“တတိယသခင်လေး”
ဝတ်ရုံပြာကို ဆင်မြန်းထားပြီး နတ်ဘုရားအလား အရှိန်အဝါများ တောက်ပနေသော အကြီးအကဲတစ်ဦးသည် သင်္ဘောခန်းအတွင်းမှ ထွက်ပေါ်လာသည်။
“သတ္တမတောင်ထိပ်သခင်”
ချန်ကျီရှင်းက ထိုအကြီးအကဲကို ကြည့်ကာ ပြုံးပြလိုက်သည်။ သူသည် ချန်မိသားစု၏ သတ္တမတောင်ထိပ်ကို အုပ်ချုပ်သူဖြစ်ပြီး ကျင့်ကြံမှုအဆင့်မှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် တတိယအဆင့်သို့ ရောက်ရှိနေသူဖြစ်သည်။ ချန်ကျီရှင်း၏ ယခုခရီးစဉ်အတွက် အားကိုးရဆုံးသော လက်ရုံးတစ်ဦးလည်း ဖြစ်သည်။
“တတိယသခင်လေး... သခင်လေး စုံစမ်းခိုင်းထားတဲ့ သတင်းအချက်အလက်တွေကို ကျွန်တော်မျိုး အသေအချာ စုံစမ်းစစ်ဆေးပြီးပါပြီ”
ဝတ်ရုံပြာနှင့် အကြီးအကဲက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
“ကျန်းမိသားစုမှာ တကယ့်ကို ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပျက်နေတာပါ”
“လွန်ခဲ့တဲ့ တစ်လလောက်က သားရေဝတ်ရုံဝတ်ထားတဲ့ လျှို့ဝှက်ဆန်းပြားတဲ့ အဘိုးအိုတစ်ယောက် ကျန်းမိသားစုဆီကို ရောက်လာခဲ့တယ်။ သူက သူ့မျိုးရိုးနာမည်က ရွှီလို့ ပြောခဲ့တယ်။ စကားအနည်းငယ် ပြောရုံနဲ့တင် နောက်သုံးရက်အတွင်း ကျန်းမိသားစုမှာ ဖြစ်လာမယ့် အရာအားလုံးကို သူက ကြိုတင်ဟောကိန်းထုတ်ခဲ့တာ။ အဲဒီကိစ္စက ကျန်းမိသားစုကို လုံးဝ မှင်တက်သွားစေခဲ့တယ်”
“ကျန်းမိသားစုရဲ့ ကျန်းဟီးကိုယ်တိုင်တောင် သူ့ကို အထူးဧည့်သည်တော်ကြီးလို ဆက်ဆံနေပြီး ဒီစီနီယာရွှီက တိုင်းတာလို့မရနိုင်တဲ့ အစွမ်းအစတွေ ပိုင်ဆိုင်ထားတယ်လို့ ပြောနေကြတာ”
“ဒီစီနီယာရွှီကို စိတ်ကျေနပ်မှုရစေဖို့အတွက် ကျန်းဟီးက သူရဲ့ အငယ်ဆုံးသမီးလေးကိုတောင် အဲဒီလူဆီ ဆက်သခဲ့သေးတယ်”
“အဲဒီနောက်ပိုင်းမှာတော့ ကျန်းမိသားစုဟာ အန်းကျန်းမြို့ကနေ ထွက်ခွာသွားပြီး ကျွန်တော်တို့ရဲ့ ဝိညာဉ်ကျောက်တုံးကြောတွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာပဲ။ ချန်မိသားစု တပည့်အတော်များများကိုလည်း သတ်ဖြတ်ခဲ့ပြီး ဝိညာဉ်ကျောက်တုံး တစ်သန်းကျော်လောက်အထိ ဆုံးရှုံးအောင် လုပ်ဆောင်ခဲ့ကြတယ်”
ဤစကားကို ကြားသောအခါ ချန်ကျီရှင်းက ခေါင်းညိတ်လိုက်သည်။
“မျိုးရိုးနာမည် ရွှီ... အနာဂတ်ကို ကြိုမြင်နေတာ...”
ချန်ကျီရှင်း၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပြီး သူ၏ အဆုံးအဖြတ်မှာ မှန်ကန်ကြောင်း အသေအချာ သိလိုက်ရသည်။
ဤရွှီဆိုသူမှာ ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်ကိုးဦးအနက် တစ်ဦးဖြစ်ရန် သေချာသလောက် ရှိနေသည်။ အဘိုးအိုပုံစံ ဖန်တီးထားခြင်းမှာလည်း ရုပ်ဖျက်ထားသည့် နည်းလမ်းတစ်ခုသာ ဖြစ်ပေလိမ့်မည်။
“အခု ကျန်းမိသားစုဝင်တွေ ဘယ်မှာ ပုန်းနေကြလဲဆိုတာကိုရော သိရပြီလား”
ချန်ကျီရှင်းက သူ၏အတွေးများကို ပြန်လည်စုစည်းကာ မေးမြန်းလိုက်သည်။
“သူတို့တွေဟာ တောင်နက်တောအုပ်ထဲမှာ ရှိနေဆဲပဲလို့ ယူဆရပေမဲ့ သူတို့ ပုန်းနေတဲ့ နေရာအတိအကျကို သိဖို့ကတော့ အခုအချိန်မှာ ခက်ခဲနေပါသေးတယ်”
ဝတ်ရုံပြာနှင့် အကြီးအကဲက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“တောင်နက်တောအုပ်ဟာ ဝိညာဉ်ကျောက်တုံးကြောနဲ့ အလွန်နီးကပ်နေတာပါ။ အကယ်လို့ ကျွန်တော်တို့က အဲဒီတောအုပ်ကို အတင်းအဓမ္မ ဖျက်ဆီးပစ်မယ်ဆိုရင် ကျောက်တုံးကြောတစ်ခုလုံး ပျက်စီးသွားနိုင်သလို ကျောက်တုံးကြောရဲ့ စွမ်းအင်သက်ရောက်မှုတွေကလည်း ကျွန်တော်တို့ရဲ့ နတ်ဘုရားအာရုံတွေကို နှောင့်ယှက်နေနိုင်ပါတယ်”
“ပြောရမယ်ဆိုရင်တော့ ကျန်းမိသားစုက ပုန်းကွယ်ဖို့အတွက် တကယ့်ကို ပါးနပ်တဲ့ နေရာတစ်ခုကို ရွေးချယ်ခဲ့တာပဲ”
“ကောင်းပြီ... ငါနားလည်ပြီ”
ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် မျက်လုံးများကိုမှိတ်ကာ အနားယူနေလိုက်တော့သည်။
အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့၏။
မွန်းလွဲပိုင်းသို့ ရောက်သောအခါ...
ချန်မိသားစု၏ လွင့်ပျံသင်္ဘောသည် ဝိညာဉ်ကျောက်တုံးကြောရှိရာသို့ ဆိုက်ရောက်လာခဲ့သည်။ ထိုကျောက်တုံးကြောတစ်ခုလုံးကို တာဝန်ယူထားရသူမှာ နတ်ဘုရားခရီးသွားနယ်ပယ်အထွတ်အထိပ်အဆင့်ရှိ အကြီးအကဲတစ်ဦး ဖြစ်သည်။
ချန်ကျီရှင်းနှင့် အခြားသူများ ရောက်ရှိလာသည်ကို မြင်လျှင်ပင် ထိုအကြီးအကဲမှာ အဝေးမှနေ၍ အလျင်အမြန် လာရောက်ကြိုဆို၏။
“သတ္တမတောင်ထိပ်သခင်... ကျွန်တော်မျိုး တာဝန်ကျေပွန်အောင် မဆောင်ရွက်နိုင်ခဲ့ပါဘူး။ သေဒဏ်နဲ့ပဲ ထိုက်တန်ပါတယ်ခင်ဗျာ”
နတ်ဘုရားခရီးသွားနယ်ပယ် အကြီးအကဲမှာ ဘုန်းခနဲမြည်အောင် ဒူးထောက်ချလိုက်တော့သည်။
“ကျောက်တုံးကြောကို စောင့်ကြပ်ရာမှာ မင်းရဲ့ တာဝန်ပျက်ကွက်မှုနဲ့ ပတ်သက်ပြီး မိသားစုကို ပြန်ရောက်တာနဲ့ ဥပဒေစိုးမိုးရေးခန်းမက အရေးယူဆောင်ရွက်ပါလိမ့်မယ်”
သတ္တမတောင်ထိပ်သခင်က လေးလံသောလေသံဖြင့် ပြောလိုက်ပြီးနောက် နောက်သို့တစ်လှမ်းဆုတ်ကာ မိတ်ဆက်ပေးလိုက်သည်။
“ဒါကတော့ တတိယသခင်လေးပဲ။ ကျန်းမိသားစုကိစ္စကို သူကပဲ အဓိက တာဝန်ယူကိုင်တွယ်မှာ။ ငါကတော့ သူ့ကို ကူညီပေးဖို့ပဲ လိုက်လာတာ။ တတိယသခင်လေးကိုပဲ လျှောက်တင်လိုက်တော့”
ထိုအကြီးအကဲမှာ ဤစကားကို ကြားလိုက်ရသောအခါ အနည်းငယ် မှင်တက်သွားပြီး ချန်ကျီရှင်းကို ကြည့်လိုက်မိသည်။
ဇီဝေချန်မိသားစုနှင့် ဝေးကွာသောနေရာတွင် ရှိနေသော်လည်း တတိယသခင်လေး၏ အသုံးမကျပုံ၊ ပျော်ပါးမှုတွင်သာ နစ်မွန်းနေပြီး ရည်မှန်းချက်ကင်းမဲ့ပုံ သတင်းများကို သူ ကြားဖူးနားဝ ရှိသည်။ သို့သော်လည်း ချန်ကျီရှင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသောအခါ သူ အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့သည်။
သူ့ရှေ့မှောက်ရှိ တတိယသခင်လေးမှာ ထူးခြားလှသော အရှိန်အဝါရှိပြီး တည်ငြိမ်ရင့်ကျက်လှသည်။ မျက်ဝန်းများမှာလည်း အလင်းရောင်များ ဝန်းရံထားသကဲ့သို့ တောက်ပနေပြီး ကောလာဟလများထဲက အသုံးမကျသော ဒုတိယမျိုးဆက် သူဌေးသားတစ်ဦးနှင့် လုံးဝ မတူညီပေ။
“တတိယသခင်လေး...”
သူက စကားစရန် ပြင်လိုက်သော်လည်း...
“အကြီးအကဲဝူ ဟုတ်တယ်မလား။ အပိုစကားတွေ ပြောနေဖို့ မလိုပါဘူး။ အရင်ဆုံး ကျောက်တုံးကြောကို သွားကြည့်ရအောင်”
ချန်ကျီရှင်းက တည်ကြည်စွာ ပြောလိုက်သည်။
“ဟုတ်... ဟုတ်ကဲ့ပါ ဒီဘက်က ကြွပါ တတိယသခင်လေး”
အကြီးအကဲဝူသည် ချန်ကျီရှင်းကို ကျောက်တွင်းဆီသို့ အလျင်အမြန် လမ်းပြကာ ခေါ်ဆောင်သွားတော့သည်။
ကျောက်တွင်းကြီးမှာ အေးစိမ့်ကာ မှောင်မှိုင်နေသည်။ ချန်ကျီရှင်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ ဝိညာဉ်ကျောက်တုံးများ မြှုပ်နှံထားသော ကျောက်နံရံများမှာ ကြမ်းတမ်းရက်စက်စွာ ဖျက်ဆီးခံထားရသည်ကို တွေ့လိုက်ရသည်။
ဝိညာဉ်ကျောက်တုံး တစ်တုံးချင်းစီကို အတင်းအဓမ္မ တူးထုတ်ထားကြခြင်းပင်။ အချို့မှာ မြေကြီးထဲတွင် တစ်ဝက်တစ်ပျက် ကျန်ရစ်နေပြီး အချို့မှာမူ ပေါက်ကွဲမှုဒဏ်ကြောင့် အမှုန့်များပင် ဖြစ်နေချေပြီ။ ကြမ်းပြင်ပေါ်တွင်မူ အလောင်းပေါင်း ဆယ်ဂဏန်းကျော်ကို စီတန်းချထားသည်ကို တွေ့လိုက်ရ၏။
“ဒီယုတ်မာတဲ့ ခွေးကောင်တွေ... ဝိညာဉ်ကျောက်တုံးတွေကို လုယူရုံတင်မကဘဲ ငါတို့ ချန်
မိသားစုရဲ့ တပည့်တွေကိုပါ သတ်ဖြတ်သွားကြတယ်။ သူတို့တွေက ငါတို့မိသားစုရဲ့ အလားအလာရှိတဲ့ လူငယ်လေးတွေဗျာ”
အကြီးအကဲဝူမှာ အံကြိတ်ရင်း ဒေါသတကြီး ပြောဆိုနေပြီး သူ၏မျက်နှာတွင် အတိုင်းအဆမဲ့သော နာကျည်းမှုများဖြင့် ပြည့်နှက်နေသည်။
ချန်ကျီရှင်းက အောက်သို့ ငုံ့ကြည့်လိုက်သည်။
စီတန်းထားသော အလောင်း ဆယ်ဂဏန်းကျော်ထဲတွင် လူငယ်အတော်များများ ပါဝင်နေသည်။ သူတို့၏ မျက်နှာများမှာ နုပျိုလန်းဆန်းနေဆဲဖြစ်သော်လည်း မျက်လုံးများမှာမူ မကျေမနပ်ဖြစ်စွာ ပြူးကျယ်လျက်ရှိသည်။ အချို့မှာ နှလုံးသွေးကြောများ အပိုင်းပိုင်းပြတ်နေပြီး အချို့မှာမူ ခန္ဓာကိုယ်တစ်ဝက်ခန့် ပေါက်ကွဲပျက်စီးနေသည့်အတွက် ကြည့်မကောင်းလှပေ။
ဤလူငယ်များထဲမှ ထက်ဝက်ကျော်မှာ ပြီးခဲ့သည့် တောင်ပိုင်းနယ်စပ် စမ်းသပ်ပွဲတုန်းက သူ မြင်ဖူးခဲ့သော ရင်းနှီးသည့် မျက်နှာများ ဖြစ်ကြသည်။ သူတို့သည် ချန်မိသားစု၏ အနာဂတ်မျှော်လင့်ချက်များပင်။
မမျှော်လင့်ဘဲ သူတို့သည် ပြီးခဲ့သည့်အကြိမ်က တိုက်ခိုက်ခဲ့သောအဖွဲ့အစည်း၏ လက်ချက်ဖြင့် မသေဆုံးခဲ့ကြသော်လည်း ယခုမူ ကျန်းမိသားစုကြောင့် အသက်ဆုံးရှုံးခဲ့ကြရသည်။
“ကောင်းရာမွန်ရာ ရောက်ပါစေ...”
ချန်ကျီရှင်းသည် မည်သည့်အမူအရာမျှ မပြဘဲ လက်ကို ဆန့်ထုတ်ကာ ပြူးကျယ်နေသော ထိုမျက်လုံးများကို ညင်သာစွာ ပိတ်ပေးလိုက်သည်။
“လူတွေ လာကြစမ်း သူတို့ကို လွင့်ပျံသင်္ဘောပေါ် တင်ဆောင်ပြီး ဇီဝေတောင်တန်းဆီ ပြန်ပို့ပေးလိုက်ပါ။ ငါတို့ ချန်မိသားစုရဲ့ သားသမီးတွေက သေသွားရင်တောင် မိသားစုမြေမှာပဲ အနားယူရမယ်”
“အမိန့်တော်အတိုင်းပါ”
နတ်ဘုရားခရီးသွားနယ်ပယ်မှ အကြီးအကဲနှစ်ဦးက ကျယ်လောင်စွာ ထူးလိုက်ပြီး အလောင်းများကို ဂူအတွင်းမှ မယူကာ ထွက်ခွာသွားကြတော့သည်။
ချန်ကျီရှင်း ပြန်လည် မတ်တပ်ရပ်လိုက်ချိန်တွင်...
သူ၏ ချောမောသော မျက်နှာထက်၌ အမှောင်ရိပ်တစ်ခု ဖုံးလွှမ်းသွားတော့၏။
သူ၏ ရင်ဘတ်အတွင်းမှ မကြုံစဖူး ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ တိုးဝှေ့ထွက်ပေါ်လာခဲ့သည်။
“တတိယသခင်လေး... အခု ဘာဆက်လုပ်ကြမလဲခင်ဗျာ”
သတ္တမတောင်ထိပ်သခင်က တိုးညှင်းစွာ မေးမြန်းလိုက်သည်။
ချန်ကျီရှင်းက ပြန်လည်မဖြေကြားဘဲ ဂူအတွင်းမှ ထွက်ခွာကာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။ သူသည် ဝေဟင်တွင် ရပ်တန့်လျက် မိုးကုပ်စက်ဝိုင်းအထိ ကျယ်ပြန့်လှသော တောင်နက်တောအုပ်ကြီးကို အထက်စီးမှ ငုံ့ကြည့်လိုက်တော့သည်။
“ဒါဆို သူတို့က ပုန်းနေရတာကို သဘောကျတယ်ပေါ့လေ...”
ချန်ကျီရှင်း၏ အကြည့်များမှာ လျှပ်စစ်စီးကြောင်းအလား တောက်ပနေပြီး တောအုပ်တစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုနေသည်။
“လွင့်ပျံပန်းမန်”
သူ တိုးညှင်းစွာ ရေရွတ်လိုက်သည်နှင့်အမျှ မရေမတွက်နိုင်သော ပန်းပွင့်ဖတ်များမှာ ဟင်းလင်းပြင်အတွင်း စုစည်းလာတော့သည်။ ထို့နောက် ထိုပန်းပွင့်ဖတ်များသည် တောင်
နက်တောအုပ်တစ်ခုလုံးအတွင်းသို့ လွင့်ပျံကာ ပျံ့နှံ့သွားတော့၏။
နေဝင်ရိုးရီ အချိန်သို့ ရောက်ရှိလာခဲ့သည်။
တောင်နက်တောအုပ်ရှိ မြင့်မားလှသော သစ်ပင်ကြီးများမှာ ညမှောင်ရိပ်၏ ဝါးမြိုခြင်းကို စတင်ခံနေရပြီ ဖြစ်သည်။ ကောင်းကင်ယံ၌ ထိန်ထိန်သာနေသော လပြည့်ဝန်းကြီးမှာ အောက်ဘက်သို့ နူးညံ့သော အလင်းတန်းများကို ဖြာကျပေးထားသည်။
တောအုပ်အတွင်းရှိ ကွင်းပြင်တစ်ခု၌...
ကျန်းမိသားစု ခေါင်းဆောင် ကျန်းဟီးသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေရင်း တရားထိုင်ကျင့်ကြံနေကြသော မိသားစုဝင်များကို ကြည့်ကာ ကျေနပ်အားရစွာ ပြုံးနေမိသည်။
“ဖေဖေ... ကျွန်တော် ကြည်လင်ခြင်းနယ်ပယ်ကို ချိုးဖျက်နိုင်ခဲ့ပြီ။ ဒီဝိညာဉ်ကျောက်တုံးတွေရဲ့ အကူအညီနဲ့ဆိုရင် ကျင့်ကြံတဲ့အရှိန်က တကယ်ကို မြန်ဆန်လွန်းတယ်”
ကျန်းမိသားစု၏ သားကြီး ကျန်းခိုင်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ချဉ်းကပ်လာကာ ပြောလိုက်သည်။
“တည်တည်ငြိမ်ငြိမ် နေစမ်းပါ ဒါက အစပဲ ရှိသေးတာ။ စီနီယာရွှီရဲ့ နောက်ကို လိုက်နေသရွေ့ ငါတို့ရဲ့ အနာဂတ်က အကန့်အသတ်မရှိ တောက်ပနေမှာပဲ”
ကျန်းဟီးက တည်ငြိမ်စွာ ပြောလိုက်သည်။
“ဟားဟား... ဖေဖေကတော့ တကယ်ကို ရင့်ကျက်တည်ငြိမ်တာပဲ”
ကျန်းခိုင်ဖုန်းက ရယ်မောလိုက်ရင်း ပြီးခဲ့သည့် တစ်လအတွင်း ကျန်းမိသားစု၏ ပြောင်းလဲမှုများကို ပြန်လည်စဉ်းစားကာ အံ့သြမဆုံး ဖြစ်နေမိသည်။
မှန်ကန်သော မဟာမိတ်ကို ရွေးချယ်နိုင်ခြင်းမှာ အမှန်တကယ်ပင် အရေးကြီးလှသည်။
“ဒါနဲ့ ဖေဖေ... ဒီနေ့ မွန်းလွဲပိုင်းမှာ ချန်မိသားစုရဲ့ နောက်ထပ် လွင့်ပျံသင်္ဘောတစ်စင်း ဆိုက်ရောက်လာတာကို ကျွန်တော် သတိထားမိတယ်။ သူတို့ကို ခဏလောက် ရှောင်နေသင့်
လား...”
ကျန်းခိုင်ဖုန်းက တစ်စုံတစ်ခုကို သတိရဟန်ဖြင့် မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။
“ငါသိပါတယ်။ ဇီဝေတောင်တန်း တတိယတောင်ထိပ်က ချန်ကျီရှင်းဆိုတဲ့ ကောင်လေးပဲ မဟုတ်လား။ လူငယ်လေးတစ်ယောက်ပါပဲ”
ကျန်းဟီးက အေးဆေးစွာပင် “ဇီဝေချန်မိသားစုရဲ့ လှုပ်ရှားမှုတိုင်းက စီနီယာရွှီရဲ့ ဟောကိန်းတွေထဲမှာ ရှိပြီးသားပဲ ဘာမှ စိုးရိမ်စရာမရှိဘူး”
သူက ခဏမျှ ရပ်လိုက်ပြီးနောက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ဇီဝေချန်မိသားစုဆိုတာ မနေ့ကပွင့်ခဲ့တဲ့ ပန်းတစ်ပွင့်လိုပဲ ထည့်တွက်နေစရာ မလိုတော့ပါဘူး။ နိဗ္ဗာန်နယ်ပယ်အဆင့်ရှိတဲ့ ချန်တောက်ယန်သာ သေသွားရင် သူတို့က ငါတို့ထက် သိပ်ပြီး အင်အားမသာတော့ဘူး”
“ဒါပေမဲ့ စီနီယာရွှီကတော့ မတူဘူး။ သူ့ရဲ့ နောက်ခံက ထူးခြားသလို အစွမ်းအစကလည်း အံ့မခန်းပဲ။ တစ်နေ့ကျရင် သူက ဒီလောကကြီးရဲ့ အရှင်သခင် ဖြစ်လာနိုင်တယ်”
“သူ့ဘေးနားမှာသာ ငါတို့ ကပ်နေနိုင်မယ်ဆိုရင် သူနဲ့အတူ ငါတို့လည်း အမြင့်ဆုံးနေရာကို တက်လှမ်းနိုင်မှာပဲ”
ကျန်းခိုင်ဖုန်းကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
ကျန်းဟီးက ရယ်မောလျက် “မှတ်ထားပါ ခိုင်ဖုန်း... ဒီလောကကြီးမှာ တစ်ခါတလေကျရင် ကြိုးစားအားထုတ်မှုထက် ရွေးချယ်မှုက ပိုပြီး အရေးကြီးတယ်”
“မှန်ကန်တဲ့လူကို ရွေးချယ်နိုင်တာက ဘဝအတွက် ဖြတ်လမ်းတစ်ခုကို ရလိုက်သလိုပဲ”
***