ဘာသာပြန် - အားသစ်
နောက်ထပ် သုံးရက်နှင့် သုံးည ကုန်ဆုံးသွားပြန်သည်။ လင်းဖုန်း ကြယ်တာရာစွမ်းအားကို စုစည်းသည့် အရှိန်ကလည်း ပို၍ပင် မြန်ဆန်လာသည်။ သုံးရက်လုံးလုံး ကြာပြီးသည့်နောက် လင်းဖုန်းသည် နောက်ထပ် ကြယ်တာရာစွမ်းအား အမျှင်တန်း ၁၀၀ ကို စုစည်းနိုင်ခဲ့သည်။
မူလ ကြယ်တာရာစွမ်းအား အမျှင်တန်း ၁၀၀ နှင့် ပေါင်းလိုက်လျှင် လင်းဖုန်း၏ ခန္ဓာကိုယ်ထဲတွင် ကြယ်တာရာစွမ်းအား အမျှင်တန်း ၂၀၀ ဆိုသည့် ကြောက်မက်ဖွယ် အရေအတွက်ကို ရောက်ရှိသွားလေပြီ။
ထို့အပြင် လင်းဖုန်း ကြယ်တာရာစွမ်းအား စုစည်းသည့် အရှိန်ကလည်း ဆက်လက်တိုးတက်နေဆဲပင်။ တစ်ရက်ကို အမျှင်တန်း ၃၀ မှ ၄၀ အထိ တိုးလာခဲ့သည်။ လင်းဖုန်း၏ ဘေးပတ်ပတ်လည်မှ ကြယ်တာရာဝဲဂယက် ပိုမို ကြီးမားလာသည်နှင့်အမျှ ကြယ်တာရာစွမ်းအား စုစည်းသည့် အရှိန်ကလည်း ပိုမိုတိုးတက်လာဆဲပင်။
ကြယ်တာရာစွမ်းအား အမျှင်တန်း ၂၀၀ ဆိုသည်မှာ အလွန်တရာ အစွမ်းထက်နေပြီ ဖြစ်သော်လည်း အဓိကအချက်မှာ လင်းဖုန်းသည် သူ့ အကန့်အသတ်ကို ရောက်သွားသည်ဟု မခံစားရသေးခြင်းပင်။ အကန့်အသတ်ကို ရောက်သွားသည့် အရိပ်အယောင်အနည်းငယ်မျှပင် မရှိချေ။
သို့သော် လင်းဖုန်း၏ ခန္ဓာကိုယ်ထဲမှ ကြယ်တာရာစွမ်းအားကလည်း အလွန် ငြိမ်သက်နေသည်။ ကြယ်တာရာစွမ်းအား အမျှင်တန်း ၂၀၀ ကို ထိန်းချုပ်ခြင်းနှင့် အမျှင်တန်း ဒါဇင်အနည်းငယ်ကို ထိန်းချုပ်ခြင်းကြားတွင် ဘာကွာခြားချက်မှ မရှိချေ။ ပေါက်ကွဲအား ပိုကောင်းလာသည်သာ ရှိသည်။ အကန့်အသတ်သို့ မရောက်သေးသည့်အတွက် လင်းဖုန်း ဆက်လက် ကျင့်ကြံနေခဲ့သည်။
တစ်ရက်၊ နှစ်ရက်၊ သုံးရက်...
စုစုပေါင်း ခုနစ်ရက် ကြာပြီးနောက် လင်းဖုန်း၏ ခန္ဓာကိုယ်ထဲတွင် ကြယ်တာရာစွမ်းအား အမျှင်တန်း စုစုပေါင်း ၅၀၀ အထိ တိုးလာခဲ့သည်။ ဤသည်မှာ လုံးဝကို မကြုံစဖူး မကြားစဖူး ထူးခြားလှသည့် ကိစ္စပင်။ ထိုအကြောင်းကို ကြားလျှင် ဘယ်သူကမှ ယုံကြည်လိမ့်မည် မဟုတ်ချေ။
လင်းဖုန်း အနည်းငယ် စိုးရိမ်လာသည်။ ထို့နောက် လင်းဖုန်းသည် ကြယ်တာရာစွမ်းအား အမျှင်တန်း ၅၂၀ ကို စုစည်းမိသည့်အခါတွင်မှသာ နောက်ဆုံးတွင် သူ၏ အကန့်အသတ်ကို ခံစားလိုက်ရသည်။ ထို့ကြောင့် သူ ကြယ်တာရာစွမ်းအားစုစည်းသည့်အရှိန်ကို လျှော့ချလိုက်သည်။
ငါးရာ့နှစ်ဆယ့်တစ်၊ ငါးရာ့နှစ်ဆယ့်နှစ်၊ ငါးရာ့နှစ်ဆယ့်သုံး... နောက်ဆုံးတွင် လင်းဖုန်း အကန့်အသတ်သို့ ရောက်သွားသည်။ ကြယ်တာရာစွမ်းအား အမျှင်တန်း ငါးရာ့နှစ်ဆယ့်သုံးခုပင်။ ဤမျှထိများပြားလှသော ကြယ်တာရာစွမ်းအားကို စုစည်းပြီးသည့်နောက် လင်းဖုန်းအတွက် နောက်ထပ် ကြယ်တာရာစွမ်းအား အမျှင်တန်း တစ်ခုမျှလောက်ပင် ထပ်မံစုစည်းရန် လက်တွေ့တွင် မဖြစ်နိုင်တော့ချေ။
သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် ကြယ်စွမ်းအားများ မည်မျှပင် များပြားနေပါစေ ထိုစွမ်းအားများမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားလိမ့်မည်။ ထို့အပြင် လင်းဖုန်းခန္ဓာကိုယ်ထဲတွင်လည်း အနည်းငယ်နာကျင်မှု ခပ်ရေးရေး ခံစားရပေလိမ့်မည်။
ဤသည်မှာ တကယ့် အကန့်အသတ်ပင်။ လင်းဖုန်းအနေနှင့် အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့်ကို မရောက်မချင်း နောက်ထပ် တိုးတက်ဖို့ဆိုသည် မရှိနိုင်တော့ပေ။ သို့သော် လောလောဆယ်တွင် လင်းဖုန်းသည် အသွင်ပြောင်းလဲခြင်းကို မပြီးမြောက်သေးပေ။ ခန္ဓာကိုယ် အသွင်ပြောင်းလဲခြင်းကို မပြီးမြောက်သေးဘဲ အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိသွားသော သိုင်းသမားများ ရှိကောင်းရှိနိုင်သော်လည်း လင်းဖုန်း ထိုသို့သော သိုင်းသမားများအကြောင်း တစ်ခါမှ မကြားခဲ့ဖူးပေ။
"ဟူး..."
လင်းဖုန်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။ ကြယ်တာရာဝဲဂယက်ကျင့်စဉ် အသုံးပြုမှု ရပ်လိုက်သောအခါ သူ့ခန္ဓာကိုယ်ပေါ်မှ ကြယ်တာရာဝဲဂယက် လျင်မြန်စွာ လွင့်စင်ပျောက်ကွယ်သွားသည်။ အခန်းထဲတွင်လည်း ကြယ်တာရာစွမ်းအား တုန်ခါမှုများ မရှိတော့ချေ။
လင်းဖုန်းသည် သူ့ခန္ဓာကိုယ်ထဲမှ ကြယ်တာရာစွမ်းအားကို သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ ထိုကြယ်တာရာစွမ်းအားများ သူ့ခန္ဓာကိုယ် နေရာအနှံ့တွင် ရှိနေကြောင်း သိလိုက်ရသည်။ လင်းဖုန်းသည် ထိုစွမ်းအားများကို စိတ်တိုင်းကျလိုသလို စုစည်းပြီး ထုတ်လွှတ်နိုင်သလို အလွန်တရာလည်း သွက်လက်လှသည်။
ထို့အပြင် ကြယ်တာရာစွမ်းအား ရှိနေခြင်းက ခန္ဓာကိုယ်ကို လှုံ့ဆော်ပေးနိုင်ပုံရပြီး လင်းဖုန်း၏ ခန္ဓာကိုယ်ကို သိသိသာသာ ပိုမို သန်မာလာစေသည်။
ကြယ်တာရာစွမ်းအား အမျှင်တန်း ၅၀၀ ကျော် ရှိနေခြင်းက အံ့သြစရာကောင်းသည့် ခံစားချက်ပင်။ လင်းဖုန်း၏ အတွေးတစ်ချက်နှင့်တင် သူ့ခန္ဓာကိုယ်ထဲမှ ကြယ်တာရာစွမ်းအားက သူ့ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် လျင်မြန်စွာ စုစည်းသွားပြီး ကြယ်တာရာ ချပ်ဝတ်တန်ဆာ အလွှာတစ်ခုကို ဖြစ်ပေါ်စေသည်။
ထိုချပ်ဝတ်တန်ဆာ အလွှာသည် လင်းဖုန်း၏ မွေးရာပါစွမ်းရည်နှင့် လုံးဝကို ကွာခြားလှသည်။ လင်းဖုန်း၏ မွေးရာပါစွမ်းရည် ချပ်ဝတ်တန်ဆာမှာ ပင်ကိုယ်ဗီဇကဲ့သို့ ဖြစ်နေပြီး မည်သည့် အကုန်အကျမျှ မရှိပေ။ ယခု လင်းဖုန်း စုစည်းထားသည့် ကြယ်တာရာစွမ်းအား ချပ်ဝတ်တန်ဆာအလွှာမှာမူ သူ့ခန္ဓာကိုယ်နှင့် လုံးဝ သီးခြားစီဖြစ်သည်။ ကြယ်တာရာချပ်ဝတ်သည် လင်းဖုန်း ကိုယ်တိုင် အသုံးပြုရန် စကြဝဠာထဲမှ စုပ်ယူထားသော ကြယ်စွမ်းအားများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
ထိုခံစားချက်မှာ အလွန်တရာ ရှင်းလင်းပြတ်သားလှသည်။ ထို့အပြင် ကြယ်တာရာချပ်ဝတ်တန်ဆာ၏ စွန်းအားကုန်ဆုံးမှုကလည်း အလွန်တရာ ကြီးမားလွန်းလှသည်။ ကြယ်တာရာစွမ်းအားကို ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲဖို့အတွက်ပင် အနည်းဆုံး ကြယ်တာရာစွမ်းအား အမျှင်တန်း ၃၀၀ လိုအပ်ပြီး ထိုချပိဝတ်ကို ထိန်းသိမ်းထားရန် စက္ကန့်တိုင်းတွင် ကြယ်တာရာစွမ်းအားများ ဆက်လက်ကုန်ဆုံးနေသည်။
အကယ်၍ လင်းဖုန်းက ထိုကြယ်တာရာ ချပ်ဝတ်တန်ဆာကို အတင်းအကျပ် ထိန်းသိမ်းထားမည်ဆိုရးလျှင် တစ်မိနစ်လောက်သာ ခံနိုင်ပေလိမ့်မည်။ ပြင်းထန်ကြမ်းတမ်းလှသော တိုက်ပွဲတစ်ခုတွင် ပါဝင်နေမည်ဆိုပါက အချိန်မှာ ပို၍ပင် တိုတောင်းသွားနိုင်သည်။
ဤသည်မှာ အခြေခံအားဖြင့် အသွင်ပြောင်းနယ်ပယ် တတိယအဆင့် သိုင်းသမားများသာ တိုက်ပွဲတွင် ကြယ်တာရာချပ်ဝတ်တန်ဆာကို စုစည်းကြသည့် အကြောင်းရင်းလည်း ဖြစ်ပေသည်။ စွမ်းအားကုန်ဆုံးမှုမှာ အလွန့်အလွန် ကြီးမားလွန်းလို့လှသည်။ သာမန် အသွင်ပြောင်းနယ်ပယ် ပထမအဆင့်နဲ့ ဒုတိယအဆင့် သိုင်းသမားများမှာ ထိုမျှကြိးမားလှသောစွမ်းအားကို ထောက်ပံ့ပေးရန် လုံးဝမတတ်နိုင်ချေ။ အချိန်ကြာလာသည်နှင့်အမျှ ကြယ်တာရာချပ်ဝတ်ကို ဆက်လက်ထိန်းသိမ်းထားရန် ဖြစ်နိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် ကြယ်တာရာချပ်ဝတ်စာစည်းမည့်အစား တိုက်ပွဲတွင် ကြယ်တာရာစွမ်းအားကို အစွမ်းကုန် တိုက်ရိုက်ထုတ်လွှတ်ကာ အသုံးပြုလိုက်ခြင်းက သူတို့အတွက် ပိုကောင်းပေသည်။
လင်းဖုန်းသည် ကြယ်တာရာစွမ်းအား ပေါက်ကွဲထွက်လာမှုစွမ်းအားကို ကြုံတွေ့ခဲ့ဖူးပြီးသားပင်။ ပုံမှန်အားဖြင့် အသွင်ပြောင်းနယ်ပယ် ပထမအဆင့် သိုင်းသမားတစ်ယောက်သည် သူတို့ခန္ဓာကိုယ်ထဲမှ ကြယ်တာရာစွမ်းအား အမျှင်တန်း ၉၉ ခုလုံးကို ထုတ်လွှတ်လိုက်သည့်အခါ သူတို့၏ ခွန်အား လေးငါးဆခန့်ထိ တိုးလာပေလိမ့်မည်။
မူလက ခွန်အား တန်ချိန် ၁၀၀ ခန့်ရှိသည့် သာမန် အသွင်ပြောင်းနယ်ပယ် ပထမအဆင့် သိုင်းသမားတစ်ယောက်သည် ကြယ်တာရာစွမ်းအား အမျှင်တန်း ၉၀ ပေါက်ကွဲထွက်လာသောအခါ ခွန်အား တန်ချိန် ၅၀၀ ကျော်အထိပင် ရောက်ရှိနိုင်သည်။
လင်းဖုန်းအတွက် သူ့တွင် ကြယ်တာရာစွမ်းအား အမျှင်တန်း ၉၉ ခုသာမကချေ။ ၅၀၀ ကျော်ပင် ရှိနေသည်။ ထိုစွမ်းအား အားလုံးကို ထုတ်လွှတ်လိုက်ပြီဆိုလျှင် ဘယ်လောက်တောင် ဖျက်ဆီးနိုင်စွမ်း ရှိလိုက်မလဲ။
လင်းဖုန်း၏ ကိုယ်ပိုင် ရုပ်ပိုင်းဆိုင်ရာ ခွန်အားအပြင် ဝဲဂယက်စွမ်းအား သုံးခုကို တပြိုင်နက်အသုံးပြုလိုက်လျှင် ခွန်အား တန်ချိန် ၁၄၀၀ ခန့် ရှိလာမည်ကို မပြောနှင့်။ ကြယ်တာရာစွမ်းအား အမျှင်တန်း ၁၀၀ အတွက် ခွန်အား တန်ချိန် ၄၀၀ ပေါက်ကွဲထွက်လာသည့် အတိုင်းအတာကို အခြေခံလျှင် လင်းဖုန်းသာ ကြယ်တာရာစွမ်းအား အမျှင်တန်း ၅၀၀ ပေါက်ကွဲထွက်လာလျှင် ခွန်အား တန်ချိန် ၂၀၀၀ ခန့်အထိပင် ထုတ်လွှတ်နိုင်ပေလိမ့်မည်။ လင်းဖုန်း၏ မူလ ခွန်အား တန်ချိန် ၁၄၀၀ နဲ့ ပေါင်းလိုက်လျှင် ခွန်အား တန်ချိန် ၃၄၀၀ ခန့်အထိ ရှိသွားပေလိမ့်မည်။ သေချာသည်မှာ တကယ့် တိုက်ပွဲတွင် ထိုသို့သော ကြယ်တာရာစွမ်းအားမျိုး ထုတ်လွှတ်ရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ပေ။
သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများအတွက် ကြယ်တာရာစွမ်းအားသည် သူတို့၏အသက်နှင့် သက်ဆိုင်ပေသည်။ သူတို့၏ ကြယ်တာရာစွမ်းအား မလွင့်ပါးသွားသရွေ့ လုံးဝနီးပါး မသေနိုင်ပေ။ ထို့ကြောင့် သာလွန်လူသားများသည် ကြယ်တာရာစွမ်းအားကို ထုတ်လွှတ်သည့်အခါတွင် အလွန်တရာ သတိထား၍ ဂရုတစိုက်ထုတ်လွှတ်တတ်ကြသည်။
ဥပမာအားဖြင့် လင်းဖုန်းနှင့် ခေါင်းဆောင်ရှဲ့တို့၏ တိုက်ပွဲတွင် ခေါင်းဆောင်ရှဲ့ ထုတ်လွှတ်လိုက်သော ကြယ်တာရာစွမ်းအား ပမာဏသည် တစ်ကြိမ်လျှင် အမျှင်တန်း ၂၀၀ ထက် မပိုသင့်ပေ။ သို့မဟုတ်ပါက သူအစွမ်းကုန် တိုက်ခိုက်ပြီး ကြယ်တာရာစွမ်းအား အမျှင်တန်း ၉၉၉ ခုလုံးကို တစ်ကြိမ်တည်း ထုတ်လွှတ်လိုက်မည်ဆိုလျှင် ဖျက်ဆီးနိုင်စွမ်းရှိသည့် ခွန်အား တန်ချိန် ၄၀၀၀ ကျော်ခန့် ဖြစ်သွားပေလိမ့်မည်။
ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ။
အကယ်၍ ခေါင်းဆောင်ရှဲ့သာ သူ့ စွမ်းအားအပြည့်ကို ထုတ်လွှတ်လိုက်မည်ဆိုလျှင် လင်းဖုန်း တိုက်ရိုက်သုတ်သင်ခံရနိုင်ချေတောင် ရှိသည်။ မသေလျှင်တောင်မှ သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပေလိမ့်မည်။ ထို့ကြောင့် လင်းဖုန်း၏ မသေမျိုး အစွမ်းသတ္တိမှာ ထိုကဲ့သို့ ခွန်အားကို ခံနိုင်ရည်ရှိမရှိ မသိနိုင်သေးချေ။ မည်သူနိုင်မလဲဆိုသည်ကို ကြိုတင်ခန့်မှန်းရန် မဖြစ်နိုင်ပေ။ သို့သော် ခေါင်းဆောင်ရှဲ့သည် သူ့ခွန်အားအပြည့်ကို လုံးဝ ထုတ်လွှတ်မည် မဟုတ်ပေ။ သူသည် တိုက်ပွဲအတွင်းတွင်လည်း ကြယ်စွမ်းအားကို စုပ်ယူပြီး ကြယ်တာရာစွမ်းအားအဖြစ် ပြောင်းလဲနိုင်သော်လည်း ထိုသို့စုပ်ယူနိုင်စွမ်းမှာ အလွန်တရာ နှေးကွေးလွန်းလှသည်။ ကြယ်တာရာစွမ်းအား အားလုံးကို ထုတ်လွှတ်လိုက်သည်နှင့် ကြယ်တာရာစွမ်းအား မရှိသည့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများအတွက် အလွန်တရာ အန္တရာယ်များသွားပေလိမ့်မည်။
လုံကျိုးက နဂါးကျောက်တုံးမြို့တွင် ဝက်အူရစ်ပိုးကောင် နတ်ဆိုးများနှင့် တိုက်ခိုက်ခဲ့စဥ်ကလည်း ကြယ်တာရာစွမ်းအားကို အလွန်တရာ သတိထားပြီး အသုံးပြုခဲ့သည်။ သို့မဟုတ်ပါက သူဘယ်လိုလုပ် ထိုမျှလောက် အကြာကြီး တောင့်ခံနိုင်မည်နည်း။ သို့သော် လင်းဖုန်းအတွက်မူ သူ့တွင် မသေမျိုး အစွမ်းသတ္တိ ရှိနေသည့်အတွက် ကြယ်တာရာစွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်ပေသည်။ သူ ဒဏ်ရာရမည်ကို မကြောက်သလို ဒဏ်ရာရခဲ့လျှင်တောင် ချက်ချင်း ပြန်လည် သက်သာလာနိုင်သည်။
ကြယ်တာရာစွမ်းအား မရှိလျှင်တောင်မှ လင်းဖုန်းသည် ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ဖြင့်ပင် အလွန်ကို အစွမ်းထက်နေပေလိမ့်မည်။
ထိုအကြောင်းကို တွေးမိသည့်အခါ လင်းဖုန်း၏ မျက်လုံးအစုံမှာ ညအမှောင်ထဲမှကြယ်စင်များအလား တောက်ပလာသည်။ သူ့လက်ထဲမှ ကြယ်တာရာစွမ်းအားကို အကောင်းဆုံး အသုံးချနိုင်မည့် နည်းလမ်းကို သူ စဉ်းစားမိသွားသည်။ သူ ကြယ်တာရာစွမ်းအားကို ဆက်လက် စုစည်းသွားမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ် လေ့ကျင့်မှုကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်သာ။
ထိူသို့လိုဆိုလျှင် သူ၏ ကြယ်တာရာစွမ်းအားက အကန့်အသတ်မရှိ ပေါက်ကွဲထွက်လာနိုင်ပြီး သူ့ခွန်အားကလည်း အရည်အသွေးပိုင်းအရ တိုးတက်လာပေလိမ့်မည်။
"ငါ သိပြီ၊ ငါ သိပြီ။ ဒါက ငါ လျှောက်ရမယ့် လမ်းစဉ်ပဲ..."
အသွင်ပြောင်းနယ်ပယ်မှာ လျှောက်ရမည့် လမ်းစဉ်ကို ရှာတွေ့ခဲ့သည့်အတွက် လင်းဖုန်း အလွန်ကို စိတ်လှုပ်ရှားနေသည်။ ဤသည်မှာ အသွင်ပြောင်းနယ်ပယ်အတွက်သာ အသုံးဝင်သည် မဟုတ်ပေ။ အနာဂတ်တွင် နတ်ဘုရားနယ်ပယ်တွငိလည်း ထိုလမ်းစဉ်အတိုင်း လျှောက်နိုင်သည်။ ဤသည်က လင်းဖုန်း၏ ကြယ်တာရာစွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို တစ်ပြိုင်နက်တည်း တိုးမြှင့်ဖို့ပင်။
မည်သည့်သိုင်းသမားမှ ထိုလမ်းစဉ်ကို မလျှောက်ကြပေ။ အကြောင်းရင်းမှာလည်း အလွန်တရာ ရိုးရှင်းလှသည်။ လူ့ခန္ဓာကိုယ်တွင် အကန့်အသတ်များစွာ ရှိသည်။ လူ့ခန္ဓာကိုယ်သည် အစောကတည်းက အလွန်တရာ အားနည်းကာ သားရဲများနှင့် ယှဉ်လျှင် ပြောနေစရာပင် မလိုပေ။ သူတို့ မည်မျှထိပင် လေ့ကျင့်စေကာမူ သိသိသာသာ အားကောင်းသန်မာသည့်အဆင့်တစ်ခုအထိ မတိုးတက်နိုင်ချေ။ သို့သော် လင်းဖုန်းမှာမူ တခြားသူများနှင့် မတူကွဲပြားလှသည်။ သူ့တွငိ သားရဲများ၏ မျိုးရိုးဗီဇများနှင့် ပေါင်းစပ်နိုင်သည့် မျိုးရိုးဗီဇ ပေါင်းစပ်ကိရိယာတစ်ခု ရှိနေသည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ထိုသားရဲများ သို့မဟုတ် ထိုနတ်ဆိုးများထက်ပင် ပိုမို သန်မာလာစေနိုင်သည်။
ထိုသို့သော အားသာချက်မျိုး ရှိနေသည်ဖြစ်သောကြောင့် လင်းဖုန်း ခန္ဓာကိုယ် လေ့ကျင့်မှုကို ဘယ်လိုလုပ် လက်လျှော့နိုင်မည်နည်း။ ထို့ကြောင့် သူ၏ ကြယ်တာရာစွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို တစ်ပြိုင်နက်တည်း တိုးမြှင့်ခြင်းက လင်းဖုန်း အနာဂတ်တွင် လျှောက်လှမ်းရမည့် သိုင်းတာအိုလမ်းစဉ်ပင် ဖြစ်ချေသည်။