ဘာသာပြန် - အားသစ်
သူ့အခန်းသို့ ပြန်ရောက်ပြီးနောက် လင်းဖုန်းသည် ဆက်သွယ်ရေးကိရိယာကို ထုတ်ယူလိုက်ရာ ဖုန်းခေါ်ဆိုမှုများစွာ ရှိနေကြောင်း သိလိုက်ရသည်။ ၎င်းတို့ထဲမှ အချို့မှာ သူ့မိဘများထံမှ ဖြစ်သည်။ ကျောက်တုံးမြို့တွင် သူ ဆူပူမှု ဖြစ်စေခဲ့သော ဗီဒီယိုများသည် ဗဟိုပင်လယ်သို့ ရောက်ရှိသွားပြီး သူ့မိဘများပါ သိရှိသွားခြင်း ဖြစ်နိုင်သည်။
သူ့မိဘများ အလွန် စိုးရိမ်နေမည်မှာ သေချာသောကြောင့် လင်းဖုန်းသည် အဖေနှင့် အမေတို့ကို အလျင်အမြန် ဆက်သွယ်လိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်တော် အဆင်ပြေပါတယ်။ စိတ်မပူပါနဲ့။ ကျွန်တော် အိမ်ပြန်လာဖို့ အချိန်ဘယ်လောက် ကြာမလဲဆိုတာတော့ မသေချာသေးဘူး။ ကျွန်တော် ဖြေရှင်းစရာ ကိစ္စလေးတွေ ရှိသေးတယ်"
လင်းဖုန်း သူ၏ မိဘများကို အတိုချုပ် နှစ်သိမ့်လိုက်သည်။ အခြားသော ဖုန်းခေါ်ဆိုမှု အချို့ကိုလည်း သူ ပြန်လည် ဖြေကြားခဲ့သည်။
ထိုအရာများ အားလုံးကို လုပ်ဆောင်ပြီးနောက် လင်းဖုန်း ယနေ့ ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် စဉ်းစားလိုက်သည်။ သူ့ခွန်အားမှာ အမှန်တကယ်ပင် အလွန် အစွမ်းထက်နေပြီဖြစ်ပြီး သူ၏ နည်းလမ်းအမျိုးမျိုးဖြင့် သူသည် အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် သိုင်းသမားများကိုပင် မကြောက်ရွံ့တော့ပေ။
သို့သော် အသွင်ပြောင်းနယ်ပယ် တတိယအဆင့် သိုင်းသမားတစ်ဦးနှင့် ရင်ဆိုင်ရမည်ဆိုပါက သူသည် ပြိုင်ဘက် မဟုတ်သေးပေ။ ခေါင်းဆောင်ရှဲ့နှင့် တိုက်ခိုက်ခဲ့စဉ်က တစ်ဖက်လူသည် သတ်ရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ခဲ့ခြင်း မဟုတ်ပေ။ သို့မဟုတ်ပါက ခေါင်းဆောင်ရှဲ့သာ အစွမ်းကုန် တိုက်ခိုက်ခဲ့လျှင် လင်းဖုန်းသည် သူနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။
သံတမန် ကျန်းဇီဖုန်းကို ရင်ဆိုင်ရခြင်းကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။ ကွာခြားချက်က အလွန်တရာ ကြီးမားလွန်းလှသည်။
"ငါ့ရဲ့ ခွန်အားက မလုံလောက်သေးဘူး။ ကြယ်တာရာစွမ်းအားက သာလွန်လူသား ကျွမ်းကျင်သူတွေ အဓိကထား ကျင့်ကြံတဲ့ စွမ်းအားဖြစ်ဖို့ တကယ်ပဲ ထိုက်တန်ပါတယ်။ အဲဒါက တကယ်ကို အရမ်း အရေးကြီးတယ်"
ကြယ်တာရာစွမ်းအား၏ အရေးပါမှုကို လင်းဖုန်းလည်း သိရှိနားလည်သွားသည်။ ကြယ်တာရာစွမ်းအား မလွင့်စင်သွားသရွေ့ တစ်ဖက်လူကို သတ်ရန် အလွန် ခက်ခဲပေလိမ့်မည်။ လင်းဖုန်းသည် သူ၏ ခန္ဓာကိုယ်ကို ကျင့်ကြံခြင်းမှ လက်လျှော့ရန် ရည်ရွယ်ချက် မရှိသော်လည်း သူသည် ကြယ်တာရာစွမ်းအားကိုလည်း ကျင့်ကြံရပေမည်။
ထို့အပြင် ယခင်က သူကြယ်တာရာဝဲဂယက်ကျင့်စဥ်ကို ကျင့်ကြံခဲ့စဉ်က တစ်ခုခု မှားယွင်းနေသည်ဟု သူ ခံစားခဲ့ရသည်။ အမှန်တကယ်တော့ သူသည် အလွန်တိုတောင်းသော အချိန်ကာလအတွင်း ကြယ်တာရာစွမ်းအား အမျှင်တန်း ၆၆ ခုကို စုစည်းနိုင်ခဲ့သည်။ သူ ဆက်လက် ကျင့်ကြံပါက မည်သည့်အဆင့်အထိ ရောက်ရှိသွားမည်ကို သူ တွေးမိသည်။
မည်သို့ပင်ဆိုစေ နဂါးစီးသူရဲကောင်း ဟောက်ရှီရီ ရှိနေသဖြင့် ဤဟိုတယ်တွင် အလွန် လုံခြုံလှသည်။ လင်းဖုန်း စိုးရိမ်ရန် မလိုအပ်ပေ။ ထို့ကြောင့် သူသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး ကြယ်တာရာစွမ်းအားကို စတင် စုစည်းတော့သည်။
...
အန္တိမအကြီးအကဲများဌာနသည် လူသားမျိုးနွယ်၏ အမှန်တကယ် အမြင့်ဆုံးသော ခန်းမဆောင်ကြီး ဖြစ်သည်။
လူအများစု၏ စိတ်ကူးထဲတွင် အန္တိမအကြီးအကဲများဌာနသည် ဇိမ်ခံပရိဘောဂများဖြင့် ပြညါ့နှက်နေပြီး ဂုဏ်ကျက်သရေရှိကာ ခမ်းနားကြီးကျယ်ပြီး တည်ကြည်လေးနက်နေရမည်ဟု ထင်ကောင်း ထင်ကြပေလိမ့်မည်။ သို့သော် လက်တွေ့တွင်မူ အန္တိမအကြီးအကဲများဌာနသည် သာမန်အသွင်အပြင်ရှိသော အဆောက်အအုံငယ်လေး တစ်ခုသာ ဖြစ်သည်။
အဆောက်အအုံထဲတွင် လူအများအပြားပင် မရှိပေ။
သို့သော် အဆောက်အအုံငယ်လေး၏ အပြင်ဘက်တွင်မူ လုံခြုံရေး အလွန်တင်းကျပ်ထားသည်။ နေရာတိုင်းတွင် အစောင့်များ ရှိနေပြီး သူတို့အားလုံးမှာ ချွင်းချက်မရှိ သာလွန်လူသား ကျွမ်းကျင်သူများချည်းသာ ဖြစ်ကြသည်။
ဤသည်မှာ လူ့အဖွဲ့အစည်း၏ အမြင့်ဆုံးသော ခန်းမဆောင်ကြီးဖြစ်ပြီး သူတော်စင် ကိုးပါး အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးရန် စုဝေးရာ နေရာလည်း ဖြစ်သည်။
လက်ရှိအချိန်တွင် အချိန်အတော်ကြာ အသုံးမပြုခဲ့သော အန္တိမအကြီးအကဲများဌာနသည် ရုတ်တရက် လင်းထိန်လာသည်။ ဌာန တစ်ခုလုံး နေလုံးတစ်လုံးဖြတ်သန်းသွားသည့်အလား လင်းထိန်နေသည်။
အန္တိမအကြီးအကဲများဌာနထဲတွင် ကုလားထိုင် ကိုးလုံးပါရှိသော ကြီးမားသည့် စားပွဲဝိုင်းကြီး တစ်လုံး ရှိသည်။ ကုလားထိုင် တစ်လုံးစီ၏ အထက်တွင် ဖန်သားပြင်တစ်ခုနှင့် ပရိုဂျက်တာတစ်ခု ရှိသည်။
ဝီ
ရုတ်တရက် ပရိုဂျက်တာ ကိုးခုလုံး လင်းထိန်လာသည်။ လွတ်ဟာနေသော အစည်းအဝေးခန်းမထဲတွင် စက်သံတစ်ခု ထွက်ပေါ်လာသည်။
"သူတော်စင်များ ညီလာခံ စတင်ရန် အသင့်ဖြစ်ပါပြီ။ သခင်သူတော်စင် ကိုးပါးကို ဂါရဝပြုပါတယ်"
စက်သံ ထွက်ပေါ်လာသည်နှင့်အမျှ ပရိုဂျက်တာ ကိုးခုစီသည် ကုလားထိုင်ပေါ်သို့ ပုံရိပ်ယောင်တစ်ခုစီ ထိုးချပေးလိုက်သည်။
ထိုပုံရိပ် ကိုးခုမှာ လူသားမျိုးနွယ်၏ ပင်မမဏ္ဍိုင်များဖြစ်သော ကမ္ဘာ့သူတော်စင် ကိုးပါးပင် ဖြစ်သည်။
"အချိန်ဘယ်လောက်တောင် ကြာသွားပြီလဲ။ သူတော်စင်များ ညီလာခံကို နောက်ဆုံးတော့ ပြန်လည် ကျင်းပနိုင်ခဲ့ပြီ"
"နောက်ဆုံးအကြိမ် သူတော်စင်များ ညီလာခံ ကျင်းပခဲ့တာက လွန်ခဲ့တဲ့ ၂၈ နှစ်က မဟုတ်လား။ အဲဒီတုန်းက သားရဲအမျိုးအစား နှစ်မျိုး ပေါ်လာပြီး ဧကရာဇ်အဆင့် နတ်ဆိုးကြီးတစ်ကောင်လည်း ပေါ်လာခဲ့တယ်"
"ကျွတ် ကျွတ်... အခု ငါတို့က အသွင်ပြောင်းနယ်ပယ်က ကလေးလေး တစ်ယောက်အတွက်နဲ့ သူတော်စင်များ ညီလာခံကို ကျင်းပနေရတယ်။ ဒါက ပထမဆုံးအကြိမ် ဖြစ်ရမယ်"
"ကလေးလေး တစ်ယောက် ဖန်တီးလိုက်တဲ့ ပြဿနာဆိုရင်တော့ ကောင်းတာပေါ့။ ဒီတစ်ခါတော့ အဲဒီလောက် မလွယ်ကူဘူးလို့ ငါထင်တယ်"
သူတော်စင် ကိုးပါး ပေါ်လာသောအခါ သူတို့သည် အာဏာရှင်ဆန်ခြင်း သို့မဟုတ် အေးစက်ခြင်း မရှိကြပေ။ ထိုအစား သူတို့ထဲမှ အချို့သည် သာမန် သိုင်းသမားများကဲ့သို့ တိုးတိုးတိတ်တိတ် စတင် ဆွေးနွေးလာကြသည်။
သို့သော် သူတို့သည် လူ့အဖွဲ့အစည်း၏ ထိပ်တန်း သိုင်းသမားများ ဖြစ်ကြလိမ့်မည်ဟု မည်သူက တွေးတောနိုင်မည်နည်း။ သူတို့သည် လူ့အဖွဲ့အစည်း၏ ပင်မဒေါက်တိုင်များ ဖြစ်ကြသည်။
သူတော်စင် ကိုးပါးစလုံးသည် ကမ္ဘာပျက်မတတ် ဆိုးရွားသော နတ်ဆိုးများကို တားဆီးရန်အတွက် အပြင်ဘက်နယ်မြေ၏ နက်ရှိုင်းသော နေရာများတွင် တပ်စွဲထားကြသည်။ ထို့ကြောင့် သူတို့ စုဝေးရန်မှာ ရှားပါးလှသည်။ သူတော်စင်များ ညီလာခံ ကျင်းပသည့် အချိန်တွင်သာ သူတို့သည် ပုံရိပ်ယောင် ကွန်ရက်ပေါ်တွင် ပုံရိပ်ယောင်များဖြင့် အချင်းချင်း တွေ့ဆုံကြမည် ဖြစ်သည်။
သူတော်စင်တိုင်းသည် သူတော်စင်များ ညီလာခံကို လက်ခံကျင်းပနိုင်သော်လည်း လူသားမျိုးနွယ်၏ အရေးကြီးသော ဆုံးဖြတ်ချက်များနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင်သာ ကျင်းပနိုင်သည်။ ဤသူတော်စင်များ ညီလာခံကို ပညာရေးအဖွဲ့မှ သူတော်စင် သုံးပါးက ပူးပေါင်း စတင်ခဲ့ခြင်းဖြစ်ရာ ၎င်းမှာ အတော်လေး ရှားပါးလှသည်။
"ကောင်းပြီ... မိတ်ဆွေဟောင်းတွေ အားလုံး စုံပြီ။ မကြာသေးခင်က ကျောက်တုံးမြို့မှာ ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုအတွက် ငါတို့သုံးယောက်က ဒီအစည်းအဝေးကို ကျင်းပတာပါ"
လူတိုင်း စုံပြီဖြစ်ကြောင်း မြင်သောအခါ အရှင်ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ပထမဆုံး စကားပြောလာသည်။ ဤညီလာခံ၏ အိမ်ရှင်မှာလည်း အရှင်ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ဖြစ်ရာ သူက ပထမဆုံး စကားပြောခြင်း ဖြစ်သည်။
"ကျောက်တုံးမြို့က ကိစ္စကို အခု လူတိုင်း သိကြပြီလို့ ငါ ယုံကြည်တယ်။ ဒီအစည်းအဝေးရဲ့ ရည်ရွယ်ချက်က လုပ်ထုံးလုပ်နည်းတစ်ခုကို ဆွေးနွေးဖို့ပါပဲ။ စည်းမျဉ်းတချို့က ခေတ်နဲ့ မကိုက်ညီတော့ဘူး ဖြစ်နိုင်တယ်။ အဲဒါတွေကို ပြောင်းလဲရမယ်"
အရှင်ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ လေသံမှာ အားကောင်းလှသော်လည်း လက်တွေ့တွင် ဤကိစ္စမှာ အမှန်တကယ်ပင် အလွန် အရေးကြီးလှသည်။ ယင်းသည် လူ့အဖွဲ့အစည်းရှိ အရေးကြီးသော တော်လှန်ရေးတစ်ခုနှင့် သက်ဆိုင်နေသောကြောင့် မည်သည့် အမှားအယွင်းမျှ ရှိ၍ မဖြစ်ပေ။
ထိုအချိန်တွင် ဝင်ရိုးစွန်းအကယ်ဒမီမှ သူတော်စင် ပင်းယွီကလည်း ပြောလိုက်သည်။
"အဲဒီတုန်းက ငါတို့ရဲ့ သဘောတူညီချက်က အစိုးရအဖွဲ့ကို အုပ်ချုပ်မှုအခွင့်အရေးတွေ ကျင့်သုံးဖို့နဲ့ လူ့အဖွဲ့အစည်းကို စီမံခန့်ခွဲဖို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အနည်းငယ် ပေးဖို့၊ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့ပဲ။ ဒါပေမဲ့ အခု ကြည့်ရသလောက်တော့ အဲဒီတုန်းက ငါတို့ရဲ့ ဆုံးဖြတ်ချက်က ရည်မှန်းချက်မရှိတဲ့ လူတချို့အတွက် ခြူးသီးကောက်တဲ့ နေရာတစ်ခု ဖြစ်လာနေတယ်။ ဒီလို စည်းမျဉ်းတွေကို အမြန်ဆုံး ပြောင်းလဲပစ်ရမယ်"
သူတော်စင် ပင်းယွီမှာ အမျိုးသမီး သူတော်စင်တစ်ပါး ဖြစ်ပြီး သူတော်စင် ကိုးပါးထဲတွင် တစ်ဦးတည်းသော အမျိုးသမီး ဖြစ်သည်။ သို့သော် မည်သူကမျှ သူတော်စင် ပင်းယွီကို အထင်မသေးရဲပေ။ သူမသည် သာမန် သိုင်းသမားတစ်ယောက်ဘဝမှ သူတော်စင်တစ်ပါးဖြစ်လာရန် တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာခဲ့ပြီး သူမကိုယ်တိုင်က ဒဏ္ဍာရီတစ်ခု ဖြစ်နေပြီ ဖြစ်သည်။
ဤသည်မှာ ဝင်ရိုးစွန်းအကယ်ဒမီ ကမ္ဘာပေါ်ရှိ ထိပ်တန်း ကျောင်းတော် သုံးခုထဲမှ တစ်ခု ဖြစ်လာရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။ သူတော်စင် ပင်းယွီမှာ အလွန် အသက်ကြီးနေပြီဖြစ်သော်လည်း သူမသည် အသက်ဝိညာဉ် အသွင်ကူးပြောင်းမှု လေးကြိမ်ကို ဖြတ်သန်းခဲ့ရသောကြောင့် သူမ လုံးဝ အိုမင်းရင့်ရော်လာမည် မဟုတ်ပေ။ ထို့ကြောင့် သူမသည် အသက် နှစ်ဆယ် သို့မဟုတ် သုံးဆယ်အရွယ်ခန့်သာ ရှိပုံရပြီး အလွန် လှပလှသည်။
"အစိုးရအဖွဲ့ကို ပြုပြင်ပြောင်းလဲဖို့ ငါလည်း ထောက်ခံတယ်"
စကားပြောလာသူမှာ ကြီးမြတ်သော သိုင်းအကယ်ဒမီ သုံးခုထဲမှ တစ်ခုဖြစ်သည့် သူတော်စင်အကယ်ဒမီမှ သူတော်စင်ကတ် ဖြစ်သည်။ သူတော်စင် ကတ်သည် အနောက်တိုင်းသား တစ်ဦးလည်း ဖြစ်သည်။ သူသည် သေသပ်လှပစွာ ဝတ်ဆင်ထားပြီး မင်းမျိုးမင်းနွယ်တစ်ဦးကဲ့သို့ တော်ဝင်ဆန်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
အမှန်တကယ်တော့ ကတ်သည် အနောက်တိုင်း မင်းမျိုးမင်းနွယ်အဖြစ် မွေးဖွားလာပြီး နောက်ဆုံးတွင် သူတော်စင်တစ်ပါး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
သူတော်စင်အကယ်ဒမီသည် တပ် အစိုးရတို့နှင့် နီးကပ်စွာ ဆက်စပ်နေသော်လည်း သူတော်စင်ကတ်မှာ လက်တွေ့တွင် တပ် သို့မဟုတ် အစိုးရအဖွဲ့မှ သူတော်စင်တစ်ပါး မဟုတ်ပေ။
ဤသည်မှာ သူတော်စင်အကယ်ဒမီက တပ် အစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်မှုအချို့ ရှိနေသောကြောင့်သာ ဖြစ်သည်။ ထိပ်တန်း အကယ်ဒမီ သုံးခုမှ သူတော်စင်များသည် အချင်းချင်း အလွန် ရင်းနှီးသော ဆက်ဆံရေး ရှိကြသည်။ ယခု သူတို့ အားလုံးက ပြုပြင်ပြောင်းလဲမှုကို တောင်းဆိုနေကြပြီဖြစ်ရာ သူတို့သည် ကြိုတင်၍ အချင်းချင်း ဆက်သွယ်ထားပြီး ဖြစ်ရပေမည်။
ပညာရေးအဖွဲ့မှ သူတော်စင် သုံးပါးစလုံးက ပြုပြင်ပြောင်းလဲရန် ပြတ်သားစွာ အဆိုပြုထားသည်ကို မြင်သောအခါ သူတော်စင်များ အားလုံးသည် ယနေ့ အစည်းအဝေး၏ အဓိက ခေါင်းစဉ်မှာ ဘာလဲဆိုသည်ကို နားလည်သွားကြသည်။ ပြုပြင်ပြောင်းလဲရေး...
"အဘိုးခန်း... ခင်ဗျား ဘယ်လိုထင်လဲ"
အရှင်ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က သူတော်စင်ခန်းကို တိုက်ရိုက် မေးလိုက်သည်။
ဤသူတော်စင်ခန်းမှာ အစိုးရအဖွဲ့မှ သူတော်စင်တစ်ပါး ဖြစ်သည်။ သူသည် အနည်းငယ် အသက်ကြီးပုံရသည်။ ပြောရမည်ဆိုလျှင် သူတော်စင်ခန်းသည် လူသားမျိုးနွယ် တစ်ခုလုံး၏ ပထမဆုံးသော သူတော်စင် ဖြစ်သည်။ ထိုစဉ်က သူ အလွန် အသက်ကြီးနေချိန်တွင် စတုတ္ထအကြိမ် အသက်ဝိညာဉ်အသွင်ကူးပြောင်းမှုကို ဖြတ်သန်းကာ သူတော်စင်တစ်ပါး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က နည်းပညာများ ပေါက်ကွဲထွက်လာကာစသာ ရှိသေးပြီး လူသားများသည် အသက်ဝိညာဉ်အသွင်ကူးပြောင်းမှု လေးကြိမ်ကို ဖြတ်သန်းရန် ဖြစ်နိုင်ခြေ ရှိမရှိကို ရှာဖွေနေဆဲပင် ရှိသေးသည်။ သူတော်စင်ခန်းသည် သိုင်းသမားများ အားလုံးအတွက် လမ်းကြောင်းတစ်ခုကို ဖောက်လုပ်ပေးခဲ့သူ ဖြစ်သည်။
ထို့ကြောင့် ဤနေရာတွင် ရှိနေသော အခြား သူတော်စင် ရှစ်ပါးစလုံးသည် သူ၏ မျိုးဆက်သစ်များပင် ဖြစ်ကြသည်။
သို့သော် သူတော်စင်ခန်းသည် သူတော်စင်များ အားလုံးထဲတွင် အစွမ်းအထက်ဆုံး မဟုတ်ပေ။ အမှန်တကယ်တော့ သူသည် အနည်းငယ် အားနည်းသည်။ သို့သော် သူသည် အလေးစားခံရဆုံးသော သူတော်စင် ဖြစ်သည်။
ပြုပြင်ပြောင်းလဲရေးသည် အစိုးရအဖွဲ့ကို အဓိက ပစ်မှတ်ထားခြင်း ဖြစ်သည်။ ထို့အပြင် သူတော်စင်ခန်းသည် လူသားမျိုးနွယ်၏ ပထမဆုံးသော သူတော်စင် ဖြစ်သည်။ သူ၏ သဘောထားမှာ သဘာဝကျကျပင် အလွန် အရေးကြီးလှသည်။
***