“ မင်းက ပါးရည်နပ်ရည်ရှိတဲ့ကောင်ပဲ၊ ငါကမင်းတို့ကို ဒီတိုင်းကူညီမှာတော့မဟုတ်ဘူး၊ ငါကမင်းတို့အသွင်ယူပြီး ကူညီပေးမယ့်နေ့ဆိုရင် ငါ့အတွက် အသားနှစ်ပိဿာယူလာပြီး ကျွေးရမယ်”
“ မင်းဘက်က ဒီလိုတောင်းဆိုမှုမျိုးလာလိမ့်မယ်ဆိုတာ ငါသိတယ်၊ အသားဆိုတာက ဘာအသားဖြစ်ဖြစ်ရလား”
“ အသားစိမ်းဆိုရင်ရပြီ၊ ငါက ဇီဇာမကြောင်ပါဘူးကွ”
“ ဒါဆို မင်းက သရဲလား၊ တစ္ဆေလား၊ တဘက်လား’
“ ငါကလား.. အဟီးအဟီးအဟက်ဟက်”
“ ဟေ့ကောင် မေးနေတာကို ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့၊ ရီးတီးရားတားလုပ်လို့ကတော့ ဟောဒီဓါးကမင်း ဂုတ်ပေါ်ကျသွားလိမ့်မယ်”
ငထိန်ရဲ့စကားကြောင့် ထနောင်းပင်ပေါ်ကနေဆင်းလာတဲ့ကောင် မျက်နှာပျက်သွားကာမှ ဟန်မပျက်ထိန်းလိုက်ပြီး
“ ငါ့နာမည်က ဘိုးမောင်လို့ခေါ်တယ်၊ ဒီမြို့ကိုသိမ်းတဲ့တိုက်ပွဲမှာကျခဲ့တဲ့စစ်သည်ဟောင်းတစ်ဦးပဲ၊ ငါလဲမင်းတို့လို ကင်းစောင့်ရမှာပျင်းတဲ့ သူတစ်ယောက်ကွ၊ ဒါကြောင့် မင်းတို့ကို ငါကိုယ်ချင်စာလို့ကူညီမယ်ပြောတာ”လို့ပြောလိုက်တာကြောင့် ငညိုနဲ့ငထိန်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး
“ ဒါဆိုလဲပြီးတာပါပဲ၊ ငါတို့ကို ကူညီမယ်ဆိုရင် မင်းတောင်းဆိုတာ ရဖို့အာမခံတယ်၊ အသားကတော့ ဘာအသားဖြစ်ဖြစ် ရရင်ပြီးရောမဟုတ်လား”
“ အသားဆိုပြီးရောကွာ၊ ငါအသားမစားရတာ နှစ်အတော်ကြာနေပြီမို့ မင်းတို့ကိုအကူညီတောင်းတာ”
“ ဟုတ်ပြီလေ… ဒီညမင်းက ငါတို့အစားဝင်ပြီး ကင်းစောင့်ပေးရင် မနက်အရုဏ်တက်တာနဲ့ အသားစိမ်းနှစ်ပိသာရစေရမယ်”
ဒီလိုနဲ့ငညိုနဲ့ငထိန်လဲ ဘိုးမောင်နဲ့အပေးအယူလုပ်ဖြစ်ခဲ့ကြတယ်။ ဘိုးမောင်က ညဘက်တွေဆိုရင် ငညိုနဲ့ငထိန်အသွင်ယူပြီး ကင်းစောင့်ပေးတဲ့အလုပ်ကို လုပ်ပေးခဲ့သလို ငညိုတို့ကလဲ ပေးထားတဲ့ကတိအတိုင်း အရုဏ်တက်တာနဲ့အသားစိမ်းနှစ်ပိဿာကို ဘိုးမောင်နေတဲ့ ထနောင်းပင်အောက်မှာလာချပေးခဲ့ကြတယ်။
ရက်တွေကြာလာတာနဲ့အမျှ ငညို၊ ငထိန်တို့ရဲ့ ကျေးဇူးကြောင့် ဘိုးမောင်တစ်ယောက် အသားစိမ်းတွေစားရတာကို သဘောကျလာခဲ့တယ်။ ယခင်က သာမန်လူတစ်ယောက်အသွင်ဖန်ဆင်းနိုင်တဲ့ ဘိုးမောင်ရဲ့ခန္ဓာကိုယ်က နောက်ပိုင်းမှာတော့ အမွှေးကြမ်းတွေပေါက်လာပြီး ရုပ်ကလဲ ပိုကြမ်းလာခဲ့တယ်။
တစ်ရက်မှာတော့ ငညိုနဲ့ ငစံတို့နှစ်ယောက် ဘိုးမောင်ကို ကင်းစောင့်ခိုင်းပြီး အသားစိမ်းကျွေးဖို့မေ့သွားခဲ့ကြတယ်။
ကင်းစောင့်ပြီးရင် ထနောင်းပင်ခွကြားမှာ အသားစိမ်းစားလေ့ရှိတဲ့ ဘိုးမောင်က ဒီနေ့ သူ့အပင်အောက်မှာ ဘာမှမရှိတာကြောင့် ဒေါသူပုန်ထပြီးသောင်းကျန်းပါလေရော။
အကောင်အထည်မမြင်ရပဲ တောက်ခတ်လိုက်၊
ခြေဆောင့်လိုက်လုပ်နေတဲ့အသံတွေကို ကင်းမျှော်စင်မှာရှိတဲ့သူတွေအတိုင်းသားကြားရသလို မူးပြီးအိပ်ပျော်နေတဲ့ ငညိုနဲ့ ငထိန်တို့ကိုလဲ အိမ်မက်ပေးတာကြောင့် နှစ်ယောက်သား ကပြာကယာနဲ့ထပြီး ဘိုးမောင်နေတဲ့ ထနောင်းပင်အောက်ကိုထွက်လာခဲ့ကြတယ်။ ထနောင်းပင်အောက်ရောက်တော့ ဘိုးမောင်က သစ်ပင်ပေါ်ကမဆင်းလာပဲ
ငညိုနဲ့ ငထိန်ကို မကျေနပ်တဲ့အကြည့်နဲ့ စိုက်ကြည့်နေခဲ့တယ်။
ဒါကိုမြင်တဲ့ငထိန်က အပင်ပေါ်ကိုမော့ကြည့်ပြီး
“ ဒီနေ့တစ်ရက်ပဲ မေ့သွားတာပါကွာ၊ အခုလဲ ညနက်နေပြီဆိုတော့ မနက်ဖြန်ကျရင် လာကျွေးပါ့မယ်”
“ မင်းတို့ကတိမတည်ဘူး၊ ငါကပြောရင်ပြောတဲ့အတိုင်းလုပ်တာပဲလိုချင်တယ်၊ ဒီညငါအသားစိမ်းစားချင်တယ်၊ အေး ဒီညမစားရရင် မင်းတို့နှစ်ယောက်ရဲ့ ဗိုက်ကိုဖောက်စားပစ်မယ်”
ဘိုးထင်ရဲ့အသံက အရင်ထက်ပိုပြီး ခက်ထန်နေသလို မျက်နှာကလဲ ကြောက်ဖို့ကောင်းနေတာကြောင့် ငထိန်နဲ့ ငညိုတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး
***