"ရေစကြီးတုန်းက... ကျွန်မတို့လည်း သိပ်ဂရုမစိုက်ခဲ့မိဘူး"
"အားလုံးက ဒါကို သာမန် မိုးသည်းသည်းမဲမဲရွာတာလို့ပဲ ထင်ခဲ့ကြတာ"
ကျောက်ဟွေးယောင်က စကားစလိုက်ရင်း သူမ၏ မျက်နှာပေါ်တွင် အတိတ်ကို လွမ်းဆွတ်သတိရနေသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။
ထိုနေရာရှိ လူအားလုံးကလည်း အတိတ်ကို ပြန်လည်အမှတ်ရသွားသည့် မျက်နှာအမူအရာများ ထွက်ပေါ်လာကြသည်။
ဟုတ်ပေသည်။ အစပိုင်း မိုးစရွာစဉ်က မည်သူကမျှ ထိုမျှ သာမန်ဖြစ်ရိုးဖြစ်စဉ် မိုးသည်းထန်မှုကြီးက ယခုအချိန်အထိ ရွာသွန်းနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
ကျောက်ဟွေးယောင်၏ အသံက လူအုပ်ကြီးကို လွန်ခဲ့သော တစ်နှစ်က နွေရာသီဆီသို့ ဆွဲခေါ်သွားလေသည်။
"ကျွန်မတို့က ဗီလာအိမ်ရာဝင်းထဲမှာ နေပေမယ့်... ရေကြီးတော့ အရင်ဆုံး ဘေးဒုက္ခကြုံတွေ့ခဲ့ရတာ"
"တစ်ပတ်လောက် အတွင်းမှာပဲ ကျွန်မတို့ရဲ့ ဗီလာတွေ ရေမြုပ်သွားတယ်... အိမ်ပိုင်ရှင် အများစုလည်း ရွေးချယ်စရာမရှိတော့ဘဲ ထွက်ပြေးဖို့ စပြီးကြိုးစားခဲ့ကြတယ်"
"တချို့က ရပ်ကွက်ထဲကို ရေကူးသွားကြတယ်... တချို့ကတော့ သူတို့ရဲ့ တခြားအိမ်တွေကို သွားဖို့ နည်းလမ်းရှာကြတယ်"
"ရှင်းဟိုင်မှာ နေနိုင်တဲ့သူတွေက အားလုံး လူချမ်းသာတွေချည်းပဲလေ... မြို့လယ်ခေါင်မှာ သူတို့အတွက် အိမ်တစ်လုံးမက ရှိကြတယ်"
"အဲ့ဒီတုန်းက ကျွန်မ သတ္တိမရှိခဲ့ဘူး... ချက်ချင်း မထွက်ပြေးရဲဘဲ အိမ်ရဲ့ အပေါ်ဆုံးထပ်ကိုပဲ ပြောင်းနေလိုက်မိတယ်"
"အဲ့ဒီနောက် နှစ်ပတ်လောက် ထပ်တောင့်ခံထားခဲ့သေးတယ်... ရေက ဆက်တိုက် တက်လာပြီး အပြင်ကလူတွေလည်း ရူးသွပ်နေသလိုပဲ... နေရာတိုင်းမှာ ပစ္စည်းတွေကို လုယက်ပြီး စူပါမားကတ်တွေကို ရိုက်ခွဲလုယက်ကြတော့တာပဲ"
"အဲ့ဒီတုန်းက ကျွန်မ အရမ်းကြောက်ခဲ့တာ... အလုပ်ကြောင့် ကျွန်မက အမြဲတမ်း တစ်ယောက်တည်း နေခဲ့ရတာကိုး"
"အန္တရာယ်တွေ ကျရောက်လာတဲ့အခါ... ကျွန်မဘေးမှာ အဖော်ပြုပေးမယ့်သူ တစ်ယောက်မှ မရှိခဲ့ဘူး"
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး အော်ပြောလိုက်သည်။ "လိုရင်းကိုပဲ ပြောစမ်း"
ကျောက်ဟွေးယောင်၏ ရင်ထဲတွင် ချက်ချင်း တုန်လှုပ်သွားပြီး မျက်ရည်ဝဲလာတော့သည်။ သူမက ဤရက်ပိုင်းအတွင်း သူမ ခံစားခဲ့ရသော နာကျင်မှုများကို ဖွင့်ဟပြောပြချင်ရုံသာ ဖြစ်သည်။
လင်းယွမ်က စိတ်မရှည်တော့သည်ကို မြင်လိုက်ရသဖြင့် သူမက အရေးမကြီးသော ကိစ္စများကို ဆက်မပြောရဲတော့ပေ။
"ကျွန်မ အိမ်ရဲ့ တတိယထပ်ကနေ... အစုလိုက်အပြုံလိုက် ထွက်ပြေးကြတဲ့ ဖြစ်စဉ် သုံးခုလောက်ကို မြင်ခဲ့ရတယ်"
"အဲ့ဒီ လူသုံးအုပ်က... မြို့သစ်ဘက်... ကျည်ဆန်ရထားဘူတာဘက်နဲ့... စက်မှုဇုန်ဘက်ဆိုပြီး ဦးတည်ချက် သုံးခုကို အသီးသီး ထွက်သွားခဲ့ကြတာ"
"ကျွန်မလည်း နောက်ဆုံးမှာ တကယ် ဘာမှလုပ်လို့မရတော့တာနဲ့... အစ်ကိုကြီးတချို့နဲ့အတူ စက်မှုဇုန်ဘက်ကို ထွက်လာခဲ့တာပဲ"
"မင်းက ဘာလို့ စက်မှုဇုန်ဘက်ကို လာတာလဲ" လင်းယွမ်က မေးလိုက်သည်။
"ကျွန်မမှာ ဒီဘက်မှာ ဆွေမျိုးတွေ ရှိတယ်လေ... ဒီကိုလာရင် အချင်းချင်း ဖေးမကူညီနိုင်မယ်လို့ ထင်ခဲ့တာ" ကျောက်ဟွေးယောင်က တိုးညှင်းစွာ ပြောလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။ "မင်းရဲ့ ဆွေမျိုးတွေကို ရှာတွေ့ခဲ့လား"
ကျောက်ဟွေးယောင်က ခေါင်းယမ်းလိုက်သည်။ "မတွေ့သေးဘူး"
ဘေးဘက်ရှိ ပိုင်ကျစ်လဲ့က မနေနိုင်ဘဲ မေးလိုက်သည်။ "ရှာမတွေ့တော့ဘူးလား"
"သူတို့က ကျွန်မကို သွားခွင့်မပေးခဲ့ဘူး" ကျောက်ဟွေးယောင်က တိုးညှင်းစွာ ငိုကြွေးနေသည်။
ပိုင်ကျစ်လဲ့၏ လှပသော မျက်နှာလေးမှာ ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေသော ထိုလူစုကို ရွံရှာစွာ ကြည့်လိုက်သည်။
ထိုလူစုက ကျောက်ဟွေးယောင်၏ ရုပ်ရည်လှပမှုကို မြင်ပြီး သူမကို ဖမ်းဆီးကာ သူတို့၏ ကစားစရာအရုပ်အဖြစ် သိမ်းပိုက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိသာလှပေသည်။
လင်းယွမ်က ဤကဲ့သို့သော ကိစ္စများကို အကြိမ်ကြိမ် တွေ့ဖူးနေပြီ ဖြစ်သောကြောင့် သူက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် မေးလိုက်သည်။ "မင်းမှာ လက်ကိုင်ဖုန်း ရှိလား"
"ရှင်"
ကျောက်ဟွေးယောင်က အံ့အားသင့်သွားသည်။ သူမတွင် လက်ကိုင်ဖုန်း ရှိသော်လည်း အားကုန်နေသည်မှာ ကြာပြီ ဖြစ်ပေသည်။
"ရှိလား မရှိဘူးလား"
"ရှိတယ်... ကျွန်မ ကိုယ်ပေါ်မှာ အမြဲတမ်း ဆောင်ထားတာ... ဒါပေမယ့် အားတော့ မရှိတော့ဘူး... နောက်ပိုင်း ရေတွေကျသွားရင် အိမ်ကလူတွေနဲ့ ဆက်သွယ်လို့ရနိုင်မလားလို့ တွေးပြီး"
"ငါ့ကို ပြစမ်း"
ကျောက်ဟွေးယောင်က ပြောလိုက်သည်။ "ကျွန်မ အခန်းထဲမှာ"
"ထူလုံ... မင်း သူနဲ့လိုက်သွားပြီး သွားယူချေ"
"ဟုတ်ကဲ့"
ထူလုံက ချက်ချင်းပင် ကျောက်ဟွေးယောင်အား ခေါ်ဆောင်ကာ သူမ၏ အခန်းထဲသို့ လက်ကိုင်ဖုန်း သွားယူလေသည်။
ပိုင်ကျစ်လဲ့က စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။ "ဆရာလင်း... သူ့ဖုန်းကို ဘာလုပ်ဖို့လဲ"
"သူက တကယ်ပဲ ရှင်းဟိုင်ဥယျာဉ်စံအိမ်ရာက အိမ်ပိုင်ရှင်ဆိုရင်... အိမ်ပိုင်ရှင်တွေရဲ့ ဂရုတော့ သေချာပေါက် ရှိမှာပဲ... အဲ့ဒီ ဒေါက်တာကျန်းကလည်း အိမ်ပိုင်ရှင်ဆိုတော့ သူတို့ တစ်ဂရုတည်းမှာ ရှိနေနိုင်တယ်"
"ရှင်းဟိုင်ဥယျာဉ်စံအိမ်ရာက အစောကြီးကတည်းက ရေမြုပ်သွားတာလေ... အဲ့ဒီတုန်းက ကနဦးအဆင့်မှာ အင်တာနက်နဲ့ ရေမီးတွေက လုံးဝ ပြတ်တောက်မသွားသေးဘူး... သူ့ဖုန်းထဲမှာ ဒေါက်တာကျန်းနဲ့ ပတ်သက်တဲ့ သဲလွန်စတချို့ ရှာတွေ့နိုင်လောက်တယ်"
ပိုင်ကျစ်လဲ့၏ မျက်လုံးများက ချက်ချင်း တောက်ပသွားပြီး ပြောလိုက်သည်။ "ဆရာလင်းက တကယ် တော်တာပဲ... ကျွန်မ ဘာလို့ အဲ့ဒါကို မစဉ်းစားမိပါလိမ့်"
လင်းယွမ်က ပြုံးလိုက်သော်လည်း ဘာမှ ပြန်မပြောခဲ့ပေ။
အချိန်သိပ်မကြာလိုက်ဘဲ ထူလုံက ကျောက်ဟွေးယောင်အား ခေါ်ဆောင်ကာ ပြန်ရောက်လာခဲ့သည်။
ကျောက်ဟွေးယောင်က လက်ကိုင်ဖုန်းကို ထုတ်ယူလိုက်ပြီး စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ "အားမရှိတော့ဘူး"
လင်းယွမ်က အသံတစ်ချက်ပြုလိုက်ပြီး လက်ကိုင်ဖုန်းကို ယူကာ ကြည့်လိုက်ရာ ယင်းက ပန်းသီးတံဆိပ် လက်ကိုင်ဖုန်း၏ နောက်ဆုံးပေါ် မော်ဒယ် ဖြစ်နေပေသည်။
သူက ပစ္စည်းသိုလှောင်ခန်းထဲမှ ပါဝါဘဏ်တစ်ခုနှင့် အားသွင်းကြိုးတစ်ကြိုးကို ရှာဖွေထုတ်ယူလိုက်ပြီး တိုက်ရိုက် တပ်ဆင်ကာ ဖုန်းကို ဖွင့်လိုက်သည်။
(မင်မင်တို့က ပါဝါဘန့် ဆိုပြီးခေါ်ကြပေမယ့် တကယ်တမ်းက ပါဝါဘဏ် လို့ရေးတာဆိုတော့ အဲ့လိုပဲ ပြန်လိုက်တော့တယ်)
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူအားလုံး၏ မျက်လုံးများက ချက်ချင်း ပြူးကျယ်သွားကြတော့သည်။
ဒူးထောက်နေသော အသက်ရှင်ကျန်ရစ်သူများကလည်း အကြောင်းပြချက်မရှိဘဲ စိတ်လှုပ်ရှားလာကြသည်။
"သူ့ဆီမှာ ပါဝါဘဏ် ရှိတယ်"
"သူ့ပါဝါဘဏ်ထဲမှာ အားတွေ ရှိနေသေးတယ်"
"အခု အရေးပေါ် အကူအညီတောင်းတဲ့ ဖုန်းတွေများ ခေါ်လို့ရနိုင်မလား မသိဘူး"
"ဆရာ... အရေးပေါ် အကူအညီတောင်းတဲ့ ဖုန်းကို ခေါ်ကြည့်လို့ရမလား"
...
လင်းယွမ်က ထိုလူများကို လုံးဝ အဖက်မလုပ်ခဲ့ပေ။ အကြောင်းမှာ ဖုန်းပွင့်လာသည်နှင့် တစ်ပြိုင်နက် ဖုန်း၏ ဘယ်ဘက် အပေါ်ထောင့်ရှိ ဖုန်းလိုင်းတုံးမှာ လုံးဝ ပြောင်သလင်းခါနေသောကြောင့် ဖြစ်သည်။
ကြီးမားသော ရေလွှမ်းမိုးမှုကြီး ဖြစ်ပွားခဲ့သည်မှ ယခုအချိန်အထိ ကမ္ဘာကြီးတွင် ကြီးမားသော အပြောင်းအလဲကြီး ဖြစ်ပေါ်ခဲ့ပြီး ကောင်းကင်ယံကိုလည်း မည်းမှောင်သော တိမ်တိုက်ကြီးများက ဖုံးလွှမ်းထားခဲ့ပြီ ဖြစ်ရာ ဖုန်းလိုင်း ဖြတ်သန်းသွားလာနိုင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ပေ။
သူက အမျိုးသမီး၏ ဝီချက်ကို အလျင်အမြန် ဖွင့်လိုက်ပြီး ထိုအထဲမှ အလျင်အမြန် ရှာဖွေလိုက်သည်။
မကြာမီမှာပင် သူက ဂရုချက်အနည်းငယ်ကို ရှာတွေ့သွားခဲ့သည်။
"ရှင်းဟိုင် ဥယျာဉ်ဗီလာအိမ်ရာ အိမ်ပိုင်ရှင်များ ပင်မဂရု"
"ရှင်းဟိုင် ဥယျာဉ်ဗီလာပထမအဆင့်"
"ရှင်းဟိုင် ဥယျာဉ်ဗီလာဒုတိယအဆင့်"
လင်းယွမ်က ထိုဂရုများကို အသီးသီး ဝင်ရောက်ကြည့်ရှုလိုက်ရာ ဂရုသုံးခုစလုံး၏ နောက်ဆုံး စာပို့ထားသည့် ရက်စွဲမှာ ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၃ ရက်နေ့ ဖြစ်နေပေသည်။
လင်းယွမ် မှတ်မိသလောက်ဆို ဇွန်လလောက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြီး စတင်ရောက်ရှိလာချိန် ဖြစ်သည်။
ဆိုလိုသည်မှာ တစ်လဝန်းကျင် အချိန်အတွင်းမှာပင် အင်တာနက်လိုင်းများ လုံးဝ ပြတ်တောက်သွားခဲ့ခြင်း ဖြစ်ပေသည်။
လင်းယွမ်က အိမ်ပိုင်ရှင်များ ပင်မဂရုကို ဖွင့်လိုက်ပြီး ဂရု၏ ချက်တင်မှတ်တမ်းများထဲတွင် ကျန်းဇီယန် ဟူသော စာလုံးများကို အလျင်အမြန် ရှာဖွေလိုက်သည်။
သို့သော်လည်း ရှာမတွေ့ခဲ့ပေ။ ကျန်းဇီယန်၏ ဝီချက်အမည်က သူမ၏ နာမည်အရင်း ဖြစ်နေရန် မဖြစ်နိုင်ကြောင်း သိသာလှပေသည်။
ဤသည်ကို တွေးမိပြီးနောက် လင်းယွမ်က "ဒေါက်တာကျန်း" နှင့် "ကျန်း" ကဲ့သို့သော စကားလုံးများကို ထပ်မံ ရှာဖွေကြည့်လိုက်သည်။
သို့ရာတွင် ကျန်းဇီယန်နှင့် ပတ်သက်သော အချက်အလက်များကို ရှာမတွေ့ခဲ့ပေ။
ထိုအထဲတွင် ကျန်းဟူသော စကားလုံး ပါဝင်သည့် စာများက အခြေခံအားဖြင့် လင်ကျောင်းမြစ် ကမ်းပါးကျိုးပေါက်မှုနှင့် ရေလွှမ်းမိုးမှုများ ပျံ့နှံ့လာခြင်း စသည်တို့နှင့်သာ သက်ဆိုင်နေပေသည်။
ဘေးဘက်ရှိ ပိုင်ကျစ်လဲ့က ယင်းကို မြင်သောအခါ မနေနိုင်ဘဲ သတိပေးလိုက်သည်။ "ဆရာလင်း... ဒုတိယ တွဲဖက်ဆေးရုံ ကို ရှာကြည့်ပါလား... ဒါမှမဟုတ် ဆေးရုံ တို့ ဆရာဝန် တို့လို စကားလုံးတွေကို တိုက်ရိုက် ရှာကြည့်ရင်ရော"
လင်းယွမ်က ထိုစကားကို ကြားသောအခါ ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"
သူက ချက်ချင်း ရှာဖွေလိုက်ရာ ဂရုချက်ထဲတွင် အချက်အလက်တချို့ အလျင်အမြန် ထွက်ပေါ်လာတော့သည်။
မကြာမီမှာပင် လင်းယွမ်က စာတိုအချက်အလက် တစ်ခုကို သတိပြုမိသွားခဲ့သည်။
[ဂရုထဲမှာ ဆရာဝန်များ ရှိကြလား... ကယ်ကြပါဦး... ကျွန်တော့်အဖေ ရုတ်တရက် သတိလစ်သွားလို့ပါ... အခု အပြင်ဘက်မှာက ရေကြီးနေတော့ ကျွန်တော်တို့ ထွက်လို့မရဘူး ဖြစ်နေတယ်... ကျေးဇူးပြုပြီး ဆရာဝန် အိမ်နီးချင်းများ ရှိရင် ကူညီပေးကြပါဦး...]
ဤစာတို၏ အောက်တွင်တော့ အကြောင်းပြန်စာတစ်ခုက လင်းယွမ်၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
[ရှင်ရဲ့ အဖေက အသက်ဘယ်လောက်ရှိပြီလဲ... အရင်ကရော ရောဂါအခံ ရှိလား...]
[မရှိပါဘူး... ကျွန်တော့်အဖေက အမြဲတမ်း ကျန်းမာရေး ကောင်းပါတယ်... ခင်ဗျားက ဆရာဝန်လား... ကျေးဇူးပြုပြီး ကျွန်တော့်အဖေကို ကယ်ပေးပါဦး...]
[ကျွန်မက ဆရာဝန်ပါ... ကျွန်မကို သီးသန့် လာပြောပါ... အခု ကျွန်မလည်း အပြင်ထွက်လို့ မရဘူး... အပြင်ကရေတွေက ကျွန်မအိမ်ရဲ့ ဒုတိယထပ်အထိ တက်နေပြီ...]
အပြန်အလှန် စကားပြောဆိုမှုက ဤနေရာတွင်ပင် အဆုံးသတ်သွားခဲ့သည်။
လင်းယွမ်က ဆရာဝန်ဟု မိမိကိုယ်ကိုယ် ဆိုထားသော ထိုသူ၏ ပရိုဖိုင်ပုံကို အလျင်အမြန် နှိပ်ဝင်လိုက်သည်။
ယင်းက အမျိုးသမီး ကာတွန်းဇာတ်ကောင် ပရိုဖိုင်ပုံ တစ်ပုံ ဖြစ်ပြီး ကာတွန်းဇာတ်ကောင်မှာ အလွန် ထူးခြားလှကာ ဥရောပနှင့် အမေရိကန် စတိုင်ဘက်သို့ သွားပြီး ရွှေရောင် ဆံပင်များကို ထားရှိထားပေသည်။
ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ကာတွန်းပရိုဖိုင်ပုံများ ဖန်တီးပေးသော အထူးပြုလုပ်ချက်နှင့် အနည်းငယ် ဆင်တူနေပေသည်။
ထိုသူ၏ ဝီချက်အမည်မှာလည်း ကျန်းဇီယန် မဟုတ်ဘဲ "ဂျင့်စ်" ဟု ဖြစ်နေပေသည်။
လင်းယွမ်က ရှာဖွေရေးအကွက်သို့ အလျင်အမြန် ပြန်သွားပြီး "ဂျင့်စ်"နှင့် သက်ဆိုင်သော ချက်တင်များကို တိုက်ရိုက် ရှာဖွေလိုက်သည်။
သို့ရာတွင် ဂျင့်စ်၏ ချက်တင်အကြောင်းအရာများက အလွန် နည်းပါးနေပြီး နောက်ဆုံး ဇွန်လကုန်ပိုင်းလောက်ကသာ စာတိုများ ပေးပို့ထားခဲ့သည်။
လင်းယွမ်က တစ်ကြောင်းချင်းစီ လိုက်လံစစ်ဆေးကြည့်လိုက်ရာ အခြေခံအားဖြင့် အကူအညီတောင်းခံခြင်းနှင့် ပစ္စည်းများ ရှာဖွေခြင်းဆိုင်ရာ စာတိုများသာ ဖြစ်နေပေသည်။
သူက "ဂျင့်စ်" ၏ ပရိုဖိုင်ပုံကို နှိပ်ဝင်လိုက်ရာ အထက်ပါ ဝီချက်အိုင်ဒီနှင့် ဗီဒီယိုအကောင့်တို့ကိုသာ မြင်တွေ့ရပြီး အင်တာနက် မရှိသောကြောင့် အတွင်းရှိ အကြောင်းအရာများကို ဖွင့်၍မရပေ။
ထို့အပြင် ကျောက်ဟွေးယောင်နှင့် "ဂျင့်စ်" က သူငယ်ချင်း မဖြစ်သောကြောင့် အခြေခံအားဖြင့် မည်သည့် အချက်အလက်ကိုမျှ ရရှိနိုင်မည် မဟုတ်ပေ။
ဤသည်က လင်းယွမ်အား မနေနိုင်ဘဲ မျက်မှောင်ကြုတ်သွားစေတော့သည်။
ထိုအချိန်တွင် ပိုင်ကျစ်လဲ့က ထပ်မံ သတိပေးလိုက်သည်။ "အိမ်ပိုင်ရှင်တွေရဲ့ တခြား ဂရုအသေးလေးတွေထဲ သွားရှာကြည့်ပါလား"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ပထမအဆင့်နှင့် ဒုတိယအဆင့် အိမ်ပိုင်ရှင်များ ဂရုထဲတွင် တစ်ပတ်ထပ်မံ ရှာဖွေလိုက်သည်။
ဤတစ်ကြိမ်တွင်တော့ အရေးကြီးသော ရှာဖွေတွေ့ရှိမှုတစ်ခုကို နောက်ဆုံးတွင် ရရှိသွားခဲ့သည်။
"သူက ပထမအဆင့်က အိမ်ပိုင်ရှင်လား... မနှစ်က ဇွန်လကုန်ပိုင်းတုန်းက ဂရုထဲမှာ တခြားသူတွေကို ကိုယ့်ကိုယ်ကိုယ် ကယ်တင်ကြဖို့ လိုက်တိုက်တွန်းထားပြီး စက်မှုဇုန်ဘက်ကို သွားမယ့်သူ ရှိမရှိ မေးထားတာပဲ"
ပိုင်ကျစ်လဲ့က ချက်ချင်း သုံးသပ်လိုက်သည်။ "ဒီလိုဆိုရင်... နောက်ပိုင်းမှာ သူက စက်မှုဇုန်ဘက်ကို ထွက်သွားတာ ဖြစ်နိုင်ခြေ များတယ်နော်"
လင်းယွမ်က ကျောက်ဟွေးယောင်အား ချက်ချင်း လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မင်းလည်း တခြားသူတွေနဲ့အတူ စက်မှုဇုန်ဘက်ကို ထွက်လာခဲ့တာဆိုတော့... မင်းတို့အထဲမှာ ကျန်းဇီယန်လို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ပါတာကို မှတ်မိလား"
ကျောက်ဟွေးယောင်က ခေါင်းယမ်းလိုက်သည်။ "ကျွန်မ မသိဘူး... အဲ့ဒီတုန်းက အတူတူ ထွက်ပြေးခဲ့ကြတဲ့သူတွေ အများကြီးပဲ... ရပ်ကွက်ထဲက ထွက်လာပြီးတော့ ကျွန်မတို့လည်း လူစုကွဲသွားကြတာ"
"တချို့က ပစ္စည်းတွေ လုဖို့ ထွက်သွားကြတယ်... တချို့ကတော့ အနီးနားက အထပ်မြင့် အဆောက်အအုံတွေကို ရှာဖွေခဲ့ကြတယ်"
"အဲ့ဒီအချိန်က အရမ်းကို ရှုပ်ယှက်ခတ်နေတာ... ကျွန်မလည်း လျှောက်မပြေးရဲတာနဲ့ လူအများစု နောက်ကိုပဲ လိုက်ခဲ့ပြီး... သစ်သားပြားတွေကို လှော်ခတ်ရင်း မိုးပျံတံတားပေါ် တက်ပြီး စက်မှုဇုန်ဘက်ကို ထွက်လာခဲ့ကြတာပဲ"
လင်းယွမ်က သဘောပေါက်သွားခဲ့သည်။ ထိုအချိန်က မိုးသည်းထန်စွာ စတင်ရွာသွန်းခါစ ဖြစ်ရာ လမ်းမများက သေချာပေါက် ရေမြုပ်နေပြီ ဖြစ်သော်လည်း မိုးပျံတံတားများကမူ ရေမမြုပ်နိုင်သေးပေ။
လူအများအပြားက အိမ်ရာမှ ထွက်ခွာလာပြီးနောက် မိုးပျံတံတားများကို ဖြတ်သန်းကာ မြေနိမ့်ပိုင်း နေရာများမှ ထွက်ခွာနိုင်ပြီး ပိုဝေးသော နေရာများသို့ သွားရောက်ကာ အကူအညီ တောင်းခံနိုင်ခဲ့သည်။
လင်းယွမ်က မေးလိုက်သည်။ "မင်းတို့ လူစုထဲမှာ နိုင်ငံခြားသား ရုပ်ရည်နဲ့လူတွေ ပါသေးလား"
ကျောက်ဟွေးယောင်က ထိုစကားကို ကြားသောအခါ ချက်ချင်း ကြက်သေသေသွားပြီးနောက် အံ့သြတကြီးဖြင့် ပြောလိုက်သည်။ "ပါတယ်... အမျိုးသမီးတစ်ယောက် ရှိတယ်... အသက်သုံးဆယ် ဝန်းကျင်လောက်နဲ့ သွေးနှောတစ်ယောက်ပဲ... မျက်နှာသွင်ပြင်က လူဖြူတွေရဲ့ ပုံစံမျိုး အထင်အရှား ရှိနေပေမယ့် သူက တရုတ်စကားကို ပြောတတ်တယ်"
လင်းယွမ်၏ မျက်လုံးများက ချက်ချင်း တောက်ပသွားပြီး အလျင်အမြန် မေးလိုက်သည်။ "သူ့နာမည် ဘယ်လိုခေါ်လဲ"
"ကျွန်မ မသိဘူး"
"ဒါဆို မင်းက ဘာလို့ ဒီလောက်တောင် ရှင်းရှင်းလင်းလင်း မှတ်မိနေရတာလဲ" လင်းယွမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ကျောက်ဟွေးယောင်က အလျင်အမြန် ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ အဲ့ဒီတုန်းက ကိစ္စတစ်ခု ဖြစ်ခဲ့လို့လေ... အဲ့ဒီ အမျိုးသမီးရဲ့ ရုပ်ရည်က သွေးနှောဘက် သွားပြီး အရမ်းလည်း လှနေတော့ ထွက်ပြေးလာတဲ့ လူအုပ်ထဲက အိမ်ပိုင်ရှင် တချို့က သူ့ကို အသားယူဖို့ ကြိုးစားခဲ့ကြတာ"
"ဒါပေမယ့် အဲ့ဒီ အမျိုးသမီးက ကိုယ်ပေါ်မှာ ဓားမြှောင်တစ်လက် ဖွက်ထားလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူး... သူ့ကို အသားယူဖို့ ကြိုးစားတဲ့ လူတွေ အားလုံး ဓားနဲ့ အခုတ်ခံလိုက်ရပြီး သွေးတွေ အများကြီး ထွက်ခဲ့တယ်"
"အဲ့ဒီတုန်းက လူတွေက အခုလိုမျိုး မရူးသွပ်ကြသေးဘဲ ဥပဒေဆိုတဲ့ အသိတရား ရှိနေကြသေးတာဆိုတော့... အဲ့ဒီလို အခြေအနေမျိုးက ထိုအချိန်တုန်းက ကျွန်မတို့ကို တော်တော်လေး အံ့အားသင့်သွားစေခဲ့တာ"
"အဲ့ဒီနောက်ရော... အဲ့ဒီ အမျိုးသမီးက ဘယ်ရောက်သွားလဲ" လင်းယွမ်က ချက်ချင်း ထပ်မေးလိုက်သည်။
"စက်မှုဇုန်ကို မရောက်ခင်မှာပဲ အားလုံး လူစုကွဲသွားခဲ့ကြတာ"
"အဲ့ဒီ အမျိုးသမီးနဲ့ တခြား လူတစ်စုက လမ်းတစ်ဝက်မှာရှိတဲ့ ဈေးဝယ်စင်တာ တစ်ခုမှာ ရပ်နားဖို့ ရွေးချယ်ခဲ့ကြတယ်"
"ဘယ် ဈေးဝယ်စင်တာလဲ"
လင်းယွမ်က ချက်ချင်း ထပ်မေးလိုက်သည်။
"မြို့တော်ကုန်သွယ်ရေးစင်တာ"
လင်းယွမ်က မြေပုံကို အလျင်အမြန် ထုတ်ယူလိုက်ပြီး မြေပုံပေါ်တွင် တစ်ချက် ရှာဖွေလိုက်သည်။
ပိုင်ကျစ်လဲ့က လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။ "ဒီမှာလေ... မြို့တော်ကုန်သွယ်ရေးစင်တာကို ကျွန်မ ရောက်ဖူးတယ်"
လင်းယွမ်က အလျင်အမြန် လှမ်းကြည့်လိုက်ရာ မြို့တော်ကုန်သွယ်ရေးစင်တာ၏ တည်နေရာမှာ မြို့လယ်ခေါင်တွင် မဟုတ်ဘဲ အလယ်ပိုင်း မြို့ပတ်လမ်း၏ မြောက်ဘက်အနီးတွင် တည်ရှိနေပေသည်။
မြို့လယ်ခေါင်တွင် သိပ်မြင့်မားသော အဆောက်အအုံများ မရှိပေ။
သို့သော်လည်း မြို့တော်ကုန်သွယ်ရေးစင်တာ၏ အမြင့်မှာ တစ်ဆယ့်ရှစ်ထပ်ကို ကျော်လွန်နေပြီ ဖြစ်ကာ ယင်းက ဈေးဝယ်စင်တာ၊ ရုပ်ရှင်ရုံ၊ ဈေးဝယ်ထွက်ရန်နေရာ၊ ဖျော်ဖြေရေး၊ လူနေအိမ်ရာနှင့် ရုံးခန်းများ စုစည်းပါဝင်သည့် အလွန် ကြီးမားသော စီးပွားရေး အချက်အချာကျသည့် ဗဟိုဌာနတစ်ခု ဖြစ်ပေသည်။
ဤအချက်မှ ကြည့်မည်ဆိုလျှင် မြို့တော်ကုန်သွယ်ရေးစင်တာက ရေလွှမ်းမိုးမှု ကနဦးကာလတွင် နေထိုင်ရန်အတွက် အမှန်တကယ်ပင် အလွန် သင့်တော်လှပေသည်။
လင်းယွမ်က မိမိနှင့် ဤနေရာ အကြားရှိ အကွာအဝေးကို စိတ်ထဲတွင် ခန့်မှန်းတွက်ချက်ကြည့်လိုက်သည်။
မိုင် ၃၀ ထက် မကျော်လွန်ပေ။
"အဲ့ဒီဘက်ကို တစ်ခေါက်လောက် သွားကြည့်ရမယ် ထင်တယ်... တစ်ဖက်လူက အဲ့ဒီမှာ ရှိနေဦးမလားဆိုတာတော့ မသိဘူးပေါ့"
ထို့နောက် သူက လက်ကိုင်ဖုန်းကို သိမ်းဆည်းလိုက်ပြီး ကျောက်ဟွေးယောင်အား ပြောလိုက်သည်။ "ဒီဖုန်းကို ငါ ယူသွားမယ်... ကျေးဇူးဆပ်တဲ့အနေနဲ့ မင်းရဲ့ တောင်းဆိုချက်တစ်ခုကို ငါ လက်ခံပေးနိုင်တယ်"
ကျောက်ဟွေးယောင်က ထိုစကားကို ကြားသောအခါ ချက်ချင်း စိတ်လှုပ်ရှားသွားပြီး လင်းယွမ်အား အလျင်အမြန် ကြည့်ကာ ပြောလိုက်သည်။ "ကျွန်မ... ကျွန်မ ရှင်တို့နဲ့အတူ ဒီနေရာကနေ ထွက်သွားလို့ ရမလား"
လင်းယွမ်မှာ မည်သည့် အံ့အားသင့်မှုမျှ မဖြစ်မိပေ။ ဤအမျိုးသမီးက အချိန်ကြာမြင့်စွာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး စောစောက သေဆုံးသွားသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ ကစားစရာအရုပ် ဖြစ်ခဲ့ရပေသည်။
သူမ အနေဖြင့် အခွင့်အရေး ရရှိပါက သဘာဝကျကျပင် ထွက်ပြေးချင်မည်သာ ဖြစ်သည်။
လင်းယွမ်က မေးလိုက်သည်။ "မင်းက အစွမ်းပိုင်ရှင်လား"
"ကျွန်မ... ကျွန်မ မဟုတ်ပါဘူး... ဒါပေမယ့် အဝတ်လျှော် ထမင်းချက်တတ်ပါတယ်... အလုပ်တွေလည်း လုပ်နိုင်ပါတယ်"
ကျောက်ဟွေးယောင်က လင်းယွမ် အနေဖြင့် သူမအား ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် သတ်မှတ်သွားမည်ကို စိုးရိမ်သဖြင့် သူမ၏ အားသာချက်များကို အလျင်အမြန် ကြိုးစားပြောဆိုနေလေသည်။
လင်းယွမ်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ "မင်းကို ငါ ခေါ်သွားပေးလို့ရတယ်... ဒါပေမယ့် မင်းရဲ့ လုံခြုံရေးကိုတော့ အာမခံချက် မပေးနိုင်ဘူး... သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ"
ကျောက်ဟွေးယောင်က မဆိုင်းမတွပင် ပြောလိုက်သည်။ "ရပါတယ်... ဒီနေရာကနေ ထွက်သွားနိုင်ဖို့ပဲ လိုတာပါ... ကျွန်မ ဘာမဆို လုပ်ဖို့ ဆန္ဒရှိပါတယ်"
လင်းယွမ်က သူမကို တစ်ချက် ကြည့်လိုက်ပြီး ဤအမျိုးသမီးက ဤနေရာတွင် နေရသည်မှာ အတော်လေး ဆိုးရွားနေပုံရကြောင်း သတိပြုမိသွားသည်။
ထို့နောက် သူက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "ကောင်းပြီလေ... ဒါဆိုရင် မင်း ငါတို့နဲ့ လိုက်ခဲ့တော့"
ထိုအချိန်တွင် ထူလုံက မေးလိုက်သည်။ "ဆရာလင်း... ဒီလူတွေကို ဘယ်လို စီစဉ်ရမလဲ"
လင်းယွမ်က ထိုလူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ခေါင်းကို အနည်းငယ် ယမ်းလိုက်သည်။ "သူတို့ကို ဂရုစိုက်နေစရာ မလိုဘူး... မိုးကလည်း မတိတ်သေးဘူးဆိုတော့ ရေပြင်ကလည်း ဆက်တက်နေဦးမှာပဲ... သူတို့ ဒီနေရာမှာ ဆက်နေရင် အနှေးနဲ့အမြန် သေချာပေါက် ပိတ်မိပြီး သေကုန်လိမ့်မယ်"
ထူလုံက ခေါင်းညိတ်လိုက်ပြီး မြေပြင်ပေါ်ရှိ ကျောက်ဟွေးယောင်အား ချက်ချင်း ဆွဲထူလိုက်သည်။ ထို့နောက် လင်းယွမ်က ပိုင်ကျစ်လဲ့အား ဆွဲယူလိုက်ပြီး သူတို့လေးယောက်သား မိုးရေစက်များကြားသို့ တိုက်ရိုက် ခုန်ဝင်သွားကာ ကောင်းကင်ယံထဲတွင် ပျောက်ကွယ်သွားကြတော့သည်။
ဆက်ရန်...
***