“ မင်းစားချင်တဲ့အသားငါတို့ရှာကြံယူလာပေးမယ်၊ ဒေါသမကြီးပါနဲ့ကွာ” လို့ပြောကာ နှစ်ယောက်သား ပြန်ထွက်သွားခဲ့ကြတယ်။
ညကားသန်းခေါင်ကျော်နေပြီမို့ နှစ်ယောက်သား အသားရှာဖို့အတွက်ခေါင်းချင်းရိုက်တိုင်ပင်နေပေမယ့် ဒီအချိန်အသားက ဘယ်နေရာမှာမှရှာလို့မရတာ သူတို့သိနေခဲ့တယ်။
ထိုစဉ် ငညိုက သက်ပြင်းတစ်ချက်ချပြီး
“ ငထိန်… ဟိုကောင်က ဒီည သူ့ကိုမကျွေးရင် ငါတို့ကို တကယ်လုပ်မယ့်ပုံကွ”
“ အေး .. သူ့ပုံစံကလဲ အရင်ထက်ပိုကြောက်ဖို့ကောင်းလာတယ်၊ ငါတို့ဘယ်လိုလုပ်ကြမလဲ”
“ လုပ်လို့ရမယ့်နည်း တစ်ခုတော့ရှိတယ်”
ငညိုက ငထိန်အနားကိုကပ်ပြီးခပ်တိုးတိုးပြောလိုက်ရာ
“ ဟာ… ဖြစ် ဖြစ်ပါ့မလား ငညိုရ”
“ ဒီနည်းပဲရှိတာလေကွာ၊ မင်းမှာရောအခြားနည်းရှိလို့လား”
“ ငါ့မှာလဲမရှိဘူးကွ”
“ ဒါဖြင့် ငါပြောတဲ့အတိုင်းလုပ်ကြတာပေါ့”
ငညိုက ကျောမှာလွယ်ထားတဲ့ ဓါးကို ခပ်တင်းတင်းဆုပ်လိုက်ပြီး ခြေလှမ်းတွေကို မြို့ပြင်သုဿာန်ဘက်ကို ဦးတည်လိုက်တယ်။
+++++
ထနောင်းပင်ခွကြားမှာထိုင်ပြီး အသားတွဲကို အားပါးတရစားနေတဲ့ ဘိုးမောင်က လက်ထဲက အသားတွဲကိုကြည့်လိုက် ငညိုတို့ကိုကြည့်လိုက်နဲ့ လုပ်နေရင်း သစ်ပင်အောက်ကို ဘုတ်ခနဲခုန်ဆင်းလာခဲ့တယ်။
“ ဒါ ဒါ ဘာအသားလဲ၊ ခါတိုင်းစားနေကျအသားထက် ပိုပြီးစားလို့ကောင်းနေပါလား”
“ မင်းက ဒီညမှအသားမကျွေးရင် ငါတို့ကို ဒုက္ခပေးမယ်ဆိုလို့ ရှိတဲ့အသားယူလာပေးတာ”
“ နောက်နေ့ ဒီအသားပဲ ယူလာခဲ့ပေး၊ ငါ ငါ ဒီအသားကို ကြိုက်တယ်”
ဘိုးမောင်က လက်ထဲမှာကိုင်ထားတဲ့ ပျော့အိအိအသားတွဲကို တစ်ကိုက်ကိုက်လိုက်ပြီး ပြူးကျယ်တဲ့မျက်လုံးတွေနဲ့ ငညိုနဲ့ ငထိန်တို့ကိုကြည့်ကာ သစ်ပင်ပေါ် ပြန်တက်သွားခဲ့တယ်။
ငညိုနဲ့ ငထိန်တို့ကား ဘိုးမောင်ကိုခိုင်းလိုက် အသားလေးကျွေးလိုက်နဲ့နေလာခဲ့တာ လအနည်းငယ်အကြာမှာတော့ ငညိုနဲ့ ငထိန်တို့ ရှေ့တန်းစစ်မျက်နှာကို ထွက်ဖို့အကြောင်းဖန်လာခဲ့တယ်။
ထိုနေ့ကစပြီး ငညိုနဲ့ ငထိန်တို့ ဘိုးမောင်ဆီကို ပြန်ရောက်မလာနိုင်တော့ပေ။ ထိုအခါဘိုးမောင်က စားနေကျအသားကို မစားရတဲ့အတွက် ထနောင်းပင်အောက်ကနေဖြတ်သွားဖြတ်လာလုပ်တဲ့သူတွေကို ခြောက်လှန့်ဖမ်းစားပြီး အသားစိမ်းငါးစိမ်းတွေ တောင်းစားတဲ့အထိ ရဲတင်းလာခဲ့တယ်။
ဘိုးမောင်တစ်ယောက် ထနောင်းပင်အနီးတစ်ဝိုက်မှာ သောင်းကျန်းနေတဲ့သတင်းက မြို့စောင့်တပ်မှူးနားထိပေါက်ရောက်သွားတာ ကြောင့် တပ်မှူးက မင်းမိန့်အာဏာနဲ့ ထနောင်းပင်ကို အမြစ်ကနေတူးကာ မြစ်ထဲမျောလိုက်ပါလေရော။
ရေစီးအတိုင်းမျောလာတဲ့ ထနောင်းပင်က ချောင်းဖျားရွာမြစ်ဆိပ်ကိုအရောက်မှာတော့ မြစ်ညာကနေမျောလာတဲ့ ကျွန်းတုံးတွေနဲ့ရောပြီး တင်ကျန်ရစ်ခဲ့တယ်။
သစ်ဖောင်သမားတွေက ကျွန်းတုံးတွေနဲ့ရောပါလာတဲ့ ထနောင်းပင်ကို ဘယ်သူမှ မဆယ်ကြပဲ ခြေနင်းသဘောမျိုးထားပြီး
ကျော်ခွကြရာ ဘိုးမောင်က သူ့အပင်ကိုတက်နင်းကြတဲ့သူတွေကို ထပ်ပြီးခြောက်လှန့်ဖမ်းစားပါလေရော။
ထိုသို့ဖမ်းစားရာမှာလဲ သူ့ကိုယ်သူ မြို့စောင့်သရဲကွလို့ အော်ဟစ်ကြိမ်းဝါးတတ်ပြီး သားစိမ်းငါးစိမ်းမကျွေးရင် အသက်အန္တရာယ်ကိုပါ ဒုက္ခပေးတာကြောင့် ရွာသားတွေနဲ့ သစ်ဖောင်သမားတွေက ထနောင်းပင်ကို ရေစီးနဲ့ထပ်မံမျောပစ်ခဲ့ကြတယ်။
ဒီလိုနဲ့ရောက်ရာအရပ်မှာ လူတွေကိုဖမ်းစားခြောက်လှန့်နေတဲ့ ဘိုးမောင်က သခွပ်ရွာဆီအရောက်မှာတော့ ဘယ်မှဆက်မသွားရတော့ပဲ နေရာတစ်ခုရသွားခဲ့တယ်။
အချိန်ကား အင်္ဂလိပ်အုပ်စိုးစဉ်ကာလမို့ သခွပ်ရွာမှာနေထိုင်တဲ့သူတွေက မိမိတို့ရွာကထွက်ရှိတဲ့ ဆန်စပါးနဲ့ အခြားကောက်ပဲသီးနှံတွေကို အင်္ဂလိပ်အစိုးရထံအခွန်ပေးသွင်းကြရတယ်။
ထိုတာဝန်ကို အင်္ဂလိပ်အစိုးရကခန့်အပ်ထားတဲ့ စလွယ်တော်ရ သူကြီးဖြစ်တဲ့ ဦးဘကွန်းက ယူထားရတယ်။
ဦးဘကွန်းဆိုတာက ကိုယ့်အကျိုးကလွဲရင် အခြားအကျိုးကိုကြည့်တတ်တဲ့သူမဟုတ်။ မိမိနဲ့ ဆွေမျိုးလက်တစ်ဆုပ်စာကောင်းစားဖို့ပဲအမြဲတွေးနေတတ်သူ။
တစ်ရက်မှာတော့ ဦးဘကွန်းက ရွာထဲမှာကောက်ခံထားတဲ့ အခွန်ပစ္စည်းတွေကို မြစ်ရဲ့ဟိုဘက်ကမ်းမှာရှိတဲ့ အရေးပိုင်ဌာနကိုအပ်ရန် ထွက်လာတဲ့အချိန် ထနောင်းပင်တစ်ပင်က မြစ်အလယ်မှာကန့်လန့်ဖြတ်ခံနေတာကိုမြင်လိုက်ရတယ်။
ရေစီးကလဲကြမ်း လှေကလဲအခြားနေရာကနေ ဖြတ်လို့မရတာကြောင့် ဦးဘကွန်းက လှေပေါ်မှာပါလာတဲ့ တပည့်တွေကိုရေထဲဆင်းခိုင်းပြီး သစ်တုံးကိုဖယ်ခိုင်းရာ လှေသမားတွေ သစ်တုံးအနားကိုအရောက်မှာတော့ သစ်တုံးပေါ်မှာ ဆောင့်ကြောင့်ထိုင်နေတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတာကြောင့် အလန့်တကြားနဲ့ အော်ဟစ်ရင်း ပြန်ပြေးလာခဲ့ကြတယ်။
ဦးဘကွန်းလဲ ဒီအဖြစ်ကြောင့် သူကိုယ်တိုင် လှေဦးထိပ်မှာရပ်ပြီးကြည့်လိုက်ရာ သစ်တုံးပေါ်ကနေ သူ့ကိုရယ်ပြနေတဲ့လူတစ်ယောက်ကို ဖျတ်ခနဲမြင်လိုက်ရတယ်။
မြင်ကွင်းကခဏပဲဆိုပေမယ့် ဦးဘကွန်းရဲ့စိတ်ထဲမှာတော့ ရေထဲမျောလာတဲ့သစ်တုံးကိုဆယ်ယူချင်တဲ့ဆန္ဒတွေဖြစ်ပေါ်လာခဲ့တယ်။ ဒါကြောင့် လှေသမားတွေကို သစ်တုံးဆယ်ဖို့အမိန့်ပေးလိုက်ပြီး သူနေတဲ့အိမ်ကို သယ်ဆောင်လာပါတော့တယ်။
အိမ်ရောက်တော့ ဦးဘကွန်းက သစ်တုံးကို ခြံထဲမှာထားပြီး ကွပ်ပြစ်မှာကျောဆန့်ပြီး မှေးခနဲအိပ်ပျော်သွားတဲ့အချိန်
“ ဘကွန်း ထစမ်း ထစမ်း”
ခပ်ထန်ထန်ခေါ်တဲ့အသံကြောင့် ဦးဘကွန်း ထထိုင်လိုက်ရာ ကွပ်ပြစ်ဘေးမှာရပ်နေတဲ့ ထောင်ထောင်မောင်းမောင်းလူတစ်ယောက်ကို မြင်လိုက်ရတယ်။
“ ဘကွန်း မင်းငါ့ကိုသိလား”
“ ခင်ဗျားကဘယ်သူလဲ.. ဘာလို့ ကျုပ်အိမ်ထဲရောက်နေတာလဲ”
***