ဆေးဖော်စပ်ခန်း အပြင်ဘက်တွင်မူ ကစဉ့်ကလျားဖြစ်မှုများက လွှမ်းမိုးထားပြီး တိုက်ပွဲသံများမှာ အဆုံးမရှိ ပဲ့တင်ထပ်နေသည်။
သို့သော် ဆေးဖော်စပ်ခန်းအတွင်း၌မူ ဆေးဖိုကြီး လဲပြိုနေပြီး ဆေးစင်များ ပရမ်းပတာ ဖြစ်နေသော်လည်း ထူးဆန်းသော တိတ်ဆိတ်ငြိမ်သက်မှုတစ်ခု ကိန်းအောင်းနေသည်။ ထိုအခန်း၏ ထောင့်တစ်နေရာတွင်မူ...
ရှု... ရှု... ရှု...
လေဓာတ်ဝိညာဉ်ကြိုးကြာ အနှစ်သာရသွေး၊ ဝိညာဉ်ငါးမန်းဆေးနှင့် တစ်ဝက်တစ်ပျက်
ဖော်စပ်ထားသော ရေနက်နဂါး ဆေးတို့ကို ကြမ်းပြင်ပေါ်တွင် တစ်ခုချင်းစီ စီချထားသည်။
ခရမ်းရောင်နန်းတော်အလယ်အလတ်အဆင့်၏ လက်ဝဲနှင့် လက်ယာ နန်းတော်နှစ်ခုကို တည်ဆောက်ရန်အတွက် ဤသုံးမျိုးထဲမှ နှစ်မျိုးကို သူရွေးချယ်ရမည်ဖြစ်သည်။
စွမ်းရည်များနှင့် ပတ်သက်၍လည်း ဤအတောအတွင်း ရည်ရွယ်ချက်ရှိရှိဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ စုဆောင်းမိသမျှကို စုန်ယန်အနေဖြင့် အသေးစိတ် နားလည်ထားပြီးဖြစ်သည်။ ယခုအခါ ပြင်းထန်သော တိုက်ပွဲကြီးမှာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ နောက်ဆုံးရွေးချယ်မှုကို အတည်ပြုရန်အတွက် နောက်တစ်ကြိမ် ထပ်မံသုံးသပ်ရန် လိုအပ်လာသည်။
လေဓာတ်ဝိညာဉ်ကြိုးကြာသည် သူ၏အမြန်နှုန်းနှင့် လျင်မြန်ဖြတ်လတ်မှုကို တိုးမြှင့်ပေးနိုင်ပြီး ဓားကျင့်ကြံသူများအတွက် အလွန်သင့်တော်သော်လည်း ၎င်း၏ အဓိကထူးခြားချက်မှာ အမြန်နှုန်းထက် ဖျတ်လတ်မှုသာ ဖြစ်သည်။ ထို့အပြင် ၎င်း၏ အမြန်နှုန်းမှာ သာမန်ပတ်ဝန်းကျင်တွင်သာ အလုပ်လုပ်ပြီး ရေအောက် သို့မဟုတ် အခြားသော သီးခြားပတ်ဝန်းကျင်များတွင်မူ အကန့်အသတ် အလွန်များလှသည်။ မြေဓာတ်စွမ်းအင်များနှင့် ပတ်သက်လာလျှင်လည်း ဆိုဖွယ်ရာမရှိပေ။
ဝိညာဉ်ငါးမန်းမှာမူ ပတ်ဝန်းကျင်မှာ ရေဓာတ်ရှိနေလျှင် အမြန်နှုန်းကို အဆမတန် တိုးမြှင့်ပေးနိုင်သည်။ ၎င်းသည် ရေငုပ်ကျင့်စဉ်မရှိသေးပါက ရရှိစေပြီး ရှိပြီးသားဆိုလျှင်လည်း ပိုမိုအားကောင်းစေသည်။ ထို့အပြင် အနှစ်သာရသွေးကို သန့်စင်ပြီးသူသည် သမုဒ္ဒရာအတွင်း၌ မိမိ၏ အရှိန်အဝါကို ဖုံးကွယ်ခြင်းနှင့် အာရုံခံမှုကို ပိတ်ဆို့ခြင်း စွမ်းရည်များကို တိုးမြှင့်ပေးနိုင်သဖြင့် တကယ့်ဝိညာဉ်တစ်ခုကဲ့သို့ လှုပ်ရှားနိုင်မည်ဖြစ်သည်။
ရေနက်နဂါးမှာမူ ခရမ်းရောင်နန်းတော် အဆင့်ရှိ မိစ္ဆာတစ်ကောင် ဖြစ်သည့်အတွက် ရှေ့ကနှစ်မျိုးထက် ခွန်အားပိုင်းဆိုင်ရာ မြှင့်တင်မှုတွင် ပိုမိုသာလွန်သည်။ ၎င်းကို သန့်စင်သူသည် ရေဓာတ်ရှိသော ပတ်ဝန်းကျင်တွင် အမြန်နှုန်းသာမက ခွန်အားကိုပါ တိုးမြှင့်ပေးနိုင်ပြီး ဝိညာဉ်
ငါးမန်းကဲ့သို့ပင် ရေငုပ်ကျင့်စဉ် မြှင့်တင်မှုကိုလည်း ပိုင်ဆိုင်ထားသည်။ ထို့အပြင် ယခင်က ရေဓာတ်အဆောင်သို့မဟုတ် ရေဓာတ်ရတနာများ အသုံးပြုမှသာ ထုတ်ဖော်နိုင်သည့် ရေဓာတ်
ဆိုင်ရာ မန္တန်များကို သဘာဝအလျောက် အလိုအလျောက် အသုံးပြုနိုင်လာမည်ဖြစ်သည်။
ထင်ရှားသည်မှာ ဝိညာဉ်ငါးမန်းနှင့် ရေနက်နဂါး နှစ်မျိုးစလုံးမှာ ရေဓာတ်ရှိသော ပတ်ဝန်းကျင်အပေါ် မှီခိုနေခြင်းပင်။ ရေဓာတ်ရှိခြင်း မရှိခြင်းအပေါ် မူတည်၍ ရရှိမည့် အကျိုးကျေးဇူးမှာ လုံးဝကွာခြားသွားပေလိမ့်မည်။ သို့သော် ၎င်းတို့၏ စွမ်းဆောင်ရည်မှာ တစ်ခုနှင့်တစ်ခု လုံးဝထပ်တူကျနေခြင်း မဟုတ်ဘဲ ကွာခြားမှုများ ရှိနေသည်။
ဝိညာဉ်ငါးမန်းတွင် ရေဓာတ်အရှိန်အဝါဖုံးကွယ်ခြင်းနှင့် အာရုံခံမှုပိတ်ဆို့ခြင်းတို့ ပါဝင်ရာ ၎င်းမှာ စုန်ယန်၏ ဓားနှင့်မိစ္ဆာ ပူးတွဲကျင့်စဉ်မှ ဆင်းသက်လာသော ဓားဝှက်ကျင့်စဉ်နှင့် ချီဖုံးကွယ်ကျင့်စဉ်တို့နှင့် ပေါင်းစပ်လိုက်လျှင် ကျားကို အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ အရှိန်အဝါ ဖုံးကွယ်မှု အထပ်ထပ်ကို ရရှိစေမည်ဖြစ်သည်။
ရေနက်နဂါးတွင်မူ ရေဓာတ်မန္တန်မြှင့်တင်မှုပါဝင်ရာ ကိုယ်ပိုင်ဆိုင်ထားသော မည်သည့် ရေဓာတ်အဆောင်လက်ဖွဲ့နှင့် ရတနာကိုမဆို ပိုမိုအားကောင်းစေမည်ဖြစ်သည်။
စုန်ယန်သည် လေဓာတ်ဝိညာဉ်ကြိုးကြာကို စွန့်ပယ်ကာ ဤမိစ္ဆာသွေးနှစ်မျိုးကိုသာ သန့်စင်ရန် ဆုံးဖြတ်လိုက်သည်။ အဘွားအိုဟုန်နှင့် ဗိုလ်ချုပ်ကူးတို့အား တိုက်ခိုက်ရာတွင် သူသည် အစွမ်းကုန် ကြိုးစားရမည်ဖြစ်ရာ မြူပင်လယ်ကဲ့သို့ ကျယ်ပြောလှသော ရေပြင်ကို စစ်မြေပြင်အဖြစ် အသုံးပြုခြင်းဖြင့် ဝိညာဉ်ငါးမန်းနှင့် ရေနက်နဂါးတို့မှာ အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။ လေဓာတ်ဝိညာဉ်ကြိုးကြာမှာမူ နေရာအနှံ့ အသုံးဝင်သော်လည်း ရေဓာတ်ရှိသော ပတ်ဝန်းကျင်တွင်မူ ရှေ့ကနှစ်မျိုးကို မယှဉ်နိုင်ပေ။
အတွေးများ အခြေကျသွားသည်နှင့် စုန်ယန်သည် စတင်သန့်စင်တော့သည်။
...
အကြိမ်ကြိမ် သေဆုံးပြီးနောက်တွင်မူ...
သူသည် ထိုနှစ်မျိုးစလုံးကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့သည်။ လူသားများအတွက်မူ ဆေးအပျက်ဟု သတ်မှတ်ခြင်းမှာ ၎င်းတွင်ပါဝင်သော အဆိပ်အတောက်များက လျော့ကျမသွားဘဲ ပိုမိုများပြားလာပြီး စားသုံးမိပါက သေချာပေါက် သေဆုံးနိုင်သောကြောင့်ပင်။ သို့သော် အမှန်တရားမှာမူ လုံလောက်သော အကြိမ်အရေအတွက်အထိ သေဆုံးပေးနိုင်မည်ဆိုပါက အောင်မြင်မှုကို ရရှိနိုင်စမြဲပင်။
သတင်းအချက်အလက်များနှင့် နားလည်မှုအသစ်များမှာ တစ်ကြောင်းချင်းစီ ပေါ်ထွက်လာတော့သည်။
[သင်သည် ထူးကဲဓားကျမ်းကို အသုံးပြု၍ ဝိညာဉ်ငါးမန်းသွေးကို ထိန်းချုပ်ခြေဖျက်ရန် ထူးကဲချီများကို စုပ်ယူလိုက်သည်။ တစ်ချိန်တည်းမှာပင် ထူးကဲချီများကို ဓားချီအဖြစ် ပြောင်းလဲကာ သွေးသားဖြင့် ဓားချီကို ပြုစုပျိုးထောင်လိုက်သည်]
[ရှစ်လမြောက်တွင် သင်သည် ထူးကဲချီ အမျှင်တန်း ၆၀ ကို စုပ်ယူနိုင်ခဲ့ပြီး ဝိညာဉ်ငါးမန်းသွေးတစ်မျှင်ကို ခြေဖျက်နိုင်ခဲ့ကာ ၎င်းကို ဓားချီအဖြစ် အလုံးစုံ ပြောင်းလဲလိုက်နိုင်သည်...]
[နှစ်ပေါင်း ၃၃ နှစ်ကြာပြီးနောက်တွင် သင်သည် ထူးကဲချီ အမျှင်တန်း ၃၀၀၀ ကို စုပ်ယူနိုင်ခဲ့ပြီး ၎င်းတို့ကို ဓားချီအဖြစ် အောင်မြင်စွာ အသွင်ပြောင်းလိုက်နိုင်သည်။ ဝိညာဉ်ငါးမန်းသွေးသည် သင်၏ ခရမ်းရောင်နန်းတော်ရှိ လက်ဝဲနန်းတော်အောက်တွင် အမြီးများစွာပါသော မြေခွေးမျိုးနွယ်သွေးနှင့်အတူ ရောယှက်ကာ ပေါင်းစပ်သွားတော့သည်]
[ဓားချီနှင့် ဝိညာဉ်ငါးမန်းသွေးတို့ အပြန်အလှန် သက်ရောက်မှုရှိရာမှ သင်သည် အထူးဓားချီတစ်မျိုးဖြစ်သော ထူးကဲရေဝိညာဉ်ဓားချီကို နားလည်သဘောပေါက်သွားသည်]
[ဤဓားချီကို ရေအောက်တွင်သာ အသုံးပြုနိုင်ပြီး ပုံသဏ္ဌာန်မဲ့ကာ ရေအောက်ရောက်နေခြင်းကြောင့် စွမ်းအားလျော့နည်းသွားခြင်း လုံးဝမရှိပေ]
ချက်ချင်းဆိုသလိုပင် ပိုမိုအစွမ်းထက်လာသော ခံစားချက်နှင့်အတူ ရေထဲကငါးကဲ့သို့ လွတ်လပ်ပေါ့ပါးသည့် ခံစားချက်မျိုး ပေါ်ပေါက်လာသည်။ စုန်ယန်သည် မြူပင်လယ်အတွင်းရှိ ကြေးနီစာကလေးကျွန်းပေါ်တွင် ထိုင်နေရင်း "ဒါက ငါ့ရဲ့ စစ်မြေပြင်ပဲ" ဟု ခံစားနေမိသည်။
ထူးကဲချီ စုပ်ယူမှု အရှိန်မှာလည်း တစ်ဖန် ထပ်မံတိုးတက်လာခဲ့သည်။ ယခင်က ရေအေးကန်
ချိုင့်ဝှမ်းတွင် ချန်ဝမ်ကျားအနှစ်သာရသွေးကို သန့်စင်ရန် နှစ်ပေါင်း ၁၀၀ ကြာခဲ့သည်။ ရွက်နီကျွန်းတွင် အိပ်မက်ဆိုးမိစ္ဆာသွေးအတွက် နှစ် ၅၀ ကြာခဲ့သည်။ သို့သော် ယခု ကြေးနီစာကလေးကျွန်းပေါ်ရှိ ဆေးဖော်စပ်ခန်းလေးအတွင်း၌ပင် သူ၏ကျင့်ကြံချိန်မှာ ၃၃ နှစ်အထိ တိုတောင်းသွားခဲ့သည်။
၎င်းက "ဘယ်နေရာမှာ ကျင့်ကြံသလဲ" ဆိုသည်မှာ မည်မျှအရေးကြီးကြောင်း သက်သေပြနေသည်။ ထူးကဲချီ နည်းပါးလှသော လူသားလောကတွင် နှစ်ပေါင်း ၁၀၀ ကျင့်ကြံခြင်းမှာ ထူးကဲချီကြောများရှိရာ ဗဟိုချက်တွင် တစ်လကျင့်ကြံခြင်းကိုပင် မမီနိုင်ပေ။ ထို့အပြင် ကျင့်ကြံသူများတွင် ကျင့်ကြံမှုအရှိန်မြှင့်တင်ပေးမည့် ဆေးလုံးများ၊ ဝိညာဉ်ကျောက်စိမ်းများနှင့် ကောင်းကင်မြေကြီးမှ ရတနာများစွာ ရှိနေသေးသည်။
ခဏအကြာတွင်မူ စုန်ယန်သည် ထပ်မံ၍ နှစ်ပေါင်း ၃၃ နှစ်ကို အသုံးပြုကာ ရေနက်နဂါး အနှစ်သာရသွေးကို အောင်မြင်စွာ အစာခြေဖျက်နိုင်ခဲ့ပြန်သည်။ ဤတစ်ကြိမ်တွင်မူ သူ၏ သွေးစွမ်းအင်များ သိသိသာသာ မြင့်တက်လာပြီး ဆန်းသစ်လှသော အထူးဓားချီတစ်မျိုးဖြစ်သည့် မြစ်ခွဲဓားချီကို နားလည်သဘောပေါက်သွားခဲ့သည်။
ဤမြစ်ခွဲဓားချီမှာ စုန်ယန် တတ်မြောက်ထားသမျှ အထူးဓားချီ ခြောက်မျိုးထဲတွင် အားအကောင်းဆုံးနှင့် အကြမ်းတမ်းဆုံး ဖြစ်ပေလိမ့်မည်။ ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် မြစ်ရေပြင်ကို နှစ်ခြမ်းကွဲသွားစေနိုင်ပြီး ငြိမ်သက်နေသော ရေပြင်ထက်တွင် ဒီရေလှိုင်းကြီးများကို ထကြွစေနိုင်သည်။ နွေရာသီ မိုးသက်မုန်တိုင်းကြား သမုဒ္ဒရာထဲသို့ တိုးဝင်သွားသော နဂါးတစ်ကောင်ကဲ့သို့ ပြင်းထန်လှသော အရှိန်အဝါနှင့် ထစ်ချုန်းသံများကို ဖော်ဆောင်ပေးသည့် ပညာရပ်ပင်။
ယခုအခါ စုန်ယန်၏ ခရမ်းရောင်နန်းတော်ရှိ နန်းတော်ကိုးခုအနက် ခြောက်ခုမှာ ပြည့်စုံသွားပြီဖြစ်သည်။ သူသည် သူ၏ အချက်အလက်စာမျက်နှာကို တစ်ချက်ကြည့်လိုက်ရာ [သက်တမ်း: ၃၄/၁၁၆၆၃] ဟု ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ကျန်ရှိနေသေးသော လေဓာတ်ဝိညာဉ်ကြိုးကြာသွေးကိုမူ သိုလှောင်အိတ်အတွင်း သေသေချာချာ သိမ်းဆည်းလိုက်သည်။
အကယ်၍သာ မြေခွေးနှင့် ဝံပုလွေမိစ္ဆာများကို ဤအခြေအနေနှင့်ပင် မယှဉ်နိုင်ပါက သူသည် တစ်နေရာတွင် ပုန်းကွယ်လျက် ဤကြိုးကြာသွေးကို အသုံးပြုကာ ခရမ်းရောင်နန်းတော် နောက်ဆုံးအဆင့်သို့ အတင်းအဓမ္မ ထိုးဖောက်တက်လှမ်းမည်ဟု ဆုံးဖြတ်ထားသည်။
လုပ်ဆောင်စရာများ ပြီးစီးသွားသောအခါ စုန်ယန်သည် ပြတင်းပေါက်ပြင်ပမှ တိုက်ပွဲများကို တည်ငြိမ်စွာ အကဲခတ်လိုက်သည်။ ပတ်ဝန်းကျင်ရှိ ရေငွေ့များကို အာရုံခံမိပြီးနောက် သူသည် အကြံတစ်ခု ရရှိသွားသည်။ သူသည် မြေခွေးမိစ္ဆာ ရုပ်သေးရုပ်တစ်ခုကို ထုတ်ယူကာ သူ၏ ရုပ်သွင်အဖြစ် ပြောင်းလဲလိုက်ပြီး ခြေရာဖျောက်အစီအရင်အတွင်း၌ ထားရှိခဲ့သည်။
အခွင့်ကောင်းကို အသုံးချလျက် သူသည် သူ၏ အရှိန်အဝါကို အလုံးစုံဖုံးကွယ်ကာ အပြင်သို့ ထွက်လာခဲ့သည်။ တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်စွာပင် မြူပင်လယ်၏ အနက်ရှိုင်းဆုံး ရေအောက်ပိုင်းသို့ ငုပ်လျှိုးသွားပြီး ရေအောက်ကြမ်းပြင်တွင် ငြိမ်သက်စွာ ရပ်တန့်လျက် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေတော့သည်။
ဝိညာဉ်ငါးမန်းနှင့် ရေနက်နဂါးသွေးများကို သန့်စင်ထားပြီး ဖြစ်သည့်အတွက် သူသည် ရေအောက်တွင် ကုန်းပေါ်မှာကဲ့သို့ပင် လွတ်လပ်ပေါ့ပါးစွာ လှုပ်ရှားနိုင်နေပြီဖြစ်သည်။ တိုက်ခိုက်ရေးဆိုင်ရာ အဆောင်လက်ဖွဲ့များကိုလည်း သူ အလုံအလောက် ပြင်ဆင်ထားပြီးသားပင်။
"တိုက်ကြ... သတ်ကြ... ဟီးဟီး..."
အဘွားအိုဟုန်သည် ရေစပ်ရှိ ကျောက်ဆောင်တစ်ခုပေါ်တွင် ထိုင်လျက် အဝေးက တိုက်ပွဲကို အရသာခံ ကြည့်နေသည်။ သွေးနံ့များကို ရှူရှိုက်ရင်း သူမဘေးရှိ ဧရာမ ဝံပုလွေမည်းကြီးကို လှမ်းပြောလိုက်သည်။
"ငါပြောသားပဲ... အပြင်မှာ အစာလိုက်ရှာတာက ဒီနေရာကို မမီပါဘူး။ လူသားတွေ အချင်းချင်း သတ်ဖြတ်နေကြတာကို ကြည့်ရတာ တကယ်ကို ပျော်စရာကောင်းတယ် မဟုတ်ဘူးလား"
ဗိုလ်ချုပ်ကူးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း "ခွေးအချင်းချင်း ကိုက်နေတာကို ကြည့်ရတာ ဘာများပျော်စရာရှိလို့လဲ မင်းက လူသားတွေနဲ့ အတော်လေး နီးစပ်နေပုံပဲ" ဟု ခပ်အေးအေး တုံ့ပြန်သည်။
"ပြောရုံပြောတာပါ... စိတ်မဆိုးပါနဲ့။ မင်းက မြင့်မြတ်တဲ့ အလောင်းစားဝံပုလွေမျိုးနွယ်ပဲလေ။ ဒီလို အောက်တန်းစား ခွေးတွေနဲ့ ဘယ်တူပါ့မလဲ"
အဘွားအိုဟုန်က ပြန်ချော့လိုက်သည်။
ဗိုလ်ချုပ်ကူးသည် ခေါင်းကိုမော့ကာ အဝေးက လေထုကို နမ်းရှုံ့ကြည့်လိုက်ရာ သွားရည်များပင် ကျလာတော့သည်။ သူက ခပ်တိုးတိုး ရယ်မောရင်း "ဒီလောက်ဝေးတဲ့ နေရာကနေတောင် သွေးသားရဲ့ ချိုမြိန်တဲ့ အနံ့ကို ငါရနေပြီ။ ဒီနေ့တော့ ဓားဂိုဏ်းကလူတွေ အများကြီး သေကုန်ကြပြီထင်တယ်။ ငါ အခုကတည်းက ပြောထားမယ်... ဟိုအကြီးအကဲရဲ့ အသားကတော့ ငါ့အပိုင်ပဲ"
အဘွားအိုဟုန်က ဂရုမစိုက်ဘဲ တိုက်ပွဲသံများ လျော့ပါးသွားချိန်မှသာ ကျောက်ဆောင်ပေါ်မှ ဆင်းကာ ပြေးထွက်သွားရင်း လှမ်းအော်လိုက်သည်။
"အချိန်တန်ပြီ"
ဗိုလ်ချုပ်ကူးကလည်း ယုတ်မာစွာ ပြုံးလိုက်ပြီး "ဒီစကားကို ငါစောင့်နေတာ ကြာပြီ" ဟု ပြောကာ နောက်မှ ထပ်ကြပ်မကွာ လိုက်သွားတော့သည်။
မိစ္ဆာအရိပ်နှစ်ခုသည် ကျွန်းစုများပေါ်သို့ မှိုင်းတိုက်သကဲ့သို့ ပျံသန်းလာကြပြီး လမ်းခုလတ်တွင် တွေ့သမျှ ကျင့်ကြံသူများကို ဖမ်းဆီးကာ အသည်းနှလုံးများကို အရှင်လတ်လတ် ဖောက်စားရင်း သွေးအလိမ်းလိမ်းဖြင့် အရသာခံနေကြသည်။ ယနေ့သည် သူတို့အတွက်တော့ အကောင်းဆုံးသော ပွဲတော်ရက်ပင်။
သွေးနှင့် ထူးကဲချီ အရှိန်အဝါများကို နမ်းရှုံ့ရင်း မိစ္ဆာနှစ်ကောင်မှာ ကြေးနီစာကလေးကျွန်းအနီးသို့ ရောက်ရှိလာခဲ့ကြသည်။
ဗိုလ်ချုပ်ကူးက ဝမ်းသာအားရဖြင့် "ရှေ့မှာပဲဆိုတာ ငါသိသားပဲ... ဟိုရုပ်သေးမိစ္ဆာတွေက အလောင်းတွေကို စုပုံထားတာ ဖြစ်ရမယ်။ ဒီလောက်ပြင်းတဲ့ သွေးနံ့ဆိုရင် အနည်းဆုံး ခရမ်းရောင်နန်းတော် အဆင့် အလောင်း ငါးလောင်း ခြောက်လောင်းလောက်တော့ ရှိမှာပဲ။ ကောင်းတယ်... တကယ့်ကို ကောင်းတယ်" ဟု ပြောလိုက်သည်။
သူသည် ရှေ့သို့ အတင်းတိုးရန် ပြင်လိုက်စဉ်မှာပင် အနီရောင်ဝတ်စုံနှင့် မြေခွေးမကြီးက သူ့ကို လှမ်းဆွဲတားလိုက်သည်။ ဗိုလ်ချုပ်ကူးက ဒေါသတကြီးဖြင့် အံကြိတ်ကာ "ငါ့အစာကို မင်းက တားရဲတာလား" ဟု မေးလိုက်ရာ အဘွားအိုဟုန်က ပါးနပ်စွာဖြင့် "ပိုပြီး ဘေးကင်းတဲ့ စားသောက်ရမယ့် နေရာကို ရှာနေတာပါ" ဟု ပြန်ဖြေသည်။
သူမသည် ရေလယ်က သဲသောင်ခုံလေးတစ်ခုကို ရွေးချယ်လိုက်ပြီး "အဲဒီမှာပဲ စောင့်ရအောင် ဟိုမိစ္ဆာကောင်တွေကိုပဲ အလောင်းတွေ ဒီဆီ ယူလာခိုင်းလိုက်မယ်" ဟု ပြောလိုက်သည်။ ဗိုလ်ချုပ်ကူးက မကျေမနပ် ညည်းညူနေသော်လည်း မြေခွေးမ၏ အကြံပေးချက်ကို အမြဲနားထောင်လေ့ရှိသည့်အတိုင်း လိုက်နာလိုက်သည်။
ဖတ်….
မိစ္ဆာနှစ်ကောင်မှာ သဲသောင်ခုံလေးပေါ်သို့ ဆင်းသက်လိုက်ကြသည်။ ထို့နောက် ဗိုလ်ချုပ်ကူးသည် ခေါင်းကိုမော့ကာ ကြောက်မက်ဖွယ်ကောင်းသော ဝံပုလွေဟောင်သံကြီးကို လွှတ်ထုတ်လိုက်တော့သည်။
"ဝူး……"
ထိုဟောင်သံသည် ပတ်ဝန်းကျင်ရှိ သက်ရှိအားလုံး၏ သွေးများကို ဆူပွက်လာစေပြီး နှလုံးခုန်နှုန်းများကို မြန်ဆန်စေကာ ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။ ရေအောက်ရှိ ငါးများမှာ မျက်စိနှင့် ပါးစပ်တို့မှ သွေးများပန်းထွက်လျက် ရေမျက်နှာပြင်ပေါ်သို့ ပေါ်လာကြပြီး အဆင့်နိမ့် မိစ္ဆာကောင်များမှာမူ ရေအောက်ရွှံ့နွံထဲတွင် မလှုပ်မယှက် ပုန်းကွယ်နေကြရသည်။
ဝံပုလွေဟောင်သံကြီးက ပဲ့တင်ထပ်နေစဉ်မှာပင် စူးရှလှသော ရယ်မောသံတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ အဘွားအိုဟုန်၏ မိစ္ဆာအရိပ်မှာ ပေပေါင်းများစွာအထိ ကြီးမားလာပြီး သူမ၏ လက်သည်းကြီးများမှာ သွေးရောင်လမင်းကြီးကိုပင် ဖုံးလွှမ်းသွားတော့သည်။ အမြီးသုံးချောင်းမှာ မီးခိုးတန်းကြီးများကဲ့သို့ ကောင်းကင်သို့ ဝေ့ယမ်းနေပြီး ဧရာမ မြေခွေးရိပ်ကြီးက အောက်ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
"ငါ ဗိုက်ဆာနေပြီ"
***