ချန်ကျီရှင်းအနေဖြင့် ဘာမှထပ်မမေးနိုင်ခင်မှာပင်...
သွားဝါဝါအဘိုးကြီးက စကားတစ်ခွန်းမှမဆိုဘဲ ချန်ကျီရှင်းကို အထွေထွေလုပ်ငန်းဆောင်တာကွင်းပြင်ဆီသို့ အတင်းဆွဲခေါ်သွားတော့သည်။ ကွင်းပြင်၌ လူပင်လယ်ကြီးဖြစ်နေပြီး လူအုပ်ကြီးမှာ တိုးမပေါက်အောင် စည်ကားလှသည်။ အဝေးရှိ ကွင်းပြင်အလယ်တွင် စင်မြင့်တစ်ခုကို အခိုင်အမာ တည်ဆောက်ထားသည်ကို မြင်တွေ့ရ၏။
ထိုစင်မြင့်ပေါ်တွင် လူသုံးဦး ရပ်နေကြသည်။
ဘယ်ဘက်အစွန်ဆုံးတွင်ရှိသောသူမှာ ကြက်သွန်ဖြူပုံစံနှာခေါင်း၊ တြိဂံပုံစံမျက်ဝန်းများရှိပြီး ပုကွကွ ဝတုတ်တုတ်ကိုယ်လုံးနှင့် လည်ပင်းတွင် အဆီပြင်များ ထပ်နေသည့် ဝတ်ရုံဝါဝတ် တာအိုကျင့်ကြံသူဖြစ်ကာ... သူသည် ချန်ကျီရှင်း အထွေထွေကိစ္စရပ်များဌာနသို့ စတင်ခြေချစဉ်က တွေ့ခဲ့ရသောသူပင်။
ဤရက်အနည်းငယ်အတွင်း အထွေထွေကိစ္စရပ်များဌာနအကြောင်း လေ့လာထားမှုအရ ချန်ကျီရှင်းသည် ထိုသူ၏ အထောက်အထားကို သိရှိထားပြီးဖြစ်သည်။ ထိုသူ၏ နာမည်ရင်းကို မည်သူမှ အသေအချာမမှတ်မိကြသော်လည်း သူသည် အထွေထွေကိစ္စရပ်များဌာနတစ်ခုလုံးကို အုပ်ချုပ်ကွပ်ကဲရသူဖြစ်ပြီး လူအများက သူ့ကို စီမံခန့်ခွဲသူယွီဟု ရိုသေစွာ ခေါ်ဝေါ်ကြသည်။
သို့သော်လည်း သွားဝါဝါအဘိုးကြီးက ထိုသူ့အကြောင်းပြောတိုင်း ဒေါသဖြင့် အံကြိတ်လေ့ရှိပြီး ဆဲဆိုသံများကိုလည်း မထိန်းနိုင်ဖြစ်တတ်သည်။ ထိုသူသည် နှလုံးသားမရှိသော ခေါင်းပုံဖြတ်သူဖြစ်ပြီး သူ၏လက်ထဲရှိ အာဏာအနည်းငယ်ကို အသုံးပြုကာ သူတို့လို အစေခံများကို နှိပ်စက်နေသူဖြစ်သည်ဟု ပြောသည်။
ပွဲတော်ရက်များတွင် ထိုသူ့ထံသို့ လက်ဆောင်ပဏ္ဏာများယူမလာဘဲ ချော့မော့မြှောက်ပင့်စကား မပြောဆိုနိုင်သူမှန်သမျှမှာ နောက်ချေးသယ်ခြင်းနှင့် မြေကျင်းတူးခြင်းကဲ့သို့သော ပင်ပန်းဆင်းရဲလှသည့် အလုပ်ကြမ်းများကိုသာ တာဝန်ပေးအပ်ခြင်း ခံရလေ့ရှိသည်။
သွားဝါဝါအဘိုးကြီး ပြောပြချက်အရဆိုလျှင်...
ရှေးဟောင်းတံဆိပ်စာသား ဆယ်ခုပိုင်ဆိုင်သည့် ပညာရှင်တစ်ဦးပင် ဖြစ်ပါစေ ယွီဘာဖီကို မျက်နှာချိုသွေးဖို့ လက်ဆောင်ပဏ္ဏာ မပါလာဘူးဆိုရင်တော့ အဲဒီလူက နောက်ချေးသယ်ရမယ့်ကံကနေ လွတ်မှာမဟုတ်ဘူးတဲ့။
ထိုစကားကြောင့် ချန်ကျီရှင်း၏ မျက်နှာပေးဟာ အနည်းငယ် ထူးဆန်းသွားပြီး သွားဝါဝါအဘိုးကြီးက တစ်ခုခုကို အရိပ်အမြွက် ပြောနေသလို ခံစားလိုက်ရသည်။
“သွားပါပြီ... ဒီယွီဘာဖီ ရှိနေမှတော့ သူက သူ့လူယုံတွေကိုပဲ အကြံပြုတော့မှာပေါ့”
သွားဝါဝါအဘိုးကြီးက မျက်နှာပျက်ပျက်နဲ့ ဒေါသတကြီး ပြောလိုက်သည်။
“ဒီယွီဘာဖီဆိုတဲ့ကောင်... ပြီးခဲ့တဲ့နှစ်က သူ့ကို လက်ဆောင်မပေးမိလို့ ငါ့ကို သုံးလတောင် နောက်ချေးသယ်ခိုင်းခဲ့တာ”
ချန်ကျီရှင်းသည် မည်သည့်စကားမျှ ပြန်လည်ပြောကြားခြင်းမရှိဘဲ စင်မြင့်ထက်ရှိ ကျန်ရှိနေသော လူနှစ်ဦးကို မော့ကြည့်လိုက်သည်။
အလယ်တွင် ရှိနေသောသူမှာ ထူးခြားသည့် အလှအပနှင့် ကိုယ်လုံးကိုယ်ပေါက်ရှိသည့် အမျိုးသမီးငယ်တစ်ဦးပင်။ သူမသည် ခရမ်းနုရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ပါးလွှာသော မိတ်ကပ်ခြယ်သမှုနှင့်အတူ သူမ၏ အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ချောမွေ့နေကာ ဆံနွယ်ရှည်များသည်လည်း တိမ်တိုက်များပမာ ဝေ့ဝဲနေသည်။ သူမ၏ မျက်ခုံးများသည် အဝေးမှ တောင်တန်းများကဲ့သို့ ထင်ရှားပြီး မျက်ဝန်းများသည် ကြည်လင်သော ရေပြင်ကဲ့သို့ ရှိနေသော်လည်း အရာအားလုံးကို ထိုးဖောက်မြင်နိုင်စွမ်းရှိသည့် အေးစက်စက် အငွေ့အသက်တစ်ခု ကိန်းအောင်းနေသည်။ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် သူမထံမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ ဆူညံပွက်လောရိုက်နေသည့် အထွေထွေကိစ္စရပ်များဌာနနှင့် လုံးဝဥဿုံ ဆန့်ကျင်ဘက် ဖြစ်နေတော့သည်။
“သူက လီရန်လား”
ချန်ကျီရှင်းက သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
“ရှောင်လေးရာ... လူတစ်ယောက်က ဘယ်လိုတောင် ယုတ်မာနိုင်ရတာလဲ။ လက်ထဲမှာ အာဏာလေး နည်းနည်းရှိတာနဲ့ တခြားသူတွေကို ဒုက္ခပေးဖို့ အစွမ်းကုန် ကြိုးစားတော့တာပဲ။ အောက်ခြေလူတန်းစားတွေဟာ အာဏာလေး နည်းနည်းရလာပြီဆိုရင် တခြားအောက်ခြေလူတွေကို လူတကာထက်ပိုပြီး ရက်ရက်စက်စက် နှိပ်စက်တတ်ကြတယ်ဆိုတာ... တကယ်ကို ဟုတ်တာပဲ...”
သွားဝါဝါအဘိုးကြီးက စိတ်ပါလက်ပါ ပြောဆိုနေရင်း ချန်ကျီရှင်း၏ မေးခွန်းကြောင့် အံ့ဩသွားကာ စကားကိုရပ်လိုက်ပြီး ရယ်မောလျက် “ဒီလောက် အလှအပနဲ့ တည်ငြိမ်မှုမျိုး ရှိတာ... နတ်သမီး လီရန် ကလွဲလို့ ဘယ်သူရှိဦးမှာလဲ” ဟု ပြောလိုက်သည်။
သူက ချန်ကျီရှင်း၏ မျက်လုံးရှေ့တွင် လက်ကို ဝေ့ယမ်းပြပြီး ပြုံးလျက် “ရှောင်လေး... အကြာကြီး စိုက်မကြည့်နဲ့ဦး။ မဟုတ်ရင် မင်းရဲ့ အဆင့်အတန်းကို မေ့သွားပြီး မဖြစ်သင့်တဲ့ စိတ်ကူးတွေ ယဉ်မိနေဦးမယ်။ ဒီလို ကောင်းကင်ဘုံက သမီးတော်တွေဆိုတာ ငါတို့လို အစေခံတွေ လက်လှမ်းမီနိုင်တဲ့ သူတွေမဟုတ်ဘူး။ စကားပုံတောင် ရှိတယ်မဟုတ်လား... ထူးထူးခြားခြား ထက်မြက်တဲ့သူတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ တွေ့လိုက်ရရင် နောက်ပိုင်းတွေ့သမျှ လူတွေအားလုံးဟာ မြေမှုန့်တွေလိုပဲ အရောင်မှိန်သွားတတ်တယ် ဆိုတာလေ” ဟု ဆက်ပြောလိုက်သည်။
“အဘိုးဟွမ်က တော်တော်နှံ့စပ်တာပဲ”
ချန်ကျီရှင်းက သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သွားဝါဝါအဘိုးကြီးကို ထူးဆန်းသောအမူအရာဖြင့် တစ်ချက်ကြည့်လိုက်သည်။
ဒီအဘိုးကြီးကတော့ တကယ့်လူပဲ။
“ဒါပေါ့ ငါ အဘိုးဟွမ်က တစ်သက်လုံး နေရာအနှံ့မရောက်ဖူးပေမဲ့ စာအုပ်တွေတော့ အများကြီးဖတ်ဖူးတယ်။ စာဖတ်လေလေ လောကရဲ့ အမှန်တရားတွေကို ပိုနားလည်လေလေပဲ”
သွားဝါဝါအဘိုးကြီးက တဟဲဟဲ ရယ်မောလိုက်သည်။
ချန်ကျီရှင်းက ခေါင်းခါယမ်းလိုက်ပြီးနောက် ညာဘက်အစွန်ဆုံးတွင်ရှိသော မှင်ရောင်ဝတ်ရုံနက် ဝတ်ဆင်ထားသည့် ချောမောသောလူငယ်ကို ညွှန်ပြလိုက်သည်။
“ဒါနဲ့ သူကရော ဘယ်သူလဲ”
“သူ့နာမည်က ကွမ်းထျန်းယွီတဲ့။ တောင်ဘက်တောင်ထိပ်ရဲ့ စစ်မှန်သောတပည့်သုံးယောက်ထဲက တစ်ယောက်ပေါ့။ မင်းက အသစ်ဆိုတော့ နားလည်မှာမဟုတ်ဘူး၊ ဒီနေ့တော့ ဒီအဘိုးကြီးကပဲ ရှင်းပြပေးရတာပေါ့”
သွားဝါဝါအဘိုးကြီးက နှာခေါင်းနှိုက်ပြီး နှာချေးကို လုံးကာ ရှေ့သို့ တောက်ထုတ်လိုက်သည်။ ထို့နောက် သူ၏လက်ချောင်းများကို အင်္ကျီလက်ဖြင့် သုတ်လိုက်ပြီး လည်ချောင်းတစ်ချက် ရှင်းလိုက်သည်။
“ငါတို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို တောင်ဘက်နဲ့ မြောက်ဘက်တောင်ထိပ်ဆိုပြီး နှစ်ခြမ်းခွဲထားတယ်”
“တောင်ဘက်တောင်ထိပ်က စိတ်ဝိညာဉ်ကို အဓိကထားကျင့်ကြံပြီး မြောက်ဘက်တောင်ထိပ်ကတော့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ကျင့်ကြံတာပေါ့”
“တောင်ဘက်တောင်ထိပ်က ယုံကြည်တာကတော့ လူသားရဲ့ အင်အားက အကန့်အသတ်ရှိပေမဲ့ စိတ်ဓာတ်စွမ်းအားကတော့ အကန့်အသတ်မရှိဘူးတဲ့”
“မြောက်ဘက်တောင်ထိပ်ကတော့ ကျင့်ကြံခြင်းဆိုတာ ဒုက္ခပင်လယ်ကြီးလိုပဲ။ ခန္ဓာကိုယ်
ကတော့ အဲဒီပင်လယ်ကို ဖြတ်ကျော်မယ့် ရတနာလှေကြီးပေါ့။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က မဟာတာအိုရဲ့ အစပဲလို့ ယူဆကြတယ်”
“ဒါပေမဲ့ ဒီလို မဟာတာအို အငြင်းပွားမှုတွေဟာ နေ့တိုင်း နောက်ချေးသယ်နေရတဲ့ ငါတို့လို လူမမည်လေးတွေနဲ့တော့ ဘာမှမဆိုင်ပါဘူး။ ငါတို့ သိဖို့လိုတာက တစ်နေ့ကို နောက်ချေး ဘယ်နှစ်ခေါက် သယ်ရမလဲဆိုတာပါပဲ”
“...”
ချန်ကျီရှင်းက သူ၏နားထင်ကို ဖိလိုက်ရင်း “အဘိုးဟွမ် နောက်ချေးအကြောင်း ခဏထားပြီး လိုရင်းကိုပဲ ပြောလို့မရဘူးလား”
“လူငယ်တွေကတော့ စိတ်မရှည်လိုက်ကြတာ”
အဘိုးဟွမ်က နှာခေါင်းကို တစ်ချက်ရှုံ့လိုက်ရင်း ဆက်ပြောသည်။
“တောင်ဘက်နဲ့ မြောက်ဘက် တောင်ထိပ်နှစ်ခုလုံးရဲ့ အင်အားစုဖွဲ့ပုံက တောင်ထိပ်သခင် တစ်ဦးစီနဲ့ စစ်မှန်သောတပည့်သုံးဦးစီနဲ့ ဖွဲ့စည်းထားတာ”
“ကွမ်းထျန်းယွီနဲ့ နတ်သမီးလီရန်တို့ နှစ်ယောက်လုံးက တောင်ဘက်တောင်ထိပ်ရဲ့ စစ်မှန်သောတပည့် သုံးယောက်ထဲမှာ ပါဝင်ပေမဲ့ နတ်သမီးလီရန်ရဲ့ ပါရမီက အရမ်းထူးချွန်လွန်းလို့ တောင်ဘက်တောင်ထိပ်ရဲ့ နတ်သမီးဆိုတဲ့ ဘွဲ့ထူးကို သီးသန့် အပ်နှင်းခံထားရတာပေါ့”
“အဆင့်အတန်းအရဆိုရင် နတ်သမီးလီရန်က ကျန်တဲ့ စစ်မှန်သောတပည့် နှစ်ယောက်
ထက်တောင် အထက်မှာရှိတယ်။ ဒါပေမဲ့ အဆင့်အတန်းက တစ်ပိုင်း အစွမ်းအစက တစ်ပိုင်းပေါ့လေ”
“ငါ သိသလောက်တော့ ဒီကွမ်းထျန်းယွီက စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီ။ ဒါဟာ စစ်မှန်သောတပည့်တွေထဲမှာတောင် တကယ့်ကို ထိပ်တန်းအဆင့်ပဲ”
ဤနေရာသို့ ရောက်သောအခါ အဘိုးဟွမ်က မနာလိုဝန်တိုမှုများကို မဖုံးဖိနိုင်တော့ဘဲ “အသက် ၃၀ တောင် မပြည့်သေးဘဲ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်နေပြီဆိုတော့ တကယ့်ကို အံ့မခန်းပါပဲ”
“လူချင်းတူတူ လက်ခြေချင်းတူတူကို ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ။ သူက အသက် ၂၀ ကျော်မှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကိုရောက်ပြီး ဂုဏ်သရေရှိ တာအိုမျိုးစေ့တပည့်ဖြစ်နေချိန်မှာ... ငါကတော့ အသက် ၈၀ ကျော်တဲ့အထိ တစ်နေ့ကို ပေါင် ၈၀၀ ကျော်တဲ့ နောက်ချေးတွေကို သယ်နေရတုန်းပဲ။ တွေးမိတိုင်း ဒေါသထွက်ဖို့ကောင်းလိုက်တာ အဲဒီ ယွီဘာဖီကို နောက်တစ်ခါ ထပ်ဆဲဦးမှပဲ”
ချန်ကျီရှင်းက ထိုစကားကိုကြားသော် နားလည်မှုရှိရှိ ပြုံးလိုက်ပြီး စင်မြင့်ထက်သို့ ပြန်ကြည့်လိုက်သည်။
စင်မြင့်ပေါ်တွင်...
ဝတုတ်တုတ် စီမံခန့်ခွဲသူယွီက မျက်နှာတွင် အပြုံးတစ်ခု အမြဲချိတ်ထားလျက် “နတ်သမီးနဲ့ တပည့်ကြီးကွမ်း... အခြွေအရံ ရွေးချယ်ချင်တယ်ဆိုရင် ဒါက မခက်ပါဘူး။ ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ။ အလုပ်ကြိုးစားပြီး ရိုးသားတဲ့သူတွေကို ရအောင် ရွေးပေးပါ့မယ်...”
စကားမဆုံးသေးမီမှာပင် ကွမ်းထျန်းယွီက ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးကို တွန့်လိုက်ပြီး အေးစက်စွာ ဖြတ်ပြောလိုက်သည်။
“ငါ့ရဲ့ ဂျူနီယာညီမလေး ဘာရွေးချယ်မလဲဆိုတာ သူနဲ့ပဲ ဆိုင်တယ်။ မင်းက ကြားထဲက ဝင်ပါနေဖို့ လိုလို့လား”
ထိုစကားကြောင့် စီမံခန့်ခွဲသူယွီ၏ အပြုံးမှာ ခဲသွားပြီး တဟားဟားဖြင့် အသံခြောက်ကြီးဖြင့် အကြိမ်ကြိမ် တောင်းပန်ကာ ဘာမှ ထပ်မပြောဝံ့တော့ပေ။
ထို့နောက် ကွမ်းထျန်းယွီက လီရန်ဘက်သို့ လှည့်ကာ နူးညံ့သောအပြုံးဖြင့် “ညီမလေး... အခြွေအရံဆိုတာ လက်ဖက်ရည်လာချပေးတဲ့ သာမန်အစေခံတွေနဲ့ မတူဘူး။ သူတို့က နောင်တစ်ချိန်မှာ ညီမလေးရဲ့ ဘေးနားကနေ အနီးကပ် ကူညီပေးရမယ့်သူတွေ။ ပထမဆုံး အစွမ်းအစကို ကြည့်ရမယ်။ ပြီးရင် အလားအလာ၊ နောက်ဆုံးနဲ့ အရေးကြီးဆုံးကတော့ သစ္စာရှိမှုပဲညီမလေးအတွက် အသက်ပေးဝံ့တဲ့သူမျိုးဆိုတာ ရှာရခက်လွန်းတယ်”
ခေတ္တရပ်ပြီး ကွမ်းထျန်းယွီက ဆက်ပြောသည်။
“ငါ့အမြင်မှာတော့ ဒီ အထွေထွေကိစ္စရပ်များဌာနဆိုတာ သာမန်ကာလျှံကာ လူညံ့တွေနဲ့ပဲ ပြည့်နေတာ။ တကယ် အလားအလာရှိတဲ့သူဆိုရင် တပည့်ဖြစ်သွားတာ ဒါမှမဟုတ် တခြား စစ်မှန်သောတပည့်တွေဆီ ရောက်သွားတာ ကြာလှပြီ”
“ဒါကြောင့် ငါ့ဆီက အခြွေအရံတွေကိုပဲ ညီမလေးဆီ လွှဲပေးတာ ပိုကောင်းမယ်ထင်တယ်။ သူတို့က ငါနဲ့အတူ တိုက်ပွဲတွေအများကြီး ဖြတ်သန်းလာတဲ့ ယုံကြည်ရသူတွေပဲ”
ခရမ်းရောင် နန်းတွင်းဝတ်စုံနှင့် လီရန်က ထိုစကားကို ကြားသော် အနည်းငယ် ပြုံးလိုက်သည်။ သူမ၏ အသံမှာ ချိုမြိန်လှသော ငှက်ငယ်လေးတစ်ကောင်၏ တေးဆိုသံကဲ့သို့ပင် “စီနီယာအစ်ကိုကြီးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မနဲ့ သင့်တော်မယ့် အခြွေအရံတွေကို ကိုယ်တိုင်ပဲ ရွေးချယ်ချင်ပါတယ်ရှင်”
ထိုသို့ပြောပြီးနောက် လီရန်က ရှေ့သို့ တစ်လှမ်းတိုးကာ ပြုံးလျက် ကြေညာလိုက်သည်
“အားလုံးပဲ... အကယ်၍ အသက် ၃၀ ကျော်နေသူတွေ ဒါမှမဟုတ် ကျင့်ကြံမှုအဆင့်က ဝိညာဉ်ပြုစုပျိုးထောင်ခြင်းနယ်ပယ်အောက်မှာ ရှိနေသူတွေဆိုရင် ကျေးဇူးပြုပြီး နောက်ဆုတ်ပေးကြပါရှင်”
***