ညဉ့်နက်သော်လည်း ကောင်းကင်ယံတစ်ခုလုံးမှာ လရောင်ကိုပင် ဖုံးလွှမ်းသွားစေသည့် အနီရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေတော့သည်။
မိုးကုပ်စက်ဝိုင်းတွင် ဧရာမ ရေဘဝဲနီကြီးတစ်ကောင် ပေါ်ထွက်လာသည့်အလား ၎င်း၏ ရှည်လျားလှသော အနီရောင် လက်တံကြီးများကို ကောင်းကင်ယံအနှံ့ ဆန့်ထုတ်ထားသည်။ အဝေးဆီမှ မိုးထစ်ချုန်းသံကဲ့သို့ ကျယ်လောင်သော အသံများ လေထုအတွင်း ပဲ့တင်ထပ်နေပြီး ဓားအလင်းတန်းများစွာ ကောင်းကင်တွင် ပျံသန်းနေကြသည်။ သို့သော် အားလုံးမှာ ရှေ့တန်းသို့ ဦးတည်နေခြင်း မဟုတ်ဘဲ အချို့မှာ နောက်တန်းသို့ အသည်းအသန် ဆုတ်ခွါနေကြခြင်းပင်။
ရှေ့တန်းသို့ သွားနေသူများမှာ အစွမ်းထက်သော ဓားကျင့်ကြံသူများ ဖြစ်ကြပြီး နောက်တန်းသို့ ဆုတ်ခွာလာသူများထဲတွင်မူ အခြေခံအဆင့် တပည့်သစ်များ၊ ကျင့်ကြံမှုအဆင့် မလုံလောက်သေးသော ဓားသမားများနှင့် ဆေးပညာရှင်၊ အဆောင်ပညာရှင်ကဲ့သို့သော အရေးကြီးပုဂ္ဂိုလ်များ ပါဝင်သည်။
လော့ဝမ်စွန်းကဲ့သို့သော ဘိုးဘေးတစ်ဦး စောင့်ကြပ်ခြင်း မရှိတော့သည့်အတွက် စုမိသားစု၏ ပင်မကျွန်းမှာပင် ဘေးမကင်းတော့ချေ။ ထို့ကြောင့် လက်ရှိ မိသားစုခေါင်းဆောင်ဖြစ်သူ စုရင်းရန်က မိသားစုဝင်အချို့ကို လျိုရှမြို့ ဝါးကျွန်းဆီသို့ ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။
အခြားသူများ မသိသော်လည်း စုရင်းရန်မှာမူ ယွီရွှမ်ဝေသည် လက်ရှိတွင် လျိုရှမြို့ ဝါးကျွန်းပေါ်၌ ရှိနေသည်ကို သိထားသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူမသည် ခန်းမအတွင်းမှ ထွက်လာပြီး ခံစစ်အစီအရင်များကို စတင်ချမှတ်နေလောက်ပြီ ဖြစ်သည်။ အထပ်ထပ်သော အစီအရင်များအပြင် ကျွန်း၏ သေးငယ်သော အရွယ်အစားကြောင့်လည်း ထိုနေရာမှာ ဘေးကင်းလုံခြုံရာ နိဗ္ဗာန်ဘုံတစ်ခု ဖြစ်လာပေလိမ့်မည်။
ဆွန်မိသားးစုဘက်မှ လူများမှာမူ ကြေးနီစာကလေးကျွန်းဆီသို့ ဆုတ်ခွာနေကြသည်။ ရှေ့တန်းတွင်မူ မူလက တစ်စိတ်တစ်ကိုယ်တည်း ဖြစ်ခဲ့သော ဆွန်မိသားးစုနှင့် စုမိသားစုတို့မှာ ယခုအခါ နှစ်ဖက်ကွဲလျက် အချင်းချင်း အဖက်မလုပ်ဘဲ တစ်သီးတခြားစီ တိုက်ခိုက်နေကြတော့သည်။
အကြီးအကဲချုပ်ကြီးနှင့် လော့ဝမ်စွန်းတို့ကြားက တိုက်ပွဲမှာ တကယ့် ထူးကဲချီစွမ်းအားများကို အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။ လော့ဝမ်စွန်း ကျွန်းပေါ်မှ နှင်ထုတ်ခံရခြင်းကပင် သက်သေပင်။ ထိုကဲ့သို့ ဘိုးဘေးအဆင့် ပညာရှင်များကြား တိုက်ခိုက်မှုမှာ မိသားစုနှစ်ခုလုံးမှ အခြားကျင့်ကြံသူများကိုပါ ထိခိုက်စေခဲ့သည်။
ဥပမာအားဖြင့် မြေဓာတ်စွမ်းအင်သုံး အဆောင်ငယ်ကို အသုံးပြုကာ ရေနက်နဂါး အနှစ်သာရသွေးကို ခိုးယူခဲ့သော စုဟုန်ရှန်းမှာ ထိုပဋိပက္ခကြားတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ လက်ရှိတွင် ကျွန်းပေါ်၌ နာလန်ထူရန် ကြိုးစားနေစဉ် ရှေ့တန်းမှ တိုက်ပွဲသံများကို ကြားလိုက်ရသောအခါ သူသည်လည်း နောက်တန်းသို့ အသည်းအသန် ထွက်ပြေးရတော့သည်။
...
ဟူး... ဟူး... ဟူး
စုန်ယန်သည် မက်မွန်လက်ဖဝါးယပ်တောင်ကို ကိုင်စွဲကာ ဆေးဖိုအတွင်းရှိ သာမန်မီးတောက်များ၏ အပူချိန်မြင့်တက်လာစေရန် လေပင့်ပေးနေသည်။
လွန်ခဲ့သောရက်များအတွင်း သူသည် မီးတောက်များနှင့်ပတ်သက်သော အချက်အလက်အချို့ကို ထပ်မံနားလည်လာခဲ့သည်။ ခရမ်းရောင်နန်းတော်နောက်ဆုံးအဆင့်သို့ ရောက်ရှိခြင်းမှာ အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ခုဖြစ်သည်ဟု ဆိုကြသည်။ ၎င်းမှာ ရုတ်တရက် စွမ်းအားများ အဆမတန် တိုးပွားလာခြင်းမျိုး မဟုတ်ဘဲ ထိုအဆင့်သို့ ရောက်သည်နှင့် မိမိ၏ခန္ဓာကိုယ်အတွင်း၌ စစ်မှန်သောချီမီးလျှံတစ်မျိုး ပေါက်ဖွားလာခြင်းပင်။
ဤစစ်မှန်သော မီးလျှံမှာ သာမန်မီးများထက် များစွာသာလွန်လှသဖြင့် ထူးကဲပစ္စည်းများ သွန်းလုပ်ရာတွင် သေချာပေါက် အောင်မြင်စေရုံသာမက ထူးကဲရတနာများကိုပင် သွန်းလုပ်နိုင်စွမ်းရှိသည်။ ဆေးဖော်စပ်ရာတွင်လည်း ပိုမိုမြင့်မားသော အဆင့်ရှိ ဆေးလုံးများကို စမ်းသပ်ဖော်စပ်နိုင်ပေလိမ့်မည်။ ခရမ်းရောင်နန်းတော် နောက်ဆုံးအဆင့်သို့ မရောက်မီတွင် လက်နက်သွန်းလုပ်သူနှင့် ဆေးပညာရှင်ဟူ၍ ကွဲပြားမှုများ ရှိနေနိုင်သော်လည်း ထိုအဆင့်သို့ ရောက်ရှိသွားပါက အရာအားလုံးမှာ မိမိ၏ ကိုယ်ပိုင်ကျွမ်းကျင်မှုအပေါ်၌သာ လုံးလုံးလျားလျား မူတည်သွားတော့သည်။
အမှန်စင်စစ် ဤအခြင်းအရာကို ခရမ်းရောင်နန်းတော် အစောပိုင်းအဆင့်မှာပင် ဝေဝါးစွာ မြင်တွေ့နိုင်သည်။ အစောပိုင်းအဆင့်တွင်ပင် မိမိ၏လက်ဝါးမှ ပြင်းထန်သောအပူရှိန်ကို ထုတ်လွှတ်ကာ သာမန်သံထည်များကို အရည်ပျော်စေပြီး ပုံသွင်းနိုင်နေပြီဖြစ်ရာ နောက်ဆုံးအဆင့်တွင်မူ ပြောနေစရာပင် လိုတော့မည်မဟုတ်ပေ။
လေတစ်ချက် ထပ်မံဝှေ့ယမ်းလိုက်စဉ် အခန်းပြင်ပမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"ဦးလေးဘိုင် ဦးလေးဘိုင်"
စုန်ယန် ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်ရာ ငွေရောင်ဓားဝတ်စုံကို ဆင်မြန်းထားပြီး လေ့ကျင့်ရေးဓားလေးကို ကိုင်စွဲကာ စိုးရိမ်တကြီး ကြည့်နေသည့် ပိန်ပိန်ပါးပါး မိန်းကလေးငယ်လေးကို တွေ့လိုက်ရသည်။ သူမမှာ ထျန်းရှောင်ကျို၏ တူမဖြစ်သူ ထျန်းရှောင်လင်ပင်။
သူ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး ဘေးနားရှိ အတူတကွ ဆေးဖော်စပ်နေသည့် ပညာရှင်ကို လှမ်းကြည့်လိုက်သည်။ ထိုပညာရှင်က "ညီအစ်ကိုဘိုင်... သွားလိုက်ပါ အခုက ဆေးလုံးအတွက် အရေးကြီးတဲ့အချိန် မဟုတ်သေးပါဘူး။ ဘာမှမဖြစ်နိုင်ဘူး" ဟု ပြောလိုက်သည်။
စုန်ယန်သည် မက်မွန်လက်ဖဝါးယပ်တောင်ကို ချလိုက်ပြီး အပြင်ဘက်သို့ အမြန်ထွက်လာခဲ့တော့သည်။
ညဉ့်နက်သန်းခေါင်ယံတွင် တိုက်ပွဲအရှိန်မှာ လျော့ကျမသွားဘဲ ပိုမိုပြင်းထန်လာသည်။
ထျန်းရှောင်လင်သည် ပြေးလာပြီး သူမအား ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ စတင်ခေါ်ဆောင်ပေးခဲ့သည့် လူကြီး၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ "ဦးလေးဘိုင်... ဦးလေးဘိုင်" ဟု ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။ စုန်ယန်သည် ကလေးမလေး၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးရင်း ကောင်းကင်ယံရှိ ဓားအလင်းတန်းများကို အကဲခတ်နေမိသည်။ ထိုစဉ် ရင်းနှီးသော ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသဖြင့် "စီနီယာအစ်မကျန်း... ခဏလောက် စောင့်ပါဦး" ဟု လှမ်းအော်လိုက်သည်။
အဝေးမှ ဓားအလင်းတန်းမှာ ရပ်တန့်သွားပြီး စုန်ယန်ကို မှတ်မိသွားသောအခါ လမ်းကြောင်းပြောင်း၍ ကြေးနီစာကလေးကျွန်းအပေါ်ယံသို့ ပျံသန်းလာခဲ့သည်။ ဤစီနီယာအစ်မကျန်းမှာ ယခင်က ထျန်းရှောင်ကျို လိုက်ပါပို့ဆောင်ပေးခဲ့ပြီး စုန်ယန် ဆေးကုသပေးခဲ့ဖူးသော စုမိသားစုမှ ချောမောသည့် ကျင့်ကြံသူမလေးဖြစ်သည်။ သူမသည် လက်ရှိတွင် စုမိသားစုတပည့်များကို လျိုရှမြို့ ဝါးကျွန်းဆီသို့ လိုက်လံပို့ဆောင်ပေးနေခြင်းပင်။ သို့သော် သူမသည် စုမိသားစုဝင်တစ်ဦး ဖြစ်သည့်အတွက် ရန်ဘက်ဖြစ်နေသော ဆွန်မိသားးစုပိုင်နက်ထဲသို့ ခြေမချလိုဘဲ လေထဲတွင်သာ ရပ်တန့်နေခဲ့သည်။
"မောင်လေးဘိုင်... ဘာကိစ္စရှိလို့လဲ"
သူမက မေးလိုက်သည်။
စုန်ယန်က "ညီမလေးအန်လီကို တွေ့မိသေးလား" ဟု မေးရာ သူမက "အန်လီက ငါတို့စုမိသားစုရဲ့ အရေးကြီးတဲ့ ဆေးပညာရှင်ပဲလေ။ သူမကို လျိုရှမြို့ ဝါးကျွန်းဆီ ဘေးကင်းကင်း ပို့ပေးပြီးပါပြီ" ဟု ပြန်ဖြေသည်။
စုန်ယန် စိတ်အေးသွားကာ ရင်ခွင်ထဲက ကလေးမလေးကို ကြည့်ပြီး "ဒါက ညီမလေးရှောင်ကျိုရဲ့ တူမလေးပါ။ သူမကိုပါ လျိုရှမြို့ ဝါးကျွန်းဆီ ခေါ်သွားပေးပါဦး" ဟု အကူအညီတောင်းလိုက်သည်။ စီနီယာအစ်မကျန်းမှာ အံ့ဩသွားသော်လည်း အောက်သို့ ဆင်းသက်လာခဲ့သည်။ စုန်ယန်က ထျန်းရှောင်လင်ကို "မင်းအဒေါ်ရဲ့ သူငယ်ချင်းဟောင်းနောက်ကို လိုက်သွားလိုက် အဲဒီကျွန်းက ပိုဘေးကင်းတယ်" ဟု မှာလိုက်သည်။
ထျန်းရှောင်လင်မှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ခေါင်းညိတ်ပြီး ရှေ့သို့ တိုးသွားစဉ် ဘေးနားရှိ ဆွန်မိသားးစုကျင့်ကြံသူတစ်ဦးက "ဒါ ငါတို့ဆွန်မိသားးစုရဲ့ ကျင့်ကြံခြင်းမျိုးစေ့ပဲလေ။ ဘိုင်ရှို့ဟု... မင်းက ဘာသဘောနဲ့ စုမိသားစုနောက် ထည့်ပေးလိုက်တာလဲ" ဟု ငေါက်ငမ်းလိုက်သည်။ စုန်ယန်က သူ့ကို တစ်ချက်ကြည့်ကာ လက်ဖျစ်တစ်ချက်တီးလိုက်ရာ ဓားလွယ်အိတ်ထဲမှ ဓားမှာ ဝူးခနဲ ထွက်ပေါ်လာပြီး သူ့ပတ်ပတ်လည်တွင် ဝဲပျံနေတော့သည်။ သူက အေးစက်သော မျက်လုံးများဖြင့် "ဆွန်မိသားးစု... စုမိသားစု... ဒီရန်ပွဲတွေက ဘယ်တော့မှ မပြီးနိုင်တော့ဘူးလား" ဟု ပြောကာ ကလေးမလေးကို "သွားတော့" ဟု အချက်ပေးလိုက်သည်။
စီနီယာအစ်မကျန်းသည် စုန်ယန်ကို လေးနက်စွာ တစ်ချက်ကြည့်ပြီးနောက် ထျန်းရှောင်လင်ကို ခေါ်ဆောင်ကာ အမြန်ဆုံး ထွက်ခွာသွားတော့သည်။ ဆွန်မိသားးစု ကျင့်ကြံသူမှာတော့ စုန်ယန်ကို ရန်လိုစွာ ကြည့်နေသော်လည်း အဝေးက တိုက်ပွဲအရှိန်နှင့် ဆေးဖော်စပ်ခန်း၏ အခြေအနေကို ထောက်ထားကာ တစ်ချက်နှာခေါင်းရှုံ့ပြီး ထွက်သွားသည်။
စုန်ယန်သည် အဝေးသို့ ငေးကြည့်ရင်း စိတ်မကောင်းဖြစ်မိသည်။ နှစ်ပေါင်းများစွာအတွင်း ဓားဂိုဏ်းသည် အပြင်ပယောဂမျိုးစုံကို ကြံ့ကြံ့ခံနိုင်ခဲ့သော်လည်း ယခုအခါ အတွင်းရေးမတည်ငြိမ်မှုများကြောင့် အပြင်ရန်ကို မတွန်းလှန်နိုင်တော့ပေ။ ယနေ့တွင် သူကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်စရာပင် မလိုတော့ဘဲ ဓားဂိုဏ်းမှာ ပြိုလဲလုနီးပါး ဖြစ်နေပြီဖြစ်သည်။
နာရီဝက်ခန့်အကြာတွင် မြောက်ဘက်ရှိ အစီအရင်အကာအကွယ်ကြီး၏ အလယ်ဗဟိုမှ တဖြန်းဖြန်းနှင့် ကွဲအက်သံကြီး ထွက်ပေါ်လာသည်။ ပွင့်လင်းမြင်သာသော အကာအကွယ်ကြီး၏ အလယ်မှ ငွေဖြူရောင် အက်ကြောင်းတစ်ခု စတင်ပေါ်ပေါက်လာပြီး ပင့်ကူအိမ်ကဲ့သို့ နေရာအနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားကာ ဓားဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံထားသည့် ကောင်းကင်ယံကြီးမှာ ပြိုလဲတော့မည့်အလား ဖြစ်နေတော့သည်။
***