လင်းယွမ်က ဝမ်ဖိန်ဟုခေါ်သော အမျိုးသမီးကို ကြည့်ကာ ပြောလိုက်သည်။ "ခင်ဗျား ကျန်းဇီယန်ကို သိတယ်မလား"
ဝမ်ဖိန်၏ မျက်နှာက ဖြူရော်နေပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားသော်လည်း စကားတစ်ခွန်းမျှ မဟချေ။
သူမက ခေါင်းငုံ့ထားပြီး လင်းယွမ်ကိုလည်း မကြည့်ဘဲ သမီးဖြစ်သူ ယွမ်ဝေဝေကိုသာ ဖက်ထားလေသည်။
လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ကာ ပြောလိုက်သည်။ "ခင်ဗျား ဘာကို စိုးရိမ်နေတာလဲ"
လင်းယွမ်က ခဏမျှ စဉ်းစားလိုက်ပြီး မြေပြင်ပေါ်ရှိ ချောကလက် တစ်ခုကို ကောက်ယူကာ အခွံကို ဆွဲဖြဲပြီး ယွမ်ဝေဝေအား ကမ်းပေးရင်း ပြောလိုက်သည်။ "နင်က ယွမ်ဝေဝေမလား... ဒေါက်တာကျန်းနဲ့ နင့်အမေက သိကြလားဆိုတာ ငါ့ကို ပြောပြနိုင်မလား"
ယွမ်ဝေဝေက တံတွေးမျိုချလိုက်သော်လည်း ချောကလက်ကို မယူရဲဘဲ မိခင်ဖြစ်သူ ဝမ်ဖိန်ကိုသာ လှမ်းကြည့်လိုက်သည်။
"မေမေ"
ဝမ်ဖိန်က သူမကို ဖက်ထားပြီး ခေါင်းခါပြလိုက်သည်။
ယွမ်ဝေဝေက ကိုယ်လေးကို ကျုံ့ကာ နောက်သို့ တစ်လှမ်း ဆုတ်သွားသည်။
လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ပြီး ခပ်ဖွဖွ ပြုံးလိုက်ကာ သူမအား ပြောလိုက်သည်။ "နင့်အမေရဲ့ ရောဂါက အစားနည်းနည်း စားလိုက်ရုံနဲ့ ပျောက်သွားမှာ မဟုတ်ဘူး"
"နင် နင့်အမေကို မကယ်ချင်ဘူးလား"
ယွမ်ဝေဝေက ချက်ချင်း ခေါင်းမော့လာပြီး လင်းယွမ်၏ မျက်လုံးများကို စိတ်လှုပ်ရှားမှု တစ်ချို့ဖြင့် ကြည့်ကာ မေးလိုက်သည်။ "ဦး... ဦးလေးက သမီးအမေကို ကယ်နိုင်လို့လား"
လင်းယွမ် စကားမပြောရသေးခင်မှာပင် ဝမ်ဖိန်က ချက်ချင်း အော်ဟစ်လိုက်သည်။ "ဝေဝေ"
သူမက သမီးဖြစ်သူကို ဆွဲယူလိုက်ပြီး လင်းယွမ်ကို လှည့်ကြည့်ကာ တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ "ဆရာ... ကျွန်မသမီးကို အကျပ်မရိုက်ပါနဲ့ရှင်"
လင်းယွမ်က ခေါင်းခါပြလိုက်သည်။ "ခင်ဗျားလည်း သိပါတယ်... ကျွန်တော်သာ အကြမ်းဖက်ချင်ရင်အလွယ်လေးပဲ... ခင်ဗျားတို့ သားအမိ နှစ်ယောက်စလုံးက တစ်ယောက်အတွက် တစ်ယောက် အားနည်းချက်တွေချည်းပဲ"
"ဒါပေမယ့် ကျွန်တော် အဲ့ဒီလို မလုပ်ခဲ့ဘူး... ကျွန်တော် မလုပ်နိုင်လို့ မဟုတ်ဘဲ... မလုပ်ချင်လို့ဆိုတာ ခင်ဗျား ရှင်းရှင်းလင်းလင်း သိသင့်တယ်"
ဝမ်ဖိန်၏ မျက်နှာက အနည်းငယ် ပို၍ ဖြူရော်သွားသည်။ လင်းယွမ် ပြောသည့် စကားများမှာ အမှားမပါကြောင်းကို သူမ သဘာဝကျကျပင် သိရှိနေပေသည်။
လင်းယွမ်က ထိုအခြေအနေကို မြင်သောအခါ ထပ်ပြောလိုက်သည်။ "ကျွန်တော်က ကျန်းဇီယန်ကို ရှာတာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေမှာကို ခင်ဗျား စိုးရိမ်နေတာလား"
ဝမ်ဖိန်က ခေါင်းငုံ့ကာ ပြောလိုက်သည်။ "ဒေါက်တာကျန်းက ကျွန်မနဲ့ ဝေဝေတို့ အပေါ်မှာ အသက်ကယ် ကျေးဇူး ရှိခဲ့ဖူးတယ်... ကျွန်မတို့ သားအမိ နှစ်ယောက်လုံး သေသွားရရင်တောင် သူ့အတွက် အန္တရာယ် ဖြစ်စေမယ့် ကိစ္စမျိုးကို လုံးဝ မလုပ်ဘူးလို့ ကျွန်မ သစ္စာဆိုထားတယ်"
လင်းယွမ်က ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ခင်ဗျားလို သာမန် အမျိုးသမီး တစ်ယောက်က ကျေးဇူးသိတတ်တဲ့ စိတ်ထားမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားဘူး"
"စိတ်ချပါ... ကျွန်တော် ဒေါက်တာကျန်းကို ရှာတာက အကူအညီ တောင်းချင်လို့ပါ... သူ့ကို ဒုက္ခပေးဖို့ မဟုတ်ပါဘူး"
"တကယ်လို့ ခင်ဗျားသာ ကျွန်တော့်ကို ပြောပြမယ်ဆိုရင် ကျွန်တော်က ခင်ဗျားကို ကယ်တင်နိုင်ရုံတင်မဟုတ်ဘူး... ခင်ဗျားသမီးအတွက် ပိုကောင်းတဲ့ ခိုလှုံရေးစခန်း တစ်ခုမှာ နေထိုင်ဖို့ပါ စီစဉ်ပေးနိုင်တယ်"
ထိုစကားကို ကြားသောအခါ ဝမ်ဖိန်က လင်းယွမ်ကို ခေါင်းမော့ကြည့်လိုက်ပြီး ခဏမျှ တွေဝေသွားသည်။
သို့သော်လည်း ယွမ်ဝေဝေက ဝမ်ဖိန်၏ လက်မောင်းကို ဆွဲကာ တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ "မေမေ... ဒီဦးလေးက လူကောင်းပါ"
ဝမ်ဖိန်က စောစောလေးကပင် သမီးဖြစ်သူ သူမကို ပြောခဲ့သည့် စကားများကို ချက်ချင်း သတိရသွားသည်။
အကယ်၍ ဤလူသာ မရှိခဲ့ပါက သူမ၏ သမီးဖြစ်သူမှာ အောက်ထပ်တွင် အနိုင်ကျင့် ခံခဲ့ရလောက်ပြီ ဖြစ်သည်။
ထိုအကြောင်းကို တွေးမိလိုက်သောအခါ သူမ၏ စိတ်ထဲတွင် အနည်းငယ် ပျော့ပြောင်းသွားခဲ့သည်။
လင်းယွမ်က ဖျောင်းဖျလိုက်သည်။ "ကျွန်တော့်ရဲ့ ခိုလှုံရေးစခန်းထဲမှာ ဒေါက်တာကျန်းရဲ့ လုပ်ဖော်ကိုင်ဖက် ရှိတယ်... သူက ကျွန်တော့်ကို ဒေါက်တာကျန်းဆီ လာရှာဖို့ အကြံပေးလိုက်တာပဲ"
"ကျွန်တော်နဲ့ သူက ဘာရန်ငြိုးမှ မရှိပါဘူး... ဒီလောက် ဝေးတဲ့ နေရာကနေ သူ့ကို လာရှာတာက သူ့ကို ဒုက္ခပေးဖို့ မဟုတ်ပါဘူး"
ဝမ်ဖိန်က ခဏမျှ တုံ့ဆိုင်း ဖြစ်နေပြီးနောက် နောက်ဆုံးတွင် တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ "ကျွန်မလည်း အကြမ်းဖျင်း သဲလွန်စလေးလောက်ပဲ သိတာပါ"
လင်းယွမ်က ချက်ချင်း မေးလိုက်သည်။ "ဘာသဲလွန်စလဲ"
"ကျွန်မ ဆရာ့ကို တစ်ယောက်တည်းပဲ ပြောပြနိုင်မယ်"
လင်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော့်နောက် လိုက်ခဲ့"
သူက သားအမိ နှစ်ယောက်ကို ခေါ်ကာ ဘေးတစ်ဖက်သို့ သွားလိုက်သည်။
ထို့နောက် လိပ်ခွံစွမ်းအင်အကာအကွယ်ကို ဖြန့်ကျက်လိုက်ပြီး အပြင်ဘက်မှ ခိုးနားထောင်နိုင်မည့် အန္တရာယ်ကို တားဆီးလိုက်သည်။
"အခု ပြောလို့ရပြီ"
ဝမ်ဖိန်က တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ "လင်ကျန်းမြို့မှာ အမြင့်ဆုံး နေရာက ချန်ချုံးတောင်လို့ သူ ကျွန်မကို ပြောဖူးတယ်... သူက အဲ့ဒီဘက်ကို သွားပြီး ခိုလှုံဖို့ ရည်ရွယ်ထားတာတဲ့"
"သူက အမျှော်အမြင် အရမ်းရှိတယ်... အဲ့ဒီအချိန်ကတည်းက ဒီရေကြီးမှုကြီးက သာမန် မဟုတ်ဘူးဆိုတာကို သူ အတပ်ပြောခဲ့တယ်... ဆယ်ပုံကိုးပုံလောက်က ရပ်တန့်သွားမှာ မဟုတ်ဘူးတဲ့"
"ကုန်းမြင့်ပိုင်းကို နေရာယူထားမှပဲ ပိုပြီး အသက်ရှည်ရှည် ရှင်သန်နိုင်မယ်တဲ့လေ"
"အဲ့ဒီအချိန်တုန်းက လူအများကြီးက သူ့ကို မယုံကြဘူး... သူနဲ့အတူ ထွက်မသွားချင်ကြဘူး"
"ခင်ဗျားကရော ဘာလို့ သူနဲ့ အတူတူ ထွက်မသွားခဲ့တာလဲ" လင်းယွမ်က မေးလိုက်သည်။
"အဲ့ဒီအချိန်တုန်းက ကျွန်မ နေမကောင်းဖြစ်နေပြီလေ... တကယ်ကို လမ်းလျှောက်လို့ မရတော့ဘူး... ပြီးတော့ ဒီမှာက ပစ္စည်းတွေလည်း ပေါများတယ်... အဲ့ဒီတုန်းက အစွမ်းပိုင်ရှင်တွေလည်း အဲ့ဒီလောက် အများကြီး မရှိသေးဘူးလေ... အားလုံးက ဒီပစ္စည်းတွေကို အားကိုးပြီး အချိန်အကြာကြီး တောင့်ခံထားနိုင်သေးတယ်လို့ ထင်ခဲ့ကြတာ"
ဝမ်ဖိန်က ဆက်မပြောတော့ချေ။ သူမက မြို့တော်ကုန်သွယ်ရေးစင်တာတွင်သာ နေရစ်ခဲ့ပြီး မသေချာမရေရာသော ကယ်ဆယ်ရေးကို စောင့်ဆိုင်းရန် ရွေးချယ်ခဲ့သည်မှာ ထင်ရှားပေသည်။
လင်းယွမ်က ထိုသို့ လုပ်ဆောင်မှုအပေါ် မည်သည့် မှတ်ချက်မှ မပေးခဲ့ပေ။
အမြော်အမြင် ကြီးမားသူများဆိုသည်မှာ နောက်ဆုံးတွင် လူနည်းစုသာ ဖြစ်ပေသည်။ မိုးသည်းထန်စွာ ရွာသွန်းမှု တစ်ခုက နောက်ဆုံးတွင် ယခုကဲ့သို့ ရေလွှမ်းမိုးသည့် ကမ္ဘာပျက်ကပ်ကြီး အဖြစ်သို့ ရောက်ရှိသွားလိမ့်မည်ဟု မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။
အစွမ်းပိုင်ရှင်များနှင့် သန္ဓေပြောင်း သတ္တဝါများပင် ပေါ်ထွက်လာခဲ့သေးသည်။
လင်းယွမ်က ချန်ချုံးတောင် ဆိုသည့် နေရာကို မှတ်သားထားလိုက်သည်။
ထိုတောင်သည် ကွမ်ဖူနှင့် ဝူကျုံး ခရိုင်ကြီးနှစ်ခု၏ အစပ်တွင် တည်ရှိပြီး တောင်၏ အစိတ်အပိုင်း အနည်းငယ်က ကွမ်ဖူခရိုင်အတွင်းတွင် ရှိကာ အများစုမှာ ဝူကျုံးခရိုင်အတွင်းတွင် တည်ရှိပေသည်။
ကျန်းဇီယန်မှာ ဆယ်ပုံကိုးပုံခန့် ဝူကျုံးခရိုင်အတွင်းရှိ ချန်ချုံးတောင်သို့ သွားရောက်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
သို့သော်လည်း ဤနေရာမှ ဝူကျုံးခရိုင်သို့ အကွာအဝေးမှာ မနီးစပ်လှပေ။ မြို့လယ်ခေါင်ကို ဖြတ်ကျော်ရုံသာမက ၎င်းတို့ နှစ်ခုကြား အကွာအဝေးမှာ အနည်းဆုံး မိုင်လေးဆယ်ကျော်ခန့် ဝေးကွာပေသည်။
ထို့ပြင် ကျန်းဇီယန် တစ်ယောက် ဝူကျုံးခရိုင်ရှိ ချန်ချုံးတောင် နယ်မြေထဲသို့ အမှန်တကယ် ချောချောမွေ့မွေ့ ရောက်ရှိသွားခဲ့ခြင်း ရှိမရှိကိုလည်း မည်သူကမျှ အတပ်မပြောရဲပေ။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်က သူမတွင် လင်းယွမ်ကဲ့သို့ အမြန်လှေမျိုး မရှိခဲ့သည့်အပြင် အစွမ်းပိုင်ရှင် တစ်ယောက်ပင် မဟုတ်ခဲ့သောကြောင့် မိုင်လေးဆယ်ကျော် အကွာအဝေးကို ဖြတ်သန်းသွားရန်ဆိုသည်မှာ ထိုမျှလောက် မလွယ်ကူသောကြောင့်ပင်။
လင်းယွမ်က မျှော်လင့်ချက်များ ပို၍ မှုန်ဝါးသွားသလို ခံစားလိုက်ရသည်။
သူက စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျန်းဇီယန်ကို ရှာတွေ့ရန် မျှော်လင့်ချက် မထားတော့ချေ။
ထို့နောက် သူက မေးခွန်းအနည်းငယ် ထပ်မေးလိုက်ပြီး နောက်ဆုံးတွင် ပြောလိုက်သည်။ "ခင်ဗျား ပေးတဲ့ သဲလွန်စအတွက် ကျေးဇူးတင်ပါတယ်... ဒေါက်တာကျန်းကို ရှာတွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ ကျွန်တော့်ရဲ့ ကတိကို တည်အောင် လုပ်ပေးပါ့မယ်"
"အခု ကျွန်တော် ခင်ဗျားကို တစ်ခွန်း မေးမယ်... ခင်ဗျားနဲ့ ခင်ဗျားသမီး ကျွန်တော်နဲ့အတူ လိုက်ခဲ့ချင်လား"
ဝမ်ဖိန်က ကြောင်အသွားပြီး ချက်ချင်း မေးလိုက်သည်။ "ဘယ်ကို သွားမှာလဲဟင်"
"ထိုက်ယန်တောင်ကို... ကျွန်တော် အဲ့ဒီမှာ ခိုလှုံရေးစခန်း တစ်ခု တည်ဆောက်ထားတယ်... ခင်ဗျားသာ ဆန္ဒရှိမယ်ဆိုရင် ခင်ဗျားနဲ့ ခင်ဗျားသမီးကို ခေါ်သွားပြီး ခင်ဗျားတို့ သားအမိအတွက် ဘဝအာမခံချက် တစ်ချို့ ထောက်ပံ့ပေးနိုင်တယ်"
"ခင်ဗျားကိုယ်ပေါ်က ရောဂါကိုလည်း ပျောက်ကင်းအောင် ကုသပေးဖို့ ကျွန်တော် နည်းလမ်း ရှာပေးပါ့မယ်"
ဝမ်ဖိန်၏ မျက်ကွင်းများ နီရဲသွားပြီး မေးလိုက်သည်။ "ကျွန်မ ရောဂါက ကုလို့ မပျောက်နိုင်တော့ပါဘူး"
လင်းယွမ်က သူမကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ခေတ်က မတူတော့ဘူးလေ... ကမ္ဘာမပျက်ခင်တုန်းက ကုလို့မရတဲ့ ရောဂါတွေက အခုဆိုရင်လည်း ကုလို့မရနိုင်ဘူးလို့ အတပ်ပြောလို့ မရတော့ဘူး"
ထိုစကားကို ကြားသောအခါ ဝမ်ဖိန်၏ ရင်ထဲတွင်လည်း မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခု အလိုအလျောက် ပေါ်ထွက်လာတော့သည်။
အသက်ရှင်နိုင်သေးမည် ဆိုပါက မည်သူက သေချင်ပါမည်နည်း။
နောက်ဆုံးတွင် သူမက ခေါင်းညိတ်လိုက်ပြီး စွန့်စားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မြို့တော်ကုန်သွယ်ရေးစင်တာတွင် သေမည့်ရက်ကို စောင့်နေမည့်အစား ဤစွမ်းအားကြီးမားသော အစွမ်းပိုင်ရှင် ဆရာနှင့်အတူ လိုက်ပါသွားပြီး ကံစမ်းကြည့်ရန်သာ ရွေးချယ်လိုက်တော့သည်။
နောက်ဆုံးတွင် လင်းယွမ်က ထိုသားအမိ နှစ်ယောက်ကို ခေါ်ဆောင်သွားခဲ့ပြီး ရေခဲဘောလုံး အတွင်းရှိ ဟွမ်ကွမ်းကျူကိုလည်း တပါတည်း ခေါ်ဆောင်သွားခဲ့လေသည်။
ယခုအခါ ရေခဲဘောလုံးကို လင်းယွမ်က ဖိသိပ်ထားရာ အတွင်းရှိ ဟွမ်ကွမ်းကျူမှာ အံကို တင်းတင်းကြိတ်ကာ တောင့်ခံထားရဆဲ ဖြစ်သည်။
ယခုအခါ သူသည် အလင်းဘောလုံး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လက်သီးဆုပ်ခန့်သာ အရွယ်အစား ရှိတော့ကာ မျက်စိကျိန်းမတတ် စူးရှပူလောင်နေပေသည်။
သို့သော်လည်း လင်းယွမ်၏ ရေခဲဘောလုံးက ဘတ်စကတ်ဘောလုံးခန့် အရွယ်အစား ရှိပြီး အစွမ်းများကို အသုံးပြုကာ အပူချိန် အနိမ့်ပိုင်း အခြေအနေတွင် ဆက်လက် ထိန်းသိမ်းထားပေသည်။
ရေခဲဘောလုံးက လုံးဝ အရည်ပျော်မသွားသောကြောင့် အတွင်းရှိ ဟွမ်ကွမ်းကျူမှာ မည်သည့် နည်းလမ်းမှ မရှိတော့ချေ။
ဤနေရာရှိ အခြားသူများကိုမူ လင်းယွမ်က ဆက်လက် ဂရုမစိုက်တော့ပေ။
ထိုလူအုပ်ထဲတွင် လူကောင်းဟူ၍ သိပ်မပါဝင်ချေ။ ဤဟွမ်ကွမ်းကျူ၏ အစွမ်းက အနည်းငယ် ထူးဆန်းနေသောကြောင့် သူက လေ့လာစမ်းသပ်ကြည့်ချင်သေးသည်။ သို့မဟုတ်ပါက အသက်ရှင်ခွင့် ပေးထားမည် မဟုတ်ပေ။
မြို့တော်ကုန်သွယ်ရေးစင်တာမှ ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် ကောင်းကင်ယံမှ လင်းယုန်ငှက် တစ်ကောင်၏ ပုံရိပ်က အလွန် လျင်မြန်သော အလျင်ဖြင့် ပျံသန်းလာသည်ကို မြင်လိုက်ရသည်။
လင်းယွမ်က ထိုမြင်ကွင်းကို မြင်သောအခါ ချက်ချင်း မျက်ခုံးပင့်လိုက်သည်။
သူက လင်းယုန်ငှက်ရှိရာဘက်သို့ လှမ်း၍ အော်ဟစ်လိုက်သည်။ "ဒီမှာ"
လင်းယုန်ငှက်က အလျင်အမြန် ချဉ်းကပ်လာပြီး ပြတင်းပေါက်မှတစ်ဆင့် ပျံသန်းဝင်ရောက်လာကာ မြေပြင်ပေါ်တွင် တစ်ပတ် လိမ့်လိုက်ပြီးနောက် လူအသွင်သို့ ပြောင်းလဲသွားလေသည်။
ထိုသူမှာ ထူလုံပင် ဖြစ်ပေသည်။
ဤကဲ့သို့ အံ့သြဖွယ်ကောင်းလှသော မြင်ကွင်းကို မြင်လိုက်ရသောအခါ လျှိုဆန်းနှင့် အခြားသော အစွမ်းပိုင်ရှင်များမှာ အံ့သြမှင်တက်သွားကြတော့သည်။
ထူလုံ၏ တက်တူးဝိညာဉ်အစွမ်းသည် တက်တူး သတ္တဝါ အမျိုးမျိုး အဖြစ်သို့ ပြောင်းလဲနိုင်ပြီး အလွန် ထူးဆန်းကာ အပြောင်းအလဲ များလှပေသည်။
ယခုအချိန်အထိ သူနှင့် တူညီသော အစွမ်းမျိုး ပိုင်ဆိုင်ထားသူ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ဖူးသေးချေ။
"ဆရာလင်း... ဒီအဆောက်အအုံနားကို သင်္ဘောအချို့ ချဉ်းကပ်လာတယ်"
ထူလုံက အလျင်အမြန် ပြောလိုက်သည်။
လင်းယွမ်က မေးလိုက်သည်။ "နို့ဖြူလေးနဲ့ ကျောက်ဟွေးယောင်တို့ရော"
"ကျွန်တော် အမြန်လှေကို အဆောက်အအုံ အနီးနားအထိ မောင်းလာပြီး ပြတင်းပေါက်ကို ခွဲပြီး ရပ်ထားခဲ့တယ်... သူတို့က အခု မြေညီထပ်မှာ ရှိနေတယ်"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး မေးလိုက်သည်။ "အဲ့ဒီ သင်္ဘောတွေက ဘယ်လိုအခြေအနေ ရှိလဲ"
"ကျွန်တော် အနားကပ်ပြီး အကဲခတ်ကြည့်တော့ အဲ့ဒီသင်္ဘောတွေက တစ်ဖွဲ့တည်း ဖြစ်ပုံရတယ်... သူတို့ အားလုံးမှာ တူညီတဲ့ အလံတွေ ရှိနေတယ်"
"ဘယ်လို အလံမျိုးလဲ"
"အပြာရောင် ရေလှိုင်းအလံ တစ်မျိုးပဲ"
လင်းယွမ်က အနည်းငယ် သံသယ ဝင်သွားသည်။ ၎င်းက အင်အားစု တစ်ခုခုများ ဖြစ်နေမလား။
ထိုအချိန်တွင် မလှမ်းမကမ်း၌ ရှိနေသော လျှိုဆန်းက ရုတ်တရက် အာမေဋိတ်သံဖြင့် အော်ဟစ်လိုက်သည်။ "ရေနတ်ဘုရားဂိုဏ်း"
အခြားသူများကလည်း ပြတင်းပေါက် အပြင်ဘက်သို့ အသီးသီး လှမ်းကြည့်လိုက်ကြပြီး ချက်ချင်း ဆူညံစွာ ပြောဆိုဆွေးနွေးလာကြတော့သည်။
လင်းယွမ်က လျှောက်သွားကာ ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ကျယ်ပြောလှသော ရေပြင်ပေါ်တွင် စစ်သင်္ဘော အချို့က မြို့တော်ကုန်သွယ်ရေးစင်တာဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာနေသည်ကို မြင်လိုက်ရသည်။
ထိုသင်္ဘောများ အားလုံးမှာ ကုန်တင်သင်္ဘောများကို ပြုပြင်မွမ်းမံထားခြင်း ဖြစ်ပြီး ရွက်တိုင်များထက်တွင် အပြာရောင် ရေလှိုင်းအမှတ်အသားပါသော အလံများကို လွှင့်ထူထားသည်မှာ အမှန်ပင် ဖြစ်နေတော့သည်။
လင်းယွမ်က လျှိုဆန်းကို ကြည့်ကာ မေးလိုက်သည်။ "မင်းက ဒီသင်္ဘောတွေကို သိလို့လား"
"သိတယ် ဆရာ... ဒါက ကွမ်ဖူက ဂိုဏ်းကြီးသုံးခုထဲက တစ်ခုဖြစ်တဲ့ ရေနတ်ဘုရားဂိုဏ်းပါ... အဲ့ဒီ ရေလှိုင်းအလံက ရေနတ်ဘုရားဂိုဏ်းရဲ့ အမှတ်အသားပဲ"
လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားပြီး မေးလိုက်သည်။ "ရေနတ်ဘုရားဂိုဏ်းက ဒီနေရာအထိတောင် တိုးချဲ့လာပြီလား"
သိထားရမည်မှာ ဤနေရာသည် စက်မှုဇုန်နှင့် နီးကပ်နေပြီ ဖြစ်သည်။
ရေနတ်ဘုရားဂိုဏ်းမှာ မိုင်လေးဆယ်ကျော် ကွာဝေးသော ကွမ်ဖူနယ်မြေအတွင်းတွင် ရှိနေခြင်းပင်။
ဤအင်အားစုက ဤမျှလောက်ပင် ကြီးမားနေပြီလား။
"သူတို့က ဒီကို ဘာလာလုပ်တာလဲ" လင်းယွမ်က သံသယဖြင့် မေးလိုက်သည်။
လျှိုဆန်းက မနေနိုင်ဘဲ ပြောလိုက်သည်။ "ဒါက ရေနတ်ဘုရားဂိုဏ်းက လူတွေ ပထမဆုံးအကြိမ် ရောက်လာတာ မဟုတ်ပါဘူး"
"သူတို့ အရင်တုန်းကလည်း ရောက်ဖူးတယ်... ပြီးတော့ ကျွန်တော်တို့ ခေါင်းဆောင်... အာ... ဟွမ်ကွမ်းကျူက သူတို့လူတွေနဲ့တောင် တွေ့ဆုံဖူးသေးတယ်"
"ဒါပေမယ့် သူတို့ ဘာတွေ ပြောခဲ့ကြလဲဆိုတာကိုတော့ ကျွန်တော် တိတိကျကျ မသိဘူး"
လင်းယွမ်က ချက်ချင်း စိတ်ဝင်စားသွားပြီး စောစောက ဖမ်းဆီးခံထားရသော ဟွမ်ကွမ်းကျူကို ထုတ်ယူလိုက်သည်။
"မင်းက ရေနတ်ဘုရားဂိုဏ်းက လူတွေကို သိလို့လား"
ဟွမ်ကွမ်းကျူက ထိုစကားကို ကြားသောအခါ ချက်ချင်း ပြောလိုက်သည်။ "အရင်ဆုံး ငါ့ကို လွှတ်ပေးပါ... ငါ တကယ်ကို တောင့်မခံနိုင်တော့ဘူး"
လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်သည်။ "မင်းကို လွှတ်ပေးရမယ်... ရတယ်လေ... မင်းရဲ့ စိတ်ကို ဖွင့်ထားလိုက်... မင်းရဲ့ စိတ်ပင်လယ်ထဲမှာ ငါ တစ်ခုခု ထည့်လိုက်မယ်"
ဟွမ်ကွမ်းကျူ၏ မျက်နှာက ချက်ချင်း အနည်းငယ် ပြောင်းလဲသွားပြီး မေးလိုက်သည်။ "မင်း ဘာလုပ်မလို့လဲ"
"ဟားဟား... မင်း ထွက်မပြေးအောင် တားဆီးဖို့ပေါ့"
ဟွမ်ကွမ်းကျူ၏ စိတ်အာရုံများက လှိုင်းထန်နေပြီး သူ တကယ်ကို ဆက်၍ တောင့်မခံနိုင်တော့သလို ခံစားနေရသည်။
ဒြပ်စင်ကိုယ်ထည် အခြေအနေတွင် သူ၏ အစွမ်းများမှာ အလွန် လျင်မြန်စွာ ကုန်ဆုံးနေပြီး မကြာမီမှာပင် တောင့်ခံနိုင်တော့မည် မဟုတ်ချေ။
အကယ်၍ ဒြပ်စင်ကိုယ်ထည် အခြေအနေမှ ထွက်ခွာကာ သွေးသားကိုယ်ထည် အဖြစ်သို့ ပြောင်းလဲသွားပါက သူသည် ချက်ချင်း အေးခဲသေဆုံးသွားနိုင်သည် သို့မဟုတ် ပရိုတင်း စားပွဲရည် ဓာတ်ငွေ့များ၏ စားသုံးမှုကြောင့် သေဆုံးသွားနိုင်ပေသည်။
"ကောင်းပြီ... ငါ မင်းကို ကတိပေးတယ်... ဒါပေမယ့် အခု ငါ မူလခန္ဓာကိုယ် အခြေအနေကို ပြန်ပြောင်းလိုက်တာနဲ့ တစ်ပြိုင်နက် ချက်ချင်း အေးခဲသွားလိမ့်မယ်"
လင်းယွမ်က ခပ်အေးအေးပင် ပြောလိုက်သည်။ "ငါ့ရဲ့ အအေးဓာတ်ကို ငါထိန်းချုပ်နိုင်ပါတယ်... ဒါကို မင်း စိုးရိမ်စရာ မလိုဘူး"
ဟွမ်ကွမ်းကျူက သဘောတူရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
ရေခဲဘောလုံး အတွင်းရှိ နေရာလွတ်က ကန့်သတ်ချက် ရှိနေသောကြောင့် သူသည် ဦးခေါင်းပိုင်းကိုသာ ဒြပ်စင်ပြောင်းလဲခြင်း အခြေအနေမှ ထွက်ခွာခွင့် ပြုနိုင်တော့သည်။
ဦးခေါင်းခွံ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရေခဲလွှာများက တစ်ထပ်ပြီးတစ်ထပ် ဖုံးလွှမ်းလာတော့သည်။
ဟွမ်ကွမ်းကျူမှာ ဦးရေပြားများ ထုံကျင်သွားသည်အထိ အေးခဲသွားတော့သည်။
ထိုအချိန်မှာပင် စိတ်စွမ်းအင် တစ်ခုက သူ၏ ဦးနှောက်ထဲသို့ အပြင်းအထန် ဝင်ရောက်လာခဲ့သည်။
နောက်တစ်စက္ကန့်တွင် ထိုစိတ်စွမ်းအင်က သူ၏ ဦးနှောက်ထဲသို့ တစ်စုံတစ်ခုကို စိုက်ပျိုးထည့်သွင်းလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ထို့နောက် "ဂျွတ်" ဟူသော အသံနှင့်အတူ ရေခဲဘောလုံးက ရုတ်တရက် အက်ကွဲသွားတော့သည်။
ဟွမ်ကွမ်းကျူက ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားပြီး သူ၏ ခန္ဓာကိုယ်ကို အလင်းတန်းအဖြစ် လျင်မြန်စွာ ပြောင်းလဲကာ ချက်ချင်း ထွက်ပြေးလွတ်မြောက်သွားတော့သည်။
ရေခဲဘောလုံးမှ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ထိုအလင်းတန်းက အလင်းရောင်များ ဖြာထွက်လာပြီး ပတ်ဝန်းကျင် တစ်ဝိုက်ကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။
သို့သော်လည်း ဟွမ်ကွမ်းကျူက ချက်ချင်း ရန်မရှာရဲဘဲ မူလခန္ဓာကိုယ် အခြေအနေသို့ အလျင်အမြန် ပြောင်းလဲသွားလေသည်။
သူ၏ ခန္ဓာကိုယ်က အနည်းငယ် ယိမ်းယိုင်သွားပြီး မလှမ်းမကမ်းတွင် ရပ်လိုက်ကာ မျက်နှာအမူအရာက အနည်းငယ် ဖြူရော်နေပေသည်။
သူက လင်းယွမ်ကို ပြန်လည် ကြည့်ရှုလိုက်သောအခါ သူ၏ အကြည့်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေပေသည်။
"မင်းကို... ဘယ်လို ခေါ်ရမလဲ"
နောက်ဆုံးတွင် သူက လင်းယွမ်သည် သူ၏ ဦးနှောက်ထဲတွင် ဘာတွေ ချန်ထားခဲ့သလဲ ဆိုသည်ကို မမေးမြန်းတော့ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းက လုံးဝ အသုံးမဝင်တော့သောကြောင့်ပင်။
လင်းယွမ်က ခပ်အေးအေးပင် ပြောလိုက်သည်။ "ငါ့မျိုးရိုးနာမည်က လင်းပဲ... မင်း ငါ့ကို ဆရာလင်းလို့ ခေါ်နိုင်တယ်"
ဟွမ်ကွမ်းကျူက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "သြော်... ဆရာလင်းကိုး"
"တစ်ခုလောက် မေးပါရစေ... တကယ်လို့ ငါ မင်းနဲ့ ပူးပေါင်းကူညီပေးမယ်ဆိုရင် ငါ့ကို လွှတ်ပေးနိုင်မလား"
လင်းယွမ်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ခပ်အေးအေးပင် ပြောလိုက်သည်။ "မင်းကို သတ်ဖို့ဆိုရင် ငါက ဒီလောက်အထိ ကွေ့ဝိုက်နေစရာ မလိုပါဘူး"
ဟွမ်ကွမ်းကျူမှာ ဆွံ့အသွားပြီး စိတ်ထဲတွင် အလွန် မကျေမနပ် ဖြစ်သွားသည်။
သူက အခြားသူများ၏ ဤကဲ့သို့ အထင်အမြင်သေးမှုကို မခံရသည်မှာ အတော်ကြာပြီ ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် သူက ဘာမှ မပြောရဲတော့ဘဲ မေးသာ မေးလိုက်တော့သည်။ "မင်း ဘာသိချင်တာလဲ"
"ရေနတ်ဘုရားဂိုဏ်းက ဒီကို ဘာလာလုပ်တာလဲ"
ဟွမ်ကွမ်းကျူက ပြန်လည် ဖြေကြားလိုက်သည်။ "ဘာသာရေး တရားဟောဖို့နဲ့ တပည့်တွေ စုဆောင်းဖို့ လာတာပါ... ပြီးတော့ လင်းယွီကျွန်းရဲ့ သတင်းကို စုံစမ်းဖို့အတွက်လည်း ပါတယ်"
"လင်းယွီကျွန်း"
ဆက်ရန်...
***