ဘုန်း….
သောင်းကျန်းလှသော ချောက်လှမ်းမြစ်၏ စိမ်းမြမြရေပြင်သည် အောက်ဘက်သို့ တရဟောစီးဆင်းသွားပြီးနောက် မတ်စောက်သော လျှိုမြောင်များကို ဖြတ်ကျော်ကာ တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။ မြစ်၏ ဝဲယာတစ်ဖက်တစ်ချက်ရှိ မြင့်မားလှသော တောင်တန်းကြီးများမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မိုးမခပင်များ ဖုံးလွှမ်းနေသော မြစ်ကမ်းပါးယံများဖြင့် အစားထိုးဝင်ရောက်လာခဲ့၏။
စိမ်းလန်းစိုပြည်သော သစ်ပင်ရိပ်များသည် ရေပြင်ထက်တွင် ထင်ဟပ်နေပြီး အနီးနှင့်အဝေး မြင်ကွင်းအမျိုးမျိုးက မြစ်ရေပြင်ကို စိမ်းလန်းသော အရောင်အသွေးများဖြင့် ခြယ်မှုန်းထားသည်။ တစ်ခါတစ်ရံတွင်မူ အဝါနှင့် အစိမ်းရောင် ရောယှက်နေသော သစ်ပင်ထိပ်ဖျားများကိုလည်း တွေ့မြင်ရသည်။
အသားညိုညိုနှင့် ပိန်ပိန်ပါးပါး ကိုယ်လုံးရှိသော လှေထိုးသားတစ်ဦးသည် လှေဦးတွင် မတ်တပ်ရပ်နေ၏။ သူသည် မြက်ခြောက်ဖြင့် ရက်လုပ်ထားသော ခမောက်ကို ဆောင်းထားပြီး ပြောင်လက်နေသော ဝါးလုံးရှည်ကို ကိုင်စွဲကာ ကျောက်ဆောင်များကို ထောက်ကန်ရင်း လှေ၏ ဦးတည်ရာကို ထိန်းညှိနေသည်။
ကြမ်းတမ်းသော အဝတ်အထည်များကို ဝတ်ဆင်ထားသည့် ချန်ကျီရှင်းမှာမူ လှေ၏ လှုပ်ခတ်မှုနှင့်အတူ လိုက်ပါစီးနောရင်း ပတ်ဝန်းကျင်ကို အကဲခတ်နေတော့သည်။ ဤလှေပေါ်တွင် ချန်ကျီရှင်းအပြင် နောက်ထပ် လူနှစ်အုပ်စု ပါရှိနေသေး၏။
ပထမတစ်အုပ်စုမှာ လင်မယားအသစ်စက်စက် နှစ်ဦးဖြစ်ပြီး နှစ်ဦးစလုံးမှာ ကျင့်ကြံသူများ မဟုတ်ကြပေ။ ဇနီးဖြစ်သူမှာ အသက် ၁၆ နှစ် သို့မဟုတ် ၁၇ နှစ်ခန့်သာ ရှိဦးမည်ဖြစ်ပြီး နုနယ်ချောမောလှသည်။ သူမ၏ ဝမ်းဗိုက်မှာ အနည်းငယ် ပူထွက်နေသဖြင့် ကိုယ်ဝန်ရှိနေသည်မှာ သိသာလှသည်။ ပညာရှိတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော ခင်ပွန်းဖြစ်သူမှာ သူမ၏ ဘေးတွင် တိုးတိုးလေး ကပ်ပြောကာ သူမ၏ ကျန်းမာရေးကို ဂရုတစိုက် မေးမြန်းနေရှာသည်။ သူတို့၏ စကားဝိုင်းအရ ဇနီးဖြစ်သူ ကလေးမွေးဖွားရန်အတွက် နေအိမ်သို့ ပြန်နေကြခြင်းပင်။
နောက်ထပ် အုပ်စုတစ်စုမှာမူ တန်ဖိုးကြီး အဝတ်အစားများ ဝတ်ဆင်ထားသော လူကုံထံ လူငယ်တစ်ဦးနှင့် အရပ်ရှည်ရှည် ဗိုက်သားထူထူ အစေခံနှစ်ဦးတို့ ဖြစ်ကြသည်။ ထိုလူငယ်မှာ ကျင့်ကြံမှု အနည်းငယ်ရှိပုံရပြီး ဝိညာဉ်ပြုစုပျိုးထောင်ခြင်းနယ်ပယ်ခန့်တွင် ရှိပေလိမ့်မည်။ သူ၏ အစေခံနှစ်ဦးမှာမူ ပုခုံးကျယ်ကျယ်နှင့် ကြွက်သားအမြောင်းမြောင်း ရှိကြသော်လည်း ခွန်အားကြီးမားခြင်းမှလွဲ၍ ထူးခြားသည့် စွမ်းရည်မရှိကြပေ။
ထိုလူကုံထံလူငယ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို တစ်ချက်တစ်ချက် ခိုးကြည့်လိုက် သူ၏ အစေခံများနှင့် တီးတိုးပြောကာ ရယ်မောလိုက်နှင့် ရှိနေသည်။ သူသည် ထပ်ကြည့်လိုက်၊ ထပ်ရယ်လိုက်နှင့် ပြုမူနေတော့၏။ ချန်ကျီရှင်းမှာမူ ထိုသူများနှင့် ပတ်သက်လိုစိတ် မရှိဘဲ တိတ်ဆိတ်စွာပင် ဝိညာဉ်ကို ပြုစုပျိုးထောင်ရင်း ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေအတွင်းသို့ မည်သို့ ဝင်ရောက်ရမည်ကိုသာ တွေးတောနေခဲ့သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။
လူငယ်ပညာရှိမှာမူ သူ၏ဇနီးအပေါ် ထိုလူငယ် စိုက်ကြည့်နေသည်ကို ဆက်လက် သည်းမခံနိုင်တော့ဘဲ ဝုန်းခနဲ မတ်တပ်ရပ်လိုက်ကာ ရန်လိုသော အသံဖြင့် ပြောလိုက်သည်။
“ခင်ဗျား ဒီလှေပေါ်တက်ကတည်းက ကျွန်တော့်ဇနီးကို စိုက်ကြည့်ပြီး ရယ်နေတာပဲ။ ကျွန်တော့်ဇနီးရဲ့ ဘယ်နေရာက ခင်ဗျားကို အဲဒီလောက်တောင် ရယ်ချင်အောင် လုပ်နေလို့လဲ သိပါရစေ”
လူကုံထံလူငယ်သည် ပျင်းရိပျင်းတွဲဖြင့် ခေါင်းမော့ကြည့်ကာ သူ၏ယပ်တောင်ကို ဖြတ်ခနဲ ဖြန့်လိုက်ပြီး မဲ့ပြုံးပြုံးလျက် ပြန်ပြောလိုက်သည်
“ဘာလဲ... မင်းမိန်းမက အရာရှိကြီးရဲ့ သမီးမို့လို့လား။ ဘယ်သူမှ ကြည့်လို့မရအောင် လုပ်နေရအောင်။ အကြည့်မခံချင်ရင် အိမ်မှာပဲ ငြိမ်ငြိမ်လေး နေပါလား အပြင်မထွက်လာနဲ့လေ”
ထိုစကားများက သူ၏နောက်ကွယ်မှ အစေခံနှစ်ဦးကို တဟားဟား ရယ်မောသွားစေတော့သည်။
“မင်း... မင်း”
လူငယ်ပညာရှိ၏ မျက်နှာမှာ ဒေါသကြောင့် နီရဲတက်လာပြီး တစ်ခုခု ပြန်ပြောရန် ပြင်လိုက်သည်။
“ရှူးဝမ်... ထားလိုက်ပါတော့”
နုနယ်သော အမျိုးသမီးလေးက စိုးရိမ်တကြီးဖြင့် လူငယ်ပညာရှိ၏ အင်္ကျီလက်ကို ဆွဲတားလိုက်သည်။ ထိုလူကုံထံလူငယ်မှာ အဖိုးတန်ဝတ်စုံများ ဝတ်ဆင်ထားပြီး ရက်စက်ကြမ်းကြုတ်မည့် အစေခံများလည်း ပါရှိသဖြင့် ကိုင်တွယ်ရခက်မည့်သူဖြစ်ကြောင်း သိသာလှသည်။
ဒီလောက် ကျယ်ပြောလှတဲ့ မြစ်ကြီးရဲ့ အလယ်မှာ... တကယ်လို့ တစ်ခုခုသာ အမှန်တကယ် ဖြစ်ပွားခဲ့ရင် သူတို့ဇနီးမောင်နှံက ဘာလုပ်နိုင်မှာလဲ။
လူငယ်ပညာရှိသည်လည်း သူ့ဇနီး၏ စိုးရိမ်မှုကို နားလည်သည်။ သူသည် အံတင်းတင်းကြိတ်ကာ ပြန်ထိုင်လိုက်ပြီး ထိုလူကုံထံလူငယ်နှင့် မျက်လုံးချင်းမဆုံမိစေရန် ရှောင်ဖယ်နေလိုက်တော့သည်။
သို့သော်လည်း ထိုဇနီးမောင်နှံက ပြဿနာကို ရှောင်လွှဲလိုသော်လည်း လူကုံထံလူငယ်ကမူ သူတို့ကို အလွယ်တကူ လွှတ်ပေးမည့်ပုံမပေါ်ပေ။ သူ၏ မျက်လုံးများက ကစားနေပြီး ယုတ်မာသောအပြုံးဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
“ငါကြားဖူးတာတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ထူးခြားတဲ့ ဆွဲဆောင်မှုရှိပြီး လောကရဲ့ အကောင်းဆုံး သာယာမှု ၁၀ မျိုးထဲက တစ်ခုပဲတဲ့။ ငါ့သူငယ်ချင်းတစ်ယောက်က အဲဒီလို ကိုယ်ဝန်ဆောင်တစ်ယောက်နဲ့ စမ်းကြည့်ဖူးတာ... တကယ့်ကို စွဲမက်စရာကောင်းပြီး ထူးခြားလှတယ်လို့ ပြောဖူးတယ်...”
သူက တိုးတိုးလေး ပြောတယ်ဆိုပေမဲ့ ဒီလှေကလေးက ဘယ်လောက် ကျယ်မှာမို့လို့လဲ။
“လူယုတ်မာ”
လူငယ်ပညာရှိမှာ သွေးဆူလာပြီး သူ၏ဒေါသကို ဆက်လက် မထိန်းချုပ်နိုင်တော့ဘဲ ဝုန်းခနဲ ထရပ်ကာ ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“မင်းက ရိုင်းစိုင်းတဲ့ စကားတွေကို အရှက်မရှိ ပြောနေတာပဲ။ တကယ့်ကို လွန်လွန်းနေပြီ”
ဤစကားကို ကြားသောအခါ လူကုံထံလူငယ်မှာ တုန်လှုပ်ခြင်းမရှိဘဲ အနည်းငယ် ပြုံးလိုက်ရင်း “မိတ်ဆွေ... ဒီခရီးက ရှည်လျားပြီး ပျင်းဖို့ကောင်းနေတာနဲ့ မင်းရဲ့ဇနီးကို ငါ့ဆီ တစ်ရက်လောက် ခေတ္တငှားပါလား။ ဒါပေါ့... အလကားတော့ မဟုတ်ပါဘူး။ မင်းကို ရွှေပြားတစ်ရာ လက်ဆောင်ပေးပါ့မယ်”
သူက ခဏရပ်ပြီး ယပ်တောင်ကို ခါယမ်းကာ ခပ်ဖွဖွ ရယ်မောလိုက်သည်။
“စိတ်ချပါ... ငါ့ရဲ့ ခရီးဆုံးကို ရောက်တာနဲ့ ငါတို့ လမ်းခွဲကြမှာပါ။ ဒီနေ့ကိစ္စကိုလည်း ဘယ်သူ့ကိုမှ ပြန်မပြောဘဲ ဘာမှမဖြစ်ခဲ့သလို နေလိုက်ရုံပေါ့”
“အဲဒီအချိန်ကျရင် မင်းက မင်းရဲ့လမ်းကို ဆက်လျှောက် ငါကလည်း ငါ့ရဲ့လမ်းကို ဆက်
လျှောက် ငါက သာယာမှုကို ရမယ် မင်းက ချမ်းသာမှုကို ရမယ်... ဘယ်သူမှ တစ်ဦးပေါ်တစ်ဦး အကြွေးမတင်တော့ဘူးပေါ့”
သူ၏စကားကို အစေခံနှစ်ဦးကလည်း ထောက်ခံကာ ရယ်မောကြသည်။
“ဟေ့... ဆင်းရဲတဲ့ ပညာရှိလေး ဘာလို့ လက်မခံရမှာလဲ။ ရွှေပြားတစ်ရာဆိုတာ ဘယ်မြို့မှာမဆို အိမ်တစ်လုံးဝယ်ပြီး မင်းရဲ့ကလေးကို ပြုစုပျိုးထောင်ဖို့ လုံလောက်တာပဲ”
“ဟဲဟဲ... ဒီနေ့ မင်းကံကောင်းလို့ ငါတို့သခင် စိတ်ကောင်းဝင်နေတာ။ မဟုတ်ရင် ရွှေပြားတစ်ရာ ဝေးလို့... မင်းကို အသေသတ်လိုက်ရင်တောင် မင်းဘာလုပ်နိုင်မှာလဲ”
ဤစကားကို ကြားရသောအခါ လူငယ်ပညာရှိ၏ နားထင်ကြောများမှာ ဒေါသကြောင့် ထောင်ထွက်လာပြီး သူက အော်ပြောလိုက်တော့သည်။
“သူခိုးထက် ဆိုးတဲ့လူယုတ်မာတွေ... မင်းတို့ ငါ့ကို ဒီလောက်တောင် စော်ကားရဲတာလား”
ထိုသို့ပြောပြီးနောက် လူငယ်ပညာရှိသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ထိုးနှက်ရန် ရွယ်လိုက်တော့သည်။
သို့သော်လည်း အားနွဲ့လှသော ပညာရှိတစ်ဦးမှာ ကျင့်ကြံမှုရှိသည့် လူကုံထံလူငယ်ကို မယှဉ်နိုင်ပေ။ ထိုလူငယ်မှာ လက်ဖျားနှင့်ပင် တို့စရာမလိုဘဲ သူ၏သန်မာထွားကြိုင်းလှသော အစေခံနှစ်ဦးမှာ ယုတ်မာစွာပြုံးလျက် သူတို့၏လက်ဝါးကြီးများဖြင့် လူငယ်ပညာရှိကို မြေပြင်ပေါ်သို့ အလွယ်တကူပင် တွန်းလှဲလိုက်ကြသည်။ ထို့နောက် ပညာရှိ၏ပါးကို ရိုက်နှက်ရန် ပြင်လိုက်ကြ၏။
“မင်းကိုယ်မင်း ဘယ်သူလဲဆိုတာ သိရဲ့လား။ ငါတို့သခင်လေးက မင်းမိန်းမကို မျက်စိကျလို့ ရွှေပြားတစ်ရာတောင် ပေးမယ်ပြောတာကို ကျေးဇူးတင်ရမယ့်အစား... မင်းက ဘာမို့လို့ ငါတို့သခင်လေးရှေ့မှာ ရိုင်းစိုင်းနေရတာလဲ”
လှေဦးမှာရပ်နေသော လှေထိုးသားကြီးမှာ ဤမြင်ကွင်းကိုကြည့်ရင်း မနေနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်မိသည်။
“တော်ကြစမ်း မင်းတို့တွေ တကယ်ကို လွန်လွန်းနေပြီ...”
လှေထိုးသားကြီး စကားပင် မဆုံးသေးမီမှာပင်...
“အဘိုးကြီး... မင်းအလုပ်ဖြစ်တဲ့ လှေထိုးတာကိုပဲ အာရုံစိုက်စမ်းပါ။ ဒီလိုအရိုးအိုကြီးနဲ့ သူရဲကောင်းလာလုပ်ချင်တာလား။ နောက်တစ်ခွန်း ထပ်ပြောကြည့်ဦး... မင်းကို မြစ်ထဲပစ်ချပြီး ငါးစာကျွေးပစ်မယ်”
အစေခံက မျက်ခုံးပင့်လျက် လှောင်ပြောင်လိုက်သည်။
ထိုစကားကြောင့် လှေထိုးသားကြီးမှာ ချက်ချင်းပင် နောက်ဆုတ်သွားရပြီး ကြောက်လန့်တကြား တုန်တုန်ရင်ရင်ဖြင့် တစ်ခွန်းမှပင် ထပ်မပြောဝံ့တော့ပေ။ ဤသည်ကို မြင်သောအခါ အစေခံမှာ ပို၍ပင် ဘဝင်မြင့်လာတော့သည်။
“အမှန်အတိုင်းပြောရရင် ငါတို့သခင်လေးရဲ့ အဆင့်အတန်းက အရမ်းမြင့်မြတ်တာ။ ငါတို့ သခင်ကြီးက နာမည်ကျော် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရဲ့ စီမံခန့်ခွဲသူတစ်ယောက်ပဲ။ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေဆိုတာ ဘာလဲဆိုတာ မင်းတို့သိရဲ့လား။ အဲဒါ အမတအရှင်သခင်တွေ နေထိုင်တဲ့ အမတဂိုဏ်းကွ”
“ဒီတစ်ခေါက် ငါတို့သခင်လေး လှေစီးလာတာကလည်း သခင်ကြီးရဲ့နေရာကို ဆက်ခံပြီး အမတဂိုဏ်းမှာ အလုပ်လုပ်ဖို့ သွားနေတာ”
ထိုစကားများကို ကြားလိုက်ရသည့်အခါ မြေပြင်ပေါ်တွင် ဖိနှိပ်ခံထားရသော လူငယ်ပညာရှိ၏ မျက်နှာမှာ ချက်ချင်းပင် မျှော်လင့်ချက်ကင်းမဲ့သွားကာ ပြာနှမ်းသွားတော့သည်။ နုနယ်သော ကိုယ်ဝန်ဆောင်အမျိုးသမီးလေး၏ မျက်နှာမှာလည်း ဖြူဖျော့သွားခဲ့၏။ စောစောကပင် တရားမျှတမှုအတွက် အော်ဟစ်ခဲ့သော လှေထိုးသားကြီးမှာလည်း တုန်လှုပ်သွားပြီး သူ၏ စိတ်လိုက်မာန်ပါ ပြောဆိုခဲ့မိမှုအတွက် နောင်တရစွာဖြင့် တိုးတိုးလေး ရေရွတ်နေမိတော့သည်။
ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ…
၎င်းသည် သာမန်လူသားများစွာ၏ အထက်တွင် ရပ်တည်နေသော အမတဂိုဏ်းကြီးတစ်ခုပင်။ ထိုဂိုဏ်းအတွင်းရှိ ခွေးတစ်ကောင်မှာပင် သာမန်လူသားများထက် အဆင့်အတန်း မြင့်မားလှသည်။
“စီမံခန့်ခွဲသူ ဟုတ်လား။ ငါမှတ်မိသလောက်ဆိုရင် အစေခံတွေကြားထဲမှာမှ စီမံခန့်ခွဲသူလို့ ခေါ်ကြတာ မဟုတ်ဘူးလား”
ထိုအချိန်တွင် ဇဝေဇဝါဖြစ်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
ရှူး... ရှူး... ရှူး
ချက်ချင်းဆိုသလိုပင် အစေခံနှစ်ဦးမှာ လှေပေါ်တွင် တစ်ချိန်လုံး တိတ်ဆိတ်စွာ ထိုင်နေခဲ့သော သာမန်လူငယ်လေးထံသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြတော့သည်။
“သေရမှာ မကြောက်တဲ့ နောက်တစ်ယောက် ပေါ်လာပြန်ပြီလား”
ရိုင်းစိုင်းသော အစေခံသည် စိတ်မရှည်သည့် မျက်နှာပေးဖြင့် ချန်ကျီရှင်းကို ဖမ်းဆွဲရန် လက်ကို မြှောက်လိုက်သည်။ ချန်ကျီရှင်းက မျက်တောင်တစ်ခတ်မျှသာ ခတ်လိုက်၏။
ဖူး...
လက်မြှောက်လိုက်သော အစေခံမှာ ရုတ်တရက် တောင့်ခဲသွားပြီးနောက် သူ၏ ခြေထောက်မှ အထက်သို့ အငွေ့ပျံသွားတော့သည်။ နောက်ဆုံးတွင် စားပွဲပေါ်မှ ရေစက်ကို သုတ်လိုက်သကဲ့သို့ပင် သူသည် လုံးဝဥဿုံ အငွေ့ပျံပျောက်ကွယ်သွားပြီး လေထဲတွင် သွေးတစ်စက်၊ အသားတစ်စပင် မကျန်ရစ်ခဲ့ပေ။
ချန်ကျီရှင်းသည် လက်ညှိုးကို နောက်တစ်ကြိမ် ထပ်မံခါယမ်းလိုက်ရာ ကျန်ရှိနေသော အစေခံမှာလည်း သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားပြီး လေနှင့်အတူ လွင့်ပါသွားတော့သည်။ ခဏချင်းမှာပင် လှေပေါ်ရှိ လူတိုင်း၏ မျက်နှာများ အရောင်ပြောင်းကုန်ကြ၏။
“အ... အမတအရှင်သခင်လား”
လှေထိုးသားနှင့် လူငယ်ပညာရှိတို့မှာ တုန်တုန်ရင်ရင်ဖြင့် ချန်ကျီရှင်းကို ကြည့်လိုက်ကြသည်။
“အစေခံတစ်ယောက်ရဲ့ သားသမီးကတောင် ဒီလောက်အထိ မောက်မာနေကြတာလား”
ချန်ကျီရှင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
သူ နားမလည်သည်မှာ ကျင့်ကြံခြင်းလောကရှိ သန့်စင်ရာနယ်မြေမှ အစေခံတစ်ဦးဆိုသည်မှာ ဖုန်မှုန့်တစ်စမျှသာ ဖြစ်သော်လည်း သာမန်လူသားများအတွက်မူ ထိုရာထူးမှာ အလွန်တရာ ကြီးမားလှသည်။ အစေခံတစ်ဦး လစဉ်ရရှိသော ဝိညာဉ်ကျောက်တုံးသုံးတုံးမှာပင် သာမန်လူသားလောကရှိ ရွှေပြားသုံးထောင်နှင့် ညီမျှနေသည်။
သာမန်လူများ၏ မျက်လုံးထဲ၌ အစေခံတစ်ယောက်၏ သားက အဆင့်အတန်း မြင့်မားသူတစ်ဦး ဖြစ်နေပြီဖြစ်သည်။
ရုတ်တရက် ထိုလူကုံထံ လူငယ်လေးမှာ ပျာပျာသလဲ ဖြစ်သွားပြီး သူ၏ ပြောင်စပ်စပ် အပြုံးကို ဖျောက်ပစ်ကာ လက်အုပ်ချီ၍ ဂါရဝပြုလိုက်သည်။
“ကျွန်တော်ရဲ့ နာမည်က ရှောင်ပင်းပါ။ ကျွန်တော်ရဲ့ အဖေက ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှာ အလုပ်လုပ်ပါတယ်။ မြင့်မြတ်တဲ့ တာအိုကျင့်ကြံသူရဲ့ ဘွဲ့နာမည်ကို သိပါရစေခင်ဗျာ”
ချန်ကျီရှင်းက ပြန်မဖြေဘဲ အတွေးတစ်ခု ဝင်လာဟန်ဖြင့် အသာအယာ မေးလိုက်သည်။
“မင်းက မင်းအဖေရဲ့ ရာထူးကို ဆက်ခံဖို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို သွားနေတာလား”
ရှောင်ပင်းသည် ချန်ကျီရှင်း၏ အတိမ်အနက်ကို မခန့်မှန်းနိုင်သဖြင့် အမှန်အတိုင်းပင် ဖြေကြားလိုက်သည်
“မှန်ပါတယ်ခင်ဗျာ။ ကျွန်တော်ရဲ့ အဖေက ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှာပဲ ကွယ်လွန်သွားခဲ့တာပါ။ အဲဒီက စည်းမျဉ်းအရ ဆယ်နှစ်ထက်မက အလုပ်လုပ်ခဲ့တဲ့ အစေခံတိုင်းက သူတို့ကွယ်လွန်ချိန်မှာ မိသားစုဝင်တစ်ယောက်ကို သူတို့ရဲ့ အစေခံရာထူးကို ဆက်ခံခွင့် ပေးနိုင်ပါတယ်ခင်ဗျာ”
ချန်ကျီရှင်းက ခေါင်းညိတ်လိုက်ပြီးနောက် “ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက မင်းရဲ့ အထောက်အထားကို ဘယ်လို စစ်ဆေးတာလဲ။ တခြားတစ်ယောက်က မင်းအဖြစ် ဟန်ဆောင်သွားရင်ရော”
ဤမေးခွန်းကို ကြားသောအခါ ရှောင်ပင်းသည် မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသော်လည်း ချန်ကျီရှင်း၏ စောစောက လုပ်ရပ်ကို သတိရသဖြင့် အတင်းအကျပ် ပြုံးကာ
“ကျွန်တော် မထွက်ခွာခင်မှာ သန့်စင်ရာနယ်မြေကနေ ကွယ်လွန်သွားတဲ့ အစေခံတွေရဲ့ သားသမီးတွေဆီကို ဝင်ခွင့်အမှတ်အသားအဖြစ် စာတစ်စောင် ပို့ပေးပါတယ်။ အဲဒီစာကို သုံးပြီးတော့မှ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေထဲကို ဝင်လို့ရတာပါခင်ဗျာ”
“ဒါဆိုရင် အဲဒီ ဝင်ခွင့်အမှတ်အသားကလွဲရင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက မင်းရဲ့ အထောက်အထားကို သိပ်ပြီး အသေးစိတ် မစစ်ဆေးဘူးပေါ့။ အထဲမှာ မင်းကို မြင်ဖူးတဲ့သူရော ရှိလား”
ချန်ကျီရှင်းက မျက်ခုံးပင့်လိုက်သည်။
ရှောင်ပင်းက ရယ်မောလိုက်ရင်း “တာအိုအရှင်... အစေခံတစ်ယောက်ကို အထင်ကြီးလွန်းနေပါပြီ။ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေဆိုတာ အင်အားကြီးဂိုဏ်းကြီးတစ်ခုပါ။ အစေခံလေး တစ်ယောက်အတွက်နဲ့ သူတို့က အချိန်ကုန်ခံပြီး အသေးစိတ် စုံစမ်းနေပါ့မလား။ ကျွန်တော် ဆိုရင်လည်း အခုမှ ပထမဆုံးအကြိမ် သွားတာပါ။ ဘယ်သူက ကျွန်တော့်ကို သိနေမှာလဲ”
ရှောင်ပင်းက ခေတ္တရပ်ပြီး မေးလိုက်သည်။
“တာအိုအရှင်ကလည်း ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို သွားမလို့လားခင်ဗျာ။ ကြည့်ရတာ အရှင်က ငယ်ငယ်လေးနဲ့ အစွမ်းထက်တော့ အခု တပည့်သစ်ခေါ်တဲ့အချိန်မှာ ကောင်းကင်လှိုင်းတပည့်တစ်ယောက် ဖြစ်လာဖို့ အခွင့်အလမ်း အများကြီး ရှိပါတယ်။ အဲဒီအချိန်ကျရင် ကျွန်တော့်ကိုလည်း စောင့်ရှောက်ပေးပါဦးခင်ဗျာ”
ချန်ကျီရှင်းက ပြုံးလိုက်ပြီး သူ၏ အတွေးနှင့်သာ ဆိုင်သော စကားတစ်ခွန်းကို ရေရွတ်လိုက်
သည်။
“ဒါဆိုရင်... ငါက မင်းကို သတ်ပြီး မင်းရဲ့ အမှတ်အသားကို ယူသွားရင်တောင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက သိမှာမဟုတ်ဘူးပေါ့”
***