ယွမ်ချိုင်ကျိန်းရဲ့ ထူးဆန်းနေတဲ့ အမူအရာကို သတိထားမိပေမယ့် ထုန်ယောင်က ထုတ်မပြောတော့ပါဘူး။ ဦးလေးလေး ဖန်တီးထားတဲ့ ပြဿနာတွေကို သူကိုယ်တိုင်ပဲ ရှင်းလင်းပါစေတော့လို့ သူ တွေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူ့မှာလည်း ရှင်းစရာ ပြဿနာတွေ အပုံကြီး ရှိနေသေးတယ်လေ။
ယွမ်ချိုင်ကျိန်းက နို့လက်ဖက်ရည်ဆိုင်မှာ တစ်နာရီကျော်လောက် နေပြီးမှ အိမ်ပြန်သွားတယ်။ သူ့ကို နှုတ်ဆက်ပြီးနောက် ထုန်ယောင် အိမ်ရာဝင်းထဲ ပြန်ရောက်တော့ သူ့အိမ်မွေးကြောင်လေးဆီကနေ ဒေါသထွက်စရာ သတင်းတစ်ခု ရလိုက်တယ်။
လင်းမန်က ဆစ်ချန်ရဲ့ ဆေးရုံမှာ အလုပ်စဝင်နေပြီတဲ့။
ဆစ်ချန်နဲ့ သူ့ရဲ့ ဆက်ဆံရေးကို ဖျက်ဆီးဖို့ လင်းမန်က တကယ်ကို ရရာနည်းလမ်းပေါင်းစုံ သုံးနေတာပဲ။ လင်းမန်ရဲ့ အရှက်မရှိတဲ့ ပြတ်သားမှုကို ထုန်ယောင်တောင် လေးစားသွားရတယ်။
ထုန်ယောင် တွေးမိလေလေ ပိုပြီး ဒေါသထွက်လာလေလေပဲ။ ဆစ်ချန် မရှိတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး သူက အိမ်မွေးကြောင်လေးကို လင်းမန်အိမ်ဆီ လွှတ်လိုက်တယ်။ အဲဒီမှာ 'လက်ဆောင်' တချို့ ချန်ထားခဲ့ဖို့နဲ့ နောက်နေ့ အိမ်ရာဝင်း အပေါက်ဝမှာ သူ့ကို လာစောင့်နေဖို့ မှာလိုက်တယ်။
ထုန်ယောင် အိမ်ပြန်ရောက်တဲ့ အချိန်မှာ ဆစ်ချန်လည်း အလုပ်ကနေ ပြန်ရောက်နေပြီ။ ဒီတစ်ခါတော့ ထုန်ယောင် မေးတာကိုတောင် မစောင့်တော့ဘဲ ဆေးရုံမှာ လင်းမန် အလုပ်စဝင်နေပြီ ဆိုတာကို သူက အရင် စပြောပြတယ်။ ကြောင်လေးကို ခိုင်းထားတဲ့ မစ်ရှင်ကို သတိရသွားတော့ ထုန်ယောင်က တခစ်ခစ် ရယ်လိုက်ပြီး "ရပါတယ်။ ကျွန်မ ရှင့်ကို ယုံပါတယ်" လို့ ပြောလိုက်တယ်။
ထုန်ယောင် ပျော်နေတာကို သတိထားမိတော့ ဆစ်ချန် မျက်ခုံးပင့်လိုက်ပြီး "ဒီနေ့ ကောင်းတာ တစ်ခုခု ဖြစ်လို့လား" လို့ မေးလိုက်တယ်။
ထုန်ယောင် ခေါင်းယမ်းလိုက်ပြီး မျက်လုံးဝိုင်းကြီးတွေကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ "အထူးတလည် ပျော်စရာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ယောက္ခမကြီးနဲ့ အန်တီလေး ကြားမှာ စိတ်အနှောင့်အယှက် ဖြစ်စရာလေးတွေ နည်းနည်း ဖြစ်သွားတယ်" လို့ ပြန်ဖြေတယ်။
လင်းဖန်ရင်းအကြောင်း ကြားလိုက်ရတော့ ဆစ်ချန် မျက်မှောင်ကြုတ်သွားတယ်။ "အခု ဘာဖြစ်ပြန်ပြီလဲ"
"မနေ့က အမေ အန်တီလေးတို့ အိမ်မှာ အိပ်သွားတယ် မဟုတ်လား။ အမေက အန်တီလေးရဲ့ ခေါင်းအုံးအောက်မှာ အတွင်းခံကို ထားခဲ့ပြီး မယူသွားဘူးလေ။ ဒီနေ့ အန်တီလေး အဲဒါကို တွေ့သွားတော့ အရမ်းလန့်သွားပြီး အတွင်းခံကို ယူကာ အမေ့ကို ရင်ဆိုင်ဖို့ အငှားအခန်းဆီ သွားတာ။ အဲဒီမှာ ရုတ်တရက်ကြီး ဦးလေးလေးက အမေ့အခန်းထဲကနေ ထွက်လာတယ်တဲ့။ ဘာပဲဖြစ်ဖြစ် အမေ့ကြောင့် ဦးလေးလေးနဲ့ အန်တီလေးတို့ ရန်ဖြစ်သွားကြတယ်။ နည်းနည်းတော့ ရှုပ်ထွေးပေမယ့် အကြမ်းဖျင်းကတော့ အဲဒါပဲ" ထုန်ယောင်က အဖြစ်အပျက် အားလုံးကို ပြန်ပြောပြတော့ ဆစ်ချန် မျက်မှောင် အကြီးအကျယ် ကြုတ်သွားတယ်။ ဒါပေမဲ့ သူက အံ့သြသွားပုံ မရဘဲ "သူ့ဘာသာ နေပါစေတော့။ နောင်ကို သူ့ကိစ္စတွေ ဝင်မပါနဲ့တော့" လို့ ပြန်ဖြေတယ်။
စားပွဲပေါ်က ရေနွေးနွေးလေးကို တစ်ငုံ သောက်လိုက်ရင်း ထုန်ယောင် စဉ်းစားလိုက်တယ်။ "အမေနဲ့ ရှောင်ဟွေးတို့သာ ဆက်ပြီး ဝင်ပါနေမယ် ဆိုရင်၊ အန်တီလေးက ဦးလေးလေးကို ကွာရှင်းလောက်တယ်လို့ ကျွန်မ ထင်တယ်"
ဆစ်ချန် မျက်လုံးမှေးလိုက်ပြီး အဓိပ္ပာယ်ပါပါနဲ့ ပြောတယ်။ "သူ ခံစားနေရတဲ့ အခါးသီးတွေက သူကိုယ်တိုင် စိုက်ပျိုးခဲ့တဲ့ မျိုးစေ့တွေကနေ ထွက်လာတာပဲလေ။ သူ့ကို သနားနေစရာ မလိုပါဘူး"
ဆက်ပြီး ဆွေးနွေးနေမယ် ဆိုရင် ဦးလေးလေးနဲ့ ယောက္ခမကြီး ကိစ္စတွေ အလင်းရောင်ပေါ် ထွက်လာတော့မယ်လို့ ထုန်ယောင် ခံစားလိုက်ရတယ်။ ဒီအကြောင်းအရာကို ဆက်မပြောတာက အကောင်းဆုံး ရွေးချယ်မှုလို့ ထင်တာကြောင့် သူက စကားလမ်းကြောင်း အမြန်လွှဲလိုက်တယ်။
"ရှင် ရေသွားချိုးတော့၊ ပြီးရင် စာခဏ ဖတ်လိုက်ဦးလေ။ ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲကလည်း မဝေးတော့ဘူး၊ အချိန်ကို အကျိုးရှိရှိ သုံးပြီး စာလုပ်ပါဦး"
ဆစ်ချန် ခေါင်းငြိမ့်လိုက်ပြီးနောက် သူ့အကြည့်က ကြောင်အိပ်ရာဆီ ရောက်သွားတယ်။ သူက မျက်ခုံးပင့်လိုက်ပြီး "ကြောင်လေး ပြန်မလာသေးဘူးလား" လို့ မေးတယ်။
ပုံမှန်ဆိုရင် ဒီလိုအချိန်မှာ ကြောင်လေးက သူ့အိပ်ရာထဲမှာ ရှိနေပြီး စကားပြောနေသလိုမျိုး ထုန်ယောင်ကို ညောင်ခနဲ ညောင်ခနဲ အော်နေတတ်တာလေ။ တစ်ခါတလေဆို ထုန်ယောင်က ကြောင်လေးလိုပဲ ထူးဆန်းတဲ့ အပြုံးမျိုး ပြုံးပြတတ်သေးတယ်။
ဆစ်ချန်က အိမ်မွေးတိရစ္ဆာန်တွေကို စိတ်မဝင်စားပေမယ့် ထုန်ယောင်က သဘောကျနေတော့၊ သူ့အနားမှာ အိမ်မွေးတိရစ္ဆာန်လေး ရှိနေတာက သူ့အတွက် အဖော်ရစေပြီး မပျင်းရ၊ အထီးမကျန်ရတော့ဘူးလေ။ ဒါကြောင့် အိမ်မှာ တိရစ္ဆာန်လေး တစ်ကောင် ရှိနေတာက အတော်လေး အဆင်ပြေပါတယ်လေ။
ဆစ်ချန်က ကြောင်လေးကို သတိထားမိလို့ ထုန်ယောင် အံ့သြသွားပေမယ့် ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်တယ်။ "အပြင်မှာ သွားဆော့ပြီး ပြန်မလာသေးတာ နေမှာပါ။ သူ သွေးဆူနေပြီး ကြောင်မလေး တစ်ကောင်ကများ သူ့ကို ခေါ်သွားတာလည်း ဖြစ်နိုင်တယ်။ မနက်ဖြန်လောက်ဆို ပြန်လာမှာပါ"
ဆစ်ချန်က ထုန်ယောင်ကို တစ်ချက် ကြည့်လိုက်တယ်။ ထုန်ယောင်မှာ အပြစ်ရှိသလို ပိုခံစားလာရပြီး သူ့အကြည့်ကိုတောင် မရင်ဆိုင်ရဲတော့ဘူး။ အင်္ကျီလဲပေးမလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ အထဲကို အမြန် ဝင်သွားတယ်။ ဆစ်ချန်ကလည်း အခန်းထဲကို နောက်ကနေ လိုက်လာပြီး၊ ကံကောင်းစွာနဲ့ပဲ ကြောင်လေးအကြောင်း ထပ်မမေးတော့ဘူး။
တစ်နေကုန် ပြေးလွှားလှုပ်ရှားထားရတော့ ထုန်ယောင် တော်တော်လေး ပင်ပန်းနေပြီ။ ဆစ်ချန် စာဖတ်နေတုန်းမှာပဲ သူ သစ်တုံးတစ်တုံးလို အိပ်မောကျသွားတော့တယ်။
နောက်နေ့မနက်။
ဆစ်ချန် ကုတင်ပေါ်က ဆင်းတဲ့အချိန်မှာ ထုန်ယောင် နိုးလာတယ်။ နံရံက နာရီကို ကြည့်ပြီး ဆစ်ချန်က တိုးတိုးလေး ပြောတယ်။ "နည်းနည်း ထပ်အိပ်လိုက်ဦး။ ခြောက်နာရီခွဲပဲ ရှိသေးတာကို"
ကြောင်လေး ကိစ္စကို စိတ်ထဲ ရောက်နေတော့ ထုန်ယောင် ဆက်မအိပ်နိုင်တော့ဘူး။ သူ အကြောဆန့်လိုက်ပြီး စောင်ကို ဖယ်ကာ "ဆက်မအိပ်တော့ဘူး၊ ဒီနေ့ လုပ်စရာလေးတွေ ရှိသေးတယ်" လို့ ပြောလိုက်တယ်။
အင်္ကျီကြယ်သီး တပ်နေတဲ့ ဆစ်ချန် ရပ်သွားပြီး မျက်ခုံးပင့်ကာ မေးတယ်။ "ဒီရက်ပိုင်း နို့လက်ဖက်ရည်ဆိုင်က ပုံမှန်ထက် ပိုအလုပ်ရှုပ်နေလို့လား"
ပုံမှန်ဆိုရင် လူတွေက မနက်ခင်းမှာ နို့လက်ဖက်ရည် မသောက်ကြဘူး၊ ပြီးတော့ ဆိုင်က ကိုးနာရီခွဲမှ ဖွင့်တာ။ ထုန်ယောင် ဒီလောက် စောစောထစရာ အကြောင်း မရှိဘူးလေ။
ထုန်ယောင်က အပြစ်ရှိသလို နည်းနည်းမှ မခံစားရဘဲ လိမ်ပြောလိုက်တယ်။ "မဟုတ်ပါဘူး။ အပြင်ထွက်ပြီး မနက်စာ စောစော သွားစားမလို့ပါ။ နို့လက်ဖက်ရည်ဆိုင် ဘေးမှာ ပေါက်စီဆိုင်အသစ် တစ်ဆိုင် ဖွင့်ထားတယ်။ အဲဒီက ပေါက်စီနဲ့ ပဲနို့က အရမ်းစားကောင်းတာ၊ နောက်ကျမှသွားရင် ကုန်သွားတတ်လို့"
ဆစ်ချန်က သူ့ရဲ့ နောက်ဆုံး ကြယ်သီးကို အေးအေးဆေးဆေးပဲ တပ်လိုက်တယ်။ သူက ခေါင်းငြိမ့်ပြီး ပြောတယ်။ "နောက်တစ်ခါဆို ဆိုင်ရှင်ကို ပြောပြီး မင်းအတွက် တစ်ပွဲ ဖယ်ထားခိုင်းလိုက်။ ဒီရက်ပိုင်း ရာသီဥတုက ပူတယ်လေ၊ မနက်စောစောလေးက နေလို့ကောင်းပြီး အိပ်လို့ အကောင်းဆုံး အချိန်ပဲ"
ထုန်ယောင်က ရယ်ရုံသာ ရယ်လိုက်ပြီး အမြန် မျက်နှာသစ်၊ သွားတိုက် လုပ်လိုက်တယ်။ သူ ဆစ်ချန်နဲ့အတူ ထွက်လာခဲ့ပေမယ့်၊ နို့လက်ဖက်ရည်ဆိုင်ကို မသွားဘဲ လင်းမန်အိမ် အနီးအနားကို အငှားကား ငှားပြီး သွားလိုက်တယ်။ အိမ်ရာဝင်း အပေါက်ဝကို ရောက်တာနဲ့ သူ့အိမ်မွေးကြောင်လေးက ထောင့်တစ်နေရာကနေ ပြေးထွက်လာတယ်။
သခင်နဲ့ အိမ်မွေးတိရစ္ဆာန်တို့ ပြစ်မှုကျူးလွန်ထားတဲ့ နေရာကနေ အမြန် ထွက်ပြေးလာခဲ့ကြတယ်။
ထုန်ယောင် နောက်ထပ် အငှားကား တစ်စီး တားပြီး ကြောင်လေးကို အိမ်ရာဆီ ပြန်ပို့ပေးတယ်။ လမ်းမှာ ကြောင်လေးက မနေ့ညက သူ့ရဲ့ အောင်မြင်မှုတွေ အကြောင်းကို စိတ်အားထက်သန်စွာနဲ့ ကြွားလုံးထုတ်နေတယ်။
သူ မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။ ကြောင်လေးက အိမ်ရာဝင်း အမှိုက်ပုံဘေးကနေ ကြွက် ဆယ်ကောင်ကျော်ကို ဖမ်းလာခဲ့ပြီး၊ အားလုံးကို လင်းမန်အိမ်ထဲမှာ သေအောင် သတ်ထားခဲ့တယ်။ သေနေတဲ့ ကြွက်တွေကို ဧည့်ခန်းစားပွဲအောက်၊ အိုးတွေထဲ၊ ဆန်အိတ်တွေထဲ၊ ကုတင်အောက်နဲ့ အဝတ်ဗီရိုထဲမှာ ဖွက်ထားခဲ့တယ်။
ရာသီဥတုက ပူအိုက်နေတော့ တစ်ရက်အတွင်းမှာပဲ လင်းမန်ရဲ့ အိမ်တစ်ခုလုံး ပုပ်ဟောင်နေတဲ့ ကြွက်သေနံ့တွေနဲ့ ပြည့်နှက်သွားတော့မှာပဲ။
သူ့ကြောင်လေးရဲ့ အောင်မြင်မှုတွေကို နားထောင်ရင်း ထုန်ယောင် တစ်ယောက် အရမ်းကို ပျော်ရွှင်နေတယ်။ ကြောင်လေးရဲ့ ခေါင်းကို ပွတ်သပ်ပေးရင်း ငါးခြောက်လေးတွေ အကန့်အသတ်မရှိ ကျွေးမယ်လို့ သူ ကတိပေးလိုက်တယ်။
တောက်လျှောက် အော်နေတဲ့ ကြောင်အော်သံတွေကို ကြားတော့ အငှားကားသမားက ကြောင်လေး ကားပထမဆုံးအကြိမ် စီးဖူးလို့ ကြောက်နေတာပဲလို့ ထင်လိုက်တယ်။ ဒါပေမဲ့ ထုန်ယောင်က ငါးခြောက်လေးတွေ ဝယ်ကျွေးမယ်လို့ ပြောလိုက်တာနဲ့ ကြောင်လေးက အော်တာ ချက်ချင်း ရပ်သွားတော့၊ ကားသမားက နားမလည်နိုင်တဲ့ အကြည့်နဲ့ လှမ်းကြည့်လိုက်တယ်။
ကြောင်တွေက နာမ်ပိုင်းဆိုင်ရာ အစွမ်းအစတွေ ရှိတယ်လို့ ယုံကြည်ကြတဲ့အထဲ၊ အခု မနက်စောစောစီးစီး သူက ကြောင်တစ်ကောင်နဲ့ ကြုံနေရတာ။ တကယ့်ကို ထူးဆန်းတာပဲနော်။
ဟိုသွားဒီသွား သွားနေရတာနဲ့တင် အချိန်တွေ ကုန်သွားပြီး၊ ထုန်ယောင် နို့လက်ဖက်ရည်ဆိုင်ကို ရောက်တဲ့အချိန်မှာ ကိုးနာရီတောင် ထိုးနေပြီ။ သူ မနက်စာ အရင်သွားဝယ်မလို့ စီစဉ်ထားပေမယ့်၊ ကားပေါ်က ဆင်းဆင်းချင်းမှာပဲ ဘေးက မနက်စာရောင်းတဲ့ ဆိုင်ထဲကနေ ထွက်လာတဲ့ ဆစ်ရှောင်ဟွေးနဲ့ လင်းဖန်ရင်းတို့ကို တွေ့လိုက်ရတယ်။
ထုန်ယောင်ကို မြင်တာနဲ့ ဆစ်ရှောင်ဟွေးက ချက်ချင်းပဲ ညည်းတွားတော့တယ်။ "မရီး... မရီးက စီးပွားရေး လုပ်နေပြီး အရမ်း ပျင်းလွန်းတယ်! ဒီလောက် နောက်ကျနေပြီကို ဆိုင်တောင် မဖွင့်သေးဘူး။ သမီးတို့ မရီးကို စောင့်နေတာ နာရီဝက်တောင် ကျော်နေပြီ"
လင်းဖန်ရင်းကလည်း ထုန်ယောင် နောက်ကျတယ်လို့ ထင်ပေမယ့် ဘာမှတော့ ဝင်မပြောဘူး။
ထုန်ယောင် သော့ထုတ်ပြီး ဆိုင်တံခါးကို ဖွင့်ရင်း ပြောလိုက်တယ်။ "မနက်စောစောစီးစီး ဘယ်သူက နို့လက်ဖက်ရည် သောက်မှာမို့လို့လဲ။ ဆိုင်ကို ဘာလို့ အဲဒီလောက် စောစော ဖွင့်ရမှာလဲ"
ဆစ်ရှောင်ဟွေးက စူပုတ်ပုတ်နဲ့ ပြန်ပက်တယ်။ "ဒါပေါ့... စီးပွားရေး လုပ်တဲ့သူတွေက ဖောက်သည်တွေအတွက် စောစော ဖွင့်ရမှာပေါ့။ ဘယ်သူကများ အဲဒီလို မလုပ်လို့လဲ။ တစ်ယောက်ယောက် သောက်ချင်နေရင် ဘယ်လိုလုပ်မလဲ"
ထုန်ယောင် တံခါးဖွင့်ပြီး ဆစ်ရှောင်ဟွေးဘက်ကို လှည့်ကြည့်လိုက်တယ်။ "ဘာဖြစ်ရင် ညာဖြစ်ရင် ဆိုတာတွေ မရှိဘူး။ ငါက သူဌေးပဲ၊ ငါ ဖွင့်ချင်တဲ့အချိန် ဆိုင်ဖွင့်မယ်။ မနက်စောစောစီးစီး ပြဿနာ လာမရှာနဲ့"
ဆောင်ယုလည်း ဆစ်ရှောင်ဟွေးရဲ့ အပြုအမူက လွန်ကဲနေတယ်လို့ ခံစားရလို့ သူ့အင်္ကျီကို ဆွဲကာ အသံလျှော့ဖို့ တိုးတိုးလေး ပြောလိုက်တယ်။
အပိုင်း ( ၃၁၉ ) ပြီးဆုံး
***