သူတို့ရှေ့ရှိ ဧရာမ စစ်သင်္ဘောကြီးက အမြင့် ပေသုံးဆယ်ကျော်ခန့် ရှိပြီး အလျား ပေသုံးရာကျော် ရှည်လျားသည်။
တစ်ကိုယ်လုံး၏ ပုံပန်းသဏ္ဍာန်က တစ်စုံတစ်ရာသော သက်ရှိသတ္တဝါ၏ အရိုးစုများဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေပြီး သင်္ဘောဦးပိုင်းကမူ ငါးတစ်မျိုးမျိုး၏ ခေါင်းစဉ်းအရိုးစုနှင့် ပို၍ တူနေသည်။
ဤဧရာမ စစ်သင်္ဘောကြီး၏ အောက်ဘက်တွင်မူ အရိုးများဖြင့် ဖွဲ့စည်းထားသော ထူးဆန်းသည့် သင်္ဘောငယ်လေးအချို့က ဘေးတစ်ဖက်တစ်ချက်စီမှ ရံရွေတော်များသဖွယ် ဝန်းရံကာ လှည့်လည်သွားလာနေကြသည်။
လင်းယွမ်၏ အမြန်ယာဉ်က အဝေးတစ်နေရာတွင် ရပ်တန့်သွားရာ ဤဧရာမ အရိုးစစ်သင်္ဘောကြီး၏ အရှေ့တွင် ထိုက်ယန်တောင် အမြန်ယာဉ်လေးက အနည်းငယ် သေးငယ်သွားသယောင် ထင်ရသည်။
ထူလုံ၏ မျက်နှာအမူအရာက လေးနက်သွားပြီး ပြောလိုက်သည်။ "ဒီလောက်ကြီးတဲ့ သင်္ဘောကြီး ဘယ်လိုလုပ် ရှိနေတာလဲ"
ပိုင်ကျစ်လဲ့ကလည်း မနေနိုင်ဘဲ အံ့သြတကြီး ရေရွတ်လိုက်သည်။ "ဒီသင်္ဘောရဲ့ ပုံစံက ဘာလို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ"
လင်းယွမ်ကလည်း မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။ "တကယ်ကို ထူးဆန်းတာပဲ... ဒီနေရာက ငါတို့ ထိုက်ယန်တောင်နဲ့ မိုင်သုံးဆယ်တောင် မဝေးဘူးလေ... ဒီလို သင်္ဘောကြီးမျိုး ဘယ်လိုလုပ် ရောက်လာနိုင်မှာလဲ"
"ဆရာလင်း... ကျွန်တော် သွားကြည့်လိုက်ရမလား" ထူလုံက ချက်ချင်း မေးလိုက်သည်။
လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ခေါင်းကို အနည်းငယ် ခါယမ်းကာ ပြောလိုက်သည်။ "ငါပဲ သွားကြည့်လိုက်မယ်... မင်းတို့ ဒီကနေပဲ စောင့်နေကြ"
သူက ပြဿနာ အသစ်တွေ ထပ်မရှာချင်တော့ပေ။ ရောဂါပိုး ကျွမ်းကျင်ပညာရှင် ကျန်းဇီယန်ကို အမြန်ဆုံး ရှာတွေ့ရန်က အရေးကြီးဆုံး ဖြစ်သည်။
သို့သော် ဤကဲ့သို့ ထူးဆန်းသော ပုံစံရှိသည့် သင်္ဘောကြီးတစ်စီးက ထိုက်ယန်တောင်နှင့် မိုင်သုံးဆယ်ခန့်သာ ကွာဝေးသော နေရာတွင် ပေါ်လာသည်ဖြစ်ရာ သူက သဘာဝကျကျပင် ပေါ့ဆနေ၍ မရနိုင်ပေ။
သူ၏ ကိုယ်ဟန်က တစ်ချက် လှုပ်ရှားသွားသည်နှင့် လေထဲသို့ တိုက်ရိုက် ခုန်ပျံတက်သွားပြီး ထိုအရိုးသင်္ဘောကြီးဆီသို့ အလျင်အမြန် ပျံသန်းသွားတော့သည်ကို မြင်လိုက်ရသည်။
"ဝှစ်"
ခဏအကြာမှာပင် သူက ထိုအရိုးသင်္ဘောကြီးအနီးသို့ အလျင်အမြန် ရောက်ရှိသွားလေပြီ။
အရိုးသင်္ဘောကြီး၏ ပတ်ပတ်လည်ရှိ ကင်းလှည့် သင်္ဘောငယ်လေးများက သူ ရှိနေသည်ကို သတိမထားမိကြပေ။ လင်းယွမ်က သူ၏ ကိုယ်ဟန်ကို သင်္ဘောကိုယ်ထည်မှ အပြင်သို့ ငေါထွက်နေသော အရိုးများကြားတွင် ဖုံးကွယ်ထားလိုက်သည်။
ရှေးဦးစွာ သူက အောက်ဘက်ရှိ ထိုသင်္ဘောငယ်လေးများကို တစ်ချက် အကဲခတ်ကြည့်လိုက်သည်။
အနီးကပ် လေ့လာကြည့်လိုက်သောအခါ ဤသင်္ဘောငယ်လေးများက သင်္ဘောများ မဟုတ်ဘဲ အစစ်အမှန် သန္ဓေပြောင်း သတ္တဝါများ၏ အရိုးစုများ ဖြစ်နေကြောင်း လင်းယွမ် သတိထားမိလိုက်သည်။
ထူးဆန်းသည်မှာ ၎င်းတို့က အရိုးစုသာ ကျန်တော့သည်ဆိုသော်ငြားလည်း အသက်ရှင်နေသော သတ္တဝါများကဲ့သို့ ရေထဲတွင် ကူးခတ်သွားလာနေဆဲ ဖြစ်နေခြင်းပင်။
"ဒါက ဘယ်လို အခြေအနေကြီးလဲဟ"
လင်းယွမ်၏ ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားပြီး သူက ကိုယ်ဟန်ကို တစ်ချက် ခုန်ပျံလိုက်ကာ ဤထူးဆန်းသော သင်္ဘောကြီးပေါ်သို့ တိုက်ရိုက် တက်ရောက်သွားတော့သည်။
ဤသင်္ဘော၏ ကုန်းပတ်ပေါ်တွင် လင်းယွမ် ထင်မှတ်ထားသကဲ့သို့ တင်းကြပ်သော အစောင့်အရှောက်များ မရှိပေ။
ကုန်းပတ်ပေါ်တွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ လင်းယွမ် မတွေ့ရသည့်အပြင် မြေပြင်ပေါ်၌ လဲလျောင်းနေသော လူသေအရိုးစု အများအပြားကိုပင် တွေ့လိုက်ရပြီး မည်မျှကြာအောင် သေဆုံးနေခဲ့မှန်းပင် မသိနိုင်တော့ချေ။
လင်းယွမ်၏ ရင်ထဲတွင် အံ့သြသွားသည်။ "ဒီသင်္ဘောပေါ်မှာ လူမရှိဘူးလား"
စိတ်ထဲတွင် ထူးဆန်းနေသဖြင့် လင်းယွမ်က သင်္ဘောအတွင်းပိုင်းသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။
ခြေလှမ်း နှစ်လှမ်းမျှပင် မလျှောက်ရသေးမီ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။
"မ... မဝင်သွားနဲ့"
လင်းယွမ်၏ ခြေလှမ်းများက ချက်ချင်း ရပ်တန့်သွားပြီး ရင်ထဲတွင် တုန်လှုပ်သွားကာ ကုန်းပတ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
အကြည့်တစ်ချက် ဝေ့ဝဲကြည့်လိုက်ရာ မြေပြင်ပေါ်ရှိ လူသေအရိုးစုများမှလွဲ၍ မည်သည့်အရာကိုမျှ သူ မတွေ့ရပေ။
"ဘယ်သူလဲ"
"မဝင်သွားနဲ့... မြန်မြန် ထွက်သွားတော့"
ထိုအသံက ထပ်မံ ထွက်ပေါ်လာရာ လင်းယွမ်က အသံလာရာ နေရာကို ချက်ချင်း ဖမ်းဆုပ်နိုင်လိုက်သည်။
သူ၏ အကြည့်များက ကုန်းပတ်ပေါ်ရှိ ဧရာမ ရွက်တိုင်ကြီးဆီသို့ အလိုအလျောက် ရောက်ရှိသွားတော့သည်။
ထိုထူးဆန်းသော အသံက ဤရွက်တိုင်ကြီးပေါ်မှ ထွက်ပေါ်လာခြင်း ဖြစ်နေသည်။
လင်းယွမ်က သံသယများနှင့်အတူ ရွက်တိုင်ကြီးရှေ့သို့ အလျင်အမြန် ရောက်ရှိလာခဲ့သည်။
ဤရွက်တိုင်ကြီးမှာ မျက်မြင်ခန့်မှန်းချက်အရ အချင်း သုံးပေကျော်ခန့် ရှိပြီး ၎င်း၏ အပေါ်တွင် ကြိုးများကဲ့သို့သော အရာများကို အထပ်ထပ် ရစ်ပတ်ချည်နှောင်ထားသည်။
သို့သော် သေချာစွာ ကြည့်လိုက်သောအခါ ဤကြိုးများက မြွေများကဲ့သို့ ဖြစ်နေပြီး အပေါ်ယံတွင် စေးကပ်သော အရည်များ စိမ့်ထွက်နေကာ သာမန် ကြိုးများနှင့် လုံးဝ မတူညီပေ။
လင်းယွမ်၏ စိတ်စွမ်းအင်များက ထိုကြိုးများပေါ်သို့ အလျင်အမြန် ဖြတ်သန်းသွားရာ သူ၏ မျက်နှာအမူအရာက ချက်ချင်း အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
သူက လက်ကို လှမ်းဆွဲလိုက်ရာ အရိုးဓားတစ်လက်က သူ၏ လက်ထဲတွင် ပေါ်လာသည်။
နောက်တစ်ခဏတွင် သူက အပေါ်မှနေ၍ အောက်ဘက်သို့ အားကုန်သုံးကာ ခုတ်ချလိုက်သည်။
"ဖျန်း"
ချက်ချင်းဆိုသလိုပင် "ကြိုး"များက အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ပြတ်တောက်သွားသော ကြိုးများထဲမှ သွေးများ အမြောက်အမြား ပန်းထွက်လာသည်။
"ရှီး"
ထိတ်လန့်ဖွယ်ရာ စုပ်ယူသံကြီးတစ်သံ ထွက်ပေါ်လာပြီးနောက် ရွက်တိုင်ပေါ်တွင် ရစ်ပတ်ထားသော ကြိုးများက ရုတ်တရက် ပြေကျသွားသည်။
ခဏအတွင်းမှာပင် ထူးဆန်းသော မြွေပေါင်းများစွာက ခေါင်းပြူထွက်လာပြီး အစွယ်များ၊ လက်သည်းများကို ထုတ်ဖော်ပြသကာ လင်းယွမ်ဆီသို့ အကြမ်းပတမ်း ရစ်ပတ်ဝင်ရောက်လာကြသည်။
လင်းယွမ်၏ ကိုယ်ဟန်က အလျင်အမြန် နောက်ဆုတ်သွားပြီး တစ်ချိန်တည်းမှာပင် လက်ဝါးနှစ်ဖက်ဖြင့် ရွက်တိုင်ကြီးဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"ဒုန်း"
အစွမ်းများကို အသက်သွင်းလိုက်မှုအောက်တွင် မရေမတွက်နိုင်သော အအေးဓာတ်များက အရပ်မျက်နှာ အနှံ့အပြားသို့ ရူးသွပ်စွာ ရိုက်ခတ်သွားတော့သည်။
ပစ်ဝင်လာသော မြွေခေါင်းများ အားလုံးက ရေခဲရုပ်တုများအဖြစ်သို့ တစ်ကောင်ပြီးတစ်ကောင် အေးခဲသွားကြသည်။
တစ်ချိန်တည်းမှာပင် လင်းယွမ်က ထိုရွက်တိုင်ကြီးကို လှမ်းကြည့်လိုက်သည်။
ရွက်တိုင်ကြီးက လေဟာနယ်ထဲတွင် တစ်ဆမျှ သေးငယ်သွားသည်ကို မြင်လိုက်ရပြီး ပတ်ပတ်လည်တွင် မြွေခေါင်းများဖြင့် ပြည့်နှက်နေကာ အတွင်းဘက် ချိုင့်ဝင်နေသော နေရာ၌ လုံးဝ မပုပ်သိုးသေးသော လူသေအရိုးစု အများအပြား ရှိနေသည်ကို အံ့သြဖွယ် တွေ့လိုက်ရသည်။
အရိုးစုများ၏ အပြင်ဘက်ဆုံးတွင် အရိုးပေါ်အရေတင် ပိန်ချုံးနေသော အမျိုးသားတစ်ဦးက လင်းယွမ်ကို ကြည့်နေပြီး သူ၏ မျက်နှာတစ်ခုလုံးတွင် တောင်းပန်တိုးလျှိုးနေသော အရိပ်အယောင်များ ပြည့်နှက်နေသည်။
"ကယ်... ကယ်ပါဦး"
လင်းယွမ်၏ ကိုယ်ဟန်က တစ်ချက် ခုန်ပျံသွားပြီး နောက်ဆုတ်လိုက်သည်နှင့် တစ်ပြိုင်နက် လက်တစ်ချက် ခါယမ်းလိုက်ရာ ချက်ချင်းဆိုသလိုပင် ကြယ်ရေခဲ သံကြိုးက ပြင်းထန်စွာ ပစ်ထွက်သွားတော့သည်။
သံကြိုးက ၎င်းတို့ထဲမှ အရိုးစုတစ်ခုကို တိုက်ရိုက် ဖောက်ထွင်းသွားပြီးနောက် ထိုအရိုးပေါ်အရေတင် ပိန်ချုံးနေသော အမျိုးသားကို အကြမ်းပတမ်း ရစ်ပတ်ကာ အားကုန် ဆွဲယူလိုက်သည်။
"ဝုန်း... ဝုန်း... ဝုန်း"
ရေခဲစ အများအပြား ပေါက်ကွဲထွက်သွားပြီး မြွေခေါင်းများစွာက ရူးသွပ်စွာ တိုးဝှေ့လာကာ ကြယ်ရေခဲ သံကြိုးကို ရစ်ပတ်၍ လင်းယွမ်နှင့် အားပြိုင်နေကြသည်။
လင်းယွမ်က ချက်ချင်း အေးစက်စက် ရယ်မောလိုက်ပြီး ဧရာမ ခွန်အားများကို ပေါက်ကွဲထုတ်တော့မည့် အဆဲတွင်...
ရုတ်တရက် ဤအချိန်လေးမှာပင် ကုန်းပတ်တစ်ခုလုံးက ပြင်းထန်စွာ တုန်ခါလာတော့သည်။
ထို့နောက်တွင် ဤအရိုးကုန်းပတ်ကြီးက အသက်ဝင်လာသကဲ့သို့ ဧရာမ ပါးစပ်ကြီးကို အကြမ်းပတမ်း ဖြဲကားလိုက်သည်။
ချွန်ထက်သော သွားများ တစ်ချောင်းပြီးတစ်ချောင်း ထွက်ပေါ်လာရာ လင်းယွမ်၏ ခြေအောက်က ဟာလာဟင်းလင်း ဖြစ်သွားပြီး အောက်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။
အရေးပေါ် အခြေအနေတွင် သူက စိတ်စွမ်းအင်များကို လေထဲတွင် တိုက်ရိုက် နင်းချလိုက်ပြီး အလျင်အမြန် ခုန်ပျံတက်သွားခဲ့သည်။
သို့သော် ဤအချိန်တွင် သင်္ဘော၏ ဝမ်းဗိုက်ထဲမှ ဧရာမ အရိုးလှံတံကြီးတစ်ခုက အကြမ်းပတမ်း ပစ်ထွက်လာခဲ့သည်။
သင်္ဘောကိုယ်ထည် တစ်ခုလုံးကလည်း လင်းယွမ်ကို အသေအလဲ သတ်ဖြတ်ရန် ကြိုးစားနေသယောင်ပင်။
ရွက်ဖျင်၊ ရွက်တိုင်၊ သင်္ဘောဘေးပေါင်၊ အရိုးကျောက်ဆူး စသည်တို့ကဲ့သို့ အရာအားလုံးက လင်းယွမ်ဆီသို့ ရူးသွပ်စွာ တိုက်ခိုက်ဝင်ရောက်လာကြသည်။
လင်းယွမ်၏ ဦးရေပြားများ ထုံကျဉ်သွားပြီး ဤသင်္ဘောကြီးက သက်ရှိသတ္တဝါတစ်ကောင် ဖြစ်နေသည်ဟူသော ထင်ယောင်ထင်မှား ဖြစ်မှုမျိုးကို ခံစားလိုက်ရသည်။
သူ၏ ကိုယ်ဟန်က အဆက်မပြတ် မြင့်တက်သွားပြီး ခြေဖဝါးအောက်တွင် မီးစင်္ကြာများ ပွင့်ထွက်လာကာ လက်ဝါးနှစ်ဖက်တွင်လည်း လေဖိအား ပေါက်ကွဲမှု အလင်းရောင်များ ပေါက်ကွဲထွက်လာသည်။
"ဝုန်း"
သူ၏ အလျင်က ရုတ်တရက် အကြီးအကျယ် တိုးတက်လာခဲ့သည်။
လေထုပင်လျှင် လှိုင်းများအဖြစ် စုတ်ပြဲသွားပြီး သူက အရိပ်တစ်ခုကဲ့သို့ ကောင်းကင်ယံကို အလျင်အမြန် ဖြတ်သန်းသွားကာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ပေသုံးရာကျော် အထိ ပျံသန်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ ကြယ်ရေခဲ သံကြိုးကိုမူ မစွန့်လွှတ်ခဲ့ပေ။
သူ၏ အလျင်အမြန် ပျံသန်းမှုနှင့်အတူ ကြယ်ရေခဲ သံကြိုးက ဖြောင့်တန်းသွားသည်အထိ ဆွဲဆန့်ခံလိုက်ရသည်။
ခြောက်သွေ့နေသော အရိုးစုကဲ့သို့သော ကိုယ်ဟန်တစ်ခုကို ကြယ်ရေခဲ သံကြိုးက သင်္ဘောပေါ်မှ ဆွဲထုတ်လာခဲ့သည်။
"ဝေါင်း"
ထိုအရိုးသင်္ဘောကြီးပေါ်မှ မိုးလုံးဟိန်းမတတ် ဟောက်သံကြီးတစ်သံ ပေါက်ကွဲထွက်လာသည်ကို ကြားလိုက်ရသည်။
လင်းယွမ်က နောက်သို့ လှည့်ကြည့်လိုက်သည်။
ယခုအချိန်တွင် ထိုအရိုးသင်္ဘောကြီးက အပေါ်သို့ မြင့်မားစွာ ထောင်တက်လာပြီး သင်္ဘောဦးပိုင်းရှိ ငါးခေါင်းအရိုးစုက သူ့ကို ချိန်ရွယ်ကာ ထိတ်လန့်ဖွယ် ဟောက်သံကြီးကို ထုတ်လွှတ်နေသည်ကို မြင်လိုက်ရသည်။
အပေါ်ရှိ ရွက်တိုင်၊ ကြိုးများ၊ အရိုးကျောက်ဆူး စသည့် ပစ္စည်းအားလုံးက သက်ရှိများကဲ့သို့ သူ့ဆီသို့ ရူးသွပ်စွာ ဟိန်းဟောက်နေကြသည်။
လင်းယွမ်၏ ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားပြီး ဤအချိန်တွင် ၎င်းက သင်္ဘောတစ်စီး လုံးဝ မဟုတ်ကြောင်း သူ အတော်လေး သေချာသွားပြီ ဖြစ်သည်။
ဒါက သိသိသာသာကို သန္ဓေပြောင်း မိစ္ဆာတစ်မျိုးပင်တည်း။
"ဒါ ဘယ်လိုထူးဆန်းတဲ့ သတ္တဝါကောင်ကြီးလဲ"
သူက မနေနိုင်ဘဲ ဆဲဆိုလိုက်ပြီး အကွာအဝေးကို ထပ်မံ ချဲ့ကားကာ ပေရာပေါင်းများစွာ အဝေးသို့ အလျင်အမြန် ပျံသန်းသွားခဲ့သည်။
ထိုသင်္ဘောမိစ္ဆာကြီးက ရေလှိုင်းများကို အကြမ်းပတမ်း ရိုက်ခတ်လိုက်ရာ ချက်ချင်းဆိုသလိုပင် ကျယ်လောင်သော မြည်ဟည်းသံကြီးနှင့်အတူ ဧရာမ ရေလှိုင်းလုံးကြီးများ ထကြွလာတော့သည်။
ပြင်းထန်သော လှိုင်းလုံးကြီးများက ဟိန်းဟောက်နေပြီး ရေလှိုင်းများက လိမ့်တက်လာသည်။
သင်္ဘောဦးပိုင်းရှိ အရိုးစုများထံမှ "တောက်... တောက်..." ဟူသော အသံများ ထွက်ပေါ်လာပြီး ငါးခေါင်းကဲ့သို့သော သင်္ဘောဦးပိုင်းမှ အနီရောင် အလင်းတန်းများ လင်းလက်လာကာ အကြည့်တစ်မျိုးမျိုးနှင့် တူညီနေပြီး လင်းယွမ်ကို စူးစိုက်ကြည့်နေသည်။
နောက်ဆုံးတွင် ရေလှိုင်းများ၏ ဟိန်းဟောက်သံများကြား၌ သင်္ဘောတစ်စီးလုံးက ရေအောက်သို့ နစ်မြုပ်သွားပြီး အလျင်အမြန် ပျောက်ကွယ်သွားတော့သည်။
လင်းယွမ်က လေထဲတွင် ရပ်နေရင်း ဤမြင်ကွင်းကို ထိတ်လန့်တကြား ကြည့်နေမိသည်။ သူက မျိုးရိုးဗီဇမျိုးစေ့ အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ထားနိုင်သူ ဖြစ်လင့်ကစား ကျောပြင်မှ အေးစက်စက် ချွေးများ ထွက်လာသည်အထိ မနေနိုင်အောင် ဖြစ်သွားရသည်။
"ဒါက ဘာမိစ္ဆာကြီးလဲ... အခု ရေအောက်က မိစ္ဆာတွေက ဒီလောက် ထိတ်လန့်စရာကောင်းတဲ့ အဆင့်အထိတောင် ဆင့်ကဲပြောင်းလဲသွားကြပြီလား"
သူ၏ နှလုံးသားက တဒိန်းဒိန်း ခုန်ပေါက်နေသည်။ စောစောကသာ အမြန် ထွက်မလာခဲ့လျှင် မိစ္ဆာကောင်၏ မျိုချခြင်းခံရပါက ပြဿနာ အကြီးအကျယ် တက်သွားမည်ဟု သူ၏ မသိစိတ်က ပြောပြနေသည်။
လင်းယွမ်က သူ၏ ကြယ်ရေခဲ သံကြိုးဆီသို့ ချက်ချင်း လှမ်းကြည့်လိုက်သည်။
သံကြိုး၏ အဆုံးတွင် စောစောက သူ့ကို သတိပေးခဲ့သော အမျိုးသားကို ရစ်ပတ်ထားသည်ကို မြင်လိုက်ရသည်။
သို့သော် လင်းယွမ်ကို အံ့အားသင့်ကာ ဒေါသထွက်စေသည်မှာ ဤအမျိုးသား၏ ခန္ဓာကိုယ် အပေါ်ပိုင်းကိုသာ သူ ဆွဲထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူ၏ ခန္ဓာကိုယ် အောက်ပိုင်းက ပျောက်ကွယ်နေပြီ ဖြစ်သည်။
ထူးဆန်းသည်မှာ ထိုခန္ဓာကိုယ် အောက်ပိုင်း ပြတ်တောက်သွားသော နေရာတွင် သွေးများ မရှိဘဲ ရေစိမ်ခံထားရသဖြင့် အနည်းငယ် ပုပ်ပွနေသော ခံစားချက်မျိုး ဖြစ်နေခြင်းပင်။
လင်းယွမ်က ခန္ဓာကိုယ်တွင်းရှိ အစွမ်းများကို ချက်ချင်း အသက်သွင်းလိုက်ရာ ရေခဲဓာတ် စွမ်းအင်များ ပျံ့နှံ့သွားပြီး အမျိုးသား၏ ခန္ဓာကိုယ် အောက်ပိုင်း ပုပ်ပွနေသော နေရာကို အလျင်အမြန် အေးခဲသွားစေသည်။
တစ်ချိန်တည်းမှာပင် သူ့ကို ဆွဲတင်လိုက်ပြီး လေထဲတွင် မတ်တတ်ရပ်စေလိုက်သည်။
"စောစောက သင်္ဘောကြီးက ဘာဖြစ်တာလဲ"
အသက်ငင်လုဆဲဆဲ ဖြစ်နေသော အမျိုးသားကို ကြည့်ကာ လင်းယွမ်က အလျင်အမြန် မေးလိုက်သည်။
အမျိုးသားမှာ ယခုအချိန်တွင် အသက်ရှူသံ သိပ်မရှိတော့ဘဲ မျက်လုံးများက ဖြူလျော့နေကာ အသက်ငင်တော့မည့် ပုံစံမျိုး ဖြစ်နေသည်မှာ သိသာလှသည်။
သူ၏ နှုတ်ခမ်းများက လှုပ်ရှားနေသော်လည်း သူ ဘာပြောနေသည်ကို လင်းယွမ် သေချာ မကြားရပေ။
သူက အမျိုးသားကို ချက်ချင်း ဖမ်းဆွဲလိုက်ပြီး ကိုယ်ဟန်က တစ်ချက် လှုပ်ရှားသွားကာ အမြန်ယာဉ်ပေါ်သို့ အလျင်အမြန် ပျံသန်းသွားခဲ့သည်။
ထူလုံနှင့် ပိုင်ကျစ်လဲ့တို့က စောစောက မြင်ကွင်းကို ကြည့်နေခဲ့ကြပြီး ယခုအချိန်တွင် ထိတ်လန့်မှုထဲမှ သတိပြန်ဝင်လာကြသည်။
ထူလုံက အလောတကြီး မေးလိုက်သည်။ "ဆရာလင်း... စောစောက အကောင်ကြီးက ဘာကြီးလဲ"
လင်းယွမ်က ဖြေကြားရန် အချိန်မရဘဲ ပိုင်ကျစ်လဲ့ကို အလျင်အမြန် ပြောလိုက်သည်။ "အရင် လူကယ်လိုက်ဦး"
ပိုင်ကျစ်လဲ့က အချိန်မဆွဲရဲဘဲ ဆေးရည်တစ်ပြွန်ကို အမြန် ထုတ်ယူကာ ဤအရိုးပေါ်အရေတင် ပိန်ချုံးနေသော အမျိုးသား၏ ပါးစပ်ထဲသို့ အလျင်အမြန် တိုက်ကျွေးလိုက်သည်။
မကြာမီတွင် ဤအမျိုးသားက သောက်ချလိုက်ရာ သူ၏ ဖြူရော်နေသော မျက်နှာပေါ်တွင် အနီရောင် အသွေးအဆင်း အနည်းငယ် ပေါ်လာတော့သည်။
ပိုင်ကျစ်လဲ့က အလောတကြီး ပြောလိုက်သည်။ "ဒါက ဆေးကုသရေးဌာနက အသက်ဓာတ် ဆေးရည်လေ... အသက်ဓာတ် စွမ်းရည်တွေကို နှိုးဆွပေးနိုင်ပေမယ့် သူ့လို အခြေအနေမျိုးမှာဆိုရင် နှိုးဆွပြီးတာနဲ့ ကယ်လို့မရတော့မှာ စိုးရိမ်ရတယ်"
လင်းယွမ် မျက်မှောင်ကြုတ်သွားသည်။ ယခုအချိန်တွင် ဤကဲ့သို့ ပြင်းထန်သော ဆေးကို အသုံးမပြုပါကလည်း ဤလူ သေဆုံးသွားနိုင်ခြေ အလွန်များကြောင်း သူ သိသည်။
သူ စကားပြောရန်ပင် မစောင့်ဘဲ ဤအမျိုးသားက ရုတ်တရက် အသံသြသြဖြင့် စကားစပြောလာသည်။ "ရ... ရပါတယ်... ကျွန်တော့်အကြောင်း ကျွန်တော် သိပါတယ်... ကျွန်တော်... ကျွန်တော် သိပ်မခံတော့ပါဘူး"
လင်းယွမ်က အလျင်အမြန် မေးလိုက်သည်။ "ဘာတွေဖြစ်ခဲ့တာလဲ... စောစောက သင်္ဘောကြီးက ဘာဖြစ်တာလဲ"
လင်းယွမ်က ထိုသင်္ဘောကြီးအကြောင်း ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ အမျိုးသား၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့သော အရိပ်အယောင်များ ချက်ချင်း ပေါ်လာတော့သည်။
သူက လင်းယွမ်၏ လက်ကို အသေအလဲ ဆုပ်ကိုင်ထားပြီး ပြောလိုက်သည်။ "မဟုတ်ဘူး... အဲ့ဒါ သင်္ဘော မဟုတ်ဘူး... အဲ့ဒါ... အဲ့ဒါ အသက်ရှင်နေတဲ့ အကောင်ကြီး"
"အပေါ်ကို လုံးဝ မတက်သွားနဲ့... တာ့ဟိုင်... အားလုံ... သူတို့အားလုံး သေကုန်ပြီ... အားလုံး သေကုန်ပြီ"
"မသွားနဲ့... အဲ့ဒါကို အနားမကပ်နဲ့"
"အဲ့ဒါ မိစ္ဆာကောင်ကြီး"
"မိစ္ဆာကောင်ကြီး"
...
အမျိုးသား၏ ပါးစပ်မှ တတွတ်တွတ် ရေရွတ်နေပြီး သူ၏ မျက်လုံးများက တဖြည်းဖြည်း အရောင်အဝါ ကင်းမဲ့သွားကာ ရုတ်တရက် လက်ဝါးက လျော့ရဲသွားပြီး ဤသို့ပင် သေဆုံးသွားတော့သည်။
လင်းယွမ်၏ ဘေးရှိ ထူလုံက မနေနိုင်ဘဲ အော်ခေါ်လိုက်သည်။ "သတိထားဦး... သတိထားဦးလေ... ခင်ဗျား ရှင်းရှင်းလင်းလင်း ပြောဦး"
သို့သော် ထူလုံ မည်သို့ပင် အော်ခေါ်နေစေကာမူ အမျိုးသားကမူ ပါးစပ် ထပ်မဟနိုင်တော့ပေ။
လင်းယွမ်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။ "မခေါ်နဲ့တော့... သူ သေသွားပြီ"
ထူလုံက သက်ပြင်းတစ်ချက်ချလိုက်သည်။ "အဲ့ဒီ ဆေးရည်တစ်ပြွန်က ဈေးမပေါဘူးနော်... သူ ဘာမှတောင် မပြောရသေးဘဲ သေသွားတာပဲ"
လင်းယွမ် စကားဆွံ့အသွားသော်လည်း စကားပြောလိုက်ဆဲဖြစ်သည်။ "ဆေးရည်ဖိုးကို ငါ့စာရင်းထဲ ထည့်လိုက်... နို့ဖြူလေး... မင်း ပြန်ရောက်ရင် ဆေးကုသရေးဌာနမှာ သွားထုတ်လိုက်"
ပိုင်ကျစ်လဲ့က ချက်ချင်း ရယ်မောလိုက်ပြီး ခေါင်းကို အလျင်အမြန် ညိတ်ပြလိုက်သည်။ "ကျေးဇူးတင်ပါတယ် အကိုလင်း"
လင်းယွမ်က ဂရုမစိုက်တော့ဘဲ အမျိုးသား၏ ခန္ဓာကိုယ်ပေါ်တွင် တစ်ချက် ရှာဖွေကြည့်လိုက်သော်လည်း တန်ဖိုးရှိသော ပစ္စည်း တစ်ခုမျှ မတွေ့ရပေ။
နောက်ဆုံးတွင် တစ်ဖက်လူ၏ အလောင်းကို ရေထဲသို့ လွှင့်ပစ်လိုက်ရုံသာ တတ်နိုင်တော့သည်။
အဆုံးအစမဲ့ ကျယ်ပြောလှသော ရေပြင်ကြီးနှင့် ရေမျက်နှာပြင်ပေါ်တွင် ဟိုတစ်စဒီတစ်စ ပေါ်လွင်နေသော အဆောက်အအုံကြီးများကို ကြည့်ရင်း လင်းယွမ်၏ မျက်နှာအမူအရာက မနေနိုင်ဘဲ လေးနက်သွားရသည်။
"လူသားတွေက ရေမျက်နှာပြင်ပေါ်မှာ ရှင်သန်နိုင်ဖို့ ရုန်းကန်နေရချိန်မှာ ရေအောက်က မိစ္ဆာတွေက ဘယ်လောက်တောင် အကြိမ်ကြိမ် ဆင့်ကဲပြောင်းလဲနေကြပြီလဲ မသိနိုင်တော့ဘူး"
"အရင်တုန်းကတော့ သန္ဓေပြောင်း ငါးတွေ၊ သန္ဓေပြောင်း ဖားတွေလောက်ပဲ ရှိသေးတာ... နောက်တော့ ဧရာမ ရေဘဝဲ မိစ္ဆာကြီးတွေ ပေါ်လာတယ်... အခုဆို နာမည်တောင် ခေါ်လို့မရတဲ့ ထူးဆန်းတဲ့ သတ္တဝါတွေအထိတောင် ဆင့်ကဲပြောင်းလဲလာကြပြီ"
လင်းယွမ်၏ ရင်ထဲတွင် မနေနိုင်ဘဲ အနည်းငယ် အလောတကြီး ဖြစ်လာပြီး သူ၏ ကိုယ်ပိုင် စွမ်းဆောင်ရည်က မလုံလောက်သေးကြောင်း ပို၍ ခံစားလာရသည်။
ယခုအချိန်တွင် သူက ထိုက်ယန်တောင်မှ လူများ၏ရှေ့ကို အဝေးကြီး ဖြတ်ကျော်ထားနိုင်ပြီ ဖြစ်လင့်ကစား သူ လုံလုံလောက်လောက် မသန်မာသေးကြောင်းကိုမူ သူ သိနေသည်။
ပင်လယ်ထဲရှိ ဤမိစ္ဆာများနှင့် နှိုင်းယှဉ်လိုက်ပါက သူက အများကြီး လိုအပ်နေသေးဆဲပင်။
"ဆရာလင်း... ဒီမိစ္ဆာကောင်က ထိုက်ယန်တောင် အနီးအနားမှာ ပေါ်လာတာဆိုတော့ ကျွန်တော်တို့အတွက် ခြိမ်းခြောက်မှုများ ဖြစ်လာနိုင်မလား" ထူလုံက မနေနိုင်ဘဲ မေးလိုက်သည်။
လင်းယွမ်က ခေါင်းယမ်းလိုက်သည်။ "ဖြတ်သွားရုံ သက်သက်ပဲ ဖြစ်လောက်တယ်... ဒီလို ဧရာမ သန္ဓေပြောင်း သားရဲကြီးက ရေတိမ်ပိုင်းတွေမှာ အချိန်ကြာကြာ နေနိုင်မှာ မဟုတ်ဘူး... သူ့ရဲ့ ခန္ဓာကိုယ် အရွယ်အစားက ဒီရေတိမ်ပိုင်းတွေမှာ နေဖို့ မသင့်တော်ဘူးလေ"
ထူလုံက ကြားလိုက်ရသောအခါ ချက်ချင်း သက်ပြင်းချလိုက်မိသည်။ "ဒါဆိုလည်း တော်သေးတာပေါ့ဗျာ... တော်သေးတာပေါ့"
"သွားကြစို့... မြို့လယ်ခေါင်ကို မြန်မြန် သွားရအောင်"
"သိပါပြီ"
ထူလုံက အမြန်ယာဉ်ကို စွမ်းအင်ကျောက်တုံး တစ်တုံး ချက်ချင်း လဲလှယ်တပ်ဆင်ပေးလိုက်ပြီး အမြန်ယာဉ်ကို ထပ်မံ စက်နှိုးလိုက်သည်။
ချက်ချင်းဆိုသလိုပင် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး ရေပြင်ပေါ်တွင် အဖြူရောင် လှိုင်းတံပိုးတစ်ခု ဖြတ်သန်းသွားကာ အမြန်ယာဉ်က ရေပြင် မိုးကုတ်စက်ဝိုင်းပေါ်၌ အလျင်အမြန် ပျောက်ကွယ်သွားတော့သည်။
ဆက်ရန်...
***