖူးမှာပေါ့။ ကမ္ဘာကြီးရဲ့ အပြစ်တွေကို မကျေနပ်တဲ့ နတ်ဘုရားတွေက ကမ္ဘာကြီးကို ဖျက်ဆီးဖို့ ရေလွှမ်းမိုးမှုတွေ စေလွှတ်နိုင်တယ်။ အဲဒီနတ်ဘုရားတွေရဲ့ စိတ်နေသဘောထားကို သာမန်လူတွေက ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။"
"နတ်ဘုရားနယ်ပယ်ကို ရောက်ရှိသွားတဲ့ သိုင်းသမားတချို့က သီးခြားကင်းကွာနေတဲ့ စိတ်နေသဘောထား ရှိနေတုန်းပဲ။ ပြီးတော့ သူတို့ကိုယ်သူတို့ မြင့်မြတ်တဲ့ နတ်ဘုရားတွေလို့ ခံစားနေကြတယ်။ ဒီသံတမန်က အဲဒီလိုလူမျိုးလို့ ငါ ယုံကြည်တယ်။ မင်း ခုနက သူ့ကို ဆန့်ကျင်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့တယ်။ သူ့အမြင်မှာ အဲဒါက ခွင့်လွှတ်လို့မရတဲ့ သေဒဏ်ထိုက်တဲ့ အပြစ်ပဲ။"
လင်းဖုန်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပြောလိုက်သည်။
"ဒီလိုလူတွေလည်း ရှိတာပဲလား"
သူ အမှန်တကယ်ပင် သူ၏ အမြင်ကျယ်သွားခဲ့ရပြီ။ ထို့အပြင် ဤသင်ခန်းစာမှာ နက်ရှိုင်းလှပြီး သူ၏ အသက်ဖြင့်ပင် ပေးဆပ်ခဲ့ရလုနီးပါး ဖြစ်သည်။ သူ ခုနက သေလုနီးပါး ဖြစ်ခဲ့သည်။ သူ့ကိုယ်သူ ကာကွယ်တဲ့ စကားတစ်ခွန်းလေးကြောင့်နဲ့လေ။
"အဲဒါက အကြောင်းရင်း ဖြစ်ဖို့ များတယ်။ မင်းက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားတာ သိပ်မကြာသေးဘူးဆိုတော့ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတချို့ရဲ့ အာဏာရှင်ဆန်မှုကို မင်း မသိသေးတာ။ သူတို့ကိုယ်သူတို့ သက်ရှိအားလုံးရဲ့ အထက်မှာရှိတဲ့ တကယ့် နတ်ဘုရားတွေလို့ သဘောထားကြတယ်။ ဟွန့်... ဒါပေမဲ့ သူတို့က စစ်မြေပြင်ကိုတော့ မသွားရဲကြဘူး။ အစိုးရအဖွဲ့မှာ အဲဒီလို သိုင်းသမားတွေ အများကြီး ရှိတယ်။ အဲဒါကြောင့်လည်း သိုင်းသမား တွေအများကြီးက အစိုးရအဖွဲ့ကို မကျေနပ်ကြတာပဲ။"
မည်သို့ပင်ဆိုစေ လုံကျိုးသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သည်မှာ ဆယ်စုနှစ်များစွာ ရှိပြီဖြစ်ရာ ဤနေရာတွင် ဘာဖြစ်နေသည်ကို သူ ကောင်းကောင်း သိသည်။
"ဒါဆိုရင် သခင်နဂါးစီးသူရဲကောင်းကကော"
"စိတ်မပူပါနဲ့။ သခင်နဂါးစီးသူရဲကောင်း ဟောက်ရှီရီက အခြေစိုက်စခန်းတစ်ခုကို ကိုယ်တိုင် စောင့်ကြပ်နေပြီး အစွမ်းထက်တဲ့ နတ်ဆိုးတချို့နဲ့ မကြာခဏ တိုက်ခိုက်လေ့ရှိတယ်။ သူ့မှာ ဘယ်လိုလုပ် အဲဒီလို သာလွန်နေတတ်တဲ့ စိတ်နေသဘောထားမျိုး ရှိနိုင်မှာလဲ။ သခင်ဟောက်ရှီရီလို နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကသာ တကယ့် သိုင်းသမားစစ်စစ်ပဲ။ သူတို့ကိုယ်သူတို့ နတ်ဘုရားလို့ သတ်မှတ်နေတဲ့သူ မဟုတ်ဘူး"
အမှန်တကယ်တော့ နဂါးစီးသူရဲကောင်း ဟောက်ရှီရီနှင့် သံတမန်တို့၏ အရှိန်အဝါမှတစ်ဆင့် ထိုသည်ကို သိမြင်နိုင်သည်။
နဂါးစီးသူရဲကောင်းသည် နဂါးပေါ်တွင် ရပ်နေပြီး သူ့ တစ်ကိုယ်လုံးမှ ကျယ်ပြောလှသော လွှမ်းမိုးနိုင်စွမ်းနှင့် သူရဲကောင်းဆန်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။ သူသည်လည်း အလွန် အစွမ်းထက်သော်လည်း ထိုသီးခြားကင်းကွာပြီး မြင့်မြတ်သော ခံစားချက်မျိုး မရှိပေ။ သူသည် အသွေးအသားဖြင့် ဖွဲ့စည်းထားသည့် အစွမ်းထက်သော သိုင်းသမားတစ်ဦးသာ ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ သံတမန်မှာ ကွာခြားလှသည်။ သူသည် မြင့်မားသော ဟန်ပန်ရှိပြီး သူ၏ အရှိန်အဝါမှာ သန့်ရှင်းကာ မင်းမျိုးမင်းနွယ်ဆန်လှသည်။ သူသည် သူ့ကိုယ်သူ နတ်ဘုရားတစ်ပါးဟု ယူဆထားသည်။
သူတို့နှစ်ဦးမှာ လုံးဝကို ကွာခြားလှသည်။
"သွားကြစို့။ သခင်ဟောက်ရှီရီရဲ့ နောက်ကို ဆုတ်ကြမယ်။ ဒီမှာ သခင်ဟောက်ရှီရီ ရှိနေတော့ ငါတို့ သေချာပေါက် လုံခြုံသွားပြီ"
ထို့ကြောင့် လုံကျိုးသည် လင်းဖုန်း၊ ယွီရှန်းနှင့် အခြားသူများကို ဦးဆောင်ကာ ဟောက်ရှီရီ၏ နောက်ဘက်ရှိ နေရာသို့ တိုက်ရိုက် ဆုတ်ခွာသွားသည်။ လာရောက်ကူညီသော အခြား သိုင်းသမားများလည်း ဆုတ်ခွာသွားကြပြီး နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ နှစ်ဦးအတွက် ကြီးမားသော နေရာတစ်ခုကို ဖယ်ပေးလိုက်ကြသည်။
"နဂါးစီးသူရဲကောင်း ဟောက်ရှီရီ"
ပျံသန်းနေသော နဂါးကို ကြည့်ကာ မြင့်မြတ်သော သံတမန်သည် ပထမဆုံးအကြိမ်အဖြစ် ဒေါသတကြီး မျက်မှောင်ကြုတ်လိုက်သည်။
***