အနောက်ပိုင်းဟုန်၊ ယွီတောင်
ကျယ်ပြောလှသောနန်းတော်အတွင်းရှိ အစေခံမိန်းကလေးများနှင့် အစောင့်အကြပ်များအားလုံး ဆုတ်ခွာသွားကြလေပြီဖြစ်၏။
နဂါးကြင်ယာတော်ကိုယ်တိုင် တိုက်ခိုက်သည်ကို ၎င်းတို့ ရှားရှားပါးပါးသာမြင်ဖူးကြပြီး၊ ယခုကဲ့သို့ အေးစက်လှသော သတ်ဖြတ်လိုစိတ်အစစ်အမှန်ကို ထုတ်လွှတ်နေခြင်းမှာ ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူတစ်ကောင်အတွက် အလွန်ရှားပါးသော မြင်ကွင်းတစ်ခုဖြစ်ရာ၊ ၎င်းမှာ အမှန်တကယ်ပင် ဒေါသထွက်နေကြောင်း သက်သေပြနေပေသည်။
"ရပ်လိုက်စမ်း။"
ကျစ်ရှန်းသည် မိမိကိုယ်ကိုယ် ဤကြင်ယာတော်ဟုပင် မရည်ညွှန်းတော့ချေ။ ထိုဆီးနှင်းကဲ့သို့ ဖြူဖွေးသောအကြေးခွံများဖုံးလွှမ်းနေသည့် နဂါးလက်သည်းအောက်တွင်၊ အန်းထင်ဖုန်းသည် သူ၏ ကျားခေါင်းအဖြစ်ပြောင်းထားပြီးဖြစ်လေသည်။
ထိုကြမ်းကြုတ်ရက်စက်လှသော ခေါင်းကြီးမှာ ထက်မြက်လှသည့် နဂါးလက်သည်းကြားတွင် တဖြည်းဖြည်း ပုံပျက်ရှုံ့တွလာနေ၏။
အခြားတစ်ဖက်တွင် အခြေအနေ မည်မျှတင်းမာနေသည်ကို သူမ ပြောနိုင်ပေသည်။
သို့မဟုတ်ပါက ဤကြမ်းကြုတ်သော ကျားကြီးသည် သူ၏မျိုးနွယ်စုဝင်များကို တစ်ချိန်လုံး အင်အားဖြည့်တင်းပေးနေမည် မဟုတ်ချေ။
ဤအချက်ကိုကြည့်ခြင်းအားဖြင့် များစွာ ခန့်မှန်းနိုင်ပေသည်။
ဆိုလိုသည်မှာ ရှန်းယီနှင့်အတူ အခြားသော ဂိုဏ်းချုပ်များလည်း ရှိနေရမည် ဖြစ်သော်လည်း၊ ကျိကျင့်ရှီးတော့ ဖြစ်နိုင်ခြေမရှိပေ။
အကယ်၍ ကောင်းကင်ဘုံနယ်ပယ် ကျင့်ကြံခြင်းချင်း တူညီနေပါက၊ ကျားအိုကြီးက သူ၏ အဆီအနှစ်သွေးအားလုံးကို လွဲပြောင်းပေးလိုက်လျှင်ပင် မည်သည့်အကျိုးသက်ရောက်မှုမျှ ရှိမည်မဟုတ်သောကြောင့် ဖြစ်ပေသည်။
ထိုအကြောင်းကြောင့်ပင် ကျစ်ရှန်းသည် ပို၍ပင် စိုးရိမ်ပူပန်လာခဲ့လေ၏။
အကယ်၍ အန်းထင်ဖုန်းသာ အောင်မြင်သွားပြီး၊ တောင်ပိုင်းဟုန်၏ သားတော်ခုနစ်ပါးထဲမှ ဂိုဏ်းချုပ်နှစ်ဦး သူမ၏ နယ်မြေအတွင်း တစ်ပြိုင်နက်တည်း သေဆုံးသွားခဲ့ပါလျှင် သူမအနေဖြင့် ကျင့်ရှီးကို မည်သို့ မျက်နှာချင်းဆိုင်ရဲတော့မည်နည်း။
"ရပ်လိုက်လို့ ငါပြောနေတယ်လေ"
ကျစ်ရှန်းက ခပ်တိုးတိုးကြိမ်းမောင်းရင်း ရုတ်တရက် အားစိုက်လိုက်၏။ တဂျွတ်ဂျွတ် အသံများနှင့်အတူ အန်းထင်ဖုန်း၏ ခေါင်းပေါ်တွင် အက်ကွဲကြောင်း သေးသေးလေးများချက်ချင်း ပေါ်လာပြီးနောက်၊ နီရဲသော သွေးရည်ကြည်များ စီးကျလာကာ သူ၏မျက်နှာပေါ်ရှိ အဖြူရောင်အမွှေးများနှင့် အနက်ရောင်အစင်းကြောင်းများကို စွန်းထင်သွားစေခဲ့လေသည်။
"ဟက်... ဟက်..."
အန်းထင်ဖုန်းသည် နဂါးလက်သည်းများ၏ ကြားထဲမှ ချောင်းကြည့်ရင်း၊ ဟောင်းလောင်းဖြစ်နေသောပါးစပ်ဖြင့်ထူးဆန်းပြီး စူးရှသော ရယ်သံတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။
ကောင်းကင်နယ်ဘုံပယ်နှင့် ရင်ဆိုင်နိုင်ပြီး နှစ်ပေါင်း တစ်သိန်းကျော်သတ်ဖြတ်မှုများကြားမှ အသက်ရှင်ကျန်ရစ်ခဲ့သော မဟာနတ်ဆိုးကြီးတစ်ကောင်ပင်လျှင်၊ တစ်စုံတစ်ခုကို တွယ်တာမိသွားသည်နှင့် ဤမျှအထိ အားနည်းသွားနိုင်သည်မှာ အံ့ဩစရာပင်။
၎င်း၏ နယ်ပယ်အဆင့်ကို ကြည့်ရုံဖြင့် သူမ ဘာကို ကြောက်ရွံ့နေသည်ကို တစ်ချက်တည်းနှင့် သိမြင်နိုင်ပေသည်။
လျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီးလေပြီ။ သူ သေဆုံးသွားသည်နှင့် သူ၏ ကျင့်ကြံခြင်းအားလုံးမှာ မျိုးနွယ်စုအကြီးအကဲထံသို့ ကူးပြောင်းသွားမည် ဖြစ်သည်။
ဤမိန်းမမှာ လုံးဝ မလောင်းကြေးထပ်ရဲပေ။ တောင်ပိုင်းဟုန် သားတော်ခုနစ်ပါးမှ လူများ အသက်ရှင်နိုင်ဦးမည်ဟူသော မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲဖြစ်ရာ၊ ထိုဘက်ခြမ်းကို မည်သည့် ဖိအားမျှ ထပ်မံမပေးလိုခြင်း ဖြစ်ပေသည်။
၎င်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် သူ၏ လက်ထဲတွင် ယခုအခါ ဘာမှမကျန်တော့ချေ။
အန်းယီ... အဖေ မင်းဆီကို လာရှာနေပြီနော်။
အန်းထင်ဖုန်းက သူ၏ ထက်ရှသော အစွယ်နှစ်ချောင်းကို ထုတ်ဖော်ရင်းလှောင်ပြောင်လိုက်သည်။
"နဂါးကြင်ယာတော်၊ ဒီကိစ္စပြီးသွားလို့ အကယ်၍ အဲ့ဒီမိန်းကလေးသာ ပြန်လာခဲ့ရင်၊ အသက်ဆက်ပေးတဲ့ရတနာတွေကို ထောက်ထားပြီး ထင်ဖုန်းက အရှင်မခိုင်းသမျှကို လုပ်ဆောင်ပေးပါဦးမယ်။"
"နင်က အသက်ရှင်နိုင်ဦးမယ်လို့ ထင်နေတုန်းပဲလား။"
ကျစ်ရှန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ဤမျှအဓိပ္ပာယ်မရှိသော စကားကြောင့်ရယ်ပင် ရယ်ချင်လာမိသည်။
အကယ်၍ တောင်ပိုင်းဟုန် သားတော်ခုနစ်ပါးသာ တစ်ခုခုဖြစ်သွားခဲ့လျှင်၊ ဤကြမ်းကြုတ်သော ကျားကြီးအနေဖြင့် ဤနန်းတော်ထဲမှ အကောင်းပကတိအတိုင်းထွက်သွားနိုင်မည်ဟု တကယ်ပဲ ထင်နေသည်လော။
ရှရွှမ်ချင်း၏ နောက်ကျောကိုဓားဖြင့်ထိုးခြင်း ခံခဲ့ရသည်ဟု ကောလာဟလထွက်နေသော အရှေ့ပိုင်း နဂါးဘုရင်သည် အမှန်တကယ်တွင်မူ တောင်ပိုင်းဟုန်သားတော်ခုနစ်ပါးအပေါ် ကျေးဇူးကြွေးများဖြင့်ပြည့်နှက်နေသည်ကို အနောက်ပိုင်းဟုန်၏ အင်အားစုအားလုံး တစ်ခါမှ မစဉ်းစားမိခဲ့ကြပေ။
ထိုအကြောင်းကြောင့်ပင်၊ မစင်မျိုချရသကဲ့သို့ ရွံရှာဖွယ်ကောင်းသည်ကို အောင့်အည်းသည်းခံပြီး၊ ခမည်းတော်သည် ကျစ်လင်၏ ကျားသားရေခြုံကာမသေမျိုးများ၏ အာရုံစိုက်မှုကို တောင်ပိုင်းဟုန်ထံမှလွှဲဖယ်ပေးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အခြားသောအင်အားစုများကိုလည်း ဟန့်တားပေးခဲ့ပြီး ကျန်ရှိနေသော ဂိုဏ်းခြောက်ခုကို ကာကွယ်ပေးခဲ့ခြင်း ဖြစ်ပေသည်။
ဤနှင်းကျားမျိုးနွယ်စု ခေါင်းဆောင်ကို သတ်ဖြတ်ခြင်းကစည်းရုံးရခက်သော အင်အားစုများကြားတွင် မငြိမ်မသက်မှုများဖြစ်ပေါ်စေပြီး ကြီးမားသောစီမံကိန်းများကို ထိခိုက်စေနိုင်လျှင်ပင်၊ ခမည်းတော်သည် သူမကို ဘယ်တော့မှ အပြစ်တင်မည် မဟုတ်ချေ။
"အရှင်မ လှုပ်ရှားတော့မယ်ဆိုရင် အခုချက်ချင်း လုပ်လိုက်တာ ပိုကောင်းပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဟိုဘက်ကကိစ္စတွေ ပြီးသွားတဲ့အထိ စောင့်နေမယ်ဆိုရင်... ထင်ဖုန်းက နဂါးကြင်ယာတော်ကို သေချာပေါက် အနိုင်မယူနိုင်ပေမဲ့၊ ကိုယ့်အသက်ကိုယ်ကယ်ဖို့အတွက် ကောင်းကင်ဘုံနယ်ပယ် ကျင့်ကြံခြင်းဆီကို ခေတ္တဝင်ရောက်ဖို့ကတော့ ဖြစ်နိုင်ပါသေးတယ်။"
သူ၏ ခေါင်းမှာ ဖမ်းဆုပ်ခံထားရသော်လည်း၊ အန်းထင်ဖုန်းသည် သူ၏ အပြုံးကို ရုပ်သိမ်းလိုက်ကာ အလွန် တည်ငြိမ်အေးဆေးနေပုံပေါ်လေသည်။
"..."
သူ၏ အမူအရာကို မြင်လိုက်ရပြီး အထူးသဖြင့် ကြမ်းကြုတ်သောကျားကြီး၏ ရောင်ဝါမှာ ဆက်လက်လျော့နည်းနေဆဲ ဖြစ်ကြောင်း ခံစားလိုက်ရသဖြင့်၊ ကျစ်ရှန်းသည် သူမ၏ အတွင်း၌ တစ်ခါမှ မကြုံဖူးသောစိတ်ပျက်အားငယ်မှုများကို ခံစားလိုက်ရ၏။
သူမ မျက်လုံးများကို မှိတ်ထားလိုက်ပြီး၊ မူလက တည်ငြိမ်နေသောနဂါးလက်သည်းမှာ ဒေါသကြောင့် တုန်ယင်လာခဲ့လေသည်။
အန်းထင်ဖုန်း၏ ဟန်ဆောင်တည်ငြိမ်သော ရယ်သံမှာ သူမအတွက် အလွန်ပင်နားခါးလှပေသည်။
အနောက်ပိုင်းဟုန်သို့ ရောက်ရှိလာပြီးနောက်ပိုင်း၊ ကျစ်ရှန်းအနေဖြင့် ဤကဲ့သို့သော ဝေးလံခေါင်သီသည့် နေရာမျိုးတွင် ပထမဆုံးအကြိမ် ရှုံးနိမ့်မှုကို ခံစားလိုက်ရခြင်း ဖြစ်သည်။
သူမ အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးကို ဖွင့်ကာ အခြားတစ်နေရာသို့ ကြည့်လိုက်၏။
"အရာအားလုံးက ညှိနှိုင်းလို့ ရပါတယ်..."
သူမ စကားမဆုံးမီမှာပင်။
ကျစ်ရှန်းသည် သူမ၏ လက်ဖဝါးထဲရှိ ကျားအိုကြီးမှာ သူမထက်ပင် ပိုမိုပြင်းထန်စွာတုန်ယင်နေသည်ကို ရုတ်တရက် သတိပြုမိလိုက်လေ၏။
သူမ အံ့အားသင့်စွာဖြင့် ပြန်ကြည့်လိုက်သည်။
သို့သော် အန်းထင်ဖုန်းသည် ရုတ်တရက် ရယ်မောခြင်းရပ်တန့်သွားသည်ကို တွေ့လိုက်ရပြီး၊ သွေးများ စိုရွှဲနေသောအမွှေးများအောက်တွင် မူလက ထက်မြက်လှသော သူ၏ မျက်ဝန်းများမှာ တစ်စုံတစ်ခုကိုဝေဝေဝါးဝါးနှင့် မရေမရာ ဖြစ်သွားပုံ ပေါ်လေသည်။
သူသည် နေရာလွတ်ထဲသို့ ငေးကြောင်ကြည့်နေပြီး သူ၏ အရှိန်အဝါမှာ လျင်မြန်စွာပြန်လည်ကောင်းမွန်လာလေသည်။
ခဏချင်းအတွင်းမှာပင်၊ အန်းထင်ဖုန်းသည် သူ၏ ကိုယ်တွင်းအဆီအနှစ်များကို အခြားတစ်ဖက်သို့ ထပ်မံပို့လွှတ်ရန် အသည်းအသန်ကြိုးစားရင်း လက်သီးကို ကျစ်လျစ်စွာဆုပ်လိုက်သော်လည်း၊ မည်မျှပင် ကြိုးစားစေကာမူ မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိတော့ချေ။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါမှာ ထိန်းချုပ်မရနိုင်ဘဲ ၎င်း၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိလာနေပေသည်။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
စိုးရိမ်ပူပန်မှုများက အန်းထင်ဖုန်း၏ မျက်နှာပေါ်တွင် ဖုံးလွှမ်းသွားခဲ့လေပြီ။ အရာအားလုံးမှာ သူ၏ ထိန်းချုပ်မှုအပြင်ဘက်သို့ ရောက်ရှိသွားခဲ့သည်မှာ ထင်ရှားလှပေသည်။
နဂါးလက်သည်းကြားမှနေ၍ သူသည် ကျစ်ရှန်းကို စိုက်ကြည့်လိုက်ပြီး၊ သူ၏ အသံထဲရှိ တည်ငြိမ်မှုများမှာလည်း ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်၏။
"နဂါးကြင်ယာတော်၊ နဂါးကြင်ယာတော် ခုနက အရှင်မ ပြောခဲ့တယ်လေ... ကျွန်တော်တို့ ညှိနှိုင်းလို့ ရတယ်ဆိုတာ..."
"ဘာကို ညှိနှိုင်းရမှာလဲ။"
ကျစ်ရှန်းက မျက်ခုံးပင့်လိုက်ပြီး နောက်ဆုံးတွင် သူမ၏ လက်ဖဝါးကို လွှတ်ပေးလိုက်ရာ၊ မြေကမ္ဘာနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ကို အနည်းငယ် ကျော်လွန်နေသော ဤကျားနတ်ဆိုးမှာ ယခုအခါ နောက်သို့ ယိုင်တိယိုင်တိုင်ဖြင့် ဆုတ်ခွာသွားသည်ကို တွေ့လိုက်ရလေသည်။
ဘာဖြစ်နေသည်ကို သူမ ချက်ချင်း သဘောပေါက်သွားခဲ့၏။
"ငါ အဲ့ဒီလို ပြောခဲ့လို့လား။"
အန်းထင်ဖုန်းသည် ထွက်ပြေးမည့်အစား၊ သူမကို အလျင်အမြန် ပြန်လည်ပိတ်ဆို့လိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
"ထင်ဖုန်းက နဂါးကြင်ယာတော်နဲ့ ညှိနှိုင်းချင်တာပါ။ အကယ်၍ အရှင်မက ကျွန်တော့်ရဲ့ သမီးလေးကို ပြန်ပေးမယ်ဆိုရင်၊ ကျွန်တော် နဂါးကြင်ယာတော်အတွက် တိုက်ပွဲဝင်ပေးဖို့ အသင့်ပါပဲ။ နောင်တမရဘဲ အကြိမ်ပေါင်းတစ်ထောင်သေရမယ်ဆိုရင်တောင် ကျေနပ်ပါတယ်"
ဤထူးဆန်းသော မြင်ကွင်းကို ကြည့်ရင်း၊ ကျစ်ရှန်း၏ စိတ်ပျက်မှုများမှာ ကြည်လင်သွားပြီး စပ်စုလိုစိတ်ဖြင့် အစားထိုးဝင်ရောက်လာခဲ့၏။
ဤကြမ်းကြုတ်သော ကျားကြီးကို ဤမျှအထိ ပြင်းထန်သော အပြောင်းအလဲဖြစ်ပေါ်စေရန် မည်သည့်အရာဖြစ်ပွားစေခဲ့သနည်း။
သို့သော် မည်သို့ပင်ဖြစ်စေ၊ သူက အားနည်းချက်ထွက်ပေါ်နေပြီဆိုကတည်းက၊ တောင်ပိုင်းဟုန်မှ ဂိုဏ်းချုပ်က အသာစီးရသွားပြီဖြစ်ကြောင်း ညွှန်ပြနေပေသည်။
လူငယ်လေး ရှန်းယီ၊ တကယ့်ကို အစွမ်းထက်တဲ့ လူပဲ... မဆိုးဘူး၊ မဆိုးဘူး ငါ့မျက်နှာကို တကယ်ပဲ ဆယ်ပေးလိုက်တာပဲ။
ကျိကျင့်ရှီးကြောင့် ဂိုဏ်းချုပ်လေး ရှန်းယီအပေါ် ရှိခဲ့သမျှသောမကျေနပ်မှုများမှာ မီးခိုးများကဲ့သို့ လွင့်စင် ပျောက်ကွယ်သွားခဲ့လေပြီဖြစ်၏။
ထိုအချက်ကို ထောက်ထားလျက်၊ ကျစ်ရှန်းသည် သူမ၏ အကြည့်ကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်၏။
"စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ကျွန်မမှာ သေမယ့်လူနဲ့ ညှိနှိုင်းတတ်တဲ့ အလေ့အထ မရှိဘူး။"
***