ဆစ်ချန်က ဆစ်ဝေမင်းနဲ့ လင်းဖန်ရင်းတို့အကြောင်း ဘာမှ မပြောပြဖူးပေမယ့်၊ ဆစ်ရှောင်ဟွေး ဘယ်သူလဲဆိုတာက ထုန်ယောင်အတွက်တော့ လျှို့ဝှက်ချက် မဟုတ်တော့ပါဘူး။ သူ သေချာမသိသေးတာဆိုလို့ ယောက္ခထီး သေဆုံးရတဲ့ အကြောင်းရင်း တစ်ခုတည်းပဲ ရှိတော့တယ်။
တစ်ခါတလေကျရင် ဆစ်ချန်က သူ့ရင်ဘတ်ကိုဖွင့်ပြီး သူ့ရဲ့စိုးရိမ်ပူပန်မှုတချို့ကို မျှဝေပေးစေချင်တယ်၊ ဒါမှ သူတစ်ယောက်တည်း ဝန်ထုပ်ဝန်ပိုးတွေ ထမ်းမထားရမှာလေ။
ဆစ်ချန်က မျက်နှာသုတ်ပုဝါကို စင်ပေါ်လှန်းလိုက်ပြီး ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်။ "သူတို့အားလုံးနဲ့ ကိုယ့်ကြားမှာ ပြဿနာတချို့ ရှိနေတယ်"
ထုန်ယောင်က ဉာဏ်ကောင်းပြီး အရာတော်တော်များများအပေါ် ခံစားလွယ်တယ်ဆိုတာ ဆစ်ချန် သိပါတယ်။ သူ တစ်ခုခုကို ခန့်မှန်းမိနေလောက်ပြီဆိုပေမယ့်၊ အရာအားလုံးကို ဖွင့်ပြောပြဖို့က သူ့အတွက် တကယ်ကို ခက်ခဲနေတာပါ။
ဆစ်မိသားစုရဲ့ အမှောင်မိုက်ဆုံး လျှို့ဝှက်ချက်သာ ပေါ်ထွက်သွားရင် ထုန်ယောင် ဘယ်လို မြင်မလဲဆိုတာ သူ သေချာ မသိဘူး။ ထုန်ယောင်ကများ သူ့ကို ရွံရှာသွားမလားလို့ သူ တွေးပူမိတယ်။
ထုန်ယောင် နေထိုင်တဲ့ ကမ္ဘာလေးက အရမ်းကို သန့်စင်လွန်းတယ်။ ဒီလို ညစ်ပတ်တဲ့ အကြောင်းအရာတွေနဲ့ သူ့နားတွေ၊ သူ့ရဲ့ လောကအမြင်တွေကို သူ မညစ်နွမ်းစေချင်ဘူး။
သူ အသေးစိတ် မပြောပြချင်တာကို သတိထားမိတော့ ထုန်ယောင်က နောက်ပြောင်တဲ့ လေသံနဲ့ စကားလမ်းကြောင်း လွှဲလိုက်တယ်။ "ရှင် အလုပ်ရှုပ်နေရင်လည်း မသွားနဲ့တော့။ ကျွန်မလည်း ဒီရက်ပိုင်း အလုပ်ရှုပ်နေမှာ။ ရှောင်ဟွေးက အခု ဦးလေးလေးရဲ့ အထောက်အပံ့ ရနေတော့ ကျွန်မကို သိပ်ပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံတာ မဟုတ်ပါဘူး။ သူ့နောက် လိုက်ပြီး အလုပ်အကျွေး ပြုမနေချင်ဘူး"
ဆစ်ရှောင်ဟွေးက နောက်ခံလူရှိတာနဲ့ သူများတွေကို အနိုင်ကျင့် ဗိုလ်ကျတတ်တဲ့ သူမျိုးလေ။ ဒါပေမဲ့ ထုန်ယောင်ကလည်း အနိုင်ကျင့်ခံမယ့် သူမျိုး မဟုတ်ဘူး။
လင်းဖန်ရင်းကလည်း သူ့ဆီ လာလည်တာမှ မဟုတ်တာ။ ထုန်ယောင်ကလည်း သူ့ကို ဖားယားပြီး မျက်နှာလို မျက်နှာရ လုပ်မနေချင်ဘူး။
ပွင့်ပွင့်လင်းလင်း ပြောရရင် လင်းဖန်ရင်းရဲ့ လျှို့ဝှက်ချက်ကို သိပြီးကတည်းက သူ့အပေါ် မြင်တဲ့အမြင်တွေက ဆိုးရွားသွားခဲ့ပြီး၊ ယောက္ခမ ဖြစ်နေလို့သာ ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေတာ။
လူ့ဘဝမှာ လူတိုင်းက ဟန်ဆောင်မှုလေးတွေ နည်းနည်းတော့ ရှိတတ်ကြတယ်လေ။
"ဒါဆိုရင်လည်း သွားမနေနဲ့တော့။ သူတို့ဘာသာ ပြဿနာရှာချင် ရှာပါစေတော့" လို့ ဆစ်ချန်က ဂရုမစိုက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။
ထုန်ယောင်က အတင်းပြုံးလိုက်ပြီး ခြေဖျားထောက်ကာ သူ့ပါးကို နမ်းလိုက်တယ်။ "ရှင် ဒီလိုမျိုး အမြင်ရှင်းနေတာကို ကျွန်မ သဘောကျတယ်"
ဆစ်ချန်ရဲ့ မျက်လုံးတွေက ပိုပြီး နက်ရှိုင်းသွားတယ်။ သူက ထုန်ယောင်ရဲ့ ဆံပင်တွေကို ပွတ်သပ်ရင်း တိုးတိုးလေး ပြောတယ်။ "လိမ္မာတယ်နော်။ ခဏလောက် ထွက်သွားပေးပါဦး၊ ကိုယ် ရေချိုးချင်လို့"
အလုပ်က ပြန်လာပြီး ရေမချိုးရသေးခင် ထုန်ယောင်နဲ့ ဘာအထိအတွေ့မှ မလုပ်တဲ့ အကျင့် သူ့မှာ ရှိတယ်။ ဒါက ထုန်ယောင်အတွက် အခြေခံ ကာကွယ်မှုလေးပါ။
ဆရာဝန် တစ်ယောက်အနေနဲ့ လူနာပေါင်းများစွာနဲ့ ထိတွေ့နေရတာလေ။ သူတို့ထဲက တချို့မှာ ကူးစက်ရောဂါတွေ ရှိနေနိုင်ခြေ အရမ်းများတယ်။ ဘေးကင်းလုံခြုံရေးနဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်တာက သူ့ကိုယ်သူနဲ့ သူ့မိသားစုအပေါ် ထားရှိတဲ့ တာဝန်ယူမှု တစ်ခုပဲ။
ဆစ်ချန်ရဲ့ အကျင့်ကို သိထားတော့ ထုန်ယောင်က ရယ်ချင်စိတ်ကို အောင့်ထားပြီး သူ့ကို နောက်လိုက်တယ်။ "ကျွန်မ ရှင့်ကျောကို တိုက်ပေးရမလားဟင်"
"မင်း တကယ်ပဲ ကိုယ့်ကျောကို တိုက်ပေးချင်လို့လား"
ဆစ်ချန်က အင်္ကျီကြယ်သီးကို ဖြုတ်ရင်း သူ့ကို ပြုံးစစနဲ့ ကြည့်လိုက်တယ်။ ထုန်ယောင် မျက်နှာ နီရဲသွားပြီး အခန်းထဲကနေ အမြန် ပြေးထွက်သွားတော့တယ်။ ဆစ်ချန်ရဲ့ တိုးတိတ်တဲ့ ရယ်သံကို ကြားလိုက်ရတော့ သူ ပိုပြီး ရှက်သွားကာ နီရဲနေတဲ့ ပါးပြင်လေးတွေကို ပုတ်လိုက်တယ်။
ရယ်စရာတော့ ကောင်းသား။ သူတို့ အိမ်ထောင်ကျတာ အချိန်အကြာကြီး ရှိနေပြီကို၊ ဆစ်ချန်နဲ့ အတူတူ ရေချိုးရမယ်ဆိုတဲ့ အတွေးလေးနဲ့တင် သူ ရှက်နေတုန်းပဲ...
ဆစ်ချန်လို ယောကျ်ားမျိုးကို ဘယ်မိန်းမမှ မခုခံနိုင်ဘူး ထင်ပါရဲ့။
ထုန်ယောင်က ဧည့်ခန်းထဲမှာ ထိုင်ပြီး သူ့မျက်နှာလေး ပုံမှန်အတိုင်း ဖြူဝင်းသွားတဲ့အထိ ယပ်ခတ်နေလိုက်တယ်။ ပြတင်းပေါက် အပြင်ဘက်ကနေ ကြောင်အော်သံ ကြားလိုက်ရလို့ မော့ကြည့်လိုက်တော့ ပြတင်းပေါက်ကနေ ခုန်ဝင်လာတဲ့ ကြောင်ကွက်လေးကို တွေ့လိုက်ရတယ်။
ထုန်ယောင်က သူ့ကို လှမ်းခေါ်လိုက်တယ်။ "လာ... ငါးခြောက်လေး လာစားလှည့်"
တိန့်ဝမ်ဝမ်က ကြောင်ကွက်လေးကို ပေးကတည်းက ထုန်ယောင်က ကြောင်အိပ်ရာနဲ့ ငါးခြောက်တွေ အများကြီး ဝယ်ကျွေးထားတာ။ အစားကောင်းတွေ စားရလို့ ဝလာပြီး အခုဆို လမ်းလျှောက်ရင်တောင် အရင်ခေတ်က မြေရှင်သူဌေးကြီးတွေလို မာနတခွဲသားနဲ့ လျှောက်နေတာပဲ။
ကံကောင်းတာက အစားအများကြီး စားတာကလွဲရင် သူ့မှာ ဘာအကျင့်ဆိုးမှ မရှိဘူး။ ကြွက်ခုတ်တတ်တဲ့အပြင် သတင်းတွေ စုဆောင်းရာမှာလည်း အရမ်းတော်တယ်။ အိမ်ရာဝင်းထဲက မိသားစုတိုင်းရဲ့ အကြောင်းကို သူ အကုန်သိတယ်။ တိတ်တိတ်လေး ရန်ဖြစ်နေကြတဲ့ လင်မယားအကြောင်းရော၊ တခြားသူတွေရဲ့ ငွေရေးကြေးရေး အခြေအနေတွေကိုပါ ထုန်ယောင် သိနေရတာ။
ကြောင်ကွက်လေးက ထုန်ယောင်အနားကို တရွေ့ရွေ့ လျှောက်လာပြီး ညောင်ခနဲ အော်လိုက်တယ်။ "နင်က အရမ်းကို အေးဆေးလွန်းတယ်။ ဒေါက်တာဆစ် တစ်ယောက် အလုခံရတော့မလို့ ဖြစ်နေတာကို၊ နင်က ဒီမှာ ကြောင်ကို အစာကျွေးဖို့ အလုပ်ရှုပ်နေတယ်"
"ဟင်" ထုန်ယောင် မျက်ခုံးပင့်လိုက်ပြီး တိုးတိုးလေး မေးလိုက်တယ်။ "အာချန်ကို ဘယ်သူက လုချင်နေတာလဲ"
ကြောင်လေးက ရုပ်မြင်သံကြားစက်ပေါ် ခုန်တက်သွားပြီး မာနကြီးတဲ့သူ တစ်ယောက်လို မောက်မောက်မာမာ ထိုင်နေတယ်။ "လင်းမန် ဆိုတဲ့ မိန်းမလေ၊ သူ ဒီနေ့ ဆေးရုံမှာ ဒေါက်တာဆစ်ဆီ လာလည်တယ်။ ဒေါက်တာက သူ့အသက်ကို ကယ်ခဲ့ပြီး ကျောက်တုံးတွေ ပိမလာအောင်တောင် ကာကွယ်ပေးခဲ့တယ်လို့ သူ ပြောနေတာ။ သူတို့ရဲ့ အရင်က ဆက်ဆံရေးက တော်တော်လေး ရင်းနှီးပုံရတယ်။ သူက ဒေါက်တာ့ရဲ့ ရည်းစားဟောင်း ဖြစ်နိုင်ပြီး သူတို့ ပြန်တွဲသွားနိုင်ခြေ ရှိတယ်။ နင် သတိထားတာ ကောင်းမယ်"
ထုန်ယောင် အိမ်ရာဝင်းထဲ ပြောင်းလာကတည်းက ကြောင်လေးရဲ့ ဘဝက အများကြီး တိုးတက်လာခဲ့တာ။ ထုန်ယောင်က သူ့စကားကို နားလည်တဲ့ တစ်ဦးတည်းသော လူသားဖြစ်နေတော့၊ ထုန်ယောင် နေရာမှာ တခြားတစ်ယောက် အစားထိုးခံရမှာကို သူ အထူးတလည် စိုးရိမ်နေတာ။
ဆစ်ချန်နဲ့ ထုန်ယောင်သာ လမ်းခွဲသွားရင် ထုန်ယောင်က အိမ်ရာဝင်းထဲကနေ သေချာပေါက် ပြောင်းသွားမှာလေ။ အဲဒီကျရင် သူ ဘယ်လို လုပ်ရတော့မလဲ။
ထုန်ယောင် ဒေါသပေါက်ကွဲမတတ် ဖြစ်သွားတယ်။ "လင်းမန်က ဆစ်ချန်ကို လာရှာရဲတယ်ပေါ့" တစ်ယောက်ယောက်က သူ့ကို ဖြတ်ကျော်ဖို့ ကြိုးစားနေတာကို သူ သတိမထားမိလုနီးပါးပဲ။
ဒီလင်းမန်က တကယ်ကို ရဲတင်းလွန်းတယ်။ ဆစ်ချန် ဒီမှာ အလုပ်လုပ်တယ်ဆိုတာ သူ ရှောင်ဟွေးဆီက သိသွားတာ ဖြစ်ရမယ်။ ဆစ်ချန်က သူ့ညီမဝမ်းကွဲရဲ့ ယောကျ်ားဆိုတာကိုကော လင်းမန် သိနေပြီလား။
သူတို့ ဆက်ဆံရေးကို သိရက်နဲ့တောင် လင်းမန်က ဆစ်ချန်ကို အရှက်မရှိ ဆက်ပြီး လိုက်နေမယ်ဆိုရင်တော့ လုံးဝ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး။
"အာချန်ရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိလဲ" အဲဒါက ထုန်ယောင် အလေးထားဆုံး ကိစ္စပဲ။
"ဒေါက်တာဆစ်က သူ့ကို ဆေးကုသမှု ခံယူဖို့ အရိုးအကြောဌာနကို သွားခိုင်းလိုက်တယ်။ ဆေးရုံဆိုတာ ဆေးကုတဲ့ နေရာ၊ ဆွေမျိုးလာစပ်ရမယ့် နေရာ မဟုတ်ဘူးလို့ ပြောလိုက်တယ်" ကြောင်ကွက်လေးက ဇာတ်လမ်းကို ချဲ့ကားပြီး မပြောရဲဘူး။ ခွဲစိတ်ဆရာဝန်တွေက သူတို့အလုပ်သဘာဝအရ သွေးနံ့တွေ အမြဲစွဲနေတတ်တယ်လေ။ ကြောင်တွေက အဲဒီအနံ့ကို အထူးအာရုံခံနိုင်စွမ်းရှိပြီး ကြောက်ကြတယ်။
"ဒီလိုမှပေါ့" ထုန်ယောင်က ဆစ်ချန်ရဲ့ တုံ့ပြန်မှုကို သဘောကျသွားပြီး သူ့စိတ်တွေလည်း ပေါ့ပါးသွားတယ်။
ဒီအချိန်မှာပဲ ရေချိုးခန်းတံခါး ပွင့်လာတော့ ကြောင်ကွက်လေးက သူ့အိပ်ရာထဲကို အမြန်ပြေးဝင်သွားပြီး ဘယ်သူမှ သတိမထားမိအောင် အိပ်ချင်ယောင် ဆောင်နေလိုက်တယ်။
ဆစ်ချန်က စိုရွှဲနေတဲ့ ဆံပင်တွေနဲ့ ရေချိုးခန်းထဲကနေ ထွက်လာပြီး ကြောင်အိပ်ရာကို တစ်ချက်ကြည့်လိုက်တော့ ကြောင်က အိပ်ချင်ယောင် ဆောင်နေတာကို သတိထားမိလိုက်တယ်။ ဒါပေမဲ့ သူ ဘာမှမပြောဘူး။ ကြောင်ရှိတဲ့ ဘက်ကို မေးခွန်းထုတ်တဲ့ အကြည့်နဲ့ တစ်ချက် ကြည့်လိုက်ရုံပဲ။
သူ ထွက်လာတာကို မြင်တော့ ထုန်ယောင် နှာခေါင်းရှုံ့လိုက်ပြီး အိပ်ခန်းထဲကို တန်းလျှောက်သွားတယ်။ ဆစ်ချန်ဘေးက ဖြတ်သွားတဲ့အခါ သူက ဆစ်ချန်ရဲ့ ပခုံးကို တမင် ဝင်တိုက်သွားတယ်။ ထုန်ယောင်ရဲ့ ကလေးဆန်တဲ့ အပြုအမူကြောင့် ဆစ်ချန်မှာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ ထုန်ယောင် စိတ်မကြည်မလင် ဖြစ်နေမှန်း သိတော့ သူက အခန်းထဲကို နောက်ကနေ လိုက်သွားလိုက်တယ်။
သူက လက်ထဲမှာ မျက်နှာသုတ်ပုဝါကို ကိုင်ထားရင်း တိုးတိုးလေး မေးလိုက်တယ်။ "ဘာဖြစ်လို့လဲ"
"ဒီနေ့ ရှင် ဘယ်သူနဲ့ တွေ့ခဲ့တာလဲ" ထုန်ယောင်က မကျေမနပ်နဲ့ မေးလိုက်တယ်။
ထုန်ယောင် ဘာကြောင့် စိတ်တိုနေရလဲဆိုတာကို ဆစ်ချန် ခဏလောက် စဉ်းစားပြီးမှ သဘောပေါက်သွားတယ်။ သူက ထုန်ယောင်ကို ညင်ညင်သာသာ ပြုံးပြလိုက်တယ်။ "လင်းမန် ကိစ္စကြောင့် စိတ်ဆိုးနေတာလား"
ဒီနေ့ ဆေးရုံကို လင်းမန် လာလည်တာက တော်တော်လေး သိသာထင်ရှားတယ်။ လူတော်တော်များများ မြင်ခဲ့ကြတော့ ဒီသတင်းက ထုန်ယောင်နားကို ရောက်သွားတာ မဆန်းပါဘူး။ သူ တခြား ဘာကိုမှ သံသယ မဝင်ပါဘူး။
"ရှင်က ရယ်နေသေးတယ်နော်" ထုန်ယောင်က ပါးစောင်လေးကို ဖောင်းလိုက်တယ်။ "လင်းမန်က တတိယဆေးရုံက သူနာပြုလေ။ ရှင် ဒီမှာ အလုပ်လုပ်တယ်ဆိုတာ သူ ရှောင်ဟွေးဆီက သိသွားတာ ဖြစ်ရမယ်၊ ရှင်က သူ့ညီမဝမ်းကွဲရဲ့ ယောကျ်ားဆိုတာကိုလည်း သူ သိလောက်ပြီ မဟုတ်လား။ ဒါတောင်မှ သူက ရှင့်ကို လာရှာရဲသေးတယ်၊ ဒါက သူ့ရည်ရွယ်ချက်ကို အရမ်း ထင်ရှားစေတာပဲ"
အပိုင်း ( ၃၁၃ ) ပြီးဆုံး
***