လွန်ခဲ့သော တစ်လခန့်ကမူ ရွှီဖန်ဆိုသည်မှာ မည်သူမျှ ဂရုမထားမိသည့် သာမန်လူတစ်ယောက်သာ ဖြစ်သည်။ သို့သော် တစ်နေ့တွင် နိုးလာသောအခါ သူသည် သူ၏ အနာဂတ်ကသူကိုယ်တိုင်နှင့် ဆက်သွယ်နိုင်သည့် ထူးခြားသော စွမ်းအင်တစ်ခုကို ရရှိထားကြောင်း ရုတ်တရက် သိရှိသွားခဲ့သည်။
ဤစွမ်းအားကို အသုံးချ၍ ရွှီဖန်သည် အရှိန်အဟုန်ဖြင့် အာဏာရရှိလာခဲ့ပြီး အန်းကျန်းမြို့၏ အကြီးဆုံးမိသားစုဖြစ်သော ကျန်းမိသားစုကို စကားအနည်းငယ်ဖြင့်ပင် သိမ်းသွင်းနိုင်ခဲ့သည်။ ထို့နောက်တွင်မူ သူသည် ဤစွမ်းအားကိုပင် အခြေခံကာ ကျန်းမိသားစုကို ဦးဆောင်၍ ဇီဝေချန်မိသားစုထံမှ ဝိညာဉ်ကျောက်တုံးတွင်း အမြောက်အမြားကို လုယူနိုင်ခဲ့ပြီး တစ်လအတွင်းမှာတင် သူ၏ ကနဦး အရင်းအမြစ်များကို စုဆောင်းနိုင်ခဲ့တော့သည်။
“အခု ငါ့လက်ထဲမှာရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေက ငါ့ရဲ့ အရင်းအမြစ်တွေကို မြှင့်တင်ဖို့ လုံလောက်နေပြီ။ ပိုကောင်းတဲ့ ကျင့်စဉ်တွေ၊ နတ်ဘုရားလက်နက်တွေနဲ့ အဆောင်လက်ဖွဲ့တွေကို ရရှိနိုင်တော့မယ်။ ဒီနေရာကနေ ထွက်ခွာပြီး ငါ့ရဲ့ ကျင့်ကြံမှုကို ရေရှည် အထောက်အကူပြုနိုင်မယ့် တခြားနေရာတစ်ခုကို ရှာရမယ်”
ရွှီဖန်က အသာအယာ ပြုံးလိုက်သည်။
“အဲဒီကျမှ စိတ်အေးလက်အေးနဲ့ ငါ့ရဲ့ စွမ်းအားကို ထပ်ပြီး တိုးတက်အောင် လုပ်ရမယ်။ ချန်မိသားစုဆီက ဝိညာဉ်ကျောက်တုံးတွေကို လုဖို့လောက်ပဲ ဒီစွမ်းအားကို သုံးနေရတာက ပါရမီဖြုန်းတီးရာ ရောက်လွန်းတယ်”
ရွှီဖန် တွေးတောနေစဉ်မှာပင် ဝတ်ရုံနက်ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသော လူတစ်ဦးသည် အဝေးမှနေ၍ ယိုင်တိယိုင်တိုင်ဖြင့် ပြေးလာခဲ့သည်။ သို့သော် ကျန်း
မိသားစုဝင်များမှာမူ မည်သူမျှ သတိမထားမိကြဘဲ သူ့တို့အလုပ်ကိုသာ ဆက်လက် လုပ်ကိုင်နေကြ၏။
သွေးအလိမ်းလိမ်းနှင့် ဝတ်ရုံနက်ဝတ်လူမှာ ယိမ်းထိုးလျက် ရွှီဖန်၏ ရှေ့မှောက်သို့ ပြင်းထန်စွာ လဲကျသွားတော့သည်။
“ငါက... နောက်သုံးရက်အကြာမှာ ရှိနေမယ့် မင်းပဲ...”
“ချန်ကျီရှင်း... တကယ့်ကို ကြောက်စရာကောင်းတဲ့ ရန်သူပဲ”
ထိုစကားတစ်ခွန်းကိုသာ ပြောပြီးနောက် ဝတ်ရုံနက်ဝတ်လူမှာ မရေမတွက်နိုင်သော သဲပွင့်များအဖြစ် ပြောင်းလဲသွားကာ ရွှီဖန်၏ ရှေ့မှောက်မှ ပျောက်ကွယ်သွားတော့သည်။
ရွှီဖန်၏ မျက်လုံးများမှာ အနည်းငယ် မှေးစင်းသွားတော့၏။
“ကျန်းမိသားစုကို ခေါ်ပြီး ထွက်ပြေးဖို့ ရွေးချယ်မယ်ဆိုရင် ငါ ရှုံးနိမ့်သွားလိမ့်မယ် ထင်တယ်”
ရွှီဖန်က တိုးတိုးလေး ရေရွတ်လိုက်ရင်း အတွေးများကို စတင် လှည့်ပတ်လိုက်သည်။ သူ၏ စွမ်းအား၌ အကြီးမားဆုံး အားသာချက်မှာ အမှားအယွင်းများကို အကြိမ်ကြိမ် စမ်းသပ်ကြည့်ရှုနိုင်သည့် အခွင့်အရေးရှိနေခြင်းပင်။
အနာဂတ်ဆိုသည်မှာ တစ်ထပ်တည်း ပုံသေကားကျ ရှိနေသည်မဟုတ်ဘဲ သူ၏ အတွေးစတိုင်းပေါ် မူတည်၍ မရေမတွက်နိုင်သော လမ်းခွဲများအဖြစ် ဖြာထွက်နေခြင်း ဖြစ်သည်။ သူသည် ထိုမရေမတွက်နိုင်သော လမ်းခွဲများကြားမှ အကောင်းဆုံး ရွေးချယ်မှုကို အမှားအယွင်းများ စမ်းသပ်ကြည့်ခြင်းဖြင့် ရှာဖွေနိုင်စွမ်း ရှိသည်။
အစောပိုင်းက သွေးအလိမ်းလိမ်းနှင့် ဝတ်ရုံနက်ဝတ်လူမှာ အနာဂတ်လမ်းခွဲတစ်ခုမှ သုံးရက်အကြာတွင် ရှိနေမည့် သူကိုယ်တိုင်ပင်။
သူ စိတ်ကူးကြည့်ခဲ့သော အနာဂတ်လမ်းစဉ်အတိုင်း ကျန်းမိသားစုနှင့်အတူ ထွက်ပြေးမည်ဆိုပါက သူ ရှုံးနိမ့်သွားမည်မှာ ထင်ရှားသည်။ အကယ်၍ ထိုအတိုင်းသာ ဆက်သွားမည်ဆိုလျှင် သူ၏ အနာဂတ်ကိုယ်တိုင်မှာ ချန်ကျီရှင်း၏ လက်ချက်ဖြင့် သေဆုံးရပေလိမ့်မည်။
“ချန်ကျီရှင်း...”
ရွှီဖန်၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။ သူသည် သူ၏ အနာဂတ်ကိုယ်တိုင်နှင့် အကြိမ်ပေါင်းများစွာ ဆက်သွယ်ခဲ့ပြီး ဖြစ်သော်လည်း အကြိမ်တိုင်းတွင် သူ၏ အနာဂတ်ကိုယ်တိုင်က လက်ရှိကိုယ်တိုင်ကို သတိပေးနေခဲ့သည်။
ချန်ကျီရှင်းဆိုတာ အရမ်း အန္တရာယ်များတဲ့သူ တကယ့်ကို ကြောက်စရာကောင်းတဲ့ ရန်သူပဲ။
“ဒါဆိုရင် ငါ ဒီလိုလုပ်ကြည့်ရင်ကော...”
ရွှီဖန်သည် သာယာလှပသော အနာဂတ်အိမ်မက်များတွင် နစ်မျောနေကြသည့် ကျန်းမိသားစုဝင်များကို ကြည့်ရင်း သူ၏မျက်ဝန်းများတွင် တွေးတောဆင်ခြင်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။
ဇီဝေတောင်တန်း...
ချန်ကျီရှင်းသည် ချန်ပုချီကို တတိယတောင်ထိပ်သို့ ခေါ်ဆောင်လာခဲ့ပြီးနောက် ချန်ပုချီမှာ တစ်နေရာ၌ ပုန်းကွယ်နေခဲ့သည်။ မှောင်မည်းလှသော သံလှောင်အိမ်အတွင်းမှ အပြင်သို့ ထွက်လာသည်မှာ မကြာသေးသဖြင့် ချန်ပုချီအနေဖြင့် ပြင်ပလောကနှင့် အပြည့်အဝ အသားမကျသေးကြောင်း ချန်ကျီရှင်း နားလည်ထားသည်။
ထို့ကြောင့် ချန်ကျီရှင်းသည် ချန်ပုချီအား လူပုံအလယ်သို့ ထွက်လာရန် အတင်းအကျပ် မတိုက်တွန်းခဲ့ပေ။
“ဒါ... တတိယသခင်လေးလားခင်ဗျာ”
အဝေးတစ်နေရာမှ မဝံ့မရဲ ခေါ်ဆိုလိုက်သော အသံတစ်ခုကို ချန်ကျီရှင်း ကြားလိုက်ရသည်။
“ဆရာလူလား”
ချန်ကျီရှင်းက လှမ်းကြည့်လိုက်ပြီးနောက် ချက်ချင်းပင် အသာအယာ ပြုံးလိုက်တော့သည်။
“တတိယသခင်လေး... သခင်လေး... နောက်ဆုံးတော့ ထွက်လာခဲ့ပြီပေါ့”
မျက်မမြင်ပညာရှိ လူပင်း၏ လေသံတွင် ဝမ်းသာရိပ်များ ယှက်သန်းနေသော်လည်း ချန်ကျီရှင်းကို အနှောင့်အယှက် ဖြစ်သွားမည်စိုး၍ သူက အလျင်အမြန်ပင် မေးမြန်းလိုက်သည်။
“တတိယသခင်လေး... အခု အချိန်အားရဲ့လားခင်ဗျာ”
“အားပါတယ်”
ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် လူပင်းကို အဓိကခန်းမဆောင်အတွင်းသို့ ဖိတ်ခေါ်ခဲ့သည်။
ခန်းမအတွင်းသို့ ရောက်သည်နှင့် လူပင်းက စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ် ပြောဆိုတော့သည်။
“ပြီးခဲ့တဲ့တစ်ခေါက်က တတိယသခင်လေး ပြောပြခဲ့တဲ့ ဖြူစင်တဲ့ရည်ရွယ်ချက်နဲ့ ဖြောင့်မတ်တဲ့နှလုံးသားဆိုတဲ့ စကားလုံးတွေအပေါ်မှာ ကျွန်တော် ဒီရက်ပိုင်းအတွင်း အကြိမ်ကြိမ် စဉ်းစားနေခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ တွေးတွေး စစ်မှန်တဲ့ အဖြေကို ရှာမတွေ့နိုင်ခဲ့ဘူး”
“တတိယသခင်လေးအနေနဲ့ ဒါကို ရှင်းလင်းပေးလို့ ရမလားခင်ဗျာ”
ပြောပြီးသည်နှင့် လူပင်းသည် ချန်ကျီရှင်းကို အရိုအသေပေးကာ ဦးညွှတ်လိုက်သည်။
ချန်ကျီရှင်းက လူပင်းကို ပြန်လည်ထိုင်ခိုင်းလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
“ကွန်ဖူးရှပ်ဝါဒနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် အများကြီး မလေ့လာဖူးပါဘူး။ ဒါပေမဲ့ ခင်ဗျားက မေးလာမှတော့ ကျွန်တော် သိသလောက်လေးပဲ အေးအေးဆေးဆေး ပြောပြပေးပါ့မယ်”
ထို့နောက် ချန်ကျီရှင်းသည် လက်ဖက်ရည်ကို တစ်ငုံသောက်ကာ ခေတ္တမျှ စဉ်းစားပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။
“ဗုဒ္ဓဘာသာရဲ့ ဇင်ဂိုဏ်းမှာ ကဗျာတစ်ပုဒ် ရှိတယ်ဗျ။ စိတ်သည် ဗောဓိပင်၊ ကိုယ်သည် မှန်တင်ခုံ၊ ဖုန်မတင်အောင် အမြဲတမ်း တိုက်ချွတ်သန့်စင်ပါတဲ့”
“နောက်ပိုင်းမှာတော့ တခြားသော ဇင်ဆရာကြီးတစ်ပါးက ဒီကဗျာကို ဗောဓိပင်ဆိုတာလည်း မရှိ၊ မှန်တင်ခုံဆိုတာလည်း မရှိ။ မူလကတည်းက ဘာမှမရှိတာ ဘယ်နေရာမှာ ဖုန်တင်မှာလဲလို့ ပြန်လည် ပြင်ဆင်ခဲ့တယ်”
“ကျွန်တော့်အမြင်အရတော့ ဒီကဗျာနှစ်ပုဒ်လုံးက မှန်ကန်ပါတယ်။ ဒါပေမဲ့ နောက်တစ်ပုဒ်က ဗုဒ္ဓဘာသာရဲ့ အနှစ်သာရနဲ့ ပိုနီးစပ်ပြီး ရှေ့ကတစ်ပုဒ်ကတော့ ကွန်ဖူးရှပ်ဝါဒရဲ့ ဖြူစင်တဲ့ရည်ရွယ်ချက်နဲ့ ဖြောင့်မတ်တဲ့နှလုံးသားဆိုတဲ့ အယူအဆနဲ့ ပိုပြီး ကိုက်ညီမှုရှိတယ်”
“ကဗျာထဲက ဖုန်မတင်အောင် အမြဲတမ်း တိုက်ချွတ်သန့်စင်ပါဆိုတဲ့ စာသားက ကွန်ဖူးရှပ်ဝါဒရဲ့ တစ်နေ့ကို ကိုယ့်ကိုယ်ကိုယ် သုံးကြိမ် ပြန်လည်ဆန်းစစ်ပါဆိုတဲ့ စကားနဲ့ ထပ်တူကျနေတာပဲ”
လူပင်းသည် ဤစကားကို ကြားသောအခါ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး “ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် အမြဲ ပြန်လည်ဆန်းစစ်လေ့ ရှိပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ ဖြူစင်တဲ့ရည်ရွယ်ချက်နဲ့ ဖြောင့်မတ်တဲ့နှလုံးသားဆိုတဲ့ အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်း အလိုဖြစ်နေသလို ခံစားနေရတာလဲ” ဟု မေးမြန်းလိုက်၏။
ချန်ကျီရှင်းက ရယ်မောလိုက်ရင်း “ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ရုံသက်သက်နဲ့တော့ အဲဒီအဆင့်ကို မရောက်နိုင်ပါဘူး။ ကျမ်းဂန်တွေမှာ ဆိုထားတာက ကိုယ့်ကိုကိုယ် ကျင့်ကြံဖို့အတွက် အရင်ဆုံး နှလုံးသားကို ဖြောင့်မတ်အောင်လုပ်ရမယ်၊ နှလုံးသားကို ဖြောင့်မတ်အောင်လုပ်ဖို့အတွက် အရင်ဆုံး ရည်ရွယ်ချက်ကို ဖြူစင်အောင်လုပ်ရမယ်၊ ရည်ရွယ်ချက်ကို ဖြူစင်အောင်လုပ်ဖို့အတွက် အရင်ဆုံး အသိပညာဗဟုသုတကို ကျယ်ပြန့်အောင် လုပ်ရမယ်တဲ့”
“ရိုးရိုးလေး ပြောရရင် ခင်ဗျားရဲ့ ပြန်လည်ဆန်းစစ်မှုက ကိုယ်ကျင့်တရားနဲ့ လုပ်ရပ်တွေအပေါ်မှာတင် မကဘဲ အဲဒီအရာတွေက ခင်ဗျားရဲ့ ပန်းတိုင်တွေနဲ့ ပိုနီးစပ်သွားစေသလား ဆိုတာကိုပါ ဆန်းစစ်ရမှာပါ”
“ အသိပညာဗဟုသုတ ကျယ်ပြန့်အောင်လုပ်ခြင်းဆိုတာက ဘာလဲ။ အဲဒါကတော့ ခင်ဗျား ဘာကို ရှာဖွေနေတာလဲ၊ ဘာကြောင့် ရှာဖွေရတာလဲ ဆိုတာကို အရင်ဆုံး သိအောင်လုပ်ဖို့ပဲ”
“ဒါကို နားလည်သွားပြီဆိုရင်တော့ ခင်ဗျားရဲ့ ရည်ရွယ်ချက်ကို ဖြူစင်အောင် လုပ်နိုင်ပြီပေါ့”
သူ့စကားလည်း ဆုံးရော...
မျက်မမြင်ပညာရှိ လူပင်းမှာ ရုတ်တရက် အသိဝင်သွားသကဲ့သို့ မှင်တက်သွားပြီး မျက်နှာတွင် ဝေခွဲမရသည့် အမူအရာများ ဟပ်ထိုးပြောင်းလဲသွားတော့သည်။
ငါ ဘာလို့ ဒီပညာရပ်တွေကို ဒီလောက်အထိ လေ့လာနေရတာလဲ။
လူပင်းသည် ခေါင်းငုံ့လျက် သူ၏အတွေးများမှာ လုံးဝ ဖရိုဖရဲ ဖြစ်သွားတော့သည်။ ကွန်ဖူးရှပ်ဝါဒကို စတင်ကျင့်ကြံကတည်းက သူသည် နေ့စဉ် မည်မျှဖတ်ရှုခဲ့ပြီး သူ၏လုပ်ရပ်များမှာ မှန်ကန်မှုရှိမရှိကိုသာ ဝီရိယရှိရှိ ပြန်လည်ဆန်းစစ်ခဲ့သည်။
သို့သော် သူသည် တစ်နေ့တွင် ပညာရှိကြီးတစ်ဦး ဖြစ်လာခဲ့လျှင် ဘာဆက်လုပ်မလဲဟူသော အချက်ကိုမူ သူ လုံးဝ မစဉ်းစားခဲ့ဖူးချေ။
ချန်ကျီရှင်းသည် လူပင်းကို တစ်ချက်ကြည့်လိုက်ပြီး ကြားဖြတ်မပြောဘဲ လွှတ်ထားပေးလိုက်သည်။ ခဏအကြာမှသာ သူက စကားပြန်ပြောလိုက်သည်။
“အသိပညာဗဟုသုတကို ကျယ်ပြန့်အောင်လုပ်ဖို့ဆိုရင် အရာခပ်သိမ်းရဲ့ သဘောတရားတွေကို အရင်ဆုံး နားလည်အောင် လုပ်ရမယ်။ အဲဒီသဘောတရားတွေကို နားလည်မှသာ အသိဉာဏ်ပွင့်လင်းလာမယ်။ အသိဉာဏ်ပွင့်လင်းလာမှသာ ရည်ရွယ်ချက်က ဖြူစင်မယ်။ ရည်ရွယ်ချက်ဖြူစင်မှသာ နှလုံးသားက ဖြောင့်မတ်မယ်။ နှလုံးသားဖြောင့်မတ်မှသာ ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံနိုင်မယ်။ ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံနိုင်မှသာ မိသားစုကို ထိန်းကျောင်းနိုင်မယ်။ မိသားစုကို ထိန်းကျောင်းနိုင်မှသာ နိုင်ငံကို အုပ်ချုပ်နိုင်မယ်။ နိုင်ငံကို အုပ်ချုပ်နိုင်မှသာ ကမ္ဘာလောကကြီး ငြိမ်းချမ်းသာယာမှာပါ….”
ဝုန်း
ဤစကားလုံးများ ထွက်ပေါ်လာသည်နှင့်အမျှ လူပင်းမှာ ရုတ်တရက် ခေါင်းမော့လာပြီး ချန်ကျီရှင်းကို စိုက်ကြည့်လိုက်တော့သည်။
“တတိယသခင်လေး... သခင်လေး ဆိုလိုတာက ကျွန်တော့်အနေနဲ့ ကိုယ့်ကိုကိုယ်ကျင့်ကြံခြင်း၊ မိသားစုကိုထိန်းကျောင်းခြင်း၊ နိုင်ငံကိုအုပ်ချုပ်ခြင်းနဲ့ ကမ္ဘာလောကကြီး ငြိမ်းချမ်းအောင်
လုပ်ဆောင်ခြင်း လမ်းစဉ်ကို လိုက်လှမ်းသင့်တယ်လို့ ပြောတာလားခင်ဗျာ”
လူပင်းက မေးလိုက်သည်။
ချန်ကျီရှင်းက ခေါင်းခါယမ်းလိုက်ပြီး “အဲဒီလိုတော့လည်း မဟုတ်ပါဘူး။ လူတိုင်းမှာ ကိုယ်စီလမ်းစဉ် ရှိကြတာပဲ။ တခြားသူတွေက အဲဒီလမ်းစဉ်တွေကို လိုက်လှမ်းနေကြပေမဲ့ ခင်ဗျားလည်း အဲဒီအတိုင်း လုပ်ရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ဒါကို ရည်ညွှန်းချက်တစ်ခုအနေနဲ့တော့ ယူလို့ရပါတယ်။ ကျွန်တော်ပြောတာကို နားလည်ရဲ့လား”
လူပင်းသည် တစ်စုံတစ်ခုကို ရိပ်မိသွားသကဲ့သို့ ခေါင်းအသာအယာ ညိတ်လိုက်သည်။
ချန်ကျီရှင်းက မတ်တပ်ရပ်လိုက်ပြီး ပြုံးလျက် “ကဲ... ဒီနေ့တော့ ဒီလောက်နဲ့ပဲ တော်ကြရအောင်။ ဆရာလူ... နောက်ရက်တွေမှာ ခင်ဗျားရဲ့ ကိုယ်ပိုင်လမ်းစဉ်အကြောင်းကို အေးအေးဆေးဆေး စဉ်းစားကြည့်ပါဦး။ အသိပညာဗဟုသုတ ကျယ်ပြန့်ခြင်းဆိုတဲ့ အဆင့်ကို ရောက်အောင် ကြိုးစားပါ။ အဲဒီလိုဖြစ်မှသာ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဖြူစင်ပြီး နှလုံးသားက ဖြောင့်မတ်လာမှာပါ။ အဲဒီအခါကျမှ ခင်ဗျားရဲ့ လုပ်ရပ်တွေနဲ့ အတွေးတွေကလည်း ဟန်ချက်ညီလာပါလိမ့်မယ်” ဟု ပြောလိုက်သည်။
ဤသို့ဆိုကာ ချန်ကျီရှင်းသည် ခန်းမဆောင်အတွင်းမှ ထွက်ခွာသွားတော့သည်။
လူပင်းတစ်ဦးတည်းသာ အတွေးနက်လျက် ကျန်ရစ်ခဲ့ပြီး သူ၏မျက်နှာတွင် နက်ရှိုင်းသော ဝေခွဲမရမှုနှင့် ပဋိပက္ခများ အရိပ်အယောင် ပေါ်လွင်နေတော့သည်။
...
နောက်တစ်နေ့ နံနက် မိုးသောက်ယံအချိန်တွင်...
လွင့်ပျံသင်္ဘောတစ်စင်းသည် ဇီဝေတောင်တန်းမှ ထွက်ခွာလာပြီး တိမ်တိုက်များကို ဖြတ်သန်းကာ အန်းကျန်းမြို့ဆီသို့ ဦးတည်ပျံသန်းနေသည်။
သင်္ဘောဦးပိုင်းတွင် ချန်ကျီရှင်းသည် ဝတ်ရုံဖြူကို ဆင်မြန်းလျက် တောက်ပပြိုင်ဘက်ကင်းသော အသွင်ဖြင့် ရပ်နေ၏။ သူ၏နောက်တွင်မူ နတ်ဘုရားခရီးသွားနယ်ပယ်အထွတ်အထိပ်အဆင့်ရှိ အကြီးအကဲငါးဦး လိုက်ပါလာကြသည်။
သူတို့၏ အနောက်ဘက် အဝေးတစ်နေရာတွင်မူ ကျိန်စာတံဆိပ်လူငယ်ချန်ပုချီသည် ထောင့်တစ်နေရာ၌ ငြိမ်သက်စွာ ရှိနေသည်။
“ကျန်းမိသားစု...”
ချန်ကျီရှင်းသည် မျက်လုံးများကို မှေးစင်းလိုက်ရာ သူ၏မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြတ်သန်းသွားတော့သည်။
***