"ဟမ်"
တာအိုပေါင်းစည်းခြင်းအဆင့်မှ ပန်ရှန်း ဂိုဏ်းချုပ်ကြီးနှင့် နှိုင်းယှဉ်လျှင် ယန်ချုံကျန်းသည် သိသိသာသာပင် ပို၍တုန်လှုပ်ချောက်ချားနေခဲ့လေသည်။
သူသည် ကောင်းကင်ယံသို့ စိုက်ကြည့်နေမိပြီး၊ သူ၏ အသက်ရှူသံများမှာလည်း များစွာ ပြင်းထန်လာခဲ့လေ၏။
ဂိုဏ်း၏ အပြင်ဘက်သို့ ခြေမချမီကတည်းက၊ ယန်ချုံကျန်းသည် ထိုအမည်မသိအင်အားစုအပေါ် အပြစ်အားလုံးကို မည်သို့မည်ပုံလွှဲချရမည်၊ ထိုမှတစ်ဆင့် မြောက်ပိုင်း ဟုန်ကျယ်မှ အုပ်စုကို မည်သို့မည်ပုံ ပြန်လည်စေလွှတ်ရမည် ဟူသော ဆင်ခြေဆင်လက်များကို စိတ်ကူးထဲတွင် ကြံစည်နေခဲ့ခြင်း ဖြစ်ပေသည်။
သို့ရာတွင် ဤခဏ၌မူ၊ သူသည် နေရာတွင်ပင် အေးခဲတောင့်တင်းလျက် ရှိနေလေတော့သည်။
စစ်ထူကျွင်းလွေ့၏ ယခင်စကားများအရ၊ ယန်ယွင်ဟန်သည် ပန်ရှန်းဂိုဏ်း၏ အကြီးအကဲချုပ် ဖြစ်ကြောင်းကို ဤလူများက ကောင်းစွာ သိရှိနေကြသည်မှာ ထင်ရှားလှပေသည်။
(အရင်အပိုင်းတွေက အကြီးအကဲကြီး/မဟာအကြီးအကဲကို အကြီးအကဲချုပ်လို့ပြင်ထားပါတယ်)
မသေမျိုးဂိုဏ်းတစ်ခုတွင်၊ အကြီးအကဲချုပ်သည် ဂိုဏ်းချုပ်နှင့် တာအိုကလေးငယ်တို့၏ အောက်တွင်သာ ရှိသော ဒုတိယ အာဏာအရှိဆုံးသူ ဖြစ်ပေသည်။
ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းရန် ကြံစည်ထားခြင်း မဟုတ်ပါက၊ ပန်ရှန်းဂိုဏ်းအတွက် ရွေးချယ်စရာ လမ်းတစ်စုံတစ်ရာမျှပင် မချန်ထားဘဲ အဘယ်ကြောင့် ဤမျှပြတ်သားစွာ ပြုမူကြပါသနည်း။
"အနန္တတာအိုအင်ပါယာဂိုဏ်း..."
ယန်ချုံကျန်းသည် မိမိကိုယ်တိုင် အလွန်တရာ ဒေါသထွက်နေသည်လား၊ သို့တည်းမဟုတ် ရင်ထဲတွင် ကြောက်ရွံ့မှုတစ်စုံတစ်ရာရှိနေသည်လား၊ သို့မဟုတ် ထိုနှစ်ခုစလုံးပင် ဖြစ်နေသလား ဆိုသည်ကို မသိနိုင်အောင် ဖြစ်နေလေသည်။
သူ၏ တုန်ယင်နေသော လက်ချောင်းများသည် ဖြည်းညင်းစွာကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်မိ၏။
ကျော်ကြားလှပြီး အင်အားကြီးမားသော တာအိုအင်ပါယာဂိုဏ်းအကြောင်းကို သူသည် ကြာမြင့်စွာကတည်းက သိရှိထားခဲ့သော်လည်း၊ ယန်ချုံကျန်းသည် ဤသို့ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိချေ။
မြောက်ပိုင်း ဟုန်ကျယ်မှ ဤကျင့်ကြံသူများသည် ပန်ရှန်းဂိုဏ်းအား မသေမျိုးဂိုဏ်းတစ်ခုအနေဖြင့် လုံးဝ သဘောမထားခဲ့ကြသည့်အပြင်၊ ၎င်းတို့အား လူသားတစ်ဦးအဖြစ်ပင် အသိအမှတ်မပြုခဲ့ကြချေ။
ဤကြီးမားလှသော စိတ်ပိုင်းဆိုင်ရာ ကွာဟချက်ကြီးက သူ၏ စိတ်ကို ဟာလာဟင်းလင်း ဖြစ်သွားစေခဲ့လေ၏။
"ဂိုဏ်းကို ပိတ်လိုက်၊ အစီအရင်ကို ဖွင့်လိုက်"
ပန်ရှန်း ဂိုဏ်းချုပ်ကြီးသည် နောက်ဆုံးတွင် သူ၏ အကြည့်များကို ရုပ်သိမ်းလိုက်ပြီး၊ များစွာသိမ်မွေ့ညင်သာသော လေသံဖြင့် တပည့်ဖြစ်သူထံသို့ လှည့်ကြည့်ကာ ဆိုလေသည်။
သူသည်လည်း တပည့်ဖြစ်သူ၏ ထိတ်လန့်တုန်လှုပ်မှုကိုသတိပြုမိကြောင်း ထင်ရှားလှပေသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ၊ ပန်ရှန်း ဂိုဏ်းချုပ်ကြီးသည် ယန်ချုံကျန်း၏ စိတ်ဓာတ်မခိုင်မာမှုအတွက် အပြစ်မတင်ခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင်လျှင် မျက်စိပွင့်သွားခဲ့ရသောကြောင့် ဖြစ်ပေသည်။
ဖန်းဘိုယန်၏ မောက်မာမှု၊ သတ်ဖြတ်လုယက်ရန် အသင့်ဖြစ်နေမှုတို့မှာ ဂိုဏ်းက သေချာစွာ မသင်ကြားပေးခဲ့သောကြောင့် မဟုတ်ချေ။
၎င်းသည် ဟုန်ကျယ်ရှိ ဖြောင့်မတ်သော လမ်းစဉ်ကို လျှောက်လှမ်းသူခေါင်းဆောင်များထံမှ တိုက်ရိုက်အမွေဆက်ခံရရှိထားသော အပြုအမူများသာ ဖြစ်ပေသည်။
"မင်းတို့က ခေါင်းမာမာနဲ့ ခုခံကြဖို့ ကြံစည်နေကြတာလား"
စစ်ထူကျွင်းလွေ့သည် လျှော်ဝတ်ရုံဝတ် အဘိုးအို၏ မျက်နှာအမူအရာကို ရိပ်မိသွားပြီးနောက်၊ ယန်ယွင်ဟန်ကို ပေါ့ပေါ့ပါးပါးပင် ဘေးသို့ ပစ်ချလိုက်ကာ၊ အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် မတ်တပ်ရပ်လိုက်၏။
သူသည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး၊ အကြီးအကဲချုပ်၏ ခန္ဓာကိုယ်ပေါ်မှ ကျော်ဖြတ်ကာ တာအိုအင်ပါယာနန်းတော်၏ အဝင်ဝသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်လေသည်။
ထို့နောက် ပန်ရှန်း ဂိုဏ်းချုပ်ကြီးအား သိချင်စိတ်ပြင်းပြစွာဖြင့် အကဲခတ်ကြည့်ရှုလိုက်ပြီး၊ တစ်ဖန် ရယ်မောလျက် "ခင်ဗျားရဲ့ အဲဒီခေါင်းထဲမှာ ဘာတွေများ တွေးနေတာလဲ" ဟု ဆိုလေသည်။
ထိုရယ်မောသံမှာ အခြားမည်သည့် အဓိပ္ပါယ်မျှ မပါဝင်ဘဲ၊ ထူးကဲစွာပင် ကြည်ရှင်းနေလေသည်။
အထင်အမြင်သေးမှုသက်သက် တစ်ခုသာလျှင် ဖြစ်ပေသည်။
"ငါ မင်းတို့ကို ရွေးချယ်စရာ နှစ်ခု ပေးမယ်" စစ်ထူကျွင်းလွေ့သည် လက်ညှိုးနှင့် လက်ခလယ် နှစ်ချောင်းကို ထောင်ကာရမ်းပြလိုက်ရင်း "တစ်ချက်က တရားခံအစစ်ကို အပ်၊ ပြီးရင် ခင်ဗျားကိုယ်ခင်ဗျား သတ်သတ်လိုက်။"
"ဒါမှမဟုတ်" သူသည် သူ၏ ရယ်မောသံကို ဆွဲငင်လိုက်ပြီး "ခင်ဗျားရဲ့ လျှို့ဝှက်ချက်တွေကို ခင်ဗျားနဲ့အတူ ယူသွားပြီး ငါ့လက်ထဲမှာ အသေခံလိုက်။"
"ဘာကွာသွားလို့လဲ"
ပန်ရှန်း ဂိုဏ်းချုပ်ကြီးသည်လည်း ရယ်မောလိုက်သော်လည်း၊ ၎င်းမှာ ခါးသီးသော ရယ်မောခြင်းသာ ဖြစ်လေ၏။
တကယ်တမ်းဆိုရလျှင်၊ ဤတာအိုအင်ပါယာ ဂိုဏ်းချုပ်ကသာ သူ့ကို ထွက်ပေါက်တစ်ခု အမှန်တကယ်ပေးခဲ့မည်ဆိုပါက သူ အတော်လေး စိုးရိမ်မိမည်သာ ဖြစ်သည်။ သူသည် မိတ်ဆွေလေး ရှန်း အားများစွာ တန်ဖိုးထားသော်ငြားလည်း၊ သူ၏ နောက်ကွယ်ရှိ ဂိုဏ်းတစ်ခုလုံးနှင့် နှိုင်းယှဉ်ရမည်ဆိုပါက သူ တုံ့ဆိုင်းနေမိမည်သာ ဖြစ်ပေသည်။
သို့ရာတွင် သူ၏ ခေါင်းတစ်ချက် ငုံ့လိုက်ခြင်းဖြင့်၊ သူ၏ တပည့်များရှေ့မှောက်ရှိ ခမ်းနားထည်ဝါသောပုံရိပ်မှာ လုံးဝ ပျက်စီးပြိုလဲသွားမည် ဖြစ်ပေသည်။
ပန်ရှန်း ဂိုဏ်းချုပ်ကြီးသည် ကျင့်ကြံခြင်းလောက၏ အငွေ့အသက် အနည်းငယ်ကို သယ်ဆောင်ထားဆဲ ဖြစ်ရာ၊ မျက်နှာပန်းကို များစွာ ဂရုစိုက်လေ၏။
ဤစကားကို ကြားသောအခါ စစ်ထူကျွင်းလွေ့သည် ခေတ္တမျှစဉ်းစားလိုက်ပြီး၊ မသေချာသော လေသံဖြင့် "ခင်ဗျား ဘယ်လို သေမလဲဆိုတဲ့ ကွာခြားချက်ပေါ့" ဟု ဆိုလေသည်။
ပွင့်ပွင့်လင်းလင်း ဆိုရလျှင်၊ နဝမမြောက် ဂိုဏ်းခွဲမှ တိုက်ရိုက်တပည့်၏ အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို သူ များစွာ ဂရုမစိုက်လှချေ။ သူ လာရောက်ရခြင်းမှာ ဟုန်ကျယ်တစ်ခုလုံးရှိ အနန္တတာအိုအင်ပါယာဂိုဏ်း၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်သာ ဖြစ်ပေသည်။
ထို့ကြောင့် မြင်ကွင်းမှာ ခမ်းနားကြီးကျယ်ရန် လိုအပ်ပေ၏။
အမည်မသိအစေခံတစ်ဦးကို သတ်ဖြတ်ခြင်းမှာ၊ လွှမ်းမိုးမှုအတန်အသင့်ရှိသော ဒေသခံ အင်အားစု မသေမျိုးဂိုဏ်းတစ်ခုကို ရှင်းလင်းဖယ်ရှားခြင်းနှင့် နှိုင်းယှဉ်ပါကများစွာ မှေးမှိန်သွားမည် ဖြစ်ပြီး၊ ဤသည်က ပိုမို ထိရောက်သော ရလဒ်ကို ပေးစွမ်းနိုင်သောကြောင့်ပင်။
ထို့အပြင်၊ ၎င်းသည် မြောက်ပိုင်း နဂါးနန်းတော်အားမည်သို့မျှပြောဆိုခွင့် မရစေဘဲ အနောက်ပိုင်း ဟုန်ကျယ်ရှိ အဖိုးတန် နယ်မြေတစ်ခုကို သိမ်းပိုက်ခွင့် ရရှိစေမည် ဖြစ်ကာ၊ မသေမျိုးများ အနေဖြင့်လည်း အနန္တတာအိုအင်ပါယာဂိုဏ်းသည် ပြဿနာ တစ်စုံတစ်ရာဖန်တီးရန် ထပ်မံ ကြိုးစားနေသည်ဟု ခံစားရစေမည် မဟုတ်ချေ။
မြောက်ပိုင်း နန်းတော်မှ နဂါးအိုကြီးများသည် တာအိုအင်ပါယာဂိုဏ်း၏ ကြီးထွားလာသော အင်အားကို အလွန်တရာကြောက်ရွံ့ကြပြီး၊ မသေမျိုးများ၏ မျက်လုံးထဲသို့ နေ့စဉ်ရက်ဆက် ဆေးထည့်ပေးရန် စိတ်အားထက်သန်နေကြလေသည်။
ဤသို့ တွေးမိသည်နှင့်၊ စစ်ထူကျွင်းလွေ့သည် သူ၏ လက်ချောင်းများကို ရုပ်သိမ်းလိုက်ကာ "ထားလိုက်ပါတော့၊ ခင်ဗျားလည်း ပါးစပ်ပိတ်နေလိုက်တာ ပိုကောင်းမယ်" ဟု ဆိုလေသည်။
သူ၏ စကားမဆုံးမီမှာပင်၊ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်မှုတစ်ခုကျဆင်းလာခဲ့ပြီး၊ လှိုင်းပုတ်သံများ ရပ်တန့်သွားကာ၊ ကောင်းကင်ယံရှိ တိမ်ဖြူများပင်လျှင် နေရာတွင် အေးခဲသွားခဲ့လေ၏။
အပြာရောင် ကောင်းကင်နှင့် သမုဒ္ဒရာပြင်ကြားတွင်၊ ကောင်းကင်သို့ ထိတံလုမတတ်မြင့်မားသော ထောင်ကြီးများသည် မတ်မတ်ရပ်တည်နိုင်ရန် ရုန်းကန်နေရသော အထီးကျန်ထောက်တိုင်တစ်ခုကဲ့သို့ ရုတ်တရက် လူသူကင်းမဲ့ကာ ခြောက်ကပ်သွားဟန် ရှိလေသည်။
"ဟူး"
ပန်ရှန်း ဂိုဏ်းချုပ်ကြီးသည် သူ၏ လက်ဝါးကို မြှောက်ကာ ယန်ချုံကျန်း၏ ပခုံးကို ဆုပ်ကိုင်လိုက်ပြီး၊ တပည့်ဖြစ်သူ မတုံ့ပြန်နိုင်မီမှာပင် သူ့အား ဂိုဏ်း၏ အစီအရင်အတွင်းသို့ ပြန်လည် ပစ်သွင်းလိုက်ကာ၊ မျက်လုံးများဖြင့် တိတ်တဆိတ် အချက်ပြလိုက်လေ၏။
ယန်ချုံကျန်းသည် သူ၏ ဆရာဖြစ်သူ၏ ရည်ရွယ်ချက်ကို ချက်ချင်းပင်နားလည်သွားခဲ့လေသည်။ သို့သော် ဤအချက်ကြောင့်ပင်လျှင်၊ သူ၏ ရင်ထဲတွင် ကြက်သီးထဖွယ်အေးစက်မှုကြီးက လွှမ်းမိုးသွားခဲ့လေတော့သည်။
ဆရာဖြစ်သူက ဒု-ဂိုဏ်းချုပ်အား ထပ်မံ မလာရောက်ရန် ပြောပြရန်သတိပေးလိုက်ခြင်း ဖြစ်ပေ၏။ အကယ်၍ ပင်မဂိုဏ်းကြီး ဆုံးရှုံးသွားခဲ့လျှင်ပင်၊ အနည်းဆုံးတော့ ဂိုဏ်းခွဲလေးတော့ ကျန်ရစ်နေသင့်သည် မဟုတ်ပါလော။
တာအိုပေါင်းစည်းခြင်းအဆင့်မှ ကျင့်ကြံသူတစ်ဦးသည် အလွန်တရာထက်မြက်သော အာရုံခံနိုင်စွမ်း ရှိပေသည်။
အနည်းငယ်မျှသော လှုပ်ရှားမှုဖြင့်ပင်၊ ၎င်းတို့ကြားရှိ ကွာခြားချက်ကို သိနိုင်၏။
ဤသည်မှာ ဆရာဖြစ်သူ၏ အမြင်တွင်၊ ဒု-ဂိုဏ်းချုပ် တစ်ယောက် ထပ်တိုးလာလျှင်ပင်၊ ပန်ရှန်းဂိုဏ်း၏ တံတိုင်းများ အတွင်း၌ အစီအရင်၏ အကူအညီဖြင့်ပင် အနိုင်ရရန် အခွင့်အရေး မရှိနိုင်ကြောင်းဆိုလိုခြင်း ဖြစ်ပေသည်။
မြောက်ပိုင်း ဟုန်ကျယ်မှ ကျင့်ကြံသူများသည် ဤမျှလောက်အထိပင် ထိတ်လန့်ဖွယ် ကောင်းလှပါသည်လော။
ပန်ရှန်း ဂိုဏ်းချုပ်ကြီးသည် သူ၏ အကြည့်များကို လွှဲဖယ်လိုက်လေ၏။ သူ၏ လျှော်ဝတ်ရုံမှာ မည်သို့မည်ပုံ ပြောင်းလဲသွားသည်မသိဘဲ တိုတောင်းသော သိုင်းဝတ်စုံတစ်စုံ ဖြစ်သွားခဲ့ပြီး၊ သူ၏ လက်ထဲတွင် သာမန် ဓားတစ်လက် ပေါ်ထွက်လာကာ၊ သူ၏ လက်မောင်းများပေါ်တွင် တောင်တန်းများကဲ့သို့သောသင်္ကေတများ ထကြွလာလေသည်။
သူ၏ တစ်ကိုယ်လုံးသည်လည်း သတ်ဖြတ်လိုသောအငွေ့အသက်များ ပြည့်လျှံနေဟန် ရှိလေ၏။
ဆိုရိုးစကား ရှိသည့်အတိုင်း၊ အဖြား မဖြောင့်လျှင် အောက်ခြေလည်း မဖြောင့်ပေ။
ပန်ရှန်းဂိုဏ်း၏ ဤကဲ့သို့သော စရိုက်လက္ခဏာများသည် ဂိုဏ်းချုပ်ကြီးကိုယ်တိုင်နှင့် ဆက်စပ်နေသည်မှာ ထင်ရှားလှပေသည်။
အဘိုးအိုသည် သာမန်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း၊ ခြောက်သွေ့နေသော သူ၏ နှုတ်ခမ်းများကို သပ်လိုက်ကာ၊ ကောင်းကင်ယံသို့ အသာအယာတစ်ချက် လှမ်းကြည့်လိုက်လေသည်။
ထို့နောက်၊ သူသည် ဓားသွားကို မြှောက်ကာ ခမ်းနားကြီးကျယ်လှသော တောင်နှင့် မြစ်များ ပန်းချီကယးလိပ်ဆီသို့ ချိန်ရွယ်လိုက်ပြီး၊ တာအိုအင်ပါယာနန်းတော်အတွင်းရှိ ပုံရိပ်ဆီသို့ ဦးတည်လိုက်လေသည်။
သာမန် လူသားတစ်ဦးက၊ ဓားတစ်လက်ကို ကိုင်ဆောင်လျက်၊ ကောင်းကင်ဘုံကို မေးခွန်းထုတ်နေသကဲ့သို့ပင်။
ရှန်းယွဲ့ နိယာမ၏ စွမ်းအားကို ရယူထားသဖြင့်၊ သူသည် လေဟာနယ်ပေါ်တွင် ရပ်တည်နေရသော်ငြားလည်း၊ တုန်လှုပ်ချောက်ချားဖွယ် မရှိသောအငွေ့အသက်များကို ထုတ်လွှတ်နေကာ၊ သူ၏အရှိန်အဝါမှာ မတ်မတ်ရပ်တည်နေသော တောင်တန်းကြီးတစ်ခုကဲ့သို့ ခမ်းနားကြီးကျယ်နေပေတော့သည်။
***