ချင်းမင်ဟင်းလင်းပြင်၊ နဂါးနက်အစီရင်လှေပေါ်တွင်။
လူအားလုံးသည် အိမ်အပြန်ခရီးကို စတင်နေကြပြီ ဖြစ်သည်။
ကွာခြားချက်မှာ လူအများစုသည် မိမိတို့၏ နယ်မြေသစ် ကြယ်တာရာများသို့ ပြန်ကြရမည်ဖြစ်ပြီး ဖန့်ချန်တို့အဖွဲ့ကမူ လီရှမ်းဇီနှင့်အတူ စစ်မှန်သော ကျွယ်မင်နန်းတော်တည်ရှိရာသို့ လိုက်ပါကြရမည် ဖြစ်သည်။
စီနီယာအစ်မကြီးမှာ ဝူရှန့်ငရဲတွင် ကျန်ရစ်ခဲ့သဖြင့် ဖန့်ချန် တွေးထားသည်နှင့် အနည်းငယ် ကွဲလွဲသွားသော်လည်း ပြဿနာမရှိပေ။
သူမသည် လင်းကွေ့ကြယ်စုတန်းသို့ မသွားရောက်မီ ကျွယ်မင်နန်းတော်သို့ တစ်ခေါက် ပြန်လာဦးမည်ဆိုလျှင် သူသည် ကြာနီနတ်မိမယ်ငယ်နှင့်အတူ သူမ၏နောက်မှ လိုက်ပါသွားနိုင်မည့် အခွင့်အရေး ရှိနေဆဲပင်။
ထိုအချိန်ကျမှသာ ချန်ခုန်းမသေမျိုးအရှင် နှင့် တွေ့ဆုံနိုင်ရန် အခွင့်အလမ်း ရှိလာမည်ဖြစ်ပြီး၊ မှန်လေး ထံမှ သတင်းအချက်အလက်များကို မသေမျိုးကျောက်တုံးများ အမြောက်အမြား အသုံးပြု၍ ဝယ်ယူစရာမလိုတော့ဘဲ ငွေကုန်ကြေးကျ သက်သာသွားပေလိမ့်မည်။
လီရှမ်းဇီသည် တစ်ဦးတည်း ပြန်လာခြင်းမဟုတ်ဘဲ ကျိရှန့် အပါအဝင် အခြား အမာခံတပည့် ၁၀ ဦးကျော်နှင့်အတူ လာခြင်းဖြစ်သည်။
“စီနီယာအစ်ကို လီ... ကျနော် ရဲ့ အစ်ကို တစ်ယောက်တော့ တစ်ခုခု ဖြစ်သွားပြီ ထင်တယ်ဗျ”
ကျိရှန့်က သက်ပြင်းသဲ့သဲ့ ချလိုက်သည်။
လီရှမ်းဇီက အနည်းငယ် အံ့သြသွားပြီး
“အဲဒီ အဆင့် ၃ မသေမျိုးလား သူက ဝူရှန့်ငရဲမှာ ဘာပြဿနာ တက်နိုင်လို့လဲ ”
“ကျနော် လည်း မသိဘူး မူလက သူ ကျနော် နောက်က တောက်လျှောက် လိုက်နေတာ၊ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူဘာသာသူ သီးသန့် ရှာဖွေရေး ထွက်ချင်တယ်ဆိုပြီး ခွဲထွက်သွားတာ အခုထိ ပြန်မလာတော့ဘူး ”
ကျိရှန့်က ဆိုသည်။
“တစ်ခုခုကြောင့် လမ်းမှာ ကြန့်ကြာနေတာလည်း ဖြစ်နိုင်ပါတယ်။ ကိစ္စမရှိပါဘူး၊ စီနီယာအစ်မကြီးက ဝူရှန့်ငရဲမှာ ကျန်ခဲ့တာဆိုတော့ သူသာ သတ်မှတ်ထားတဲ့ အချိန်အတွင်း ထွက်မလာနိုင်ရင် အပြစ်ပေးခံရရုံပဲ ရှိမှာပါ၊ အသက်ဘေးတော့ မစိုးရိမ်ရပါဘူး”
လီရှမ်းဇီက ပြုံးလျက် နှစ်သိမ့်လိုက်ပြီး
“ဒါနဲ့... ဒီတစ်ခေါက် တောက်ပသောလောက မသေမျိုး လမ်းစဉ်နဲ့ ပတ်သက်လို့ စီနီယာအစ်မကြီးက ဘယ်လို အကြောင်းပြန်လဲ ”
“ဂုဏ်ထူးအမှတ်တွေနဲ့ လဲယူရမယ်လို့ ပြောတယ်”
ကျိရှန့်က ခဏစဉ်းစားပြီးနောက်
“တန်ဖိုးက အရမ်းကြီးနေရင်တော့ ထားလိုက်တော့မယ်။ တောက်ပသောဘောက မသေမျိုး လမ်းစဉ်က ဆန်းကြယ်တယ်ဆိုပေမဲ့ သာမန် လူသားမသေမျိုး နဲ့ မြေကမ္ဘာမသေမျိုး လမ်းစဉ်တွေလောက် စိတ်ချရတာ မဟုတ်ဘူး ”
“ရည်မှန်းချက် ကြီးတဲ့သူတွေကတော့ လူသားမသေမျိုး ဒါမှမဟုတ် မြေကမ္ဘာမသေမျိုး လမ်းစဉ်ကို ရွေးချယ်ကြမှာ မဟုတ်ဘူးလေ ”
လီရှမ်းဇီက အသာအယာ ပြုံးရင်း ဆိုသည်။
“ကျနော် ရဲ့ ဝမ်းကွဲအစ်ကိုက စိတ်ကူးယဉ် ဆန်လွန်းလို့ပါ။ သူက နယ်မြေငယ်လေးတွေ က လာတာဆိုတော့ မာနကြီးတာ သဘာဝပါပဲ။ ကျနော် ကိုယ်တိုင်လည်း ကျွယ်မင်နန်းတော်ကို စရောက်ကာစတုန်းက ထူးခြားတဲ့ မသေမျိုးလမ်းစဉ်ကို လျှောက်ချင်ခဲ့တာ၊ အခုတော့ အမှန်တရားကို နားလည်သွားပါပြီ။ ထမင်းကို တစ်လုပ်ချင်း စားရသလို၊ လမ်းကိုလည်း တစ်လှမ်းချင်း လျှောက်ရတာပဲ"
"ကျနော် အဆင့် ၇ ရှေးဟောင်းမသေမျိုး ဖြစ်လာပြီး မသေမျိုးအစီရင်ပညာ ကိုပါ ပိုင်နိုင်သွားပြီဆိုရင် ဒီလူ့လောက ကိုးနယ်မြေမှာ လက်ညှိုးထိုးမလွဲ ထိပ်တန်းပညာရှင် ဖြစ်လာမှာပဲလေ။ ဘာလို့များ မသေချာတဲ့ အစွန်းရောက် လမ်းစဉ်တွေကို လိုက်ရှာနေတော့မှာလဲ ”
ကျိရှန့်က ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်သည်။
သူတို့နှစ်ဦး ခေတ္တမျှ စကားပြောဆိုပြီးနောက် ကျိရှန့်က ရုတ်တရက် မေးလိုက်သည်
“ဟို ဂျူနီယာညီမ ဟုန် ကော ဘယ်မှာလဲ ”
“ဟိုမှာလေ... သူက အမာခံတပည့် ဖြစ်သွားတာကို ခုထိ အသားမကျသေးပုံပဲ ”
လီရှမ်းဇီက မနီးမဝေး ဆီသို့ ညွှန်ပြလိုက်သည်။
ကြာနီနတ်မိမယ်ငယ်သည် ဖန့်ချန်တို့အဖွဲ့နှင့်အတူ ရပ်ကာ စကားပြောနေသည်။
သူမ၏ ပတ်ဝန်းကျင်ရှိ လူစိမ်းများ၊ အထူးသဖြင့် လီရှမ်းဇီ၏ ရှာဖွေရေးအဖွဲ့မှ အဆင့် ၂ နှင့် အဆင့် ၃ မသေမျိုးများကိုမူ သူမက လုံးဝ အရေးမလုပ်ဘဲ အေးစက်စက် နိုင်နေပေသည်။
“အစပိုင်းမှာတော့ အသားကျဖို့ ခက်တာပေါ့။ ဒါက သူတောင်းစားဘဝကနေ ဧကရာဇ် ဖြစ်သွားသလိုပဲ၊ အတူတူ သူတောင်းစား လုပ်ခဲ့တဲ့ သူငယ်ချင်းကောင်းတွေကို ချက်ချင်း မေ့ပစ်ဖို့ ဆိုတာ မလွယ်ပါဘူး ”
ကျိရှန့်က ပြုံးလျက် ခေါင်းငြိမ့်လိုက်သည်
“ကျနော် ကို မိတ်ဆက်ပေးပါဦး၊ ကျနော် နဲ့ ဂျူနီယာညီမ ဟုန် က စကားတောင် သိပ်မပြောရသေးဘူး ”
“ဘာလဲ... သူမကို ကျင့်ကြံဖော် အဖြစ် တော်စပ်ချင်လို့လား ဒါဆိုရင်တော့ စိတ်ကူးပဲ ယဉ်ကြည့်လိုက်ပါဦး။ သူမက စီနီယာအစ်မကြီးရဲ့ မျက်စိအောက်မှာတင် အမာခံတပည့် ဖြစ်လာတာဆိုတော့ သူမရဲ့ နောက်လိုက်တစ်ယောက်လို ဖြစ်သွားပြီ။ မင်း ဘာအကြံပဲ ထုတ်ထုတ် စီနီယာအစ်မကြီးရဲ့ အတားအဆီးကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး ”
လီရှမ်းဇီက မဲ့ပြုံး ပြုံးကာ ဆိုသည်။
“စီနီယာအစ်ကိုကလည်း... စကားကို ရိုင်းရိုင်းစိုင်းစိုင်း မပြောပါနဲ့ဗျာ။ ကျနော် က ဘာအကြံထုတ်မှာလဲ၊ သာမန် မိတ်ဖွဲ့တာပါ။ တကယ်လို့ ကျနော် တို့ အပေးအယူ တည့်သွားလို့ ကျင့်ကြံဖော် ဖြစ်လာခဲ့ရင်တောင် စီနီယာအစ်မကြီးက တားဆီးဖို့ အကြောင်းပြချက် မရှိပါဘူး ”
ကျိရှန့်က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
လီရှမ်းဇီက ဘာမှ ထပ်မပြောတော့ဘဲ ကျိရှန့်ကို ခေါ်ကာ ကြာနီနတ်မိမယ်ငယ်၏ ရှေ့သို့ ရောက်လာခဲ့သည်
“ဂျူနီယာညီမ ဟုန်... ဒါက ကျိရှန့် ပါ၊ စီနီယာအစ်ကို ကျိ လို့ ခေါ်လို့ရပါတယ်။ တစ်ဦးနဲ့တစ်ဦး မိတ်ဖွဲ့ထားလိုက်ကြဦး ”
လင်းယွမ်နှင့် အခြားသူများမှာ အမာခံတပည့် နှစ်ဦးကို မြင်သည်နှင့် အမြန်ပင် အရိုအသေ ပေးလိုက်ကြသည်။
ကြာနီနတ်မိမယ်ငယ်က ကျိရှန့်ကို ကြည့်ကာ လက်ယှက်၍ အရိုအသေ ပေးလိုက်သည်
“စီနီယာအစ်ကို ကျိ ကို နှုတ်ခွန်းဆက်ပါတယ် ”
“သိပ်ပြီး အားနာမနေပါနဲ့ ”
ကျိရှန့်က ပြုံးလျက် ခေါင်းငြိတ်ပြလိုက်ပြီး ဖန့်ချန်တို့ကို တစ်ချက် ဝေ့ကြည့်ကာ အမှတ်မထင် ပြောလိုက်သည်
“ဂျူနီယာညီမ ဟုန် က စစ်မှန်တဲ့ အဖွဲ့ဝင်တွေကို မရွေးချယ်ရသေးဘူး မဟုတ်လား စီနီယာအစ်ကို့ဆီက လူအချို့ကို မင်းဆီ လွှဲပေးရမလား အခုခေတ် ပြင်ပကျင့်ကြံသူတွေက တစ်သုတ်ထက် တစ်သုတ် ပိုညံ့လာတာ။ အရည်အချင်း ရှိတဲ့သူတွေကျတော့လည်း ကျွယ်မင်နန်းတော်ထဲမှာ တော်တော်လေး ရှားပါးပြီး နာမည်ကြီးနေကြတော့ ရှာဖွေရေးအဖွဲ့ အသီးသီးက စီနီယာတွေက လုနေကြတာလေ ”
လင်းယွမ်တို့မှာ ကျိရှန့်၏ စကားထဲတွင် ပါဝင်သော ဆိုလိုရင်းကို မသိဘဲ မနေပေ။
သို့သော် သူတို့က ဘာမှ မပြောရဲဘဲ ငြိမ်သက်စွာ နားထောင်နေကြသည်။
ဘာပဲဖြစ်ဖြစ် ကြာနီနတ်မိမယ်ငယ်က သူတို့ကို အခုလောလောဆယ် စွန့်လွှတ်မည် မဟုတ်ကြောင်း သိနေကြပြီး၊ နောင်တွင် သူမ စိတ်ပြောင်းသွားလျှင်ပင် သူတို့အတွက်တော့ ဗဟုသုတများစွာ ရရှိခဲ့ပြီးပြီ ဖြစ်သည်။
“စီနီယာအစ်ကို ကျိ ကို အလုပ်မရှုပ်စေချင်တော့ပါဘူး ”
ကြာနီနတ်မိမယ်ငယ်က ယဉ်ကျေးစွာဖြင့် ငြင်းပယ်လိုက်သည်။
“အလုပ်မရှုပ်ပါဘူး... ဒီလိုလုပ်လေ၊ ငါ့ဆီကို လိုက်ခဲ့ပြီး ခဏထိုင်ပါဦး၊ ငါ စုဆောင်းထားတဲ့ ပါရမီရှင်တွေကိုလည်း ပြပေးမယ်၊ မင်း အဲဒီထဲကနေ ကြိုက်တဲ့သူကို အရင်ရွေးပြီး သုံးလို့ရတာပေါ့ ”
ကျိရှန့်သည် ကြာနီနတ်မိမယ်ငယ်၏ ငြင်းပယ်မှုကို နားမလည်ဟန် ဆောင်ကာ ထပ်မံ၍ တက်တက်ကြွကြွ ဖိတ်ခေါ်နေပြန်သည်။
ကြာနီနတ်မိမယ်ငယ်က ထပ်မံ၍ ငြင်းပယ်လိုက်ပြန်သည်။
ကျိရှန့်၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသော်လည်း သူက ဘာမှ မပြောတော့ဘဲ ပြုံးလျက်သာ ခေါင်းငြိမ့်ပြလိုက်သည်။
လီရှမ်းဇီနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် သူက နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။
“ဂျူနီယာညီမ ဟုန်... ဒီ ဂျူနီယာညီ ကျိရှန့် ဆိုတဲ့လူက စိတ်ထား သိပ်မကြီးဘူး အဓိကကတော့ သူက ငယ်သေးတာလည်း ပါတာပေါ့။ မင်းက အခုလို အကြိမ်ကြိမ် ငြင်းလိုက်တော့ သူ စိတ်ဆိုးသွားပုံရတယ်။ နောင်ကျရင် တွေ့ရင်တော့ နည်းနည်း သတိထားပေါ့ ”
လီရှမ်းဇီက ကျိရှန့် ထွက်သွားပြီးနောက် ကြာနီနတ်မိမယ်ငယ်ကို ပြုံးလျက် သတိပေးစကား ပြောကာ သူလည်းပင် ထွက်သွားခဲ့သည်။
လင်းယွမ်နှင့် အခြားသူများ၏ မျက်နှာများ ချက်ချင်း ပျက်သွားပြီး မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်လာကြသည်။
“အားလုံး မစိုးရိမ်ကြပါနဲ့။ သူက အမာခံတပည့်ဆိုရင် ကျမကလည်း အမာခံတပည့်ပဲ။ ကျမ အစီရင်လှေ ကို ပိုင်နိုင်သွားတဲ့ အချိန်ကျရင် သူ့ကို ထိပ်တိုက်ရင်ဆိုင်ရရင်တောင် ရှုံးမှာ မဟုတ်ပါဘူး ”
ကြာနီနတ်မိမယ်ငယ်က ပြုံးလျက် ဆိုသည်။
ထိုအခါမှသာ အားလုံး စိတ်သက်သာရာ ရသွားကြတော့သည်။
နောင်နှစ်အနည်းငယ် ကြာပြီးနောက်၊ လီရှမ်းဇီနှင့် အဖွဲ့သားများသည် နယ်မြေသစ် ကြယ်တာရာ အသီးသီးမှ အစီရင်လှေများကို မူလနေရာများသို့ ပြန်လည်ပို့ဆောင်ပေးပြီးနောက် အရှိန်အဟုန် အပြည့်ဖြင့် တစ်နှစ်ခန့် ထပ်မံ ခရီးနှင်ခဲ့ကြသည်။
အားလုံး၏ ရှေ့မှောက်တွင် အရောင်အသွေး စုံလင်သော ကြယ်တာရာကြီး တစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာသည်။
“ရောက်ပြီ၊ ဒါက ကျွယ်မင်ကြယ်တာရာ ပဲ။ ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်တွေကလွဲရင် ဒီကြယ်တာရာရဲ့ တည်နေရာကို ဘယ်သူမှ မသိကြဘူး ”
လီရှမ်းဇီ၏ မျက်နှာတွင် လွမ်းဆွတ်တမ်းတမှုများ ပေါ်လွင်နေသည်။
“စီနီယာအစ်ကို လီ... ဒီလောက်ကြီးမားတဲ့ ကျွယ်မင်ကြယ်တာရာမှာ ကျမ တို့ ကျွယ်မင်နန်းတော် တစ်ခုတည်းပဲ ရှိတာလား ”
ကြာနီနတ်မိမယ်ငယ်က စူးစမ်းစွာ မေးလိုက်သည်။
ထိုကျွယ်မင်ကြယ်တာရာမှာ ဝူရှန့်ငရဲထက်ပင် ကြီးမားပုံရပြီး လင်းကွေ့ ကြယ်စုတန်းထက်လည်း အဆပေါင်းများစွာ သာလွန်နေပေသည်။
“မှန်တာပေါ့။ ကျွယ်မင်ကြယ်တာရာပေါ်မှာ ငါတို့ ကျွယ်မင်နန်းတော်ကလွဲရင် တခြား ကျင့်ကြံသူတွေ မရှိဘူး။ ဒါပေမဲ့ မရေမတွက်နိုင်အောင် များပြားလှတဲ့ လူသားတွေတော့ ရှိတယ်။ အမာခံတပည့် အတော်များများဟာ အဲဒီလူသားတွေထဲကနေ ရွေးချယ်ခံရတာ ဖြစ်တယ် ”
လီရှမ်းဇီက ပြုံးလျက် ဆိုသည်
“မင်း အခုလို အမာခံတပည့် ဖြစ်လာနိုင်တာဟာ တကယ့်ကို ကံတရားက မျက်နှာသာပေးတာပဲ ”
တခြားကျင့်ကြံသူ မရှိဘဲ လူသားတွေပဲ အများကြီး ရှိတာလား
အားလုံး စိတ်ဝင်စားသွားကြသည်။
ကြည့်ရတာ ထိုလူသားများသည် ကျွယ်မင်နန်းတော်က သွေးသစ်လောင်းရန်အတွက် သီးသန့် ကာကွယ် စောင့်ရှောက်ထားခြင်း ဖြစ်ပေလိမ့်မည်။
“မင်းတို့ သတိထားရမှာက... ကျွယ်မင်ကြယ်တာရာမှာ လူသားတွေကို အကြောင်းမဲ့ သတ်ဖြတ်ခြင်းဟာ အလွန်ပြင်းထန်တဲ့ အပြစ်ပေးမှုကို ခံရလိမ့်မယ်။ အဲဒီ အပြစ်ဒဏ်က အမာခံတပည့်တွေတောင် ခံနိုင်ရည် မရှိလောက်အောင် ပြင်းထန်တယ်။ ဒါပေမဲ့ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိရင်တော့ သတ်လို့ရပါတယ်။ ဥပမာ လူသားတစ်ယောက်က မင်းတို့ရဲ့ အဆင့်အတန်းကို သိသိကြီးနဲ့ မင်းတို့ နှာခေါင်းကို လက်ညှိုးထိုး ဆဲဆိုတာမျိုး၊ မလေးမစား လုပ်တာမျိုးပေါ့ ”
လီရှမ်းဇီက အသာအယာ ပြုံးရင်း ဆိုသည်
“ဒါပေမဲ့ ဒီလို အခြေအနေမျိုးကတော့ တွေ့ရခဲပါတယ် ”
အနီးအနားရှိ နဂါးနက်အစီရင်လှေကြီးသည် ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။
ထို့နောက် ကျွယ်မင်ကြယ်တာရာ ဆီမှ သက်တံရောင် အလင်းတန်း အများအပြား ထွက်ပေါ်လာပြီး နဂါးနက်လှေကြီးများပေါ်သို့ ကျရောက်လာသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မိမိတို့သည် ဟင်းလင်းပြင်ထဲတွင် မဟုတ်တော့ဘဲ နတ်တောင်ကြီး တစ်တောင်၏ ထိပ်ဖျားသို့ ရောက်ရှိနေကြောင်း အားလုံး တွေ့လိုက်ရသည်။
ပတ်ဝန်းကျင်၌ တိမ်မြူများ ရစ်သိုင်းနေပြီး မရေမတွက်နိုင်သော နတ်တောင်များစွာ အသွယ်သွယ် ယှက်နွယ်နေကြသည်ကို မြင်တွေ့နေရသည်။
“ဂျူနီယာညီမ ဟုန်... ငါ့နောက်ကို လိုက်ခဲ့ပါ။ မင်းတို့ကတော့... အရင်ဆုံး မှတ်ပုံတင်ဖို့ ငါ စီစဉ်ပေးမယ်။ ပြီးရင်တော့ မင်းတို့ရဲ့ ကိုယ်ပိုင် ဂူဗိမာန်တွေမှာ နားနေရင်း နောက်ထပ် အမိန့်ကို စောင့်ကြတာပေါ့ ”
လီရှမ်းဇီက ဆိုသည်။
အားလုံးက ခေါင်းညိတ်ပြလိုက်ကြပြီးနောက် လီရှမ်းဇီနှင့်အတူ ထွက်ခွာသွားသော ကြာနီနတ်မိမယ်ငယ်ကို ကြည့်ကာ ကျန်ရစ်ခဲ့ကြသည်။
အဆင့် ၁ မသေမျိုး တစ်ဦးသည် ဖန့်ချန်တို့ ရှေ့သို့ ရောက်လာပြီး ပြုံးလျက် ဆိုသည်
“အရင်ဆုံး မှတ်ပုံတင်ဖို့ ငါ့နောက်ကို လိုက်ခဲ့ကြ။ ပြီးရင်တော့ ယင်လောကသို့ သွားခြင်း အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ထုတ်ယူရမယ်။ မင်းတို့တွေကတော့ ခေတ္တအတွင်း အပြင်ကို ရှာဖွေရေး ထပ်ထွက်ရဦးမှာ မဟုတ်ဘူးဆိုတော့ ယင်လောက မှာ သွားပြီး ကူညီပေးရလိမ့်မယ် ”
ယင်လောကမှာ သွားရမယ်
ဖန့်ချန်မှာ ခေတ္တမျှ မှင်တက်သွားတော့သည်။
***