နာရီဝက်ခန့် ကြာပြီးနောက်...
ရှူး... ရှူး... ရှူး
လေဟုန်ကို ခွဲလိုက်သည့် အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် ချန်မိသားစု အကြီးအကဲ တစ်စုသည် အဝေးမှနေ၍ ညကောင်းကင်ယံကို ကြယ်တံခွန်များပမာ ဖြတ်သန်းကာ ရောက်ရှိလာကြတော့သည်။ သူတို့၏ ပျံသန်းခြင်း အလင်းတန်းများမှာ မြေပြင်သို့ ဆင်းသက်လိုက်သည်နှင့် ပျောက်ကွယ်သွားပြီး ချန်မိသားစု အကြီးအကဲ ဆယ်ဂဏန်းကျော်အဖြစ် ပြောင်းလဲသွား၏။
“ဒါ... ဒါက...”
သတ္တမတောင်ထိပ်သခင် ဦးဆောင်သော အကြီးအကဲများသည် ကွင်းပြင်ကို ကြည့်လိုက်မိရာ သူတို့၏ မျက်လုံးများမှာ အံ့သြတုန်လှုပ်မှုကြောင့် ကျဉ်းမြောင်းသွားကြသည်။
မီတာ တစ်ရာခန့် ကျယ်ဝန်းသော ထိုကွင်းပြင်အတွင်း၌ သွေးများမှာ မြစ်ပမာ စီးဆင်းနေသည်မှာ ကြာပြီဖြစ်ပြီး ပြတ်တောက်နေသော ခြေလက်အင်္ဂါများမှာ နေရာအနှံ့ ပြန့်ကျဲနေကာ ဦးနှောက်အမြှေးများနှင့် အူများမှာလည်း ဟိုတစ်စ ဒီတစ်စ လွင့်စင်နေတော့သည်။ သူတို့အထဲတွင် အလောင်း ဆယ်ဂဏန်းကျော်မှာ ဦးခေါင်းများ ပေါက်ကွဲထွက်နေပြီး သူတို့၏ သေဆုံးမှုမှာ တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှသည်။
အနည်းငယ် ဝေးသော နေရာတွင်မူ...
ကျန်းဟီး၏ ဦးခေါင်းမှာ ရွှံ့နွံများကြားတွင် လဲလျောင်းနေပြီး သူ၏ မျက်နှာမှာ ရုပ်ပျက်ဆင်းပျက် တွန့်လိမ်လျက် မျက်လုံးများ ပြူးကျယ်ကာ ရှေ့သို့ ဒေါသတကြီး စိုက်
ကြည့်နေဆဲပင်။ သူ၏ မျက်တွင်းများ အောက်တွင်မူ ပါးပြင်ထက်၌ သွေးမျက်ရည် စွန်းထင်းမှုများက ထင်ရှားစွာ ကျန်ရစ်နေ၏။
ဤမြင်ကွင်းကို မြင်လိုက်ရသော သတ္တမတောင်ထိပ်သခင်၏ ရင်ထဲ၌ မယုံကြည်နိုင်လောက်အောင် တုန်လှုပ်သွားရပြီး ချန်ကျီရှင်းကို ကြည့်လိုက်မိသည်။ ကျန်းမိသားစု၏ ဤခေါင်းဆောင်မှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် တတိယအဆင့်ရှိသော ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်ရာ သူကိုယ်တိုင်ပင်လျှင် ကျန်းဟီးကို အနိုင်ယူနိုင်ရန် အာမမခံနိုင်ပေ။ သို့သော် ယခုမူ ထိုသူမှာ ခေါင်းဖြတ်ခံရပြီး သေဆုံးနေ၏။
“တတိယသခင်လေး...”
သတ္တမတောင်ထိပ်သခင်၏ လည်ချောင်းမှာ တစ်ချက် လှုပ်ရှားသွားပြီး မိသားစုခေါင်းဆောင်ကြီးက ချန်ကျီရှင်းကို ဘာလို့ ဒီလောက်အထိ အလေးအနက်ထားနေရတာလဲဟူသော အချက်ကို သူ ရိပ်မိသွားတော့သည်။
“ကျန်းမိသားစု ပျက်စီးသွားပြီ။ ကျန်တဲ့ အသေးအဖွဲ ကိစ္စတွေကိုတော့ မင်းတို့ပဲ ကိုင်တွယ်လိုက်တော့”
ချန်ကျီရှင်းသည် လျှောက်လှမ်းထွက်ခွာသွားပြီး သူ၏ လွင့်ပျံပန်းမန် ဓားချီမျှင်လေးများကို တောင်နက်တောအုပ် တစ်ခုလုံးအတွင်းသို့ ပိုးမွှားလေးများပမာ လျင်မြန်စွာ စေလွှတ်လိုက်သည်။ ရွှီဖန်မှာ အဝေးသို့ ထွက်ပြေးသွားလောက်ပြီဟု သူ၏ ရင်ထဲ၌ သိနေသော်လည်း မကျေနပ်နိုင်ဘဲ ထပ်မံ စုံစမ်းစစ်ဆေးလိုခြင်းပင်။
မကြာမီမှာပင် ချန်ကျီရှင်းသည် သူတို့၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားခဲ့သည်။ တစ်ခဏအတွင်းမှာပင် ထိုနေရာရှိ လူအားလုံးမှာ ဆူညံသွားကြတော့၏။
“တ... တတိယသခင်လေးက တစ်ယောက်တည်းနဲ့ ကျန်းမိသားစု တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တာလား”
“ကျန်းဟီးက ဝါရင့်တဲ့ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့်က ပုဂ္ဂိုလ်တစ်ယောက်ပဲ။ သူက ကိုယ်ခန္ဓာဖောက်ထွင်းခြင်း၊ စိတ်ဝိညာဉ်ခြေမှုန်းခြင်းနဲ့ တိတ်ဆိတ်ငြိမ်းချမ်းခြင်းဆိုတဲ့ အစွမ်းထက် အလင်းတန်းတွေကို ထုတ်လွှတ်နိုင်တဲ့ တကယ့် ရန်သူတော်ကြီးလေ အခုတော့ သူက ဒီမှာတင် အသတ်ခံလိုက်ရပြီလား”
“ဒါ... ဒါက တကယ့်ကို တတိယသခင်လေးရဲ့ လက်ချက်လား ဒါမှမဟုတ် တခြားတစ်ယောက်ယောက်လား”
အကြီးအကဲများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိရာ သူတို့၏ မျက်ဝန်းများတွင် အံ့သြတုန်လှုပ်မှုများကိုသာ မြင်တွေ့နေရသည်။
“အကယ်လို့ ဒါက တကယ့်ကို တတိယသခင်လေးရဲ့ လက်ချက်ဆိုရင် ဆိုလိုတာက တတိယသခင်လေးဟာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်နေပြီပေါ့ ဟုတ်လား”
နတ်ဘုရားခရီးသွားနယ်ပယ်ရှိ အကြီးအကဲတစ်ဦးမှာ အသက်ကို ပြင်းပြင်းရှူလိုက်မိပြီး သူ၏မျက်နှာတွင် အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။
တတိယသခင်လေးက အသက် ဘယ်လောက်ရှိသေးလို့လဲ။ အသက် တစ်ဆယ့်နှစ်နှစ်တောင် မပြည့်သေးဘူးလေ။
ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်သို့ ရောက်ရှိခြင်းမှာ သမိုင်းတစ်လျှောက် မကြုံဖူးသော ကိစ္စပင်။
“မဖြစ်နိုင်တာ ဒါက လုံးဝ မဖြစ်နိုင်ဘူး။ ဒီလောက် ငယ်ရွယ်တဲ့ အသက်အရွယ်နဲ့ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်တဲ့သူဆိုတာ ရှေးဟောင်းသမိုင်းမှာတောင် မှတ်တမ်းမတင်ဖူးဘူး။ ကျွန်တော့်အထင်တော့ တတိယသခင်လေးမှာ မိသားစုခေါင်းဆောင်ကြီး ပေးအပ်ထားတဲ့ စစ်
မှန်သောကိုယ်ပိုင်နယ်ပယ်ကို သတ်နိုင်တဲ့ ဓမ္မရတနာ အဆောင်တစ်ခုခုရှိနေလို့ ဖြစ်လိမ့်မယ်” နောက်ထပ် အကြီးအကဲတစ်ဦးက သံသယဖြစ်စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။
အကြီးအကဲများမှာ တစ်ယောက်တစ်ပေါက် တီးတိုးပြောဆိုနေကြစဉ်မှာပင်...
“တော်ကြစမ်း”
သတ္တမတောင်ထိပ်သခင်က အသံခပ်နိမ့်နိမ့်ဖြင့် အော်လိုက်ရာ အကြီးအကဲများ၏ တီးတိုးစကားသံများ ရပ်တန့်သွားတော့သည်။ သူက တည်ကြည်လေးနက်စွာ ဆက်ပြောသည်။
“မင်းတို့ရဲ့ အဆင့်အတန်းကို မင်းတို့ သတိထားကြစမ်း။ တတိယသခင်လေးက လက်ရှိမှာ မိသားစုရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်သလို နောင်တစ်ချိန်မှာ မိသားစုကို ဦးဆောင်မယ့်သူလည်း ဖြစ်နိုင်တယ်။ မဟုတ်ကဟုတ်က ခန့်မှန်းချက်တွေ လျှောက်မပြောကြနဲ့”
ဤစကားကို ကြားသောအခါ အကြီးအကဲများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် နှုတ်ဆိတ်သွားကြတော့သည်။
တစ်ဖက်တွင်မူ သတ္တမတောင်ထိပ်သခင်၏ မျက်ဝန်းများတွင် ဝေခွဲမရသည့် အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။
“ဘယ်ဘက်က ရပ်တည်ရမလဲဆိုတာ ရွေးချယ်ရမယ့်အချိန် ရောက်ပြီထင်တယ်...”
သတ္တမတောင်ထိပ်သခင်၏ ရင်ထဲ၌ သိမြင်နားလည်မှုတစ်ခု ပေါ်ပေါက်လာသည်။
ယခင်က သူသည် ပထမတောင်ထိပ်သခင် ချန်ထျန်းရှုံနှင့် အမြဲတမ်း ရင်းနှီးခဲ့သူ ဖြစ်သည်။ ချန်ထျန်းရှုံသည်လည်း ချန်ကျီရှင်းကို သူ၏ မျက်စိထဲက ဆူးတစ်ချောင်းအဖြစ် အမြဲမြင်ခဲ့ပြီး သူ၏သား ချန်ကျောက်ရှန့်ပျောက်ဆုံးသွားမှုမှာ ချန်ကျီရှင်းနှင့် အသေအချာ ပတ်သက်နေသည်ဟု ယုံကြည်ထားသူ ဖြစ်သည်။
ဇီဝေတောင်တန်းပေါ်တွင် အကြိမ်ကြိမ် ဒေါသတကြီး ဖြစ်ပွားခဲ့ပြီးနောက် မိသားစုခေါင်းဆောင်ကြီးက ချန်ကျီရှင်းကို အကာအကွယ်ပေးရန် ဆုံးဖြတ်ထားသည်ကို မြင်သောအခါ သူသည် ဇီဝေတောင်တန်းမှ ဒေါသတကြီး ထွက်ခွာသွားခဲ့သည်။ ချန်ထျန်းရှုံသည် ချန်တောက်ယန်ကို အနိုင်ယူနိုင်ရန်အတွက် တစ်စုံတစ်ဦး၏ ကျောထောက်နောက်ခံကို သွားရောက်ရှာဖွေနေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
နောင်တစ်ချိန်တွင် ချန်ထျန်းရှုံနှင့် ချန်ကျီရှင်းတို့အကြား အပြတ်အသတ် ရင်ဆိုင်ရမည့် အချိန်တစ်ခု ရောက်လာပေလိမ့်မည်။
ယခင်က သူသည် ဝေခွဲမရဖြစ်ခဲ့ပြီး ချန်ထျန်းရှုံဘက်သို့ပင် ယိုင်ခဲ့မိသည်။ ချန်ထျန်းရှုံသာ နောက်ဆုံးတွင် အောင်နိုင်သူဖြစ်ပြီး ဇီဝေချန်မိသားစုကိုပါ အုပ်ချုပ်လိမ့်မည်ဟု သူ အခိုင်အမာ ယုံကြည်ခဲ့ဖူးသည်။
သို့သော် ယခုမူ...
“ချန်ထျန်းရှုံနဲ့ ပတ်သက်မှုတွေကို ဖြတ်တောက်ပြီး တတိယသခင်လေးဘက်မှာ အမှန်တကယ် ရပ်တည်နိုင်ဖို့ နည်းလမ်းရှာရမယ်”
သတ္တမတောင်ထိပ်သခင်၏ မျက်ဝန်းများတွင် ပြတ်သားသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားတော့သည်။
...
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့၏။
ချန်ကျီရှင်းသည် တောင်နက်တောအုပ်ကြီး၏ အထက်ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ... သူ ထွက်ပြေးသွားပြီ”
ချန်ကျီရှင်း၏ မျက်နှာအမူအရာမှာ ဝေခွဲမရဘဲ မှောင်မှိုင်နေသည်။
သူသည် ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်တစ်ဦးဖြစ်သည့် ရွှီဖန်ကို ကြောက်ရွံ့နေခြင်းတော့ မဟုတ်ပေ။ ထိုလူ၏ ရွှေလက်ချောင်းစွမ်းရည်မှာ အနည်းငယ် လက်ဝင်လှသောကြောင့်သာ ဖြစ်သည်။ အကယ်လို့ ထိုလူသာ အခြားသော ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်တွေနဲ့ ချိတ်ဆက်မိသွားမယ်ဆိုရင်တော့ တကယ့်ကို ပြဿနာကြီးလာနိုင်သည်။
“ထားလိုက်ပါတော့”
ချန်ကျီရှင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ဤကိစ္စကို တွေးတောနေခြင်းမှာ အပိုသာဖြစ်ပြီး သူ၏ ခွန်အားကို မြှင့်တင်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း သူ နားလည်လိုက်
သည်။ သူကိုယ်တိုင် လုံလောက်အောင် သန်မာနေမှသာ ကျန်ရှိသမျှ အရာအားလုံးမှာ အပေါ်ယံ ပုံရိပ်ယောင်များသာ ဖြစ်သွားပေလိမ့်မည်။
“စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ဒုတိယအဆင့်ကို ချိုးဖျက်ရမယ့် အချိန်ရောက်ပြီ”
ချန်ကျီရှင်းသည် အဝေးက လပြည့်ဝန်းကြီးကို စိုက်ကြည့်လိုက်ရာ သူ၏မျက်ဝန်းများတွင် အရောင်အဝါများ လက်ခနဲ ဖြစ်သွားသည်။ သူသည် ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏အရှိန်အဝါကို ဖုံးကွယ်ရန်အတွက် အစီအရင်အမြောက်အမြားကို ချမှတ်လိုက်သည်။
ထို့နောက် ချန်ကျီရှင်းသည် တင်ပျဉ်ခွေ အသာအယာ ထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်၏။ သူသည် သူ၏ စိတ်အခြေအနေကို တည်ငြိမ်အောင် စတင် ထိန်းညှိလိုက်သည်။ သူ၏ အသက်ရှူသံမှာ မှန်ကန်လာပြီး မျက်နှာအမူအရာမှာလည်း ပို၍ပင် အေးချမ်းလာတော့သည်။
သူသည် စိတ်ထဲရှိ အတွေးများကို ဖယ်ထုတ်ကာ သဘာဝလောကကြီးကို စတင် အာရုံပြုလိုက်သည်။ တိုက်ခတ်နေသော လေကြမ်းများ၊ မြင့်မားစွာ သာနေသော လမင်းကြီး၊ ပုစဉ်းရင်ကွဲများ၏ အော်မြည်သံနှင့် ကြွေကျနေသော သစ်ရွက်များ...
သူ၏ စိတ်သည် မကြုံစဖူး တည်ငြိမ်အေးချမ်းသွားတော့သည်။
ရှူး... ရှူး... ရှူး။
နတ်ဘုရားကိုးပါးကျင့်စဉ်ကို စတင် လှုံ့ဆော်လိုက်ရာ သူ၏ စစ်မှန်သောစွမ်းအင်များမှာ လှည့်ပတ်လာတော့သည်။ ထိုအချိန်မှာပင် မရေမတွက်နိုင်သော ဓားတာအိုဆိုင်ရာ သိမြင်နားလည်မှုများမှာလည်း သူ၏စိတ်အတွင်းသို့ စီးဝင်လာတော့သည်။
နတ်ဘုရားကိုးပါးကျင့်စဉ်၏ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အတွင်း အဆင့်ကျော်ဖြတ်ခြင်းမှာ အခြားကျင့်စဉ်များနှင့် မတူညီဘဲ ထူးခြားလှသည်။
သာမန်ကျင့်စဉ်များတွင်မူ စစ်မှန်သောစွမ်းအင်များ စုဆောင်းရန်အတွက် ဝိညာဉ်စွမ်းအင်များကို စုပ်ယူရုံမျှဖြင့် အဆင့်တက်လှမ်းနိုင်သော်လည်း နတ်ဘုရားကိုးပါးကျင့်စဉ်မှာမူ ထိုသို့မဟုတ်ပေ။ အဆင့်ငယ်တစ်ခုချင်းစီကို ကျော်ဖြတ်တိုင်း နတ်ဘုရားခရီးသွားနယ်ပယ်မှ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်သို့ တက်လှမ်းသကဲ့သို့ပင် ပြန်လည်ခံစားရလေ့ရှိသည်။
၎င်းသည် များပြားလှသော စစ်မှန်သောစွမ်းအင်များ လိုအပ်ရုံသာမက လုံးဝသစ်လွင်သော မဟာတာအိုတစ်ခု၏ သိမြင်နားလည်မှုကိုလည်း လိုအပ်သည်။
“ဓားတာအိုဆိုတာ ဘာလဲ...”
ချန်ကျီရှင်းသည် သူ့ကိုယ်သူ ခပ်တိုးတိုး မေးခွန်းထုတ်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မရေမတွက်နိုင်သော ပုံရိပ်များမှာ သူ၏စိတ်ထဲ၌ လျှပ်ခနဲ ဖြတ်သန်းသွားကြသည်။ သူမတူအောင် တုနှိုင်းမဲ့လှသော အမျိုးသမီးဓားနတ်ဘုရားမသည် သူမကိုယ်သူမ ယုံကြည်မှုအပြည့်ဖြင့် ဓားတစ်ချက်တည်းဖြင့်ပင် ကမ္ဘာကြီးကို လွှမ်းမိုးချုပ်ကိုင်ထားသည်ကို မြင်တွေ့ရသည်။
ထို့ပြင် မြစ်ကိုဖြတ်ကူးလျက် သီချင်းဆိုနေသော ဝတ်ရုံစိမ်းဝတ် ဓားသမားတစ်ဦး၊ မြစ်ရေပြင်ကို ဓားဖြင့်ပိုင်းဖြတ်ကာ လှိုင်းတံပိုးပေါင်းသောင်းခြောက်ထောင်ကို တားဆီးထားသော ဓားသမားတစ်ဦး... စသည်ဖြင့် မြောက်မြားစွာသော ပုံရိပ်များကို မြင်တွေ့နေရသည်။
ရှေးယခင်မှသည် ယခုခေတ်တိုင်အောင် မရေမတွက်နိုင်သော ဓားတာအိုမဟာဆရာကြီးများမှာ သူ၏စိတ်ထဲ၌ ဓားကျင့်စဉ်များကို လေ့ကျင့်ပြနေကြသကဲ့သို့ပင်။ ဤပုံရိပ်များအားလုံးသည် ချန်ကျီရှင်း လေ့လာခဲ့ဖူးသော ဓားသိုင်းကျမ်းများနှင့် ဘဝမှတ်တမ်းများမှ ဖြစ်ကြပြီး ယခုမူ ချန်ကျီရှင်း၏ ဓားတာအို အောင်မြင်ဖြစ်ထွန်းရန်အတွက် မြေသြဇာကောင်းများအဖြစ် ပြောင်းလဲသွားကြသည်။
ဝုန်း
ရုတ်တရက် ချန်ကျီရှင်း၏ ခန္ဓာကိုယ်အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ဓားပုံသဏ္ဌာန်ရှိသော မဟာတာအိုမျိုးစေ့တစ်ခုမှာ လျင်မြန်စွာ စုစည်းလာပြီးနောက် သူ၏ တန်ထျန်းနတ်ဘုရားပင်လယ်ထက်တွင် ဝဲပျံနေတော့သည်။
ဓားတာအိုမျိုးစေ့အောင်မြင်စွာ ဖြစ်တည်လာခြင်းပင်။
ဤသည်မှာ ချန်ကျီရှင်းအနေဖြင့် စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ဒုတိယအဆင့်သို့ ခြေတစ်လှမ်း လှမ်းနိုင်ခဲ့ပြီဟု ဆိုလိုခြင်းပင်။ နောက်ထပ် လုပ်ဆောင်ရမည့်အဆင့်မှာ ဓားတာအိုပေါ်တွင် အခြေခံထားသော ကောင်းကင်နှင့်မြေကြီး ပုံရိပ်ယောင်မြေပုံကို စုစည်းရန်ပင်။ ထိုသို့ လုပ်ဆောင်နိုင်မှသာ အသွင်ပြောင်းလဲမှု အပြီးသတ်ကာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ဒုတိယအဆင့်သို့ တကယ့်ကို ရောက်ရှိနိုင်မည် ဖြစ်သည်။
“ဒါဆိုရင် ငါ့ရဲ့ ဒုတိယမြောက် ပုံရိပ်ယောင်မြေပုံက ဘယ်လိုမျိုး ဖြစ်သင့်သလဲ”
ချန်ကျီရှင်းသည် ခေါင်းကိုမော့ကာ မျက်လုံးများကို အသာအယာ ဖွင့်လိုက်သည်။ သူ၏မျက်ဝန်းများတွင် တွေးတောဆင်ခြင်နေသည့် အရိပ်အယောင်များ ရှိနေသည်။ ဓားတာအိုနှင့် ပတ်သက်၍ ချန်ကျီရှင်းတွင် သိမြင်နားလည်မှုများစွာ ရှိနေသဖြင့် ပုံရိပ်ယောင်မြေပုံအတွက် ရွေးချယ်စရာများလည်း များပြားလှသည်။ ဥပမာအားဖြင့် ရှေးဟောင်းဓားနတ်ဘုရားများ၏ လွင့်ပျံပန်းမန်မြေပုံကဲ့သို့သော အရာများ ဖြစ်သည်။
“ဒါပေမဲ့ အဲဒါက သူများတွေရဲ့ လမ်းစဉ်ပဲ ငါ့ရဲ့လမ်းစဉ် မဟုတ်ဘူး”
“ငါသာ လုပ်မယ်ဆိုရင် တခြားသူတွေနဲ့ မတူဘဲ ထူးခြားနေရမယ်”
ချန်ကျီရှင်းသည် သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူသည် ပုံရိပ်ယောင်မြေပုံကို ချက်ချင်း စုစည်းရန် မလောဘဲ သတ္တမတောင်ထိပ်သခင်နှင့် အခြားသူများအား အရင်ထွက်ခွာသွားကြရန် ဆက်သွယ်ရေးမန္တန်ဖြင့် အကြောင်းကြားလိုက်ပြီးနောက် နက်နဲစွာ ပြန်လည်တွေးတောနေမိတော့သည်။
နေထွက်လိုက်၊ နေဝင်လိုက်နှင့် ကြယ်တာရာများပင် ပြောင်းလဲသွားခဲ့ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ခုနစ်ရက်တိုင်တိုင် ကုန်ဆုံးသွားခဲ့သည်။ ချန်ကျီရှင်းမှာမူ လေဒဏ်မိုးဒဏ်ကို ဂရုမစိုက်ဘဲ ကျောက်ရုပ်တစ်ရုပ်အလား မြေပြင်ပေါ်တွင် တင်ပျဉ်ခွေလျက် ရှိနေဆဲပင်။
ယနေ့တွင်မူ ကောင်းကင်ယံမှ မိုးများ သည်းထန်စွာ ရွာသွန်းနေတော့သည်။ ထူထပ်လှသော တိမ်တိုက်များကြားတွင် လျှပ်စီးများ လက်ခနဲဖြစ်သွားပြီး တစ်ခါတစ်ရံတွင် နားကွဲမတတ် ပြင်းထန်လှသော မိုးခြိမ်းသံများ ထွက်ပေါ်လာတော့သည်။
“ငါ နားလည်သွားပြီ”
ချန်ကျီရှင်းသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် ခေါင်းကို မော့ကြည့်လိုက်ရာ သူ၏ အကြည့်များမှာ ကောင်းကင်ယံကို ဓားတစ်လက်အလား ထိုးဖောက်သွားတော့၏။
ဟင်းလင်းပြင်အတွင်း၌...
ရှေးယခင်မှ ယနေ့ခေတ်တိုင်အောင် ရှိခဲ့သမျှ ဓားတာအို မဟာဆရာကြီးများ၏ ပုံရိပ်များမှာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ အချို့မှာ ဓားကိုစီးနင်းလျက် လေဟုန်စီးနေကြပြီး၊ အချို့မှာ ဓားကိုကိုင်စွဲကာ ကောင်းကင်ကြီးကို မေးခွန်းထုတ်နေကြသလို၊ အချို့မှာမူ ဓားတစ်ချက်ဖြင့် ကောင်းကင်ကို ခွဲထုတ်နေကြသည်။
နားကွဲမတတ် ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာတော့၏။
ချက်ချင်းဆိုသလိုပင် ထိုဓားတာအို မဟာဆရာကြီးများ၏ ပုံရိပ်များမှာ အစိတ်စိတ်အမွှာမွှာ ကြေမွပျောက်ကွယ်သွားတော့သည်။ ထိုနေရာတွင် ဓားတစ်လက်ကို ကိုင်စွဲထားသော ဝတ်ရုံဖြူဝတ် ပုံရိပ်တစ်ခု အစားထိုး ပေါ်ပေါက်လာခဲ့၏။ ထိုဝတ်ရုံဖြူဝတ် ပုံရိပ်မှာ နတ်ဘုရားအလင်းတန်းများ ဖုံးလွှမ်းနေသဖြင့် သူ၏ ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
ဝေဝါးနေသော ထိုနတ်ဘုရားအလင်းတန်းများကြားမှ ထိုပုံရိပ်သည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ရာ ချန်ကျီရှင်းနှင့် တစ်ပုံစံတည်း တူညီသော မျက်နှာတစ်ခု ပေါ်ထွက်လာတော့သည်။
“ကောင်းကင်ပျံနတ်ဘုရား”
ဝတ်ရုံဖြူဝတ် ပုံရိပ်မှာ ဓားဖြင့် အောက်သို့ ပိုင်းဖြတ်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် လွင့်ပျံပန်းမန်ဓားချီ၊ လေမုန်တိုင်းဓားချီ၊ မြစ်ရှည်ဓားချီနှင့် ကြယ်တာရာဓားချီတို့မှာ ရေတွက်၍ မရနိုင်အောင် များပြားလှသည်။ မရေမတွက်နိုင်သော ဓားချီများ စုစည်းသွားကြပြီး ရှေးယခင်မှ ယခုတိုင် မည်သူမျှ မမြင်ဖူးသေးသော ကောင်းကင်ပျံနတ်ဘုရားဓားချက်အဖြစ် ပြောင်းလဲသွားတော့သည်။
ကောင်းကင်ယံရှိ ထူထပ်လှသော မည်းမှောင်နေသည့် တိမ်တိုက်ကြီးမှာ ဤဓားချက်ကြောင့် ကြီးကျယ်ခမ်းနားစွာ အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ရသည်။ အန်းကျန်းမြို့အတွင်းရှိ မရေမတွက်နိုင်သော သတ္တဝါများမှာလည်း ထူးဆန်းသော ဖြစ်ရပ်ကြီးကို မြင်တွေ့လိုက်ရသဖြင့် ကောင်းကင်သို့ တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်မိကြတော့၏။
နောက်တစ်ခဏတွင် ကောင်းကင်ယံရှိ ထူးခြားဖြစ်စဉ်များအားလုံးက ချန်ကျီရှင်း၏ တန်ထျန်းနတ်ဘုရားပင်လယ်အတွင်းရှိ ဓားတာအိုမျိုးစေ့ထံသို့ တိတ်ဆိတ်စွာ ပြန်လည်ဝင်ရောက်သွားကြသည်။ ချန်ကျီရှင်းသည် မတ်တပ်ရပ်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်တွင် သာယာသော အပြုံးတစ်ခု ပေါ်ပေါက်လာတော့၏။
စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ဒုတိယအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောစွမ်းအင်များသာမက ကြွက်သားအင်အား၊ စွမ်းရည်နှင့် အရှိန်အဟုန်တို့မှာပါ နှစ်ဆခန့် မြင့်တက်လာသည်ကို သူ ခံစားလိုက်ရသည်။ ဤအဆင့်ငယ်ကို ချိုးဖျက်နိုင်ခြင်းမှာ သူ၏ စွမ်းဆောင်ရည်အားလုံးကို ဘက်ပေါင်းစုံမှ မြှင့်တင်ပေးလိုက်ခြင်းပင်။
၎င်းအပြင် အရေးအကြီးဆုံးသော အချက်မှာ သူ၏ လက်ထဲတွင် တကယ့် လူသတ်
လက်နက်တစ်ခု ထပ်မံ ရရှိလာခြင်းပင်။
ဓမ္မပုံရိပ် ကောင်းကင်ပျံနတ်ဘုရား….
“အကယ်လို့ ဒီအချိန်မှာ ဟောက်ရီဓားဂိုဏ်းက ဓားတာအိုမဟာဆရာကြီး ကျောက်ချိန်ရှန်းနဲ့ တွေ့မယ်ဆိုရင် ဓားတစ်ချက်တည်းနဲ့တင် သူ့ကို ငါ အနိုင်ယူနိုင်မှာပဲ”
ချန်ကျီရှင်းသည် သူ၏ ခွန်အားကို တိတ်ဆိတ်စွာ ဆန်းစစ်လိုက်ရင်း ရှားရှားပါးပါး စိတ်အေးချမ်းမှုကို ခံစားလိုက်ရသည်။
“ကဲ... အခုတော့ ပြန်ရမယ့်အချိန် ရောက်ပြီ”
“တူကူးနီတစ်ယောက် နတ်ဘုရားဆွဲငင်အားကျောက်တုံးတွေကို ဝယ်ယူတဲ့ကိစ္စ ဘယ်လိုနေလဲ မသိဘူး”
“ဓားတာအိုကလည်း အောင်မြင်သွားပြီဆိုတော့ ဆွဲငင်အားကို အခုဆိုရင် အလျင်အမြန် မြှင့်တင်နိုင်တော့မှာပဲ”
ချန်ကျီရှင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ဇီဝေချန်မိသားစု ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
ဝုန်း…
ချန်ကျီရှင်းသည် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ကောင်းကင်ယံသို့ ချက်ချင်း ပျံတက်သွားပြီး ကျယ်ပြောလှသော ကောင်းကင်ကြီးအတွင်း ပျောက်ကွယ်သွားတော့သည်။
နာရီအနည်းငယ် ကြာပြီးနောက်...
ချန်ကျီရှင်းသည် ဇီဝေတောင်တန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ တောင်တံခါးသို့ ရောက်သည်နှင့် တံခါးစောင့်နေသော ကင်းသမားတစ်ဦးမှာ သူ့ကို မြင်လိုက်ရသဖြင့် မျက်နှာဝင်းပသွားပြီး အပြေးအလွှား ချဉ်းကပ်လာခဲ့သည်
“တတိယသခင်လေး... နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ”
“ပင်မတောင်ထိပ်ကို အမြန်သွားပါဦးခင်ဗျာ။ မိသားစုခေါင်းဆောင်ကြီးက ဆွေးနွေးစရာ အရေးကြီးကိစ္စတွေ ရှိနေလို့ပါ”
***