"ဝုန်း"
ရေနဂါးနှစ်ကောင်က စိတ်စွမ်းအင်နံရံနှင့် အရှိန်အဟုန်ပြင်းစွာ ဝင်တိုက်မိသွားရာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
လင်းယွမ် ခန့်မှန်းထားသည့်အတိုင်းပင် ရေနဂါးများ၏ စွမ်းအားက စိတ်စွမ်းအင်နံရံထက် သာလွန်နေခဲ့သည်။
နှစ်ခု ရိုက်ခတ်မိသည့်အရှိန်ကြောင့် စိတ်စွမ်းအင်နံရံက ဝုန်းခနဲ ကွဲကြေသွားတော့သည်။
ရွှေရောင်ဆံပင်နှင့် မိန်းမလှလေး၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားပြီး အမြန် နောက်ဆုတ်လိုက်သည်။
သူမက စိတ်စွမ်းအင်များကို နောက်တစ်ကြိမ် ထုတ်ဖော်ကာ စိတ်စွမ်းအင် အကာအကွယ်တစ်ခုကို ဖန်တီးရန် ကြိုးစားလိုက်သည်။
သို့သော် ထိုအချိန်မှာပင် ထိုရေနဂါးနှစ်ကောင်ထဲမှ ဖောက်ထွင်းမြင်ရသည့် ပုံရိပ်နှစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ရွှေရောင်ဆံပင်နှင့် မိန်းမလှလေးဆီသို့ အပြင်းအထန် ခုန်ကန်လိုက်ကြသည်။
ရွှေရောင်ဆံပင်နှင့် မိန်းမလှလေးက အလွန်တရာ အံ့အားသင့် ဒေါသထွက်သွားပြီး အော်ဟစ်လိုက်သည်။ "ချောက်နက် လုပ်ကြံသူတွေပဲ"
သူမက စိတ်စွမ်းအင် အကာအကွယ်ကို ဖန်တီးရန် အချိန်မမီတော့သဖြင့် လက်ထဲရှိ အပြာရောင် ကျောက်တုံးလေးကို အမြန် ချေမွလိုက်သည်။
ဖုန်းခနဲ မြည်သံနှင့်အတူ အပြာရောင် သင်္ကေတကျောက်တုံးက ရေဒိုင်းကာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူမ၏ အရှေ့တွင် ကာကွယ်ပေးလိုက်သည်။
သို့သော် ဤမျှ ကမန်းကတန်း ပြုလုပ်ထားသော အကာအကွယ်က မည်မျှအထိ ခိုင်မာနိုင်မည်နည်း။
ဝုန်းခနဲ အသံကိုသာ ကြားလိုက်ရပြီး ရေဒိုင်းကာက ပေါက်ကွဲထွက်သွားသည်။
ရေပက်ဖြန်းမှုများကြားတွင် ခြေထောက်တစ်ချောင်းက ရွှေရောင်ဆံပင်နှင့် မိန်းမလှလေး၏ ရင်ဘတ်ဆီသို့ အပြင်းအထန် ကန်ကျွေးလိုက်သည်။
သူမ၏ မျက်နှာက ချက်ချင်း ဖြူရော်သွားပြီး သွေးတစ်ပွက် အန်ချကာ တစ်ကိုယ်လုံး လွင့်စင်ထွက်သွားတော့သည်။
သို့သော် ယင်းက မပြီးဆုံးသေးဘဲ အခြား ချောက်နက် လုပ်ကြံသူ တစ်ယောက်ကလည်း အနောက်မှ အနီးကပ် လိုက်ပါလာခဲ့သည်။
သူ့လက်ထဲမှ ရေပြာရောင် ဓားသွားတစ်ခုကို ဝှေ့ယမ်းကာ ရွှေရောင်ဆံပင်နှင့် မိန်းမလှလေး၏ ရင်ဘတ်ဆီသို့ အပြင်းအထန် ထိုးစိုက်လိုက်သည်။
အောက်ဘက်ရှိ လင်းယွီကျွန်းမှ လူအများအပြားက ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်း အာမေဍိတ်သံများ ထွက်ပေါ်လာကြသည်။
"ဒေါက်တာကျန်း"
"ဒေါက်တာကျန်း... သတိထား"
"ဒုက္ခပဲ"
လူအုပ်ကြီးက ထိတ်လန့်တုန်လှုပ်သွားကြပြီး ရေပြာရောင် ဓားသွားက ရွှေရောင်ဆံပင်နှင့် မိန်းမလှလေးကို ဖောက်ထွင်းသွားတော့မည့် အခြေအနေကို ကြည့်နေရသည်။
ရုတ်တရက် လေထဲရှိ မိုးရေစက်များက ရပ်တန့်အေးခဲသွားပြီး ထူထဲသော စိတ်စွမ်းအင်နံရံကြီးတစ်ခု စုစည်းဖြစ်ပေါ်လာကာ ရွှေရောင်ဆံပင်နှင့် မိန်းမလှလေး၏ အရှေ့တွင် ကာကွယ်ပေးလိုက်သည်။
ထို့နောက် ရွှေရောင်ဆံပင်နှင့် မိန်းမလှလေးက သူမ၏ ခါးကို တစ်စုံတစ်ယောက်က ဖက်ထားလိုက်သည်ဟု ခံစားလိုက်ရပြီး ယောက်ျားပီသသော အငွေ့အသက်များက ချက်ချင်း ရိုက်ခတ်လာခဲ့သည်။
သူမက တစ်စုံတစ်ယောက်၏ ရင်ခွင်ထဲသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး တိမ်တိုက်များကို စီးနင်းလိုက်ရသလို လေထဲသို့ မြင့်တက်သွားတော့သည်။
ခိုင်မာပြတ်သားသော မျက်နှာတစ်ခုက သူမ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
သို့သော် ဤမျက်နှာက သူမ တစ်ခါမှ မမြင်ဖူးခဲ့သော မျက်နှာတစ်ခု ဖြစ်နေပေသည်။
"ဒေါက်တာ ကျန်းဇီယန်လား"
လင်းယွမ်က စကားစတင် မေးမြန်းလိုက်သည်။
ရွှေရောင်ဆံပင်နှင့် မိန်းမလှလေးက ပါးစပ်ကို ဟလိုက်ရာ သွေးများ တစ်ဖန် ပြန်လည် ထွက်ကျလာပြီး သူမ၏ နှုတ်ခမ်းများက လှုပ်ရှားသွားကာ အားနည်းသော အသံဖြင့် မေးလိုက်သည်။ "ရှင်... ရှင်က ဘယ်သူလဲ"
လင်းယွမ်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး သူမ၏ ဒဏ်ရာများကို အကဲခတ်လိုက်သည်။
သူမ၏ကိုယ်ခန္ဓာအစိတ်အပိုင်းများဆီသို့ ကြည့်လိုက်ရာ ထိုနေရာတွင် သိသာထင်ရှားသော အညိုအမည်းစွဲနေသည့် ဒဏ်ရာများကို တွေ့လိုက်ရသည်။
(ဒီဇာတ်လိုက်ကတော့ အချောအလှလေးတွေ့တာနဲ့ ပစ်မှတ်ကို တန်းကြည့်တာပဲ XD)
မိုးရေများက သူမ၏ အတွင်းခံအင်္ကျီကို စိုရွှဲနေစေပြီး အလှတရားများက ထင်းထွက်နေပေသည်။
လင်းယွမ်ကမူ ဤဆွဲဆောင်မှုရှိသော မြင်ကွင်းများကို အာရုံမစိုက်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။
"ရင်အုပ်ရိုး ကျိုးသွားပြီ... အဆုတ်လည်း ထိခိုက်သွားတယ်"
သူက ချက်ချင်းပင် အသားဆက်ဆေးရည် တစ်ပြွန်ကို ထုတ်ယူလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ဒီ အသားဆက်ဆေးရည်ကို အရင်သောက်လိုက်"
"သတိထား"
ရွှေရောင်ဆံပင်နှင့် မိန်းမလှလေးက ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားပြီး လင်းယွမ်ကို ထိတ်လန့်တကြား သတိပေးလိုက်သည်။
လင်းယွမ်က အကြည့်တစ်ချက် ဝေ့လိုက်ရာ အဓိက အရည်အသွေး ၆၂ မှတ်အထိ မြင့်မားသော ရေနတ်ဘုရားဂိုဏ်းမှ တမန်တော်က ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။
လေထဲမှ ဖောက်ထွင်းမြင်ရသည့် ပုံရိပ်နှစ်ခုကလည်း အပြာရောင် ရေလှံတံနှစ်ချောင်းကို ထုတ်ဖော်ကာ လင်းယွမ်ဆီသို့ ရူးသွပ်စွာ ပစ်လွှတ်လိုက်ကြသည်။
လင်းယွမ်ကမူ ခပ်ဖျော့ဖျော့သာ ပြုံးလိုက်ပြီး လက်တစ်ချောင်းကို ဆန့်ထုတ်ကာ လေထဲသို့ ထိုးချိန်လိုက်သည်။
ချက်ချင်းပင် သူ၏ လက်ချောင်းထိပ်တွင် ရေခဲပွင့်လေး တစ်ပွင့် စုစည်းဖြစ်ပေါ်လာခဲ့သည်။
ရေခဲပွင့် ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် အချိန်များ အရှိန်မြန်သွားသကဲ့သို့ အလွန် လျင်မြန်သော အလျင်ဖြင့် ရူးသွပ်စွာ ကြီးထွားလာတော့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ လက်ချောင်းထိပ် အရှေ့တွင် ကြီးမားလှသော ကြယ်ရေခဲ သံကြိုးကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
သံကြိုးကြီးက ရေကူးနေသော နဂါးတစ်ကောင်အလား ဟင်းလင်းပြင်ထဲတွင် ချောက်ချားဖွယ် အသံများနှင့်အတူ အလျင်အမြန် လည်ပတ် ရစ်ပတ်သွားသည်။
ကောင်းကင်ယံမှ ကြယ်ရေခဲ သံကြိုးနှင့် ထိတွေ့မိသော မိုးရေစက် အားလုံးက ချက်ချင်း ရေခဲတုံးများအဖြစ် အေးခဲကာ ပြုတ်ကျလာကြသည်။
ဝင်ရောက်တိုက်ခိုက်လာသော ရေနဂါးများနှင့် ရေလှံတံများမှာလည်း...
ချက်ချင်းပင် အေးခဲချုပ်နှောင်ခံလိုက်ရပြီး တဂျွတ်ဂျွတ် မြည်သံများနှင့်အတူ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။
ရေနတ်ဘုရားဂိုဏ်းမှ လူများအားလုံး၏ မျက်လုံးများက ချက်ချင်း ကျဉ်းမြောင်းသွားကြသည်။
"ရေခဲဓာတ် အစွမ်းပိုင်ရှင်ပဲ"
"ဒုက္ခပဲ... ငါတို့ အစွမ်းတွေကို လွှမ်းမိုးနိုင်တဲ့ ဓာတ်ပဲ"
"သူက ရေခဲဓာတ် အစွမ်းပိုင်ရှင်ပဲ... သတိထားကြ"
လူအနည်းငယ်က အံ့ဩဒေါသထွက်သွားကြပြီး အမြန် နောက်ဆုတ်ရန် ပြင်လိုက်ကြသည်။
သို့သော် လင်းယွမ်က လက်ချောင်းကို ခေါက်ကာ ပစ်လွှတ်လိုက်သည်။
"ချွမ်းချွမ်း"
ကြယ်ရေခဲ သံကြိုးကြီးက ရေခဲနဂါးတစ်ကောင်အလား အရှိန်အဟုန်ပြင်းစွာဖြင့် ရစ်ပတ် တိုက်ခိုက်သွားတော့သည်။
"ဖုန်း... ဖုန်း... ဖုန်း"
ဆက်တိုက်ဆိုသလို လေထုပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ကြယ်ရေခဲ သံကြိုးက အရှေ့ဘက်ရှိ ရေနတ်ဘုရားဂိုဏ်း တမန်တော် အများအပြားကို ချက်ချင်း ဖောက်ထွင်းသွားခဲ့သည်။
သူတို့၏ ကိုယ်ရံရေဒိုင်းကာများကိုပါ တစ်ပါတည်း အေးခဲသွားစေပြီး ဖောက်ထွင်းသွားခြင်း ဖြစ်သည်။
ချောင်းမြောင်းတိုက်ခိုက်ခဲ့သော ရေနတ်ဘုရားဂိုဏ်းမှ လူသုံးယောက်မှာ ချက်ချင်းပင် ကြယ်ရေခဲ သံကြိုး၏ အေးခဲမှုကို ခံရကာ ရေခဲရုပ်တုများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထို့မျှမက လင်းယွမ်၏ ပတ်လည် ပေတစ်ရာကျော် အကွာအဝေး အတွင်းတွင်လည်း အအေးဓာတ်များ အလွန် ပြင်းထန်လာကာ မိုးရေစက်များက နှင်းပွင့်များအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီး မြေပြင်ပေါ်ရှိ ရေစီးကြောင်းများကလည်း အလွန် အေးစက်သော အပူချိန်ကြောင့် ရေခဲများအဖြစ်သို့ အေးခဲသွားကြသည်။
ဤရုတ်တရက် ဖြစ်ပေါ်လာသော မြင်ကွင်းကြောင့် လူတိုင်းက တုန်လှုပ်သွားကြပြီး အားလုံးက လှည့်ကြည့်လာကြသည်။
ရေနတ်ဘုရားဂိုဏ်းမှ ထိပ်တန်း အစွမ်းပိုင်ရှင်များပင် အံ့ဩဒေါသထွက်စွာဖြင့် လင်းယွမ်ကို ကြည့်လိုက်ကြသည်။
သူတို့ ရရှိထားသော သတင်းအချက်အလက်များအရ လင်းယွီကျွန်းတွင် ဤကဲ့သို့သော မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းထက်သူ တစ်ယောက် လုံးဝ မရှိခဲ့ပေ။
လင်းယွီကျွန်းဘက်မှ လူများမှာလည်း အလွန် အံ့အားသင့် ဝမ်းသာသွားကြပြီး သူတို့က လင်းယွမ် မည်သူဖြစ်ကြောင်းကို မသိကြပေ။
သို့သော် လင်းယွမ်က ဝင်ရောက် ကယ်တင်ပေးခဲ့ပြီး ရေနတ်ဘုရားဂိုဏ်း တမန်တော်များကို သတ်ဖြတ်ပေးခဲ့သဖြင့် မိတ်ဆွေ ဖြစ်ရမည်ဟု သေချာသွားကြသည်။
လင်းယွီကျွန်းဘက်မှ လူငယ်တစ်ယောက်က လေထဲသို့ ခုန်တက်လာပြီး လင်းယွမ်၏ အနီးသို့ အလျင်အမြန် ရောက်ရှိလာကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "အစ်ကို... အစ်ကိုက အမလင်းအာ ချန်ထားခဲ့တဲ့ ဝှက်ဖဲလား"
လင်းယွမ်က အံ့ဩသွားပြီး ခေါင်းကို အနည်းငယ် ခါယမ်းကာ ပြောလိုက်သည်။ "ကျွန်တော်က ဒေါက်တာကျန်းကို လာရှာတာပါ"
ထိုအချိန်တွင် လင်းယွမ်၏ ရင်ခွင်ထဲ၌ ရှိနေဆဲဖြစ်သော ကျန်းဇီယန်ကလည်း သတိပြန်ဝင်လာပြီး သူမ၏ ရင်အုပ်ရိုး ကျိုးနေသော်လည်း ရုန်းကန် ထရပ်လိုက်သည်။
သို့သော် သူမကိုယ်တိုင်က ဆရာဝန်တစ်ယောက် ဖြစ်သလို စိတ်စွမ်းအင်ကို အသုံးပြုနိုင်သော ထိပ်တန်း အစွမ်းပိုင်ရှင် တစ်ယောက်လည်း ဖြစ်ပေသည်။
သူမက စိတ်စွမ်းအင်ကို အသုံးပြုကာ ကျိုးနေသော အရိုးများကို ချက်ချင်း ပြန်လည် တည့်မတ်လိုက်သည်။
ထို့နောက် သူမက လင်းယွမ်၏ အသားဆက်ဆေးရည်ကို အသုံးမပြုတော့ဘဲ စတော်ဘယ်ရီသီးနှင့် တူသော အနီရောင် အသီးတစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ချက်ချင်းပင် သူမ၏ မျက်နှာပေါ်တွင် နီမြန်းသော အရောင်အဆင်းများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တွင်းရှိ သွေးကြောများက လျင်မြန်စွာ လည်ပတ်လာကာ အချိန်တိုအတွင်းမှာပင် ရင်ဘတ်ရှိ အညိုအမည်းစွဲနေသော နေရာများပင် ပျောက်ကွယ်သွားတော့သည်။
ထိုအခါမှသာ သူမက ခေါင်းမော့ကာ လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ "ကျွန်မကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်မက ကျန်းဇီယန်ပါ... ရှင်က ဘယ်သူလဲ... ကျွန်မတို့ သိဖူးကြလို့လား"
လင်းယွမ်က ပြုံးလိုက်သည်။ "ကျွန်တော်က လင်းယွမ်ပါ... ဒေါက်တာကျန်းက ဒေါက်တာ ရန်ဆန်းမင်ကို သိလား"
ကျန်းဇီယန်က ချက်ချင်း ကြောင်အသွားသည်။ "ရန်ဆန်းမင်... တိုင်းရင်းဆေးဌာနက တစ်ယောက်လား"
လင်းယွမ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "ကျွန်တော့်ရဲ့ ခိုလှုံရေးစခန်းမှာ ကူးစက်ရောဂါ ရောဂါပိုးတစ်မျိုး ဖြစ်နေလို့ပါ... ဒေါက်တာရန်လည်း ဘာမှ မလုပ်နိုင်တော့လို့ ဒေါက်တာကျန်းကို ညွှန်လိုက်တာ"
"ကျွန်တော် ဒေါက်တာ့ကို နေရာအတော်များများမှာ လိုက်ရှာခဲ့ပေမယ့် ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
ကျန်းဇီယန်က စကားပြောရန် ပြင်လိုက်စဉ် အောက်ဘက်ရှိ ရေနတ်ဘုရားဂိုဏ်း တမန်တော် တစ်ယောက်က ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းက ဘယ်သူမို့လို့ ငါတို့ ရေနတ်ဘုရားဂိုဏ်းနဲ့ လင်းယွီကျွန်းကြားက ရန်ငြိုးကို ဝင်စွက်ဖက်ရဲတာလဲ"
လင်းယွမ်က ထိုလူ့ကို လှည့်ကြည့်လိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် အေးစက်စက် ပြောလိုက်သည်။ "ရေနတ်ဘုရားဂိုဏ်းက အဲ့ဒီလောက်တောင် အထင်ကြီးစရာ ကောင်းနေလို့လား"
ထိုရေနတ်ဘုရားဂိုဏ်းမှ လူ၏ မျက်နှာပေါ်ရှိ ငါးအကြေးခွံများက တွန့်လိမ်သွားပြီး မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အလင်းရောင်များ ထွက်ပေါ်လာသည်။
"ကောင်းတယ်... အရမ်းကောင်းတယ်... မင်းကသတ္တိရှိသားပဲ... ဒီလိုဆိုမှတော့ မင်းရဲ့ နာမည်နဲ့ ဘယ်ကလာတာလဲဆိုတာ ပြောရဲလား"
"မပြောနဲ့"
ကျန်းဇီယန်၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားပြီး လင်းယွမ်ကို သူမ၏ အနောက်ဘက်သို့ ဆွဲယူကာ ကာကွယ်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူမက တိုးတိတ်သော အသံဖြင့် အလျင်အမြန် ပြောလိုက်သည်။ "ကိုလင်းယွမ်... ရေနတ်ဘုရားဂိုဏ်းက ကွမ်ဖူရဲ့ အကြီးဆုံး မိစ္ဆာဂိုဏ်း သုံးခုထဲက တစ်ခုပဲ... သူတို့က အင်အားကြီးပြီး အရမ်းလည်း အစွမ်းထက်တယ်... ကိုယ့်နာမည်နဲ့ နေရပ်ကို ဘယ်တော့မှ မပြောလိုက်နဲ့... မဟုတ်ရင် သူတို့ဆီကနေ သေချာပေါက် လက်စားချေတာ ခံရလိမ့်မယ်"
လင်းယွမ်က ကျန်းဇီယန်ကို တစ်ချက် ကြည့်လိုက်ပြီး နူးညံ့စွာ ပြုံးရင်း ပြောလိုက်သည်။ "သတိပေးတဲ့အတွက် ကျေးဇူးပါ... အခြေအနေကို ကျွန်တော် နားလည်ပါတယ်"
ထိုအချိန်တွင် ခုနက ရောက်လာသော လူငယ်လေးက ရေနတ်ဘုရားဂိုဏ်းမှ လူများကို လှည့်ကာ ဆဲဆိုလိုက်သည်။ "မင်းတို့ ရေနတ်ဘုရားဂိုဏ်းက အပုပ်နံ့နံနေတဲ့ ငါးပုပ်တွေ... လူတွေကို အများကြီး ဒုက္ခပေးခဲ့ပြီး သူများတွေကို ခြိမ်းခြောက်တာကလွဲရင် ဘာအစွမ်းအစ ရှိသေးလို့လဲ"
"တခြားလူတွေက မင်းတို့ကို ကြောက်ရင် ကြောက်မယ်... ငါတို့ လင်းယွီကျွန်းကတော့ မကြောက်ဘူးဟေ့... ဒီနေ့ မင်းတို့လို အပုပ်နံ့နံနေတဲ့ အမှိုက်တွေကို အကုန် သတ်ပစ်မယ်"
ရေနတ်ဘုရားဂိုဏ်းမှ တမန်တော်က အလွန် ဒေါသထွက်သွားပြီး အော်ဟစ်ဆဲဆိုလိုက်သည်။ "ချီးကိုပဲ... ရေနတ်ဘုရားရဲ့ ရင်ခွင်ထဲကို ဝင်ရောက်ခြင်းကသာ လူသားတွေကို ကယ်တင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ... မင်းတို့လို အတိတ်ကမ္ဘာဟောင်းက တုံးအတဲ့ ကောင်တွေကတော့ ရေနတ်ဘုရားရဲ့ သုတ်သင်ရှင်းလင်းမှုကို ခံရတာ တန်တယ်ကွ"
နှစ်ဖက်စလုံးက အပြန်အလှန် ဆဲဆိုပြီးနောက် ချက်ချင်းပင် နောက်တစ်ကြိမ် စတင် တိုက်ခိုက်ကြပြန်သည်။
လင်းယွမ်က ကျန်းဇီယန်၏ အနီးတွင် ရပ်နေခဲ့သည်။ ကျန်းဇီယန်၏ ဒဏ်ရာများမှာ အပြည့်အဝ ပြန်လည် ကောင်းမွန်မလာသေးပေ။ ခုနက သူမ စားလိုက်သော ထူးဆန်းသည့် စတော်ဘယ်ရီသီးက အတိုင်းအတာ တစ်ခုအထိ ကုသနိုင်စွမ်း ရှိနေခဲ့သော်လည်း...
ဤမျှ မြန်ဆန်စွာ အာနိသင် ပြနိုင်မည် မဟုတ်သည်မှာ သေချာပေသည်။ မည်သို့ပင်ဆိုစေကာမူ သူမက အဆုတ်နှင့် အရိုးများကိုပါ ထိခိုက်ဒဏ်ရာ ရရှိထားခြင်း ဖြစ်သည်။
လင်းယွမ်က သူမ၏ အနီးတွင် ကာကွယ်ပေးထားပြီး ကြယ်ရေခဲ သံကြိုးကြီးက ဟစ်အော်မြည်ဟည်းကာ လည်ပတ်နေပြီး သူတို့နှစ်ယောက်လုံး၏ ပတ်ပတ်လည်တွင် ကြယ်တာရာ တိမ်တိုက်တစ်ခုအလား လွှမ်းခြုံထားပေသည်။
သူတို့အနီးသို့ ချဉ်းကပ်ရန် ရဲတင်းသော မည်သည့် ရေနတ်ဘုရားဂိုဏ်းမှ လူမဆို လင်းယွမ်၏ ကြယ်ရေခဲ သံကြိုး ရိုက်ချက်တစ်ချက်ကိုပင် တောင့်ခံနိုင်စွမ်း မရှိခဲ့ကြပေ။
ကျန်းဇီယန်က ကြည့်လေလေ ထိတ်လန့်တုန်လှုပ်လာလေလေ ဖြစ်လာပြီး မနေနိုင်ဘဲ မေးလိုက်သည်။ "ရှင်က မျိုးရိုးဗီဇမျိုးစေ့ကိုတောင် စုစည်းနိုင်နေပြီလား"
လင်းယွမ်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်"
"ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့လား"
"အင်း"
ကျန်းဇီယန်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားပြီး ရုတ်တရက် ပြောလိုက်သည်။ "ပြီးခဲ့တဲ့ရက်ပိုင်းက လင်ကျောင်းတက္ကသိုလ် အနီးမှာ မြူခိုးမြို့တော်လို့ ခေါ်တဲ့ ရေခဲဓာတ် ရေပေါ်ကျွန်းတစ်ခု ပေါ်လာပြီး လူအတော်များများကို အံ့ဩသွားသေးတယ်"
"မြေမိခင်ဂိုဏ်းက ထိပ်တန်း အစွမ်းပိုင်ရှင်တွေ ကိုယ်တိုင် မြူခိုးမြို့တော်ကို သွားပြီး ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေကို လုယူဖို့ ကြိုးစားခဲ့ကြပေမယ့် နောက်ဆုံးမှာ မအောင်မြင်ခဲ့ဘူး... ကောလာဟလတွေ အရတော့ မြူခိုးမြို့တော်ရဲ့ အရှင်သခင်က ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို ပိုင်ဆိုင်ထားတဲ့ ထိပ်တန်း အစွမ်းပိုင်ရှင် တစ်ယောက်ပဲတဲ့"
လင်းယွမ်က မျက်ခုံးပင့်လိုက်သည်။ မြူခိုးမြို့တော်၏ သတင်းက ဤမျှ မြန်ဆန်စွာ အပြင်ဘက်သို့ ပြန့်နှံ့သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကျန်းဇီယန်က လင်းယွမ်ကို ကြည့်လိုက်သည်။ "ရှင်က မြူခိုးမြို့တော်က လာတာလား"
လင်းယွမ်က ချက်ချင်း မှင်တက်သွားသည်။ တစ်ဖက်လူက သူ့ကို မြူခိုးမြို့တော်မှ လူတစ်ယောက်ဟု ထင်နေသည်လား။
သို့သော် သူက ချက်ချင်းပင် နားလည်သွားခဲ့သည်။ သူကိုယ်တိုင်က ရေခဲဓာတ် အစွမ်းများကို ပိုင်ဆိုင်ထားပြီး မျိုးရိုးဗီဇမျိုးစေ့ကိုပါ စုစည်းနိုင်ခဲ့ပြီ ဖြစ်သည်။
ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို ရှာဖွေတွေ့ရှိရန် လွယ်ကူလှသည် မဟုတ်ပေ။ တိုက်ဆိုင်စွာဖြင့် မြူခိုးမြို့တော်ကဲ့သို့ ရေခဲဓာတ် ရေပေါ်ကျွန်းတစ်ခုပါ ထွက်ပေါ်လာခဲ့သည်။
ထို့ကြောင့် တစ်ဖက်လူက သူ့ကို ထိုနေရာမှ လာသည်ဟု သံသယဝင်ခြင်းမှာ အကြောင်းပြချက် ခိုင်လုံနေပေသည်။
သို့သော် လင်းယွမ်က ပြုံးရုံသာ ပြုံးလိုက်သည်။ "ဒေါက်တာကျန်း အထင်လွဲနေပြီ ထင်တယ်... ကျွန်တော်က မြူခိုးမြို့တော်က လူ မဟုတ်ပါဘူး"
"မဟုတ်ဘူးလား"
ကျန်းဇီယန်က အနည်းငယ် အံ့ဩသံသယဖြစ်သွားပြီး လင်းယွမ်ကို ကြည့်လိုက်ရာ လင်းယွမ်က ဆက်လက် မပြောတော့သည်ကို မြင်သောအခါ သူမကလည်း ဆက်မမေးတော့ပေ။
"ရေနတ်ဘုရားဂိုဏ်းကို မောင်းထုတ်ပြီးမှ ကျွန်မတို့ သေချာ စကားပြောကြတာပေါ့" ဟုသာ သူမက ပြောလိုက်သည်။
လင်းယွမ်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး အပြင်ဘက်တွင် ပြင်းထန်စွာ တိုက်ခိုက်နေကြသော စစ်တလင်းကို ကြည့်ကာ မေးလိုက်သည်။ "ကျွန်တော် ကူညီပေးဖို့ လိုမလား"
ကျန်းဇီယန်က အလျင်အမြန် ပြောလိုက်သည်။ "အဆင်ပြေမယ်ဆိုရင်တော့ ရှင် ကျွန်မတို့ကို ကူညီပေးစေချင်ပါတယ်"
လင်းယွမ်က ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ခဏလေး စောင့်"
ထိုသို့ပြောပြီးနောက် သူ၏ ခန္ဓာကိုယ်က ဝှစ်ခနဲ ပျောက်ကွယ်သွားတော့သည်။
"ဝှစ်"
ကျန်းဇီယန်၏ မျက်လုံးများထဲတွင် လင်းယွမ်၏ ခြေရာလက်ရာများ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ထို့နောက် တိုက်ပွဲမြေပြင်ထဲတွင် အာမေဍိတ်သံများနှင့် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။
ကျန်းဇီယန်၏ အကြည့်များက တိုက်ပွဲမြေပြင်ဆီသို့ အလျင်အမြန် ဝေ့ကြည့်လိုက်သည်။
တိုက်ပွဲမြေပြင်ပေါ်တွင် အရိပ်တစ်ခုက အဆက်မပြတ် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေပြီး တစ်ခါတစ်ရံတွင် အနောက်ဘက်၌ ပေါ်လာကာ တစ်ခါတစ်ရံတွင် အရှေ့ဘက်၌ ဝှစ်ခနဲ ထွက်ပေါ်လာသည်ကို သူမ မြင်လိုက်ရသည်။
အရိပ် ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မိုးရေများက နှင်းပွင့်များအဖြစ်သို့ ပြောင်းလဲသွားပြီး မြေပြင်ကလည်း ချက်ချင်း အေးခဲသွားတော့သည်။
တစ်ချိန်တည်းမှာပင် ရေနတ်ဘုရားဂိုဏ်း တမန်တော် တစ်ယောက်၏ ရေခဲရုပ်တု တစ်ခုလည်း ဖြစ်ပေါ်လာခဲ့သည်။
စက္ကန့်အနည်းငယ် အတွင်းမှာပင် ထိုနေရာတစ်ခုလုံးက လုံးဝ တိတ်ဆိတ်သွားတော့သည်။
လင်းယွမ်၏ ခန္ဓာကိုယ်က တစ်ဖန် ပြန်လည် ထွက်ပေါ်လာပြီး ကျန်းဇီယန်၏ အနီးသို့ ရောက်ရှိလာခဲ့သည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဖျော့တော့သော အအေးဓာတ်များ ရှိနေသော်လည်း ယခုအခါတွင် ရုပ်သိမ်းထားလိုက်ပြီ ဖြစ်သည်။
တိုက်ပွဲမြေပြင် တစ်နေရာလုံးတွင် ရေခဲရုပ်တုများ ပြည့်နှက်နေပြီး မြေပြင်ပေါ်တွင်လည်း ရေခဲတုံးများ အပြည့် ရှိနေပေသည်။
ကျွန်းပေါ်သို့ ဝင်ရောက် တိုက်ခိုက်လာသော ရေနတ်ဘုရားဂိုဏ်းမှ လူအားလုံးမှာ ဤတိုတောင်းလှသော စက္ကန့်အနည်းငယ် အတွင်းမှာပင် ရေခဲတိုင်များအဖြစ်သို့ ပြောင်းလဲသွားကြပြီ ဖြစ်သည်။
"ရှင်... ရှင်..."
ကျန်းဇီယန်က အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားပြီး ဤမြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေခဲ့သည်။
ထို့နောက် လင်းယွမ်ကို လှည့်ကြည့်လိုက်ပြီး သူမ၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းနီနီလေးများကို ဟလိုက်သော်လည်း ထိတ်လန့်လွန်းသဖြင့် ဘာပြောရမှန်း မသိဖြစ်နေခဲ့သည်။
လင်းယွမ်က ပြုံးလိုက်သည်။ "အားလုံးရှင်းသွားပြီ"
"အခု ကျွန်တော်တို့ စကားပြောဖို့ အချိန်ရသွားပြီလို့ ထင်တယ်"
ကျန်းဇီယန်က အံ့ဩမှင်တက်နေသလို အဝေးမှ လင်းယွီကျွန်းရှိ အခြားလူများကလည်း ထိတ်လန့်တုန်လှုပ်စွာဖြင့် လင်းယွမ်ကို လှည့်ကြည့်လာကြသည်။
တစ်ခဏအတွင်းမှာပင် ထိုနေရာ တစ်ခုလုံးက တိတ်ဆိတ်သွားပြီး မိုးရေများ တဖျောက်ဖျောက် ကျဆင်းနေသည့် အသံကိုသာ ကြားနေရသည်။
အချိန်အတော်ကြာမှသာ ကျန်းဇီယန်က တံတွေးမျိုချလိုက်ပြီး သတိပြန်ဝင်လာကာ ပြောလိုက်သည်။ "အဲ့ဒါဆို... အဲ့ဒါဆို... ရှင် ကျွန်မနောက်ကို လိုက်ခဲ့ပါ... ရှင့်ကို ကျွန်မတို့ ကျွန်းပိုင်ရှင်နဲ့ ပေးတွေ့မယ်"
သူမ၏ ဦးနှောက်ထဲရှိ အတွေးများက ပြန်လည် ဝင်ရောက်လာပြီး တစ်ချိန်တည်းမှာပင် ခုနက လူငယ်လေးကို လှည့်ကာ အော်ပြောလိုက်သည်။ "လင်းဟယ်... နင် လူတွေကို ခေါ်ပြီး ကျွန်းပိုင်ရှင် ယွဲ့အာကို မြန်မြန် သွားကူညီလိုက်"
"ကျွန်တော့် တာဝန်ထားလိုက်" လင်းဟယ်က ချက်ချင်း ခေါင်းညိတ်လိုက်ပြီးနောက် လူများကို ခေါ်ဆောင်ကာ ရေအောက်ဘက်သို့ အလျင်အမြန် ပြေးဆင်းသွားတော့သည်။
ထိုအခါမှသာ ကျန်းဇီယန်က လင်းယွမ်ကို ကြည့်လိုက်သည်။ "ကျွန်မနောက်ကို လိုက်ခဲ့ပါ"
လင်းယွမ်က သူမ၏ နောက်သို့ လိုက်ပါသွားပြီး ကျွန်း၏ အလယ်ဗဟိုဘက်သို့ လျှောက်သွားခဲ့သည်။
ဤရင်းနှီးနေသော ကျွန်းပေါ်တွင် နောက်တစ်ကြိမ် လမ်းလျှောက်နေစဉ် ဤနေရာက ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လန်သွားသကဲ့သို့ အကြီးအကျယ် ပြောင်းလဲသွားပြီ ဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။
မူလက ရှိနေခဲ့သော ရွှံ့ညွန်တောများနှင့် ခရုခွံများကဲ့သို့သော တောင်ကုန်းများမှာ အားလုံး ရှင်းလင်းသွားပြီ ဖြစ်သည်။
ရွှံ့ညွန်မြေများကို မြေသြဇာ ကောင်းမွန်သော မြေကွက်များဖြင့် ဖုံးလွှမ်းထားပြီး မူလက ချုံပုတ်များနှင့် ကျူတောများကို သီးနှံပင် အမျိုးမျိုးဖြင့် အစားထိုး စိုက်ပျိုးထားပေသည်။
အဝေးရှိ သစ်တောငယ်လေးကိုလည်း ရှင်းလင်းထားပြီး ကျောက်တုံးအိမ်လေးများကို တစ်လုံးပြီးတစ်လုံး တည်ဆောက်ထားကြသည်။
အချို့သော ကျောက်တုံးအိမ်များ၏ အရှေ့တွင် ခြံဝင်းများပင် ရှိနေပြီး ခြံဝင်းထဲတွင် သန္ဓေပြောင်း ကြက်များနှင့် ဘဲများကို မွေးမြူထားကြသည်။
တစ်ချိန်က အလွန်တရာ အန္တရာယ်များခဲ့သော လိပ်ကျွန်းကြီးက ယခုအခါတွင် နေထိုင်ရန် သင့်တော်သော ကျွန်းငယ်လေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဤနေရာတွင် မြို့ငယ်လေးတစ်ခုကဲ့သို့သော ရွာလေးတစ်ခုကိုပင် တည်ဆောက်ထားကြပေသည်။
လင်းယွမ်၏ စိတ်ထဲတွင် အလွန်တရာ အံ့အားသင့်နေခဲ့ပြီး ဤကျောက်တုံးအိမ်များကို ဖြတ်သန်းသွားပြီးနောက် မကြာမီမှာပင် လင်းယွမ်က အရှေ့ဘက်၌ ကျယ်ပြန့်သော ကတော့ပုံစံ အဆောက်အအုံများ ထပ်မံ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
ဤကတော့ပုံစံများ၏ အပြင်ဘက်တွင် သိသာထင်ရှားသော ခရုခွံပုံစံ အစင်းရာများ ရှိနေပေသည်။
လင်းယွမ်က ယင်းမှာ အဆောက်အအုံများ မဟုတ်ဘဲ တစ်စုံတစ်ရာသော သန္ဓေပြောင်း ခရုခွံများ ဖြစ်ကြောင်းကို ချက်ချင်း နားလည်သွားတော့သည်။
ဆက်ရန်...
***