“ တပ်မှူး… ဒီညကော ကင်းတိုပဲစောင့်ရမှာလား”
အကြပ်ရဲဘော်တစ်ဦးဖြစ်တဲ့ ငညိုက မဝံ့မရဲနဲ့လှမ်းမေးလိုက်တာကြောင့် တပ်မှူးဖြစ်သူမင်းရာဇက မျက်မှောင်ကျုံ့ကာကြည့်လိုက်ပြီး
“ ဟုတ်တယ် ငညို၊ ဒီညက ကင်းတိုပဲလျောက်ဖို့အမိန့်ရထားတယ်၊ ဘာဖြစ်လို့လဲ”
“ ဘာ ဘာမှမဖြစ်ပါဘူး တပ်မှူး၊ ငသာစံတို့က ကင်းရှည်စောင့်ရမယ်ဆိုပြီး ပြောနေလို့ သေချာအောင်မေးကြည့်တာပါ”
“ ကင်းတိုပဲဖြစ်ဖြစ် ကင်းရှည်ပဲဖြစ်ဖြစ် ကိုယ့်အလုပ်ကိုယ်တာဝန်ကျေအောင်လုပ်ကြကွယ့်၊ ညဘက် ငါကင်းစစ်လို့ တာဝန်မကျေတာတွေ့ရင် နာမယ်”
တပ်မှူးက ခပ်ထန်ထန်ပြောပြီး လှည့်ထွက်သွားချိန် ငညိုက စိတ်ပျက်လက်ပျက်ဟန်နဲ့ ထိုင်ချလိုက်ရာ ခပ်လှမ်းလှမ်းမှာရပ်နေတဲ့ ငထိန်က အနားရောက်လာပြီး
“ ငညို.. တပ်မှူးဘာပြောသွားသေးလဲ”
“ ဒီညလဲ ကင်းတိုပဲတဲ့၊ ကင်းတိုဆို မင်းရောငါရော နားလို့မရတော့ဘူးကွ၊ဒီညတော့ မယ်ခင်လေးနဲ့ တွေ့ဖို့ချိန်ထားတာကွာ”
“ ငါလဲ ဒီည ငကောင်းတို့နဲ့ သောက်ဖို့ပြောထားတာ အစီအစဉ်တွေတော့ ပျက်ပါပြီကွာ”
ငညိုနဲ့ ငကောင်းက စိတ်ပျက်ပျက်နဲ့ ပြောပြီး မြို့ရိုးအပြင်မှာရှိတဲ့ ထနောင်းပင်အောက်မှာ လှဲချလိုက်ကြတယ်။ အဲဒီအချိန် ထနောင်းပင်ခွကြားထဲမှာ ခါးတောင်းကိုမြောက်နေအောင်ကျိုက်ထားတဲ့ လူတစ်ယောက်ထိုင်နေတာကိုမြင်လိုက်ရတာကြောင့်
နှစ်ယောက်သား ထထိုင်လိုက်ပြီး
“ ဟေ့ကောင် မင်းက ဘယ်သူလဲကွ၊ ဆင်းလာစမ်း” လို့ပြောလိုက်ရာ ထနောင်းပင်ခွကြားမှာထိုင်နေတဲ့သူက အပင်အောက်ကိုဘုတ်ခနဲခုန်ဆင်းလာပြီး
“ ငါကမင်းတို့ကိုကူညီပေးမယ့်သူပါကွ”
“ ဒီကောင် လေကြီးလေကျယ်နဲ့
မင်းက ငါတို့ကိုဘယ်လိုကူညီပေးမှာလဲ”
“ ဒီလိုကွာ ငါကမင်းတို့ကြုံနေရတဲ့အခက်အခဲကို သိတယ်၊ ငါ့မှာလဲ မင်းတို့မသိနိုင်တဲ့အစွမ်းတွေရှိတယ်ကွ”
“ တယ်လေလုံးထွားတဲ့ကောင်ပါလား၊ မင်းမှာဘယ်လိုအစွမ်းတွေရှိလဲ ငါတို့ကို ထုတ်ပြစမ်း”
ငညိုက မျက်နှာထားတင်းတင်းနဲ့ပြောလိုက်ရာ ထနောင်းပင်ပေါ်ကနေခုန်ချလာတဲ့သူက ပါးတစ်ခြမ်းတွန့်အောင်ပြုံးလိုက်ပြီး ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ရာ ခါးထောင်းကျိုက်ထားတဲ့အသွင်ကနေ ငညိုရဲ့ ပုံစံအဖြစ်ပြောင်းလဲသွားတာကို မြင်လိုက်ရတယ်။
“ ဟင်… မင်း မင်းက ဘယ်လိုလုပ်ပြီး ငါ့ပုံစံအသွင်ပြောင်းနိုင်ရတာလဲ”
ငညိုစကားကြောင့် အသွင်ပြောင်းထားတဲ့ကောင်က တခွီးခွီးနဲ့ရယ်လိုက်ပြီး
“ ငါက မင်းလိုပုံစံမှမဟုတ်ဘူး၊ ဘယ်သူပုံစံကိုမဆို ပြောင်းလဲနိုင်တဲ့အစွမ်းရှိတယ်၊ ဒီလိုဆိုရင် မင်းတို့ကြုံနေရတဲ့အခက်အခဲကို ကူညီနိုင်မယ်လို့ထင်တယ်”
“ ဒီလိုဆိုရင်တော့ အဆင်သင့်တာထက်ပိုတာပေါ့ကွာ၊ ဟေ့ကောင် ငထိန် မင်းသဘောကရော”
ငညိုစကားကြောင့် ငထိန်က အသွင်ပြောင်းထားတဲ့ကောင်ကို တစ်ချက်ကြည့်လိုက်ပြီး
“ မင်းငါတို့ကို ကူညီမယ်ဆိုတာ သဘောရိုးရဲ့လား၊ မင်းဘက်က လိုလားချက်ရှိမရှိငါသိချင်တယ်”
ငထိန်စကားကြောင့် ငညိုအသွင်ပြောင်းထားတဲ့သူက နှုတ်ခမ်းပါးလေးတွန့်အောင်ပြုံးလိုက်ပြီး
***