“ဒီတိုင်းကြီး ထွက်သွားတာလား... ကျိအမာခံက ကျုပ်တို့ကို ဟိုဟိုဒီဒီ လိုက်ပြဦးမယ် ထင်နေတာ ”
လင်းယွမ်က တိုးတိုးလေး ညည်းတွားလိုက်သည်။
ယွီဝူရှီးက ပတ်ဝန်းကျင် ရှုခင်းများကို အကဲကြည့်ရင်း မည်သည့်ဘက်သို့ သွားရမည်မှန်း မသိသည့်နှယ် ခံစားနေရသည်
“ဘယ်အရပ်ကို သွားကြမလဲ ”
“ကြိုက်တဲ့ဘက် သွားရအောင်လေ၊ ဘာပဲဖြစ်ဖြစ် အခုက လာကြည့်ရုံသက်သက်ပဲဟာ။ နောက်ကျရင် ဒီမှာ တာဝန်ကျလာတဲ့အခါ အလိုလို ရင်းနှီးသွားမှာပါ ”
မုံ့ချင်လင်က ဆိုသည်
“ဒီ ကျွယ်မင် ယင်လောကကြီးက တကယ့်ကို အကြီးကြီးပဲ၊ ကျုပ်တို့ ရောက်ဖူးသမျှ နေရာတိုင်းထက် ပိုကျယ်လိမ့်မယ် ထင်တယ် ”
သူတို့အဖွဲ့သည် ခဏမျှ တိုင်ပင်ပြီးနောက် ဖန့်ချန်ကို လှည့်ကြည့်လိုက်ကြသည်။
၎င်းမှာ ဖန့်ချန်ကိုပင် ဆုံးဖြတ်ခိုင်းလိုက်ခြင်း ဖြစ်၏။
“လျှောက်သွားကြည့်ကြတာပေါ့၊ အခု ကျုပ်တို့ရှိနေတဲ့နေရာက ကျွယ်မင် ယင်လောကရဲ့ အစွန်အဖျားပဲ ရှိသေးတယ်။ တကယ့် ဗဟိုချက်နေရာကတော့ အားကောင်းတဲ့ စွမ်းအားတစ်ခုနဲ့ ပိုင်းခြားထားပုံရတယ် ”
ဖန့်ချန်သည် မြို့လယ်ခေါင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ထိုအရပ်ဆီမှ အလွန်တရာ လေးလံထိုင်းမှိုင်းသော အရှိန်အဝါတစ်ခုကို သူ ခံစားနေရသည်။
ထိုနေရာသည် သေချာပေါက် ကျွယ်မင်နန်းတော်၏ အဓိက အခြေစိုက်စခန်းတစ်ခု ဖြစ်ပေလိမ့်မည်။
ထိုအရှိန်အဝါများ၏ နောက်ကွယ်တွင်မူ သူ သိလိုနေသည့် အမှန်တရားများ ရှိနေနိုင်ပေသည်။
နာရီအနည်းငယ် ကြာပြီးနောက်...
လင်းယွမ်သည် မိမိလက်ထဲရှိ အရသာမရှိသော ခေါက်ဆွဲဖတ်များကို ကြည့်ရင်း မအောင့်နိုင်ဘဲ ပြောလိုက်သည်
“ဒီက စားစရာတွေက ဘာအရသာမှ မရှိပါလား... သူတို့ကျတော့ ဘယ်လိုဖြစ်ပြီး မြိန်ရည်ယှက်ရည် စားနေကြတာလဲ မသိဘူး ”
သူတို့ရှိနေသည့် ခေါက်ဆွဲဆိုင်အတွင်းရှိ အနီးအနားမှ လေလွင့်ဝိညာဉ်များမှာ ခေါက်ဆွဲစားရင်း မျက်နှာထက်တွင် ကျေနပ်ပီတိဖြစ်နေကြသည်မှာ ဟန်ဆောင်နေခြင်း မဟုတ်ချေ။
“ဘယ်သူက နင့်ကို စပ်စုချင်ဇောနဲ့ လူသေတွေစားတဲ့ အစာကို စားခိုင်းလို့လဲ ငါတို့က ယင်လောကကို ခေတ္တဆင်းလာတာ သေသွားတာ မဟုတ်ဘူး ”
မုံ့ချင်လင်က မျက်စောင်းထိုးလိုက်သည်။
“လူသေနဲ့ လူရှင်ကတော့ ကွာခြားချက် ရှိတာပေါ့။ မင်း မသေမချင်းတော့ ယင်လောကရဲ့ ပစ္စည်းအတော်များများက မင်းနဲ့ မသင့်တော်ဘူး။ တကယ်လို့ ဒီခေါက်ဆွဲက ဘယ်လောက် အရသာရှိလဲဆိုတာ တကယ် သိချင်တယ်ဆိုရင်တော့... မင်း ခန္ဓာချုပ်ငြိမ်း တဲ့နေ့ကျရင် ငါ တစ်ပွဲ ဝယ်ကျွေးပါ့မယ် ”
ယွီဝူရှီးက ခပ်အေးအေး ပြုံးလျက် ဆိုသည်။
“မင်္ဂလာမရှိလိုက်တာ... ဘာတွေ လာပြောနေတာလဲ။ ကျုပ်တို့က အခုမှ အရှိန်အဟုန်နဲ့ တိုးတက်နေတာလေ၊ အနည်းဆုံးတော့ ကျုပ် နောက်ထပ် နှစ်ပေါင်း ထောင်ချီ အသက်ရှင်ဖို့ ပြဿနာ မရှိပါဘူး ”
လင်းယွမ်က ခေါက်ဆွဲပန်းကန်ကို ချလိုက်သည်။
ထို့နောက် ဆိုင်ရှင်၏ လမ်းညွှန်မှုအတိုင်း ယင်သက်တမ်း တစ်ဝက်ကို အသုံးပြုကာ စင်ကြယ်သော အရှိန်အဝါ တစ်ခုအဖြစ် ပြောင်းလဲပြီး ဆိုင်ရှင်ထံသို့ တိုက်ရိုက် လွှဲပြောင်းပေးလိုက်သည်။
“ခေါက်ဆွဲ တစ်ပွဲကို ယင်သက်တမ်း တစ်ဝက်တောင် ကုန်တယ်... ဒီက ပစ္စည်းတွေကိုတော့ လျှောက်မဝယ်ရဲစရာပဲ ”
လင်းယွမ်က ခေါင်းခါရင်း ညည်းတွားမိသည်။
“ယင်လောကက ပစ္စည်းတွေကို လျှောက်မဝယ်သင့်တာ အမှန်ပဲ။ အောက်နယ်မြေက ကျင့်ကြံသူတွေ ယင်လောက ဆင်းတယ်ဆိုတာ သူတို့ဆီက ယင်သက်တမ်း ရှာဖို့အတွက်ပဲ၊ ကိုယ့်ယင်သက်တမ်းကို သူတို့ဆီမှာ ပြန်သုံးဖို့ မဟုတ်ဘူး ”
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
“ရှောက်ကျဲ... မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ။ မြန်မြန်လုပ်... ငါ ယင်မိစ္ဆာတွေ စုဝေးနေတဲ့ နေရာတစ်ခု ရှာတွေ့ထားတယ်၊ အဲဒါကို သွားတိုက်ခိုက်ကြရအောင် ”
“ယင်မိစ္ဆာ အကြီးစားတွေ မရှိဘူးမလား ”
“မရှိပါဘူး... စကားတွေ အများကြီး မေးမနေနဲ့၊ မြန်မြန်လုပ်။ တခြားသူတွေ လက်ဦးသွားရင် ကျုပ်တို့ ယင်သက်တမ်းတွေ အများကြီး ဆုံးရှုံးရလိမ့်မယ်။ ယင်သက်တမ်းဆိုတာ ဂုဏ်ထူးအမှတ် ပဲလေ ”
ခေါက်ဆွဲဆိုင် အပြင်ဘက်မှ စကားပြောသံများ ကြားလိုက်ရသည်။
လူတိုင်း၏ စိတ်အာရုံမှာ လှုပ်ခတ်သွားပြီး ဆိုင်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြရာ ရင်းနှီးသော ပုံရိပ်တစ်ခုကို လူအချို့က ဝန်းရံကာ အဝေးသို့ ခေါ်ဆောင်သွားနေသည်ကို မြင်လိုက်ရသည်။
“အဲဒါ နန်မင်ရှောက်ကျဲ မဟုတ်လား ခေါင်းဆောင်ရဲ့ လက်ချက်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ ရွှေရောင်တံဆိပ်ပြား ပိုင်ရှင်လေ ”
လင်းယွမ်က လူတိုင်းကို လှည့်ကြည့်လိုက်သည်။
ယွီဝူရှီးနှင့် မုံ့ချင်လင်တို့က ခေါင်းအသာငြိမ့်ပြကြသည်။
ထိုသူမှာ သေချာပေါက် နန်မင်ရှောက်ကျဲပင် ဖြစ်သည်။
ယခုမှာ ဝိညာဉ်ဖြင့် ဆင်းလာခြင်း ဖြစ်သော်လည်း သူ၏ ရုပ်သွင်မှာ ရုပ်ခန္ဓာနှင့် ထပ်တူပင် ဖြစ်ရာ မှားစရာ အကြောင်းမရှိပေ။
“သူတို့ပြောတဲ့ ယင်မိစ္ဆာဆိုတာက ဘာလဲ ယင်သက်တမ်းနဲ့ လဲလို့ရတာလား ဂုဏ်ထူးအမှတ်နဲ့ရော”
လင်းယွမ်က စိတ်ဝင်တစား မေးလိုက်သည်။
ယင်သက်တမ်းဆိုသည်မှာ သက်တမ်းပင် ဖြစ်သည်။
သို့သော် ဝိညာဉ်၏ သက်တမ်းဖြစ်ပြီး ယင်လောကရှိ အရာရာတိုင်း၏ အခြေခံလည်း ဖြစ်သည်။
ရုတ်တရက် ယင်သက်တမ်း ရှာနိုင်မည့် နည်းလမ်းတစ်ခုအကြောင်း ကြားလိုက်ရသည့်အပြင် ၎င်းသည် ဂုဏ်ထူးအမှတ်နှင့်လည်း ဆက်စပ်နေပုံရရာ စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။
ဒီနေရာမှာ ယင်မိစ္ဆာတွေကို စင်ကြယ်တဲ့ ယင်သက်တမ်းအဖြစ် ပြောင်းလဲနိုင်တဲ့ နည်းလမ်း ရှိနေတာလား
ဂုဏ်ထူးအမှတ်နဲ့ လဲလို့ရတယ်ဆိုတော့... ကျွယ်မင် ယင်လောကက ယင်သက်တမ်းတွေကို တမင်တကာ စုဆောင်းနေတာပေါ့။
ဒါကို ကျင့်ကြံမှု အဆင့်မြှင့်ဖို့ သက်သက်ပဲ သုံးတာလား၊ ဒါမှမဟုတ် တခြား ရည်ရွယ်ချက် ရှိနေတာလား...
ထိုအချက်ကို တွေးမိသည်နှင့် ဖန့်ချန်သည် ရုတ်တရက် ထရပ်လိုက်ပြီး လင်းယွမ်တို့ သုံးယောက်ကို မျက်ရိပ်ပြလိုက်သည်။
သုံးယောက်သားမှာလည်း ချက်ချင်း နားလည်သွားပြီး နောက်မှ လိုက်ပါလာကြသည်။
“ရှောက်ကျဲ မိတ်ဆွေ”
နန်မင်ရှောက်ကျဲသည် နောက်ဘက်မှ ရင်းနှီးသော အသံကို ကြားလိုက်ရသဖြင့် ခြေလှမ်းများ တန့်သွားသည်။
သူနှင့်အတူ ပါလာသူများလည်း လှည့်ကြည့်လိုက်ကြသည်။
လာသူမှာ မည်သူမှန်း သေချာမြင်လိုက်ရသောအခါ နန်မင်ရှောက်ကျဲ၏ မျက်နှာမှာ ချက်ချင်း ပျက်သွားပြီး အလိုအလျောက် ခေါင်းပြန်လှည့်ကာ ဆက်လျှောက်ရန် ကြိုးစားတော့သည်။
“ရှောက်ကျဲ မိတ်ဆွေ... ခဏလောက် စောင့်ပါဦး ”
ဖန့်ချန်သည် လူအုပ်ကို တိုးဝှေ့ကာ နန်မင်ရှောက်ကျဲ၏ လမ်းကို ပိတ်ဆို့လိုက်သည်။
နန်မင်ရှောက်ကျဲက မျက်နှာထက်တွင် အတင်းအဓမ္မ အပြုံးတစ်ခု ဖော်လိုက်ရင်း
“မင်းပါလား... တိုက်ဆိုင်လိုက်တာ၊ မင်းလည်း ဒီကို ရောက်နေတာလား ”
“ရှောက်ကျဲအစ်ကို... ဒါက ဘယ်သူလဲဗျ”
ကျန်သော ယင်လောကဆင်းသူများက ဖန့်ချန်တို့ကို စူးစမ်းကြည့်ရင်း မေးလိုက်ကြသည်။
“မိတ်ဆက်ပေးပါရစေ... ဒါက ဖန့်ချန် မိတ်ဆွေပါ။ ငါ သူနဲ့ ဝူရှန့်ငရဲပြည် မှာ လက်ရည်စမ်းဖူးတယ်၊ ဖန့်ချန် မိတ်ဆွေရဲ့ အစွမ်းက ငါ့ထက် အများကြီး သာပါတယ်”
နန်မင်ရှောက်ကျဲ၏ မျက်ဝန်းထဲတွင် အတွေးတစ်ချက် ဝေ့သီသွားပြီး လူတိုင်းကို ပြုံးပြလိုက်သည်။
ကျန်သောသူများမှာ မယုံကြည်နိုင်သလို ဖြစ်သွားကြသည်။
ရှေ့တွင်ရှိသော လူ၏ အစွမ်းက နန်မင်ရှောက်ကျဲထက် သာသည်ဟု ဆိုပါလား နန်မင်ရှောက်ကျဲကဲ့သို့ နောက်ခံကောင်းပြီး ပါရမီထူးချွန်သောသူမျိုးသည် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်နှင့် နောင်လာမည့် နှစ်ပေါင်း တစ်ထောင်အတွင်းမှာပင် ယှဉ်နိုင်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။
“ရှောက်ကျဲ မိတ်ဆွေကလည်း မြှောက်ပင့်လွန်းနေပါပြီ၊ အဲဒီတုန်းက ကျနော့်ရဲ့ ကံကောင်းမှုကြောင့်ပါပဲ”
ဖန့်ချန်က ထိုကိစ္စကို အသာအယာ ကျော်လိုက်ပြီးနောက် မေးလိုက်သည်
“မိတ်ဆွေတို့ အခု ဘယ်ကို သွားကြမလို့လဲ ကျနော်တို့ လေးယောက်က ယင်လောကကို ပထမဆုံးအကြိမ် ဆင်းလာတာမို့ ဒီနေရာအကြောင်း သိပ်မသိသေးဘူး။ အဆင်ပြေမယ်ဆိုရင် အတူတူ လိုက်ပါခွင့် ရနိုင်မလား ”
အဆင်ပြေမလား ဟုတ်လား
ထိုသူများမှာ ချက်ချင်းပင် သဘောပေါက်သွားပြီး ခေါင်းငြိမ့်လိုက်ကြသည်
“အဆင်ပြေတာပေါ့... တကယ့်ကို အဆင်ပြေပါတယ်။ ကျုပ်တို့က ယင်မိစ္ဆာအုပ်စုကို သွားရောက် နှိမ်နင်းမလို့ပဲ။ မိတ်ဆွေတို့ တခြား အလုပ်မရှိရင် ကျုပ်တို့နဲ့အတူ လိုက်ခဲ့လို့ ရပါတယ်၊ တစ်ယောက်ကို ယင်သက်တမ်း ဆယ်နှစ်နှုန်းနဲ့ ကျုပ်တို့ ပေးပါ့မယ် ”
“ယင်သက်တမ်း ဆယ်နှစ်... ခေါက်ဆွဲ ရှစ်ထောင်ကျော်လောက် စားလို့ရတယ်...”
လင်းယွမ်မှာ အနည်းငယ် အံ့သြသွားသည်။
“မိတ်ဆွေတို့... မင်းတို့ ဒီလိုလုပ်တာ ဖန့်ချန် မိတ်ဆွေကို စော်ကားရာ ရောက်နေပြီ။ ငါပြောပြီးပြီလေ၊ ဖန့်ချန် မိတ်ဆွေရဲ့ အစွမ်းက ငါ့ထက် အများကြီး သာပါတယ်လို့။ ပြီးတော့ သူက အခု တက်လှမ်းခြင်းအဆင့် ကို ရောက်နေပြီလေ၊ သူ့ကို အကူအညီတောင်းမယ်ဆိုရင် အနည်းဆုံးတော့ ယင်သက်တမ်း နှစ်တစ်ရာလောက် ပေးရမှာပေါ့ ”
နန်မင်ရှောက်ကျဲက မျက်မှောင်ကြုတ်ကာ ဆိုသည်။
“နှစ်တစ်ရာဆိုတာကလည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ ဖန့်ချန် မိတ်ဆွေရဲ့ အစွမ်းက တကယ်ပဲ အဲဒီလောက် မြင့်မားလို့လား ရှောက်ကျဲအစ်ကို ပြောတာက...”
ထိုသူများထဲမှ တစ်ဦးက သံသယရှိဟန်ဖြင့် ဆိုသည်။
ဖန့်ချန်ကတော့ ထိုသူများမှာ လှုံ့ဆော်နည်း ကို သုံးပြီး သူတို့ကို ယင်မိစ္ဆာ နှိမ်နင်းရာတွင် ဆွဲခေါ်ချင်နေကြသည်ကို ရိပ်မိလိုက်သည်။
၎င်းမှာ သူတို့ ကိုယ်တိုင်လည်း ထိုခရီးစဉ်အတွက် ယုံကြည်မှု အပြည့်မရှိကြောင်း ပြနေသလို၊ နန်မင်ရှောက်ကျဲကမူ သူ့ကို အရှက်ကွဲစေချင်နေပုံရသည်။
ဒါဟာ သူဖြစ်ချင်နေတဲ့ အချက်နဲ့ ကွက်တိပင်။
“ရှောက်ကျဲ မိတ်ဆွေ... ယင်သက်တမ်း ကိစ္စကိုတော့ ခဏထားလိုက်ပါဦး။ ကျနော်တို့က အသစ်ရောက်ခါစမို့ မိတ်ဆွေတို့နဲ့အတူ လိုက်ကြည့်ရင်း ဗဟုသုတ ရှာချင်ရုံသက်သက်ပါပဲ ”
နန်မင်ရှောက်ကျဲမှာ ခဏမျှ ကြောင်သွားပြီး တစ်ဖက်လူက ဤမျှ စကားပြောရ လွယ်ကူလိမ့်မည်ဟု မထင်ထားသဖြင့် ချက်ချင်းပင် ခေါင်းငြိမ့်လိုက်သည်
“ကောင်းပြီလေ... ငါတို့မှာ ရေစက်ရှိတယ်ပဲ ထားပါတော့၊ အတူတူ သွားကြတာပေါ့ ”
လမ်းခရီးတွင် ဖန့်ချန် မေးမြန်းစရာ မလိုဘဲ လင်းယွမ်က သိလိုသမျှကို အကုန်မေးမြန်းနေတော့သည်။
ထိုမေးခွန်းများမှာ လျှို့ဝှက်ချက် မဟုတ်ပေ။
နန်မင်ရှောက်ကျဲသည် ဖန့်ချန်ကို ရှုံးနိမ့်ခဲ့ပြီးကတည်းက ယုံကြည်မှုများ ပျောက်ဆုံးနေပုံရပြီး လင်းယွမ်ကိုပင် တော်တော်လေး ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေသည်။
စိတ်ရှည်လက်ရှည်ဖြင့် တစ်ခုချင်းစီကို ရှင်းပြပေးနေသည်။
ကျွယ်မင် ယင်လောကအတွင်းတွင် ယင်မိစ္ဆာများကို သတ်ဖြတ်ခြင်းဖြင့် ယင်သက်တမ်း ရရှိနိုင်သည်မှာ အမှန်ပင်။
သို့သော် ထိုယင်သက်တမ်းကို ထုတ်ယူနိုင်သည့် နည်းလမ်းမှာ သူတို့တွင် မရှိပေ။
သူတို့ လုပ်ဆောင်နိုင်သည်မှာ ဖမ်းမိသော ယင်မိစ္ဆာများကို မိစ္ဆာသန့်စင်မျှော်စင် သို့ ပို့ဆောင်ပေးရန်သာ ဖြစ်သည်။
ထိုသို့ ပို့ဆောင်ပေးလျှင် သူတို့ ထိုက်သင့်သော ယင်သက်တမ်းကို ရရှိမည်ဖြစ်ပြီး၊ ထိုယင်သက်တမ်းများကို ဂုဏ်ထူးအမှတ် အဖြစ် တိုက်ရိုက် လဲလှယ်နိုင်သည်။
လဲလှယ်နှုန်းမှာ ပုံသေမရှိပေ။
အကယ်၍ ယခုကာလအတွင်း ယင်သက်တမ်း ရရှိမှု နည်းပါးနေလျှင် လဲလှယ်နှုန်း မြင့်မားပြီး၊ ရရှိမှု များပြားနေလျှင်မူ လဲလှယ်နှုန်း နိမ့်ကျသွားတတ်သည်။
“ဂုဏ်ထူးအမှတ်အဖြစ် လဲရတာတင် မကဘူး၊ ယင်သက်တမ်းဆိုတာ ကျုပ်တို့လို ကျင့်ကြံသူတွေအတွက် အဆင့်တက်ဖို့ အလွန်ကောင်းမွန်တဲ့ ဆေးဝါးတစ်မျိုးလည်း ဖြစ်တယ်။ ဝိညာဉ်အတွက်လည်း အကျိုးရှိတာပေါ့။ အများကြီး မှီဝဲထားရင် နောက်တစ်နေ့ သေသွားပြီး ယင်လောက ရောက်လာတဲ့အခါမှာလည်း ကျင့်ကြံခြင်းလမ်းစဉ်ကို ဆက်လျှောက်ဖို့ အခွင့်အရေး ပိုများတာပေါ့ဗျာ ”
***