ဓားဝိညာဉ်က သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်သည်။
"လူတစ်ယောက်ရဲ့ ဘဝမှာ လျှောက်လှမ်းစရာ လမ်းကြောင်းတွေ အများကြီး ရှိတယ်။ ပြီးတော့ မင်းရဲ့ အဲဒီအိပ်မက်ထဲမှာ မင်းက အဲဒီဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းတွေထဲက တစ်ခုကို ရွေးချယ်လျှောက်လှမ်းခဲ့တယ်။ အဲဒီတော့ မင်းက သတ်မှတ်ထားတဲ့ လူတချို့နဲ့ တွေ့ဆုံခဲ့ရပြီး သတ်မှတ်ထားတဲ့ အကြောင်းအရာတွေ ဖြစ်ပျက်ခဲ့ရတယ်။ အဲဒီနောက် မင်း နိုးလာတဲ့အခါ အဲဒီလမ်းကြောင်းက မှားနေတယ်ဆိုတာ မင်း သိသွားတယ်။ ဒါဆိုရင် မင်း အဲဒီလမ်းကြောင်းကို ဆက်လျှောက်ဦးမှာလား။ "
"ငါ မလျှောက်တော့ဘူး။ "
"ဟုတ်တယ်။ ဒါကြောင့် မင်း လမ်းကြောင်းကို ပြောင်းလဲလိုက်တယ်။ အကျိုးဆက်အနေနဲ့ မင်းရဲ့ စတင်တဲ့ နေရာက အတူတူပဲ ဖြစ်နေရင်တောင် ခရီးဆုံး ပန်းတိုင်နဲ့ ဖြစ်စဉ်တွေကတော့ ကွဲပြားသွားလိမ့်မယ်။ "
ဓားဝိညာဉ်က လေးနက်စွာ ပြောလိုက်သည်။
"ဒါက လမ်းကြောင်းတွေရဲ့ ကွဲပြားခြားနားမှုပဲ။ "
"ဒါကြောင့်မလို့ မင်း ကြုံတွေ့ရတဲ့ လူတွေကလည်း ကွဲပြားတဲ့ ဖြစ်စဉ်တွေကို ဖြတ်သန်းနေကြရတာပဲ။ "
"ဒါကြောင့်မလို့ မင်းရဲ့ အရင်ဘဝမှာ ထျန်းဝိုက်မျှော်စင် ဖျက်ဆီးခံခဲ့ရတာပေါ့။ ပြီးတော့ မုန့်ချောင်းရန် နဲ့ ဝူယွမ်လျန့် တို့လည်း သေဆုံးခဲ့ကြတယ်။ ဒါပေမဲ့ ဒီဘဝမှာတော့ သူတို့နှစ်ယောက် မသေသေးဘူး။ ဒါ့အပြင် ထျန်းဝိုက်မျှော်စင်ကလည်း အောက်ကောင်းကင် သုံးဆင့်မှာ နံပါတ်တစ် ဂိုဏ်း ဖြစ်လာခဲ့တယ်။ "
"ဒါကြောင့်မလို့ မင်းရဲ့ အရင်ဘဝမှာ ဝူချန့်ချန့်က ရှီချန်းရှန်း ရဲ့ လက်ထပ်ခွင့် တောင်းတာကို လက်ခံခဲ့ပြီး ထျန်းဝိုက်မျှော်စင်အတွက် ကိုယ့်ကိုယ်ကိုယ် စတေးခဲ့တာပေါ့။ ဒါပေမဲ့ ဒီဘဝမှာတော့ သူမ အဲဒီလို မလုပ်ခဲ့ဘူး။ "
"ဒါကြောင့်မလို့ အရင်ဘဝမှာ ထျယ်ပူထျန်း သေဆုံးခဲ့ရပြီး တိဝူချင်းရုန် အနိုင်ရခဲ့တာပေါ့။ ဒါပေမဲ့ ဒီဘဝမှာတော့ အရာအားလုံးက အများကြီး ကွဲပြားနေတယ်။ "
"ကုတူရှင်း နဲ့ တခြားသူတွေက အရင်ဘဝမှာတော့ နာမည်ကြီးလာခဲ့ကြလိမ့်မယ်။ တကယ်တော့ နောက်ထပ် ဆယ်နှစ်ကနေ အနှစ်နှစ်ဆယ်လောက်ကြာရင် သူတို့က အန့်ကျူး ( ဝါးနက် ) လိုပဲ နာမည်ကြီးလာကြမှာပဲ။ ဒါပေမဲ့ ဒီဘဝမှာတော့ အရာအားလုံးက အချိန်ထက် အများကြီး စောနေတယ်။ "
"အရင်ဘဝတုန်းက အလယ်ကောင်းကင် သုံးဆင့်မှာ မဖြစ်ခဲ့တဲ့ အရာတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ ဒီဘဝမှာတော့ အဲဒါတွေ ဖြစ်လာခဲ့ပြီ။ "
"မို့ချင်းဝူက အိပ်မက်ထဲမှာ သေဆုံးသွားခဲ့တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ သူမက သိုင်း အဓိပတိ အဆင့် ပညာရှင် နှစ်ယောက်ရဲ့ ပူးတွဲတပည့် ဖြစ်လာခဲ့ပြီ။ "
"ဒီအပြောင်းအလဲတွေ အကုန်လုံးက မင်းကြောင့် ဖြစ်လာရတာဆိုတာ မင်း သိရမယ်။ "
"ဘာကြောင့်လဲဆိုတော့ မင်းမှာ ဒီလို ထူးဆန်းတဲ့ အိပ်မက်တစ်ခု ရှိခဲ့လို့ပဲ။ "
"မင်းရဲ့ ဘဝနှစ်ခုစလုံးက သိပ်ပြီး ကွဲပြားမနေဘူး။ တစ်ခုတည်းသော ကွဲပြားချက်က မင်းပဲ။ ဒီဘဝက မင်းရဲ့ အရင်ဘဝပဲ။ ဒါကြောင့် မင်းရဲ့ အရင်ဘဝက ရှိနေတာပေါ့။ ဒါပေမဲ့ အဲဒါက မင်းရဲ့ အိပ်မက်ထဲမှာပဲ ရှိနေတာပါ။ "
ချူယန်က တိတ်ဆိတ်စွာဖြင့် ဂရုတစိုက် နားထောင်နေခဲ့သည်။ သူက နက်နက်ရှိုင်းရှိုင်းလည်း စဉ်းစားနေခဲ့သည်။ သို့သော် သူ စကားတစ်ခွန်းမျှ မပြောခဲ့ပေ။
"ငါ မေးချင်တာက ဒီဘဝက မို့ချင်းဝူက ငါ့ရဲ့ အရင်ဘဝက မို့ချင်းဝူပဲလား ဆိုတာကိုပါ။ "
ချူယန်က တိုးညှင်းပြီး နက်ရှိုင်းသော လေသံဖြင့် မေးလိုက်သည်။
"မင်း ဒီမေးခွန်းကို မမေးသင့်ဘူး။ "
ဓားဝိညာဉ်က ပြောသည်။
"မင်းကို တစ်ခုလောက် မေးပါရစေ။ အကယ်၍ မင်းသာ ဒီဘဝမှာ ဘာမှ ထူးခြားအောင် မလုပ်ခဲ့ဘူးဆိုရင် ပြီးတော့ အရင်ဘဝက လမ်းကြောင်းအတိုင်းပဲ အရင်လို ခံစားချက်မဲ့ ဓားသိုင်းကို ဆက်ပြီး ကျင့်ကြံနေခဲ့မယ်ဆိုရင် မို့ချင်းဝူ သေမှာပဲ မဟုတ်ဘူးလား။ "
"မင်းသာ ဒီဘဝမှာ အဲဒီလို ကြိုးစားအားထုတ်မှုတွေ မလုပ်ခဲ့ဘူးဆိုရင် မို့ချင်းဝူ ဘာဖြစ်သွားမလဲ။ သူမ ဒီလိုမျိုး သွက်လက်ပြီး ချစ်စရာကောင်းနေပါ့မလား။ အကယ်၍ သူမသာ ထျယ်ယွမ်တိုင်းပြည် မှာ ရှင်းမုန့်ချင်းဝူ ဓားမော့ကို မရခဲ့ဘူးဆိုရင် မို့ချင်းဝူရဲ့ ဘဝမှာ တောက်ပတဲ့ အရောင်အသွေးတွေ ရှိလာနိုင်ပါ့မလား။ သူမက အရင်ဘဝကလို စိတ်ဓာတ်ကျနေတဲ့ မို့ချင်းဝူပဲ ဖြစ်သွားမှာပေါ့။ ပြီးရင် သူမက တစ်ချိန်ချိန်မှာ မင်းနဲ့ တွေ့ပြီး ထပ်သေရဦးမှာပဲ။ ငါ့ကို ပြောစမ်းပါ။ မင်း ဒီဘဝမှာ ထျယ်ယွမ်တိုင်းပြည် ကို ဘာလို့ သွားခဲ့တာလဲ။ မင်းရဲ့ အရင်ဘဝမှာကော အဲဒီကို သွားခဲ့ဖူးလို့လား။ "
ဓားဝိညာဉ်က နှာခေါင်းရှုံ့လိုက်ပြီး ဆက်ပြောသည်။
"အခုက စပြီး ရေတွက်ကြည့်ရအောင်။ မင်းရဲ့ အရင်ဘဝမှာဆိုရင် မင်းက ရှစ်နှစ်ခွဲကြာမှ မို့ချင်းဝူ နဲ့ တွေ့ရမှာလေ။ ဒီအကြောင်းတွေကို မင်း တစ်ခါမှ မစဉ်းစားဖူးဘူးလား။ "
ချူယန်က အတန်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် သူ၏ မျက်နှာပေါ်တွင် ရုတ်တရက် အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။
" ဪ၊ ဒါက ဒီလိုကိုး။ ငါက ငါ့ရဲ့ စိတ်ကူးယဉ်မှုတွေထဲမှာ လမ်းပျောက်နေခဲ့တာပဲ။ ဒါပေမဲ့ အစကတည်းက ဒါက သိပ်ကြီးကျယ်တဲ့ ကိစ္စတော့ မဟုတ်ခဲ့ပါဘူး။ "
"ကောင်းကင်ကလည်း ဒီကောင်းကင်ပဲ။ မြေကြီးကလည်း ဒီမြေကြီးပဲ။ ပြီးတော့ ချင်းဝူကလည်း ချင်းဝူပဲ။ ဘာမှ မပြောင်းလဲဘူး။ ငါက လွဲရင်ပေါ့။ "
ချူယန်က တိုးညှင်းစွာ ပြောလိုက်သည်။
ဤစကားများကို ပြောလိုက်စဉ် သူ၏ ရင်ထဲတွင် ရုတ်တရက် ပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။
ဓားဝိညာဉ်က ညင်သာစွာ ပြုံးလိုက်ပြီး ပြောသည်။
"မှန်တယ်။ မင်းရဲ့ အရင်ဘဝနဲ့ ဒီဘဝအကြောင်း ဒါမှမဟုတ် အိပ်မက် ဒါမှမဟုတ် တခြားအရာတွေနဲ့ ပတ်သက်ပြီး နောင်တစ်ချိန်မှာ ဘာကိစ္စလဲဆိုတာ မင်း သေချာပေါက် သိလာပါလိမ့်မယ်။ မင်း ငါ့ကို မေးခွန်းတစ်ခု မေးတယ်။ ပြီးတော့ ငါက မင်းကို အဖြေတွေ အများကြီး ပေးခဲ့တယ်။ အခု ငါ မင်းကို မေးခွန်းတစ်ခု ပြန်မေးလို့ ရမလား။ "
"မေးလေ။ "
ချူယန်၏ စိတ်နေစိတ်ထားမှာ အလွန် ကောင်းမွန်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူက ပွင့်လင်းစွာ ပြန်ဖြေလိုက်သည်။
"အင်း။ မင်းက အမြဲတမ်း မို့ချင်းဝူကိုပဲ စိတ်ထဲမှာ ထားတယ်။ မင်းရဲ့ ရင်ထဲမှာ မို့ချင်းဝူ တစ်ယောက်ပဲ ရှိတယ်။ တကယ်တော့ မင်း တခြား ဘယ်မိန်းမနဲ့မှ အဆက်အသွယ် မလုပ်ချင်လို့ အောက်ကောင်းကင် သုံးဆင့်မှာ မင်းရဲ့ ရုပ်သွင်ကို ဖုံးကွယ်ထားဖို့တောင် ဝန်မလေးခဲ့ဘူး။ ဝူချန့်ချန့်က မင်းအပေါ်မှာ သမုဒ္ဒရာလို နက်ရှိုင်းတဲ့ သံယောဇဉ် ရှိခဲ့ရင်တောင်မှ မင်းက သူမနဲ့ သင့်တင့်လျောက်ပတ်တဲ့ အကွာအဝေးတစ်ခုမှာပဲ နေခဲ့တယ်။ "
ဓားဝိညာဉ်က ဖြည်းညှင်းစွာ မေးလိုက်သည်။
"မင်း လုပ်သမျှ ဒါမှမဟုတ် မင်း ပိုင်ဆိုင်သမျှ အရာအားလုံးက မို့ချင်းဝူ အတွက်ပဲလို့ မင်း ထင်နေတာ သိသာပါတယ်။ မင်း ရင်ထဲက စစ်မှန်တဲ့ အချစ်က မို့ချင်းဝူ တစ်ယောက်တည်းအတွက်ပဲလေ။ ဒါပေမဲ့ အကယ်၍ မင်းရဲ့ အရင်ဘဝမှာ သူမ မသေခဲ့ဘူးဆိုရင် ပြီးတော့ မင်းတို့နှစ်ယောက် အတူတူ ဆက်ပြီး နေထိုင်ခဲ့ကြမယ်ဆိုရင် မင်းရဲ့ ဒီဘဝမှာ သူမကို ဒီလောက်အထိ ပြတ်ပြတ်သားသား စိတ်ထဲမှာ ထားနိုင်ဦးမှာလား။ "
"မင်းရဲ့ ရင်ထဲမှာ ဘယ်အရာက ပိုပြီး အလေးသာလဲ။ မို့ချင်းဝူ အပေါ်ထားတဲ့ မင်းရဲ့ အပြစ်ရှိသလို ခံစားရမှုလား ဒါမှမဟုတ် သူမအပေါ်ထားတဲ့ မင်းရဲ့ အချစ်လား။ "
သို့သော် ဤမေးခွန်းက ချူယန်ကို မှင်သက်သွားစေခဲ့သည်ပင်။
တကယ်တော့ သူ ဆွံ့အသွားခဲ့သည်။
သူသည် အတန်ကြာအောင် မှင်သက်နေပြီး ဘာမှ ပြန်မဖြေနိုင်ခဲ့ပေ။
အချစ်လား။ အပြစ်ရှိသလို ခံစားရတာလား။ ငါ သူမကို ချစ်လို့ အပြစ်ရှိသလို ခံစားရတာလား။ ဒါမှမဟုတ် ငါ အပြစ်ရှိသလို ခံစားရလို့ သူမကို ချစ်နေတာလား။
ဒီဘဝက မို့ချင်းဝူ၏ ချစ်စရာကောင်းသော ပုံရိပ်လေးက သူ၏ မျက်စိရှေ့တွင် ဖြတ်ပြေးသွားသည်။
"အစ်ကို ချူယန်... ညီမ အစ်ကို့ကို တကယ် လွမ်းနေတာ...။ "
"အစ်ကို ချူယန်... ညီမကို စောင့်နေမှာလား။ "
"အစ်ကို ချူယန်... နောက်ဆုံးတော့ ညီမ အစ်ကိုနဲ့ တွေ့ရပြီ...။ "
"အစ်ကို ချူယန်... အစ်ကို ဖက်ထားပေးရင် အရမ်းကောင်းတာပဲ။ "
…
အနီရောင် အရိပ်လေးတစ်ခုက သူ၏ အတွေးများထဲတွင် လွင့်မျောလာသည်။ ၎င်းမှာ နေဝင်ဆည်းဆာလို ဆွဲဆောင်မှုရှိလှသည်။ ထိုအရိပ်လေး၏ မျက်နှာပေါ်တွင် ဖြော့တော့သော ဝမ်းနည်းမှုနှင့် အနည်းငယ်သော စိုးရိမ်ပူပန်မှုများ ရှိနေ၏။ သူမ၏ တစ်ကိုယ်လုံးမှာ ကျက်သရေရှိပြီး လှပနေသည်။ သူမသည် ခေါင်းအစ ခြေအဆုံးတိုင်အောင် နူးညံ့သိမ်မွေ့နေပုံရသည်။
နောင်တ မရဘူး ဆိုသည့် နက်ရှိုင်းသော ခံစားချက်များက သူမ၏ မျက်လုံးများထဲတွင် ပြည့်နှက်နေသည်။ သူမက အရူးအမူး ချစ်ခြင်းများ ပြည့်နှက်နေသော အကြည့်များဖြင့် သူ့ကို ကြည့်နေ၏။
"ညင်သာတဲ့ ကကွက် မရှိတဲ့ တစ်သက်တာက မခံမရပ်နိုင်စရာပဲ။ ဒါပေမဲ့ ကခုန်တယ်ဆိုတာ အချစ်မှာ ကျရှုံးတာပဲ။ ပြီးတော့ အချစ်က တစ်သက်တာ ခါးသီးမှုတွေကို ဖြစ်ပေါ်စေတယ်။ "
….
ချူယန်က ဝမ်းနည်းပူဆွေးစွာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်ပင်။
ထို့နောက် သူ၏ နတ်ဘုရားဝိညာဉ်မှာ ကပ်ဘေးကိုးစင်း ဟင်းလင်းပြင်ထဲမှ ထွက်ခွာလာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။ သူက အလန့်တကြား ထိုင်ရက်သား ဖြစ်သွားပြီး သူ၏ တစ်ကိုယ်လုံးတွင် ချွေးအေးများ စီးကျနေ၏။ တကယ်တော့ သူ အလွန်အမင်း မောဟိုက်နေခဲ့သည်။
ချူယန်က ဤကိစ္စကို အချိန်အတော်ကြာအောင် ဆက်လက် စဉ်းစားနေခဲ့သည်။ တဖြည်းဖြည်းနှင့် သူ၏ စိတ်မှာ ပြန်လည် တည်ငြိမ်လာသည်။ ထို့နောက် သူ ညင်သာစွာ ပြုံးလိုက်သည်။
သူက ပြုံးရင်းနှင့် မိမိကိုယ်ကိုယ် တိုးညှင်းစွာ ပြောလိုက်သည်။
" ငါ အပြစ်ရှိသလို ခံစားရလို့ သူမကို ချစ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ငါ သူမကို ချစ်လို့ အပြစ်ရှိသလို ခံစားရတာပဲ ဖြစ်ဖြစ်။ ဘာကွာလို့လဲ။ လူ နှစ်ယောက် ချစ်ကြိုက်သွားတဲ့အခါမှာ အတက်အကျပေါင်း များစွာကို ဖြတ်သန်းရမှာပဲ။ ဒါပေမဲ့ သူတို့က အတူတူ ရှေ့ဆက်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်ကြတာပဲလေ။ "
" စစ်မှန်တဲ့ အချစ် ဆိုတာ သူတို့ တကယ်ပဲ အတူတူ ရှိသင့်၊ မရှိသင့် ဆုံးဖြတ်ဖို့အတွက် လောကရဲ့ ဆင်းရဲဒုက္ခတွေကို ဖြတ်သန်းရမှာပဲ။ "
"အပြစ်ရှိသလို ခံစားရလို့ အချစ်က ဖြစ်လာတာလား ဒါမှမဟုတ် အချစ်ကြောင့် အပြစ်ရှိသလို ခံစားရတာလား ဆိုတာ အရေးမကြီးပါဘူး။ ဘာပဲဖြစ်ဖြစ် လက်ရှိ မို့ချင်းဝူက ငါ့ရဲ့ အရင်ဘဝက မို့ချင်းဝူပဲလေ။ သူမက မို့ချင်းဝူ ဖြစ်နေသရွေ့ ငါ သူမကို ချစ်သွားမှာပဲ။ အဲဒါဆို လုံလောက်ပါပြီ။ "
"ငါ ဘာလို့ ဒီလောက်အထိ အများကြီး စဉ်းစားနေဖို့ လိုဦးမှာလဲ။ "
သူက မိမိကိုယ်ကိုယ် စကားပြောရင်း ဓားဝိညာဉ်၏ မေးခွန်းကို ပြန်လည် ဖြေကြားနေသကဲ့သို့ပင်။ သို့သော် သူ၏ ရင်ထဲတွင် အရင်က တစ်ခါမှ မခံစားဖူးလောက်အောင် ပေါ့ပါးသွားပြီး ကြည်နူးသွားသည်ကို ခံစားလိုက်ရသည်။
ထို့နောက် သူ မတ်တပ် ထရပ်လိုက်ပြီး အပြင်သို့ လျှောက်ထွက်လာခဲ့သည်။
သို့သော် ချူယန်က သူ အရင်ကနှင့် မတူတော့ဘဲ ပြောင်းလဲသွားပုံရသည်ကို တွေ့ရှိလိုက်ရသည်။ သို့သော် ထိုအပြောင်းအလဲက အတိအကျ ဘာလဲဆိုတာကိုတော့ သူ မပြောပြနိုင်ပေ။ သူ သေချာပေါက် သိနိုင်သည့် တစ်ခုတည်းသောအရာမှာ သူ၏ အသားအရေ ထိတွေ့မှုမှာ အခြေခံကျကျ ကွဲပြားသွားသည် ဆိုခြင်းပင်။
ယခုအခါ ဤပိတ်လှောင်နေသော နေရာတွင် လေစီးကြောင်းကို သူ ခံစားသိရှိနိုင်နေပြီ ဖြစ်သည်။ သူ၏ ဗလာကျင်းနေသော အသားအရေပေါ်သို့ လေစီးကြောင်း ဖြတ်သန်းသွားချိန်တွင် လေစီးကြောင်း၏ အားကောင်းမှုနှင့် အားနည်းမှုကိုပင် သူ ခံစားနိုင်နေသည်။ တကယ်တော့ လေအား ပိုကောင်းသည့် နေရာများနှင့် လေအား ပိုနည်းသည့် နေရာများကိုပင် သူ ရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်နေသည်ပင်။
ဒါက အရင်တုန်းက သူ မခံစားနိုင်ခဲ့တဲ့ အရာတစ်ခုပဲ။
သူ၏ ခန္ဓာကိုယ်ရှိ ပျက်စီးနေသော အာရုံကြောအချို့ တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာသကဲ့သို့ ခံစားရသည်။ ၎င်းမှာ တက်ကြွမှုများကို တဖြည်းဖြည်း ထုတ်လွှတ်နေသကဲ့သို့ပင်။
ချူယန်၏ ခန္ဓာကိုယ်မှ ရုတ်တရက် အဆင့်တက်ခြင်း အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ထိုအငွေ့အသက်မှာ ထူထပ်စွာ ပျံ့နှံ့သွား၏။ သူက ဤအခိုက်အတန့်တွင် ဓားဘုရင် အဆင့် ၅ သို့ ရုတ်တရက် အဆင့်တက်သွားခဲ့သည်။ ထို့အပြင် ဤအဆင့်တက်ခြင်းမှာ အတားအဆီးတစ်ခုကို ဖောက်ထွက်ရသကဲ့သို့ စုတ်ပြဲသွားသည့် ခံစားချက်မျိုး မရှိခဲ့ပေ။
သဘာဝတရား၏ လုပ်ငန်းစဉ်တစ်ခုခုကြောင့် သူ အဆင့်တက်သွားသကဲ့သို့ပင် ဖြစ်သည်။
ဝိညာဉ်သန့်စင် စမ်းရေအိုင်ထဲမှာ ရေချိုးတာက ဒီလို မယုံနိုင်စရာကောင်းတဲ့ အကျိုးသက်ရောက်မှုတောင် ရှိတာလား။
ချူယန် အလွန် ဝမ်းသာသွားသည်။
သူက တစ်လကြာပြီးနောက် ရလဒ်ကို မြင်တွေ့ရရန် ရုတ်တရက် စိတ်အားထက်သန်လာခဲ့သည်။
အဲဒီအချိန်ရောက်ရင် ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က ဘာဖြစ်နေမလဲ။ ဒီလောက်အထိ ထိရှလွယ်တဲ့ အာရုံခံစားနိုင်စွမ်းက သိုင်းလောကထဲမှာ လျှောက်လှမ်းပြီး ရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အရမ်း အသုံးဝင်လိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ ပတ်ဝန်းကျင်က သေးငယ်တဲ့ အသေးစိတ် အချက်အလက်တိုင်းကို ငါ ခံစားသိရှိနိုင်လို့ပဲ။ ငါသာ ဒီအာရုံခံစားနိုင်စွမ်းကို အပြည့်အဝ အသုံးချနိုင်မယ်ဆိုရင် ဘယ်လို လျှို့ဝှက် လူသတ်ကွက်ကမှ ငါ့ဆီကနေ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး။
ငါ့ရဲ့ အာရုံတွေကနေ ပုန်းကွယ်နိုင်မယ့် ရန်သူဆိုတာ ရှိလာမှာ မဟုတ်တော့ဘူး။
ဒါက ရန်သူကို ထိန်းချုပ်ပြီး အနိုင်ယူဖို့အတွက် ငါ့ကို ကူညီပေးမယ့် အမြင့်ဆုံး မှော်လက်နက်တစ်ခုပဲ။
နတ်ဘုရားဝိညာဉ်ရဲ့ မှော်အစွမ်းက တကယ်ကို အစွမ်းထက်တာပဲ။
သူက အံ့ဩဝမ်းသာဖြစ်နေရင်း လျင်မြန်သော ခြေလှမ်းများဖြင့် အပြင်သို့ ထွက်လာခဲ့သည်။
ငါ ဒီကိုရောက်တာ ဘယ်လောက်တောင် ကြာသွားပြီလဲ။ ဆရာနဲ့ ထန်ထန်။ အရမ်း စိုးရိမ်နေကြတော့မှာပဲ။
မုန့်ချောင်းရန်မှာ တကယ်ကို စိုးရိမ်ပူပန်နေခဲ့သည်ပင်။
ချူယန် ထိုတောင်ထဲသို့ ဝင်သွားသည်မှာ ရှစ်ရက်ရှိပြီ ဖြစ်သည်။ ထိုအချိန်မှစ၍ မည်သည့် လှုပ်ရှားမှုအသံမျှ မကြားရတော့ပေ။ ထို့ကြောင့် မုန့်ချောင်းရန် မည်သို့ မစိုးရိမ်ဘဲ နေနိုင်မည်နည်း။ တကယ်တော့ သူ အလွန်အမင်း စိုးရိမ်နေသဖြင့် အရူးတစ်ယောက်လို ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။ ထို့အပြင် သူက အထဲသို့ အတင်းဝင်ပြီး သွားကြည့်ချင်စိတ်များပင် ဖြစ်ပေါ်နေခဲ့သည်။
သို့သော်လည်း မုန့်ချောင်းရန်က အထဲသို့ အတင်းဝင်ချင်စိတ် ပေါ်လာတိုင်း ပို၍ပင် စိုးရိမ်ပူပန်လာရသည်။
ဘာကြောင့်လဲဆိုတော့ ထန်ထန် တစ်ယောက် ရောဂါတစ်ခု ထပ်ဖြစ်လာပြန်သောကြောင့် ဖြစ်သည်ပင်။
ထို့အပြင် ဤတစ်ကြိမ်တွင် ရောဂါမှာ ပို၍ပင် ထူးဆန်းနေသေးသည်။
ထန်ထန်သည် အစားအစာများကို မစားချင်တော့ပေ။ တကယ်တော့ သူက ထူးဆန်းသောအရာအချို့ကို စတင် စားချင်လာခဲ့သည်။ ထို့အပြင် သူက ထိုထူးဆန်းသောအရာများကို ပြင်းပြစွာ တောင့်တလာခဲ့သည်။
ချူယန် အထဲသို့ ဝင်သွားပြီး ခြောက်ရက်မြောက်နေ့တွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုနေ့က မုန့်ချောင်းရန်က ထန်ထန်ကို နှင်းကြက် သုံးကောင် သွားပစ်ရန် စေခိုင်းခဲ့သည်။ ထန်ထန် ပြန်လာပြီးနောက် မုန့်ချောင်းရန်က ၎င်းကို ကင်ပေးမည် ဖြစ်သည်။ ထို့နောက် သူတို့ ဗိုက်ဝအောင် စားကြမည် ဖြစ်သည်။
သို့သော်လည်း ကြက်ကင်နေစဉ် ထန်ထန် အနည်းငယ် ငေးမောနေသည်ကို သူ ရုတ်တရက် သတိထားမိလိုက်သည်။ အစားအစာကို မြင်လျှင် ထန်ထန်၏ မျက်လုံးများထဲတွင် ယခင်က ဖြစ်ပေါ်လေ့ရှိသော လောဘကြီးသည့် အကြည့်မျိုး မရှိတော့ပေ။ ယင်းအစား သူက ငြီးငွေ့နေသကဲ့သို့ လေချဉ်တက်နေ၏။
ဘာတွေ ဖြစ်နေတာလဲ။ အစားအသောက်တွေ့ရင် ငတ်နေတဲ့ သားရဲတစ်ကောင်လို ဖြစ်သွားတတ်တဲ့ ငါ့ရဲ့ တပည့်လေးမှ ဟုတ်သေးရဲ့လား။
သူက ထန်ထန်ကို နည်းနည်းပါးပါး စားရန် ခေါ်လိုက်သည်။ သို့သော် ထန်ထန်က တစ်လုတ်ကိုပင် ကောင်းကောင်း မမျိုချနိုင်ပေ။ ဤသည်က မုန့်ချောင်းရန်ကို ပို၍ပင် အံ့အားသင့်သွားစေသည်။
"ဘာဖြစ်လို့လဲ။ "
သူက တပည့်ဖြစ်သူ၏ ခေါင်းကို စမ်းကြည့်လိုက်သော်လည်း ဖျားနေခြင်း မရှိပေ။
"ကျွန်တော် ဒါကို မစားချင်ဘူး။ "
ထန်ထန်သည်လည်း စိတ်ဓာတ်ကျနေသည်။
ငါ ဘာလို့ ထမင်းမစားချင်ရတာလဲ။ ငါ ထမင်းဆာနေပြီလေ။
သူ၏ ဗိုက်ထဲတွင် ဆာလောင်နေသည်ကို ရှင်းရှင်းလင်းလင်း ခံစားရသော်လည်း နှင်းကြက်ကို မြင်လိုက်သည်နှင့် သူ လေချဉ်တက်သွားသည်။
ဒါက အရမ်း ထူးဆန်းလွန်းတယ်။
နောက်ဆုံးတွင် ထန်ထန်က ခရီးဆောင်အိတ်ပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်ပြီး သူ၏ အိတ်ကို စမ်းသပ်ကြည့်လိုက်သည်။
အဲဒီထဲမှာ ဝိညာဉ်သားရဲတွေရဲ့ အတွင်းအမြုတေတွေ ရှိတယ်။ ထန်ထန်က အဲဒါတွေကို ပိုက်ဆံရူးတစ်ယောက်လို စုဆောင်းထားခဲ့တာလေ။
တကယ်တော့ အဲဒီအမြုတေ အလုံးတစ်ရာလောက် ရှိတယ်။
ထန်ထန်၏ မျက်လုံးများမှ ရုတ်တရက် အစိမ်းရောင် လောဘရောင်ခြည်များ ထွက်ပေါ်လာသည်ကို သူကိုယ်တိုင်ပင် သတိမထားမိခဲ့ပေ။ တကယ်တော့ ဤအစိမ်းရောင် အလင်းတန်းမှာ ဆယ်စုနှစ်ပေါင်းများစွာ ဆာလောင်မွတ်သိပ်နေခဲ့ပြီး နောက်ဆုံးတွင် ဝတ်လစ်စလစ် အလှမယ်တစ်ဦးကို မြင်တွေ့လိုက်ရသော နှာဘူးတစ်ယောက်၏ အကြည့်နှင့်ပင် တူနေသေးသည်။
ထို့နောက် ထန်ထန်က သူ၏ ခရီးဆောင်အိတ်ကို စိတ်မရှည်စွာဖြင့် မှောက်ချလိုက်သည်။
မုန့်ချောင်းရန်က အသားများကို စားနေစဉ် နှင်းကြက်၏ ခေါင်းတစ်ခုလုံးကို ကိုင်ထားခဲ့သည်။ သူက သူ၏ တပည့်ကို ငေးကြောင်စွာဖြင့် ကြည့်နေခဲ့၏။ ထို့နောက် သူ၏ တပည့်မှာ လက်သီးဆုပ်အရွယ်ရှိ ဝိညာဉ်သားရဲ၏ အတွင်းအမြုတေတစ်ခုကို ပါးစပ်ထဲသို့ အတင်းထိုးထည့်နေသည်ကို သူ မြင်လိုက်ရသည်။
ထို့နောက် တပည့်ဖြစ်သူ၏ မျက်နှာပေါ်တွင် ကျေနပ်သွားသော အမူအရာတစ်ခု ထွက်ပေါ်လာသည်။
ထန်ထန်၏ လည်ပင်းကို ကြည့်ရင်း မုန့်ချောင်းရန်၏ လက်များ တုန်ယင်သွားသည်။ ကြက်ဥတစ်လုံးကို မျိုချဖို့ ကြိုးစားနေသည့် မြွေငယ်လေးတစ်ကောင်လို ဖောင်းတက်လာ၏။ ထို့ကြောင့် မုန့်ချောင်းရန်က ဤသို့ ငေးကြောင်နေစဉ် ထိုကြီးမားသော ကြက်ခေါင်းကြီးကို အမှတ်မထင် သူ၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်မိသည်။ သူက မသိစိတ်ဖြင့် လည်ပင်းကို ဆန့်ထုတ်လိုက်ပြီး တံတွေးမျိုချရန် မသိစိတ်ဖြင့် ကြိုးစားလိုက်သည်။
ထိုအချိန်တွင် ဆရာ မုန့် ၏ အဖြစ်ဆိုးကြီး ကျရောက်လာတော့သည်။ ထိုနှင်းကြက်၏ ခေါင်းမှာ သူ၏ လည်ချောင်းတွင် တစ်ဆို့သွားလေတော့သည်။
သူ မျိုချရန် ကြိုးစားသော်လည်း မရပေ။ ပြန်ထွေးထုတ်ရန် ကြိုးစားသော်လည်း မရပေ။ ထို့နောက် သူ၏ လည်ချောင်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။
ထန်ထန်က သူ၏ ဆာလောင်မှု အနည်းငယ် လျော့ကျသွားသည်ဟု ခံစားလိုက်ရသည်။ သူ နောက်ထပ် တစ်ခုကို မျိုချရန် ပြင်လိုက်စဉ် တစ်ခုခု၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။ ထိုအသံမှာ ကြက်မ ဥဥပြီးနောက် ထွက်ပေါ်လာသော အသံမျိုးနှင့် တူနေ၏...
သူ အံ့ဩတကြီးဖြင့် ခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။
ထိုအခါ ပါးစပ်ကြီး အဟောင်းသားဖြင့် သူ့ကို ကြည့်နေသော မုန့်ချောင်းရန်ကို သူ တွေ့လိုက်ရသည်။ ထို့အပြင် သူ၏ ပါးစပ်ထဲတွင် ကြက်ခေါင်းတစ်ခုလုံး ရှိနေသေးသည်။
အပိုင်း ၅၆၈ ပြီး၏။
***