လင်းမန်က ဆစ်ချန်အပေါ် ဘယ်လို ခံစားချက်ရှိတယ်ဆိုတာ ထုန်ယောင် ကောင်းကောင်း သိထားပြီးသားပါ။ ဒါပေမဲ့ ဒီလောက် အချိန်တွေ ကြာသွားတာတောင် လင်းမန်က ဆစ်ချန်ကို စိတ်မလျှော့သေးတဲ့အပြင်၊ ဆစ်ချန်က သူ့ညီမဝမ်းကွဲရဲ့ ယောကျ်ားဆိုတာ သိသိကြီးနဲ့တောင် သူတို့အိမ်ပေါက်ဝအထိ ရဲရဲတင်းတင်း ရောက်လာလိမ့်မယ်လို့ ထုန်ယောင် မထင်ထားခဲ့ဘူး။
ဒါက နယ်လွန်သွားတာပဲ။
သူက ဇနီးဖြစ်တဲ့ ထုန်ယောင်ကို အလှပြရုပ်လုံး တစ်ခုလိုများ သဘောထားနေတာလား။
အရှက်အကြောက်မရှိတဲ့ မယားငယ်တွေဆိုတာ ခေတ်တိုင်းမှာ ရှိနေတတ်တဲ့ ပုံပဲ။ ကိုယ်ကျင့်တရား ကင်းမဲ့တဲ့ လူတွေက ဘယ်ခေတ်မှာမဆို ရှိနိုင်တာပဲလေ။
ဒေါသထွက်ပြီး ပေါက်ကွဲနေတဲ့ ထုန်ယောင်ကို ကြည့်ရင်း ဆစ်ချန်တစ်ယောက် သူ့ကို တကယ့်ကို ချစ်စရာကောင်းတယ်လို့ မတွေးဘဲ မနေနိုင်တော့ဘူး။ သူက ထုန်ယောင်ရဲ့ ပါးပြင်လေးတွေကို လက်မနဲ့ ဖွဖွလေး ပွတ်သပ်ရင်း လေးလေးနက်နက် အာမခံလိုက်တယ်။ "ယောင်ယောင်... လင်းမန်ရဲ့ လုပ်ရပ်တွေ၊ အတွေးတွေကို ကိုယ် မထိန်းချုပ်နိုင်တာ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ စိတ်ချပါ၊ သူ့လို လူမျိုးတွေကို ကိုယ် အရမ်း ရွံတယ်။ မင်းကို နာကျင်စေမယ့် အလုပ်မျိုး ကိုယ် ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ တို့မိသားစုအပေါ် ကိုယ် သစ္စာရှိပါတယ်။ မင်း မရှိရင် အိမ်ဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး"
လင်နဲ့မယား ကြားမှာ ဘာမှ ဖုံးကွယ်ထားစရာ မလိုပါဘူး။ သူ့စိတ်ထဲရှိတာကို ပြောပြလိုက်လို့ ထုန်ယောင် စိတ်အေးသွားမယ်ဆိုရင် ဆစ်ချန်က ကျေကျေနပ်နပ်ကြီး ပြောပြမှာပဲ။
လင်းမန်နဲ့ ပတ်သက်လို့ကတော့၊ သူသာ ပေါ်မလာရင် ဒီလောကကြီးမှာ အဲဒီလိုလူမျိုး ရှိနေတယ်ဆိုတာကိုတောင် ဆစ်ချန် မှတ်မိနေမှာ မဟုတ်ဘူး။
သူ့စကားတွေ ကြားရတော့ ထုန်ယောင် စိတ်နည်းနည်း ပေါ့သွားတယ်။ ဆစ်ချန်နဲ့ လင်းမန် ကြားမှာ ဘာမှ မရှိဘူးဆိုတာ သူ သိထားတာ ကြာပါပြီ။ သူက နည်းနည်း သဝန်တိုပြီး ဆစ်ချန်ဆီကနေ အားပေးစကားလေး ကြားချင်ရုံ သက်သက်ပါ။
မိန်းမတစ်ယောက်က ဘယ်လောက်ပဲ သန်မာပါစေ၊ သူချစ်တဲ့ ယောကျ်ားရှေ့ ရောက်ရင်တော့ ပျော့ညံ့သွားတတ်တာပဲလေ။
သူက တမင်သက်သက် မျက်နှာကို တင်းထားပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်တယ်။ "ရှင် ပြောခဲ့တဲ့ စကားကို မှတ်ထားတာ ကောင်းမယ်။ နောက်တစ်ခါ လင်းမန်နဲ့ တွေ့ရင် ယဉ်ကျေးနေစရာ မလိုဘူး။ သူက ရှင့်ကို ဆက်သွယ်ဖို့ သတ္တိရှိသေးတယ်ဆိုတာ သူ စိတ်မလျှော့သေးဘူး ဆိုတဲ့ သဘောပဲ။ သူ့ကို မျက်နှာနည်းနည်း ပေးလိုက်ရင်၊ ဘာမှ တွန့်ဆုတ်နေမှာ မဟုတ်ဘဲ ရှင့်အနား ကပ်ဖို့ ရရာနည်းလမ်းနဲ့ ကြိုးစားလိမ့်မယ်။ ရှင့်ဆီ ရောက်ဖို့ ရှောင်ဟွေးဆီ အရင် ချဉ်းကပ်တာမျိုးတောင် လုပ်နိုင်တယ်။ သတိထား"
ဒီလို ဇာတ်လမ်းမျိုးတွေကို ရုပ်မြင်သံကြားမှာ အခါခါ မြင်ဖူးထားတော့ ဘာကမှ ထုန်ယောင်ကို မအံ့သြစေတော့ဘူး။ လင်းမန်က ဆစ်ချန်အကြောင်းကို ဆစ်ရှောင်ဟွေးဆီကနေ သိသွားတယ်ဆိုတဲ့ အချက်က သူတို့ရဲ့ ဆက်ဆံရေးဟာ သာမန် မဟုတ်ဘူးဆိုတာကို ပြသနေတယ်။ သူ့နေရာမှာ တခြားဘယ်သူပဲဖြစ်ဖြစ် သူတို့ကြားမှာ တစ်ခုခု ရှိနေတယ်လို့ တွေးမှာပဲဆိုတော့၊ သူ သံသယ ဝင်တာက အကြောင်းပြချက် မရှိတာတော့ မဟုတ်ဘူး။
လူကြီးတွေ ပြောတဲ့ စကားရှိတယ်လေ၊ ကိုယ့်ကို ဒုက္ခပေးမယ့်သူတွေကို အမြဲ သတိထားရမယ်တဲ့။ လင်းမန်ကိုလည်း သတိထားဖို့ လိုတယ်။ နောက်တစ်ခါ ဆစ်ရှောင်ဟွေးနဲ့ တွေ့ရင် သူ ဘယ်ဘက်မှာ ပါလဲဆိုတာကို စုံစမ်းရမယ်။
သူ့မိသားစုကို ပြိုကွဲအောင် လုပ်မယ့် ဘယ်သူ့ကိုမဆို သူ လုံးဝ သည်းခံမှာ မဟုတ်ဘူး။
ဆစ်ချန်က တခြားဘယ်သူ့အပေါ်မှ ခံစားချက် မရှိရင်တောင်၊ မိန်းမတစ်ယောက်က သူ့ယောကျ်ားကို တမ်းတနေပြီး သူ့ကို စိတ်အနှောင့်အယှက် ပေးနေတာကို သူ ကြည့်မနေနိုင်ဘူး။
"အမြော်အမြင် ကြီးပါပေတယ်။ ချီးကျူးထိုက်ပါတယ်" ဆစ်ချန်ရဲ့ မျက်လုံးတွေက ရယ်မောခြင်းတွေနဲ့ တောက်ပနေပြီး သူ့လေသံက မြတ်နိုးမှုတွေ အပြည့်ပါနေတယ်။
ဂရုစိုက်ခံရတယ်ဆိုတဲ့ ခံစားချက်က ဆစ်ချန်ကို လွှမ်းမိုးသွားတယ်။ လင်းဖန်ရင်းကြောင့် ဖြစ်ပေါ်နေတဲ့ စိတ်ကျုံ့စရာ ခံစားချက်တွေ အားလုံး လွင့်စင်သွားတယ်။ ထုန်ယောင်က နောက်ထပ် ဆုံးမစကားတွေ ဆက်ပြောတော့မလို့ လုပ်နေတာကို မြင်တော့ သူက ထုန်ယောင်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်တယ်။
"ယောင်ယောင်... ယောကျ်ားတွေက ဘယ်အချိန်မှာ အလိမ္မာဆုံးလဲ ဆိုတာကို မင်း သိသင့်တယ်။ တို့တွေ နေရာပြောင်းပြီး ဆက်ဆွေးနွေးကြမလားဟင်"
သူက တမင်သက်သက် လုပ်လိုက်သလိုပဲ။ သူ့ရဲ့ ဝင်သက်ထွက်သက်က ထုန်ယောင်ရဲ့ နားရွက်တွေကို ယားကျိကျိ ဖြစ်သွားစေလို့ ထုန်ယောင် လည်ပင်းလေး ပုဝင်သွားတယ်။ မော့ကြည့်လိုက်တော့ ပြင်းပြတဲ့ သူ့အကြည့်တွေနဲ့ ဆုံသွားတယ်။ ထုန်ယောင်ရဲ့ နှလုံးသားက ရင်ဘတ်ထဲကနေ ခုန်ထွက်လာတော့မတတ် ပြင်းပြင်းထန်ထန် ခုန်နေတော့တယ်။
သူမ သိလိုက်ခင်မှာပဲ သူ့ရဲ့ ထောင်ချောက်ထဲကို ကျဆင်းသွားခဲ့ပြီ။
ဆရာဝန် ယောကျ်ား တစ်ယောက် ရှိတာက ဖော်ပြလို့မရတဲ့ အရာတစ်ခုပဲ။ သူက လူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံကို သေသေချာချာ နားလည်ထားပြီး ခံစားချက်တွေကို ဘယ်လို နှိုးဆွရမလဲဆိုတာကို တခြားဘယ်သူ့ထက်မဆို ပိုသိနေတယ်။
သူတို့ရဲ့ သီးသန့် အချိန်လေးက သန်းခေါင်ယံအထိ ကြာသွားတယ်။ ထုန်ယောင် တစ်ကိုယ်လုံး ချွေးတွေ ရွှဲနေပြီး လက်တစ်ချောင်းတောင် မလှုပ်နိုင်အောင် ပင်ပန်းနေပြီ။ သူ မှတ်မိတာဆိုလို့ ဆစ်ချန်က သူ့ချွေးတွေကို မျက်နှာသုတ်ပုဝါနဲ့ သုတ်ပေးတာ၊ စောင်သေချာ ခြုံပေးတာနဲ့ သူ အိပ်မပျော်သွားခင် ဆစ်ချန်ရဲ့ ရင်ခွင်ထဲမှာ သက်တောင့်သက်သာ ရှိမယ့် နေရာလေး ရှာပေးတာကိုပဲ မှတ်မိတော့တယ်။
တစ်ခါတလေကျရင် ဆစ်ချန်ကများ ကိုယ်ယောင်ဖျောက်နိုင်တဲ့ သူလားလို့ သူ တွေးမိတယ်။ သူက အမြဲတမ်း ယဉ်ကျေးသိမ်မွေ့ပုံ ပေါက်ပေမယ့်၊ သူ့ရဲ့ ခံနိုင်ရည်ကတော့ စစ်သည်တော် တစ်ယောက်လိုပဲ။
ကြည့်လေ... ညဘက် လှုပ်ရှားမှုတွေ လုပ်ပြီးတာတောင် သူက မနက်စောစော ထနိုင်တဲ့ ခွန်အားတွေ ရှိနေသေးတာ။ ထုန်ယောင် နိုးလာတဲ့ အချိန်မှာ ဆစ်ချန်က အလုပ်တောင် ရောက်နေပြီ။
ထုန်ယောင် ဆိုင်ကို သွားပြီး ဆစ်ဘိုရီဆီ ဖုန်းဆက်လိုက်တယ်။ ဖုန်းကိုင်တာက ကျန်လီကျွမ်း ဖြစ်နေတယ်။ လင်းဖန်ရင်းက ဆစ်ဝေမင်းကို သွားတွေ့တယ် ဆိုတာကို ကြားတော့ သူက ဗြုန်းခနဲ ပြောချလိုက်တယ်။ "တွေ့လား၊ ငါ သိသားပဲ။ သူက ရှောင်ဟွေးကို ပြုစုဖို့ သက်သက် သွားတာ မဟုတ်ဘူး။ ငါ ထင်တာ မှန်တယ်ဆိုတာ ငါ သိသားပဲ"
စကားလွတ်သွားတာနဲ့ တစ်ပြိုင်နက် သူ မှားသွားမှန်း သတိထားမိပြီး အမြန် ရှင်းပြဖို့ ကြိုးစားတယ်။ "မရီး... အထင်မလွဲနဲ့နော်၊ အမေက အစ်ကိုကြီးကို သွားတွေ့ချင်လို့ သွားတာ ဖြစ်မယ်လို့ ဆိုလိုတာပါ"
ကံကောင်းလို့ ဆစ်ဘိုရီ အဲဒီမှာ မရှိနေတာ၊ မဟုတ်ရင် သူနဲ့ သေချာပေါက် ရန်ဖြစ်တော့မှာပဲ။
ထုန်ယောင်က အရူးမှ မဟုတ်တာ၊ ကျန်လီကျွမ်း စကားရဲ့ ဆိုလိုရင်းကို သူ နားလည်ပါတယ်။ ဆစ်ချန်တောင် လင်းဖန်ရင်းနဲ့ ဆစ်ဝေမင်း အကြောင်းကို သိနေတယ်ဆိုရင်၊ အဲဒါက သူတို့ရွာမှာ ကောလာဟလ တစ်ခု ဖြစ်ခဲ့တာ သေချာတယ်။ ဆစ်ချန်တို့ မျိုးဆက် ကြီးပြင်းလာကတည်းက ဘယ်သူမှ ပေါ်တင်ကြီး မပြောရဲကြတော့လို့သာပေါ့။ ရွာက လူကြီးတွေတော့ တစ်ခုခု သိထားနိုင်ခြေ များတယ်။
အနည်းဆုံးတော့ ချန်ကျင်းလန် တစ်ခုခု သိထားတာ သေချာတယ်။ မိသားစု နှစ်စုက အိမ်နီးချင်းတွေပဲလေ၊ ဒီလောက် အရေးကြီးတဲ့ ကိစ္စက သူ့မျက်စိအောက်ကနေ ဘယ်လိုလုပ် လွတ်သွားမှာလဲ။
ဒါပေမဲ့ ဒီကိစ္စက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ခဲ့တာဆိုတော့၊ ပြန်ပေါ်လာဖို့ အခွင့်အရေးက နည်းပါတယ်။ တကယ်လို့ ပြန်ပေါ်လာခဲ့ရင်တောင် ချွေးမတစ်ယောက်ရဲ့ ပါးစပ်ကနေ စထွက်လာမှာတော့ မဟုတ်ဘူး။
လူမိုက်တွေပဲ ကိုယ့်လည်ပင်းကို အကွင်းစွပ်ခံဖို့ ရှေ့တန်းထွက်ကြမှာပေါ့။
ထုန်ယောင်က ဘာမှ မသိသလို ဟန်ဆောင်ပြီး ကျန်လီကျွမ်း ပြောတဲ့အတိုင်း လိုက်ပြောလိုက်တယ်။ "ဖြစ်နိုင်တာပဲ! ကဲပါ... ငါ သွားစရာလေး ရှိသေးတယ်။ ဘိုရီ စိတ်မပူရအောင် သူ့ကို သတင်းပါးဖို့ မမေ့နဲ့ဦးနော်"
ထုန်ယောင် ဘာမှ သံသယ မဝင်ဘူးဆိုတာ မြင်တော့ ကျန်လီကျွမ်း သက်ပြင်းချနိုင်သွားပြီး အမြန် သဘောတူလိုက်တယ်။
အဲဒီနောက် ကျန်လီကျွမ်းက လင်းဖန်ရင်းရဲ့ အရှက်မရှိမှုကို စိတ်ထဲကနေ တိတ်တိတ်လေး ကျိန်ဆဲတော့တယ်။ ယုန်တောင်မှ သူ့တွင်းနားက မြက်ကို မစားဘူးလေ။
တစ်ချိန်တည်းမှာပဲ ချွေးမဖြစ်သူ အတင်းပြောနေတာကို မသိရှာတဲ့ လင်းဖန်ရင်းက ဆစ်ဝေမင်းနဲ့အတူ မနက်ခင်း တစ်ခုလုံး အိမ်လိုက်ရှာနေခဲ့တယ်။ နောက်ဆုံးတော့ ခြံဝင်းနဲ့ အိမ်တစ်လုံးကို ရှာတွေ့ခဲ့ပေမယ့် အိမ်လခက နည်းနည်း ဈေးကြီးပြီး ရေချိုးခန်းတွေ မပါဘူး။ ကျန်တာကတော့ အားလုံး အဆင်ပြေပါတယ်။
ဒီနေရာထိုင်ခင်းကို ဆစ်ရှောင်ဟွေးက လုံးဝ သဘောမကျဘူး။ လင်းဖန်ရင်း ကတော့ သူတို့ရဲ့ အရင်အိမ်ဟောင်းနဲ့စာရင် အများကြီး တိုးတက်လာပြီ ဖြစ်လို့ အဆင်ပြေတယ်လို့ ထင်တယ်။
ဆစ်ရှောင်ဟွေးက လင်းဖန်ရင်းရဲ့ ဩဇာလွှမ်းမိုးမှုကို မကျေမနပ် ညည်းတွားတယ်။ သူက ဆိုးနွဲ့ပြီး ပိုကောင်းတဲ့ အိမ်တစ်ခု လိုတယ်လို့ ဦးလေးကို ဖြားယောင်းဖို့ မျှော်လင့်ခဲ့ပေမယ့်၊ မမျှော်လင့်ဘဲ ဒီတစ်ခါတော့ ဦးလေးက သူ့ဘက် မပါခဲ့ဘူး။
သူ့အမေနဲ့ ပတ်သက်လာရင် ဦးလေးက ဘယ်တော့မှ သူ့ဘက် ပါမှာ မဟုတ်ဘူးဆိုတာကို သူ သဘောပေါက်သွားတယ်။
ဆစ်ရှောင်ဟွေးက သူ့ညည်းတွားမှုတွေကို ရင်ထဲမှာပဲ သိမ်းထားလိုက်ပေမယ့်၊ သူ့ရဲ့ အေးချမ်းတဲ့ ဘဝကို လာရောက် ဖျက်ဆီးတဲ့ လင်းဖန်ရင်းအပေါ် မကျေနပ်မှုတွေ ပြည့်နှက်နေတယ်။
အိမ်ငှားပြီးတာနဲ့ ဆစ်ဝေမင်းက ပစ္စည်းတွေ ရွှေ့ဖို့ ဆောင်ယုကို အကူအညီ တောင်းလိုက်ပြီး၊ သူကတော့ ယောက္ခမအိမ်ကို သွားကာ မိန်းမဖြစ်သူကို သွားကြိုတယ်။
ဒေါသတကြီးနဲ့ အိမ်ပေါ်က ဆင်းသွားခဲ့ပေမယ့် ဆစ်ရှောင်ဟွေးကို မလွှတ်သရွေ့ ယွမ်ချိုင်ကျိန်းက နေ့တိုင်း စိုးရိမ်ပူပန်နေခဲ့တာ။ အခု ဆစ်ဝေမင်းက အိမ်ငှားပေးလိုက်ပြီး မရီးဖြစ်သူကိုပါ အိမ်ခေါ်လာတယ်ဆိုတော့၊ ဒါက ယွမ်ချိုင်ကျိန်းအတွက် ထွက်ပေါက်တစ်ခု ဖြစ်သွားတယ်။
အစ်ကိုကြီးရဲ့ မိန်းမ (မရီး) ဆိုတာ အမေလိုပဲ လေးစားရတာလေ။ သူ့ယောကျ်ားရဲ့ မရီး ရောက်လာတာကို သူက အိမ်ပြန်မလာဘူးဆိုရင် တော်တော်လေး အရိုင်းအစိုင်း ဆန်ရာကျသွားမှာပေါ့။
အမေဖြစ်သူကလည်း ဖျောင်းဖျပြီး အိမ်က အခြေအနေတွေလည်း ပြောင်းလဲသွားပြီဆိုတော့၊ နောက်ဆုံး ယွမ်ချိုင်ကျိန်းလည်း ဆစ်ဝေမင်းနဲ့အတူ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။
နေ့လယ်စာအတွက် စားသောက်ဆိုင်မှာ စားပွဲကြိုမှာထားတဲ့ ဆစ်ဝေမင်းက သူ့မိန်းမနဲ့ မရီးကို အပြင်မှာ ထမင်းသွားစားဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါက ယွမ်ချိုင်ကျိန်းအတွက် နာမည်ကြီးနေတဲ့ မရီးဖြစ်သူနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတာပဲ။ ဆစ်ရှောင်ဟွေးကို မကြိုက်ပေမယ့် လင်းဖန်ရင်းနဲ့ တွေ့ရမှာကိုတော့ သူ တော်တော်လေး စိတ်အားထက်သန်နေတယ်။ သူ့စိတ်ထဲမှာတော့ လင်းဖန်ရင်းက ထူးခြားတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ပြီး သန်မာပြတ်သားတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာ။ ဒါပေမဲ့ မမျှော်လင့်ဘဲ လင်းဖန်ရင်းက ရှက်တတ်ပြီး နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီး တစ်ယောက် ဖြစ်နေတယ်။ ဒီလို ကိုယ်ရည်ကိုယ်သွေးမျိုးနဲ့ ကလေးသုံးယောက်ကို တစ်ယောက်တည်း ပြုစုပျိုးထောင်ဖို့ ဆိုတာ တော်တော် ခက်ခဲမှာပဲလို့ တွေးမိပြီး လင်းဖန်ရင်းကို သူ ပိုတောင် လေးစားသွားတယ်။
စကားတစ်ခွန်း ဆုံးတိုင်း 'မရီး' လို့ အမြဲတမ်း ခေါ်ခံနေရတာက လင်းဖန်ရင်းကို နေရခက်စေတယ်။
အပိုင်း ( ၃၁၄ ) ပြီးဆုံး
***