"အဲ့ဒီတုန်းက အစ်ကို ကယ်တင်ပေးပြီးတဲ့နောက် ကျောက်ကျွင်းက ထွက်ပြေးသွားတယ်လေ"
"အဲ့ဒီနောက် အစ်ကိုနဲ့ အစ်ကိုဟော်တို့ တိုက်ခိုက်ခဲ့ကြတာ မလား"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ "အင်း... ငါ အပေါ်ဆုံးထပ်ကို သွားပြီး အဲ့ဒီအစ်ကိုဟော်ဆိုတဲ့လူနဲ့ တွေ့ခဲ့တယ်... နည်းနည်းပါးပါး လက်ရည်စမ်းခဲ့ကြတယ်"
ဝမ်လင်းအာက ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။ "ဒါကြောင့်ကိုး... အစ်ကို ထွက်သွားပြီးတဲ့နောက် အစ်ကိုဟော်က ဒေါသတကြီးနဲ့ အဆောက်အအုံ တစ်ခုလုံးကို ရှာဖွေဖို့ အမိန့်ပေးခဲ့တယ်"
"ကျွန်မနဲ့ ယွိအာလည်း ဆက်ပုန်းနေလို့ မရတော့တာနဲ့ သူ့ကိုခေါ်ပြီး တခြား အဆောက်အအုံတွေဆီ ထွက်ပြေးခဲ့ရတယ်"
"ဒါပေမဲ့ တခြား အဆောက်အအုံတွေမှာလည်း နေရထိုင်ရတာ မလွယ်ကူခဲ့ဘူး... ကျွန်မတို့ မိန်းကလေး နှစ်ယောက်တည်းဆိုတော့ နေရာစိမ်းမှာ အပယ်ခံရရုံတင်မကဘဲ တချို့လူတွေက ကျွန်မတို့ကို မကောင်းကြံဖို့တောင် ကြိုးစားကြသေးတယ်"
"ဒီလိုနဲ့ ဟိုပုန်းဒီရှောင် နေလာခဲ့ပြီးတဲ့နောက်... ဒီအိမ်ရာဝင်းထဲမှာ ဆက်နေရင် အနှေးနဲ့အမြန် သေရမှာပဲဆိုတာ သိလာလို့ အပြင်ထွက်ပြီး စွန့်စားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်"
"ဒါပေမဲ့ အဲ့ဒီတုန်းက အပြင်ဘက်က အခြေအနေကို အစ်ကိုလည်း သိတဲ့အတိုင်းပဲလေ... ကျွန်မတို့ ညီအစ်မ နှစ်ယောက်တည်း အပြင်ကို ထွက်သွားဖို့ တကယ်ကို မရဲခဲ့ကြဘူး"
"ရုတ်တရက် တစ်နေ့မှာ ညီမလေးက ကျွန်မကို နှိုးပြီး လူတချို့ ဖောင်ဖွဲ့ပြီး အိမ်ရာဝင်းထဲကနေ ထွက်သွားကြပြီလို့ လာပြောတယ်... ကျွန်မလည်း ထပြီး ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ အစ်ကိုရယ် အစ်ကိုတို့ အဆောက်အအုံက လူတွေရယ် သစ်သားဖောင်ကြီးနဲ့ အိမ်ရာဝင်းထဲကနေ ထွက်သွားကြတာကို တွေ့လိုက်ရတယ်"
"အဲ့ဒီအချိန်မှာ ကျွန်မလည်း ညီမလေးကို ချက်ချင်းဆွဲခေါ်ပြီး အစ်ကိုတို့နောက်ကို လိုက်ဖို့နဲ့ အစ်ကိုတို့နဲ့အတူ ထွက်သွားဖို့ ကြိုးစားခဲ့တယ်"
"ဒါပေမဲ့ ကျွန်မတို့မှာ သစ်သားဖောင် မရှိတော့ အနီးအနားမှာ တွေ့တဲ့ သစ်သားပြားတွေနဲ့ ပလတ်စတစ်တွေကို ယာယီ ပေါင်းချည်လိုက်ရတယ်... ပြီးတော့ ကျွန်မတို့ ညီအစ်မ နှစ်ယောက် ရှိသမျှ ပစ္စည်းတွေအကုန် သယ်ပြီး အစ်ကိုတို့နောက်ကို အရူးအမူး လိုက်ခဲ့ကြတာပဲ"
"အစ်ကိုတို့ ကိုယ်တိုင် အဆောက်အအုံထဲကနေ ထွက်ပြီး ရေလွှမ်းနေတဲ့ အထဲကို ဝင်သွားကြတာက ဘယ်လောက်တောင် ဂယက်ရိုက်သွားလဲဆိုတာ အစ်ကို သိမှာတောင် မဟုတ်ဘူး"
"အဲ့ဒီတုန်းက အဆောက်အအုံတိုင်းက လူတွေ အစ်ကိုတို့အကြောင်းကိုပဲ ပြောနေကြတာ"
အတိတ်က အကြောင်းအရာများကို ပြန်လည် စဉ်းစားမိသွားချိန်တွင် ဝမ်လင်းအာ၏ လှပသော မျက်နှာလေးပေါ်၌ သက်ပြင်းချချင်စရာ ခံစားချက်တစ်ခု ပေါ်လွင်လာခဲ့သည်။
ငယ်ရွယ်သေးသော ဝမ်ယွိအာ၏ မျက်နှာပေါ်တွင်ပင် ဝမ်းနည်းကြေကွဲမှု အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။
လင်းယွမ်က မနေနိုင်ဘဲ မေးလိုက်သည်။ "ပြီးတော့ရော"
"ပြီးတော့လား... ပြီးတော့ ကျွန်မတို့ အစ်ကိုတို့နောက်ကို လိုက်ရင်း ဟန်လုံစင်တာကို ရောက်လာခဲ့တယ်" ဝမ်လင်းအာက ပြုံးရင်း ပြောလိုက်သည်။
လင်းယွမ်က အလွန် အံ့သြသွားသည်။ "မင်းတို့ ဟန်လုံစင်တာအထိ ဆက်တိုက် လိုက်လာခဲ့တာလား"
"ဟုတ်တယ်... အဲဒါတင် မကသေးဘူး... ယွိအာက အစ်ကိုတို့နဲ့ ဟန်လုံစင်တာက လူတွေ တိုက်ခိုက်နေကြတာကို သူ့မျက်စိနဲ့တောင် ကိုယ်တိုင် မြင်ခဲ့သေးတယ်"
"ဒါပေမဲ့ သူ့ကို လုံးဝ ထွက်မပြဖို့ ကျွန်မ သတိပေးထားခဲ့တယ်... နောက်ဆုံးတော့ သူ တိတ်တဆိတ် ပြန်လာပြီး အဲ့ဒီအကြောင်းတွေ အကုန်လုံး ကျွန်မကို ပြန်ပြောပြခဲ့တယ်"
"အဲ့ဒီတုန်းက ကျွန်မတို့ အနီးအနားက အဆောက်အအုံ တစ်ခုထဲမှာ ပုန်းနေခဲ့ကြတယ်... သွားပြီး ကူညီပေးဖို့ မရဲခဲ့ဘူး... အစ်ကို ကျွန်မတို့ကို အပြစ်မတင်ဘူး မလား"
ဝမ်လင်းအာက တောင်းပန်ချင်သော အမူအရာလေးဖြင့် လင်းယွမ်ကို ကြည့်လိုက်သည်။
ယခင်က သူမ အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရချိန်တွင် လင်းယွမ်က ဝင်ရောက် ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် လင်းယွမ်တို့ အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင်မူ သူမက ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက်ခဲ့မိသောကြောင့် ဤကိစ္စအတွက် လင်းယွမ်အပေါ် အမြဲတမ်း အကြွေးတင်နေသလို ခံစားနေရသည်။
လင်းယွမ်က ပြုံးလိုက်ရင်း ပြောလိုက်သည်။ "အပြစ်တင်စရာ အကြောင်းမှ မရှိတာ... ဒီလို ကပ်ဆိုးကာလကြီးမှာ ကိုယ့်လုံခြုံရေးက နံပါတ်တစ်ပဲလေ"
"ငါသာဆိုရင်လည်း မင်းတို့လိုပဲ လုပ်မှာပါ"
ဝမ်လင်းအာက မနေနိုင်ဘဲ ရယ်မောလိုက်ရင်း ပြောလိုက်သည်။ "ကျွန်မ တစ်ယောက်တည်းဆိုရင်တော့ သေချာပေါက် ကူညီမှာပါ... ဒါပေမဲ့ ကျွန်မမှာ စောင့်ရှောက်ရမယ့် ညီမလေး တစ်ယောက် ရှိနေသေးတယ်လေ... ဒါကြောင့်... ကျွန်မ အသက်ရှင်နေဖို့ လိုအပ်တယ်"
သူမက ဝမ်ယွိအာ၏ ခေါင်းလေးကို အလိုလိုက်အကြိုက်ဆောင်သော အမူအရာဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
ဝမ်ယွိအာကမူ နှုတ်ခမ်းလေးကို ဆူလိုက်ရင်း ပြောလိုက်သည်။ "မမ... သမီးက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်နေပါပြီ... ဒီနေ့တောင် ရေနတ်ဘုရားဂိုဏ်းက အဲ့ဒီ ငါးပုပ်ကောင်ကို သမီး ရိုက်လွှတ်လိုက်တာနော်"
ဝမ်လင်းအာက ပြုံးရင်း ပြောလိုက်သည်။ "ဟုတ်ပါပြီ... ဟုတ်ပါပြီ... ညီမလေးက အတော်ဆုံးပါ"
လင်းယွမ်က သူတို့ ညီအစ်မနှစ်ယောက်၏ နက်ရှိုင်းသော သံယောဇဉ်ကို ခံစားမိလိုက်ပြီး မနေနိုင်ဘဲ မေးလိုက်သည်။ "မင်းတို့ နှစ်ယောက်လုံး မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်သွားကြပြီလား"
ဝမ်လင်းအာက ခေါင်းညိတ်ပြလိုက်သည်။ "အင်း"
လင်းယွမ်က အလွန် အံ့အားသင့်သွားပြီး မနေနိုင်ဘဲ မေးလိုက်သည်။ "ဘယ်လို လုပ်လိုက်တာလဲ"
သူက ထိုက်ယန်တောင်ပေါ်တွင် အချိန်အတော်ကြာ အခြေချခဲ့ပြီး စနစ်သာ မရှိခဲ့လျှင် မျိုးရိုးဗီဇမျိုးစေ့ စုစည်းရန် နည်းလမ်းကို ရှာတွေ့နိုင်မည် မဟုတ်ကြောင်း သိထားရမည် ဖြစ်သည်။
ဤညီအစ်မ နှစ်ယောက်က မည်သို့လုပ်၍ ဤမျှ မြန်မြန်ဆန်ဆန် မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်ခဲ့ရသနည်း။
ဝမ်လင်းအာက ပြုံးရင်း ပြောလိုက်သည်။ "အစ်ကို့ကို ကျေးဇူးတင်ရမှာပေါ့"
"ဟင်... ဘာအဓိပ္ပာယ်လဲ" လင်းယွမ်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"အစ်ကိုတို့ ဟန်လုံစင်တာကနေ ထွက်လာပြီးတဲ့နောက် ကျွန်းတစ်ကျွန်းနဲ့ တွေ့ခဲ့တယ် မလား"
"ကျွန်မရဲ့ ဒီနေရာကို ကြည့်ပါဦး... ရင်းနှီးနေသလိုများ မခံစားရဘူးလား"
လင်းယွမ်က ထိုစကားကို ကြားသောအခါ ပြုံးလိုက်ရင်း ပြောလိုက်သည်။ "ငါ အကြမ်းဖျင်းတော့ ခန့်မှန်းမိပါတယ်... ငါ ထွက်သွားပြီးတဲ့နောက် မင်းက ဒီလိပ်ကြီးကို ယဉ်ပါးသွားအောင် တစ်နည်းနည်းနဲ့ လုပ်နိုင်ခဲ့တာ မလား"
"ဒါပေမဲ့ ငါ နည်းနည်း သိချင်တာက... အဲ့ဒီတုန်းက မင်းရဲ့ စွမ်းရည်နဲ့ဆိုရင် ဒီလိပ်ကြီးကို ယဉ်ပါးအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"
ဝမ်လင်းအာက ပြုံးရင်း ပြောလိုက်သည်။ "ဟုတ်တယ်... အဲ့ဒီတုန်းက ကျွန်မက အဓိက အရည်အသွေး ဆိုတာကိုတောင် မသိခဲ့သေးတော့ ဒီလိပ်ကြီးကို လုံးဝ ယဉ်ပါးအောင် မလုပ်နိုင်ခဲ့ဘူး"
"ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ ကျွန်မ ညီမလေးက မြေဓာတ် အစွမ်းပိုင်ရှင် ဖြစ်နေပြီး မြေလျှိုးအစွမ်းကို အသုံးပြုနိုင်ခဲ့တယ်လေ"
"ကျွန်မတို့ နှစ်ယောက်က လိပ်ကြီးရဲ့ ကျောကုန်းပေါ်က မြေပုံထဲကို တိုးဝင်ပြီး လုံခြုံတဲ့ နေရာလေး တစ်ခုကို တည်ဆောက်ခဲ့ကြတယ်"
"အောက်ဆီဂျင် မရှိတော့ သန္ဓေပြောင်း ငါးတွေရဲ့ ငါးလေအိပ်တွေကို စုဆောင်းပြီး အောက်ဆီဂျင်ဘူး အဖြစ် အသုံးပြုခဲ့ကြတယ်"
"လိပ်ကြီး ရေအောက်ထဲကို ငုပ်သွားတဲ့ အချိန်တွေမှာ ကျွန်မတို့က အဲ့ဒီလိုပဲ အစပိုင်းက ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလတွေကို ဖြတ်သန်းခဲ့ကြရတယ်"
"ကျွန်မက နေ့တိုင်း ကျွန်မရဲ့ အစွမ်းကို အသုံးပြုပြီး ဒီလိပ်ကြီးနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့သလို သူ့ကိုလည်း ထိန်းချုပ်ချင်ခဲ့တယ်"
"အစပိုင်းမှာတော့ သူက ကျွန်မကို ဂရုမစိုက်ခဲ့ပါဘူး... ဒီလိုနဲ့ တစ်လလောက် တောင့်ခံပြီးတဲ့နောက်မှာတော့ နောက်ဆုံးမှာ ကျွန်မ သူနဲ့ ဆက်သွယ်လို့ ရသွားခဲ့တယ်"
"ဒါပေမဲ့ အစပိုင်းမှာတော့ ကျွန်မလည်း သူ့ကို မထိန်းချုပ်နိုင်ခဲ့ပါဘူး... သူ့ကိုယ်ပေါ်က သန္ဓေပြောင်း ကပ်ပါးခရုတွေကို ရှင်းလင်းပေးမယ်ဆိုတဲ့ သဘောတူညီချက် တစ်ခုပဲ ယူနိုင်ခဲ့တာပါ"
"သူကလည်း ရေမျက်နှာပြင်ပေါ်မှာ အတတ်နိုင်ဆုံး နေပေးပြီး ကျွန်းတစ်ကျွန်းအနေနဲ့ တာဝန်ယူပေးခဲ့တယ်"
"ဒီလိုနဲ့ ကျွန်မနဲ့ ညီမလေးက သူ့ကိုယ်ပေါ်က ကပ်ပါးခရုတွေကို ခွာချပေးရင်းနဲ့ ကျွန်မတို့ နှစ်ယောက်လည်း သန္ဓေပြောင်း ကပ်ပါးခရုအသားတွေကို စားသောက်ပြီး အနီးအနားက စုဆောင်းရရှိထားတဲ့ ပစ္စည်းတွေနဲ့အတူ ဒီကျွန်းပေါ်မှာ ဖြည်းဖြည်းချင်း အခြေချ နေထိုင်လာခဲ့ကြတယ်"
"အဲ့ဒီနောက်မှာတော့ သနားစရာ ကောင်းတဲ့ လူတချို့နဲ့ ရည်မှန်းချက် တူညီတဲ့ သူငယ်ချင်း တချို့ကို တွေ့ဆုံခဲ့ရပြီး... အတူတကွ ပူးပေါင်း ဖွံ့ဖြိုးလာခဲ့လို့ အခုလို လင်းယွိကျွန်းဆိုပြီး ဖြစ်တည်လာခဲ့တာပဲ"
လင်းယွမ်က မေးလိုက်သည်။ "ဒေါက်တာကျန်းကလည်း ကွမ်ဖူကို သွားတဲ့ လမ်းမှာ မင်းတို့နဲ့ တွေ့ခဲ့တာလား... နောက်ဆုံးကျမှ မင်းတို့နဲ့ လာပူးပေါင်းခဲ့တာလား"
ဝမ်လင်းအာက ခေါင်းညိတ်ပြရင်း ပြုံးကာ ပြောလိုက်သည်။ "ဒေါက်တာကျန်းရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ရုပ်ရည်သွင်ပြင်က ပထမတန်းစား အလှပိုင်ရှင်ပဲ... သူ့လို မိန်းကလေးမျိုးက အပြင်ဘက်မှာ အန္တရာယ် ကြုံတွေ့ရဖို့ အရမ်း လွယ်တယ်လေ"
"အဲ့ဒီတစ်ခေါက်ကလည်း မထင်မှတ်ထားတဲ့ ကိစ္စပဲ... ကျွန်မ အပြင်ထွက်ပြီး ပစ္စည်းတွေ သွားရှာရင်း အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ သူ့ကို တွေ့လို့ ခေါ်လာခဲ့တာ... အဲ့ဒီနောက်တော့ သူက ကျွန်မတို့ ဒီက ကျွမ်းကျင် ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့တာပါပဲ"
"ဒီရက်ပိုင်းတွေ အတွင်းမှာ သူက ကျွန်မတို့ဆီက လူအများကြီးရဲ့ အသက်ကို ကယ်တင်ပေးခဲ့လို့ နာမည်ကောင်း အတော်လေး ရထားတယ်"
ဝမ်လင်းအာက ကျန်းဇီယန် မည်သို့သော ကိစ္စမျိုးနှင့် ကြုံတွေ့ခဲ့ရသည်ကို ထည့်သွင်း မပြောပြခဲ့သော်လည်း အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်နိုင်ကြောင်း တွေးကြည့်ရုံဖြင့် သိနိုင်သည်။
လင်းယွမ်ကလည်း ဆက်လက် မေးခွန်းထုတ်မနေဘဲ သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ငါ သိထားသလောက်ဆိုရင် မျိုးရိုးဗီဇမျိုးစေ့ကို ချိုးဖျက်နိုင်ဖို့ အတွက် သန္ဓေပြောင်း သားရဲတွေရဲ့ သွေးအဆီအနှစ်တွေကို သန့်စင်ပြီး ကိုယ်ပိုင် မျိုးရိုးဗီဇ အားနည်းချက်တွေကို ဖြည့်ဆည်းပေးရတယ်... ပြီးတော့ မျိုးရိုးဗီဇ သိပ်သည်းဆကို မြှင့်တင်ပေးမှ အဆင့်တက်နိုင်တာလေ"
"မင်းတို့ ဘယ်လို လုပ်လိုက်တာလဲ"
ဝမ်လင်းအာက ထိုစကားကို ကြားသောအခါ ပြန်ဖြေလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်လလောက်က ဖြစ်မယ်... ကျွန်မနဲ့ ညီမလေး နှစ်ယောက်လုံး အစွမ်းတွေက အမြင့်ဆုံးကို ရောက်နေပြီလို့ ခံစားမိခဲ့ပြီး ဆက်ပြီး မြှင့်တင်လို့ မရတော့ဘူး ဖြစ်သွားခဲ့တယ်"
"အဲ့ဒီအချိန်မှာပဲ ကျွန်မတို့က လင်းဟယ်တို့ကို လက်ခံ စောင့်ရှောက်ပေးခဲ့တယ်... သူတို့က ကွမ်ဖူဘက်ကနေ ထွက်ပြေးလာကြတာလေ"
"သူတို့ဆီကနေ ကြားရမှ ကွမ်ဖူမှာ ကပ်ဆိုးကာလကြီး အတွင်း... အသက်ရှင် ကျန်ရစ်သူ အများအပြား ရှိနေသေးတယ်ဆိုတာ ကျွန်မတို့ သိခဲ့ရတယ်"
"ပြီးတော့ အဲ့ဒီ အသက်ရှင် ကျန်ရစ်သူတွေက ခေတ်မီ နည်းပညာတွေနဲ့ စက်ပစ္စည်းတွေကိုသုံး... အစွမ်းတွေနဲ့ ပေါင်းစပ်ပြီး နည်းပညာ ယဉ်ကျေးမှု အသစ်တစ်ခုကို တီထွင် ဖွံ့ဖြိုးလာခဲ့ကြတယ်"
"အဲ့ဒီအထဲမှာ ကွမ်ဖူ စစ်ဌာနချုပ်က ကိုယ်စားပြုအနေနဲ့ ပါဝင်ပြီး... သူတို့က အစွမ်းလက်နက်တွေနဲ့ အမျိုးမျိုးသော သင်္ကေတအစီအရင်တွေကို တီထွင်နိုင်ခဲ့ကြတယ်"
"ပြီးတော့ ကွမ်ဖူ ဒေသမှာ သောင်းကျန်းနေတဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းလည်း ရှိသေးတယ်... သူတို့က အရူးအမူး တိုးချဲ့နေကြပြီး စစ်တပ်နဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းကြားမှာ စစ်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေလို့ သူတို့ရဲ့ အစွမ်းနည်းပညာတွေကလည်း အရမ်း လျင်လျင်မြန်မြန် တိုးတက်လာခဲ့တယ်"
"မျိုးရိုးဗီဇမျိုးစေ့အဆင့်ကို တက်ဖို့ ကြံစည်တဲ့ အနေနဲ့... ကျွန်မတို့ ကွမ်ဖူဘက်ကို သွားပြီး မျိုးရိုးဗီဇမျိုးစေ့ သတင်းတွေကို နေရာအနှံ့ စုံစမ်းခဲ့ကြတယ်"
"မြေဝါနတ်ဘုရားကျွန်း ပေါ်ထွက်လာတဲ့ အချိန်အထိပဲ... အဲ့ဒီနေရာက အင်အားစု အသီးသီးကို လာရောက် လုယက်ဖို့ ဆွဲဆောင်နိုင်ခဲ့တယ်"
"မြေဝါနတ်ဘုရားကျွန်း" လင်းယွမ်က သံသယဖြင့် ဝမ်လင်းအာကို ကြည့်လိုက်သည်။
ဝမ်လင်းအာက ပြောလိုက်သည်။ "အဲဒါက ရေမျက်နှာပြင်ပေါ်မှာ ပေါ်နေနိုင်တဲ့ ကျွန်းတစ်ကျွန်းပဲ... ဒါပေမဲ့ ကျွန်မရဲ့ လေ့လာ စောင့်ကြည့်မှုနဲ့ ခန့်မှန်းချက်တွေ အရဆိုရင် ဒီရေပေါ်ကျွန်းလို့ ခေါ်တဲ့ အရာတွေက ဧရာမ သက်ရှိသတ္တဝါတစ်မျိုးမျိုးရဲ့ အလောင်းကောင်တွေ ဖြစ်နိုင်တယ်"
ဝမ်လင်းအာက ဤနေရာသို့ ရောက်သောအခါ သူမ၏ မျက်နှာအမူအရာက အလွန် လေးနက်သွားသည်။
"ဒီလို အလောင်းကောင်မျိုးတွေက ဘယ်ကနေ ရောက်လာလဲဆိုတာတော့ ကျွန်မ မသိဘူး... ဒါပေမဲ့ တကယ် ပေါ်လာတာ... ပြီးတော့ ဒီလို အလောင်းကောင်မျိုးက တစ်ခုတည်း မဟုတ်ဘူး... မြေဝါနတ်ဘုရားကျွန်း မပေါ်လာခင် အစောပိုင်းတုန်းက ရေနတ်ဘုရားဂိုဏ်းနဲ့ ဝိညာဉ်စွမ်းအင်ဂိုဏ်းတို့က ရေပေါ်ကျွန်း တစ်ကျွန်းကို အရင် တစ်ကြိမ် လုယက်ခဲ့ကြသေးတယ်"
"နောက်ဆုံးမှာ ရေနတ်ဘုရားဂိုဏ်းက အသာစီး ရသွားပြီး အဲ့ဒီ မီယွမ်မိုးသစ်တောကျွန်း ကို လုယူနိုင်ခဲ့တယ်"
"စစ်တပ်ကလည်း ရေပေါ်ကျွန်း တစ်ကျွန်းကို ပိုင်ဆိုင်ထားတယ်လို့ ကြားရတယ်... ဒါပေမဲ့ နေရာအတိအကျကိုတော့ မသိရဘူး... တချို့က ချုံးလုံတောင်ရဲ့ အတွင်းပိုင်းမှာ ရှိတယ်လို့ ပြောကြသလို တချို့ကလည်း စစ်တပ်ရဲ့ ဟင်းလင်းပြင် အစွမ်းပိုင်ရှင်တွေက သီးခြားဟင်းလင်းပြင်တစ်ခုထဲကို သိမ်းဆည်းထားလိုက်ပြီလို့လည်း ပြောကြတယ်"
"ဘယ်လိုပဲဖြစ်ဖြစ် လောလောဆယ်မှာ ဝိညာဉ်စွမ်းအင်ဂိုဏ်း တစ်ခုတည်းကပဲ ရေပေါ်ကျွန်းမပိုင်သေးတာ... ဒါကြောင့် ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှာ ဝိညာဉ်စွမ်းအင်ဂိုဏ်းက အင်အား အနည်းဆုံး ဖြစ်နေတယ်"
"ဒါပေမဲ့ ဝိညာဉ်စွမ်းအင်ဂိုဏ်းရဲ့ အရင်လူဟောင်းတွေက ကွမ်ဖူ ဆေးဘက်ဆိုင်ရာ စက်မှုဇုန်က လူတွေဖြစ်ပြီး... သူတို့က ဆေးဘက်ဆိုင်ရာ စက်မှုဇုန် တည်ရှိတဲ့ မီသွေ့တောင်ကို သိမ်းပိုက်ထားတယ်လေ... ဒါကြောင့် နည်းပညာနဲ့ အစွမ်းကို ပေါင်းစပ် ဖွံ့ဖြိုးစေတဲ့ နေရာမှာတော့ သူတို့က ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှာ အတိုးတက်ဆုံးပဲ"
ဝမ်လင်းအာက ထိုနေရာသို့ အရောက်တွင် အနည်းငယ် ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။ "စကားတွေ လမ်းချော်သွားပြီ... မြေဝါနတ်ဘုရားကျွန်း အကြောင်းကိုပဲ ပြန်ပြောကြရအောင်"
"မြေဝါနတ်ဘုရား ရေပေါ်ကျွန်း ပေါ်လာတာက ကွမ်ဖူက အင်အားစု အများအပြားရဲ့ လုယက်မှုကို ဖြစ်ပေါ်စေခဲ့တယ်... မြေဝါနတ်ဘုရားကျွန်းရဲ့ ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေကို ပထမဆုံး ထိန်းချုပ်နိုင်တဲ့ သူက ဒီကျွန်းကို သိမ်းပိုက်နိုင်မှာလေ"
"ကျွန်မတို့လည်း အဲ့ဒီတုန်းက သွားခဲ့ကြတယ်... ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေကို ရှာမတွေ့ခဲ့ပေမဲ့ အဲ့ဒီတစ်ခေါက်မှာ ကျွန်မတို့ ရခဲ့တာက အတော်လေး များခဲ့တယ်... မြေဓာတ်အမျိုးအစား သွေးအဆီအနှစ်တွေနဲ့ စိတ်စွမ်းအင်အမျိုးအစား သွေးအဆီအနှစ်တွေ အများကြီး ရခဲ့တယ်လေ"
"အဲ့ဒီနောက်ပိုင်းမှာပဲ ကျွန်မနဲ့ ယွိအာတို့ မျိုးရိုးဗီဇမျိုးစေ့ကို အောင်အောင်မြင်မြင်နဲ့ စုစည်းနိုင်ခဲ့တာ"
လင်းယွမ်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး ထင်သည့်အတိုင်းပင် ဖြစ်ကြောင်း တိတ်တဆိတ် တွေးလိုက်သည်။
ရေပေါ်ကျွန်းမှလွဲ၍ ဝမ်လင်းအာနှင့် ဝမ်ယွိအာတို့ မည်သည့် နည်းလမ်းမှတစ်ဆင့် သွေးအဆီအနှစ်များကို ရရှိခဲ့သနည်း ဆိုသည်ကို သူ တကယ်ပင် တွေးမရခဲ့ပေ။
"မင်းတို့ ကျွန်းပေါ်မှာ ရေဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်တဲ့ သူတွေ အများကြီး ရှိနေသေးတာကို ငါ တွေ့လိုက်ရတယ်"
"ဒီမြေဝါနတ်ဘုရားကျွန်းပေါ်မှာ ရေဓာတ် သွေးအဆီအနှစ်တွေ ရှိနေသေးတာလား"
ဝမ်ယွိအာက ခေါင်းခါပြလိုက်သည်။ "အဲ့ဒီလိုတော့ မဟုတ်ဘူး... ရေဓာတ် သွေးအဆီအနှစ်တွေကို ကျွန်မတို့ ရေနတ်ဘုရားဂိုဏ်းရဲ့ မီယွမ်မိုးသစ်တောကျွန်း ကို ခိုးဝင် တိုက်ခိုက်ပြီး လုယူလာခဲ့တာပါ"
လင်းယွမ်က အံ့အားသင့်သွားသည်။ "ရေနတ်ဘုရားဂိုဏ်းကို ခိုးဝင် တိုက်ခိုက်ခဲ့တယ်"
ဝမ်ယွိအာက ပြုံးရင်း ပြောလိုက်သည်။ "အဲ့ဒီတစ်ခေါက် မြေဝါနတ်ဘုရားကျွန်းမှာ ရေနတ်ဘုရားဂိုဏ်းက တိတ်တဆိတ် လက်စွမ်းပြခဲ့လို့ ကျွန်မတို့ လူတွေ အများကြီး ဒဏ်ရာရခဲ့တယ်လေ"
"သူတို့ကို လက်စားချေတဲ့ အနေနဲ့ ကျွန်မတို့က မြေဝါနတ်ဘုရားကျွန်းကို ဝိုင်းလုတဲ့ထဲကနေ တိုက်ရိုက် နုတ်ထွက်ပြီး ရေနတ်ဘုရားဂိုဏ်းရဲ့ ဌာနချုပ်ကို သွားခဲ့ကြတယ်"
"ရေနတ်ဘုရားဂိုဏ်းက အဲ့ဒီအချိန်တုန်းက လူအင်အား အများအပြားကို အသုံးပြုထားပြီး... အစွမ်းပိုင်ရှင်တွေ အကုန်လုံးက မြေဝါနတ်ဘုရားကျွန်းကို သွားလုနေကြတာ"
"ဒါကြောင့် မီယွမ်မိုးသစ်တော ရေပေါ်ကျွန်းပေါ်မှာ ကာကွယ်ရေး အင်အားက သိပ်မရှိဘူးလေ"
"ခိုးဝင် တိုက်ခိုက်ရတာ အဲ့ဒီလောက်အထိ ချောမွေ့သွားလိမ့်မယ်လို့ ကျွန်မတို့လည်း ထင်မထားခဲ့ဘူး... ရေဓာတ် မျိုးရိုးဗီဇမျိုးစေ့တွေ အများကြီး ရလာရုံတင်မကဘဲ ရေနတ်ဘုရားဂိုဏ်းရဲ့ အစွမ်းနည်းပညာ တချို့ကိုပါ အသာလေး ယူလာနိုင်ခဲ့ပြီး ပိတ်မိနေတဲ့ အစွမ်းပိုင်ရှင် တော်တော်များများကိုလည်း ကယ်တင်နိုင်ခဲ့တယ်"
"ဒါကြောင့် အစ်ကို မြင်တဲ့အတိုင်းပဲ... ရေနတ်ဘုရားဂိုဏ်းက အခုဆို ကျွန်မတို့ကို အရိုးထဲထိ စွဲနေအောင် မုန်းတီးနေပြီး နေရာအနှံ့ လိုက်လံ သတ်ဖြတ်နေကြတာပဲ"
လင်းယွမ်က ရုတ်တရက် သဘောပေါက်သွားသည်။ ရေနတ်ဘုရားဂိုဏ်းနှင့် လင်းယွိကျွန်းတို့၏ ရန်ငြိုးက ဤကဲ့သို့ စတင်လာခဲ့ခြင်း ဖြစ်ပေသည်။
ဤကမ္ဘာကြီးတွင် သက်ရှိအားလုံး ဆင့်ကဲပြောင်းလဲနေပြီး လူတိုင်းက နဂါးတစ်ကောင်ကဲ့သို့ စွမ်းစွမ်းတမန် ဖြစ်နေကြသည်ကို တွေးမိကာ သူ၏ စိတ်ထဲတွင် သက်ပြင်းချစရာ ခံစားချက်များ အပြည့်အဝ ဖြစ်ပေါ်လာခဲ့သည်။
လူတိုင်းတွင် ကိုယ်ပိုင် ကံကြမ္မာ အခွင့်အရေးများ အသီးသီး ရှိနေကြသည်။
သူ ကိုယ်တိုင် စနစ်ကို ရရှိခဲ့ခြင်းကပင် လုံလောက်အောင် ကံကောင်းနေခဲ့ပြီ ဖြစ်သည်။
သို့သော် အခြားသူများတွင်လည်း သူတို့၏ ကိုယ်ပိုင် အံ့ဖွယ် ကြုံဆုံမှုများ ရှိနေကြပေသည်။
ဝမ်လင်းအာတို့ ညီအစ်မ နှစ်ယောက်သည် အိမ်ရာဝင်း အဆောက်အအုံများ အတွင်း၌ အသက်ရှင်ရန် ခက်ခဲစွာ ရုန်းကန်ခဲ့ရရာမှ ယခုအခါ လင်းယွိကျွန်း၏ ကျွန်းပိုင်ရှင်များ ဖြစ်လာခဲ့ကြပြီ ဖြစ်သည်။
ထိုညီအစ်မ နှစ်ယောက်စလုံးက မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိ အစွမ်းပိုင်ရှင်များ အဖြစ်သို့ပင် ခြေလှမ်း ဝင်ရောက်လာနိုင်ခဲ့ကြသည်။
ဤသည်က မည်သည့်အရာကို ဖော်ပြနေသနည်း။
ကံကြမ္မာ နတ်သမီးက သူ့တစ်ယောက်တည်းကိုသာ မျက်နှာသာ ပေးနေခြင်း မဟုတ်ကြောင်း ဖော်ပြနေခြင်းပင် ဖြစ်ပေသည်။
လင်းယွမ်က ဝမ်လင်းအာကို ကြည့်လိုက်ရင်း ပြောလိုက်သည်။ "ကျွန်းသခင်မ"
ဝမ်လင်းအာက အလျင်အမြန် လက်ကာပြလိုက်ပြီး ပြုံးရင်း ပြောလိုက်သည်။ "တခြားသူတွေ ဒီလို ခေါ်ရင်တော့ ထားလိုက်ပါတော့... အစ်ကိုလင်းကတော့ ကျွန်မကို လင်းအာ လို့ပဲ ခေါ်ပါ"
လင်းယွမ်က ပြုံးလိုက်ရင်း ပြောလိုက်သည်။ "ကောင်းပါပြီ... လင်းအာ... ငါ မင်းနဲ့ အပေးအယူ တစ်ခုလောက် လုပ်ချင်တယ်"
ဝမ်လင်းအာက သံသယဖြင့် လင်းယွမ်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။ "အပေးအယူ လုပ်မလို့လား"
"ဟုတ်တယ်... ငါ မင်းဆီကနေ မျိုးရိုးဗီဇမျိုးစေ့ တချို့ကို လဲလှယ်ယူချင်လို့ပါ"
ဆက်ရန်...
***