“ ငါကမင်းရဲ့စိတ်ကိုထိန်းချုပ်ပြီး ငါ့ကိုဒီနေရာရောက်အောင်စေခိုင်းခဲ့တာပဲ”
“ ခင်ဗျား ပြောတာကျုပ်နားမလည်ဘူး”
“ မင်းနားလည်အောင်ပြောရရင် ငါက မင်းဆယ်လာတဲ့ သစ်တုံးမှာနေတဲ့သူပဲ၊ ငါ့နာမည် ဘိုးမောင်လို့ခေါ်တယ်၊ မင်းအနေနဲ့ ငါ့ကိုနေရတာတစ်ခုပေးမယ်ဆိုရင် မင်းအလုပ်တွေ ဒီထက်အောင်မြင်အောင် ငါလုပ်ပေးနိုင်တယ်”
“ ကျုပ်က ဘယ်လိုနေရာပေးရမှာလဲ”
“ မင်းဆယ်လာတဲ့သစ်တုံးကို လူရုပ်တစ်ခုထွင်းပြီး ခြံထဲမှာ အဆောင်တစ်ခုနဲ့ထားပေးရမယ်၊ ငါ့အတွက်ကိုတော့ တစ်ရက်ခြားတစ်ခါ အသားစိမ်းကျွေးရမယ်”
“ ခင်ဗျားပြောတာတွေ ကျုပ်လုပ်ပေးတာတော့ ဟုတ်ပါပြီ၊ ကျုပ်အတွက် ဘာအကျိုးရမှာလဲ”
“ အခုမင်းမှာဖြစ်နေတဲ့အခက်အခဲတစ်ခုငါ့ကိုပြော ကြည့်စမ်း”
“ ကျုပ်အခုဖြစ်နေတဲ့အခက်အခဲက ရွာမှာနေတဲ့သူအချို့ ကျုပ်ရမယ့် အခွန်အခတွေ မပေးကြဘူးဖြစ်နေတယ်၊ နောက်တစ်ခုက တော်လှန်ရေးသမားတွေက ကျုပ်ကို နယ်ချဲ့လက်အောက်ခံဆိုပြီး ရန်ပြုဖို့ကြိုးစားနေကြတယ်”
“ မင်း အခွန်အခရမယ့်သူက ဘယ်နေရာမှာနေတယ်ဆိုတာငါ့ကိုပြော၊ မင်းကိုရန်ပြုမယ့်သူတွေ ရွာထဲကိုခြေချတာနဲ့ လာသတိပေးမယ်”
ဘိုးမောင်စကားကို ဦးဘကွန်းမယုံကြည်သလိုနဲ့ ဖြစ်နေတဲ့အချိန် အိမ်မက်ကနေလန့်နိုးလာတာကြောင့် အိမ်ခေါင်းရင်းမှာထားထားတဲ့ သစ်တုံးကို တစ်ချက်ကြည့်ကာ ခေါင်းကိုဖြေညှင်းစွာငြိမ့်လိုက်ပါတော့တယ်။
နောက်ပိုင်းတွင်ဝောာ့ ဦးဘကွန်းက ရေထဲကဆယ်လာတဲ့ သစ်တုံးကို ရုပ်ထုတစ်ခုအဖြစ်ထုလုပ်ပြီး ခြံဝင်းထဲမှာ အဆောင်တစ်ခုလုပ်ကာနေရာပေးစေခဲ့တယ်။
ဘိုးမောင်အနေနဲ့ နေရာတစ်ခုရပြီဆိုတာနဲ့ ငညိုနဲ့ ငထိန်တို့ကိုကူညီပေးခဲ့သလို ဦးဘကွန်းရဲ့အလုပ်တွေကို ကူညီလုပ်ဆောင်ပေးခဲ့တယ်။
ဦးဘကွန်းအနေနဲ့ ဘိုးမောင်ရဲ့ကူညီမှုကြောင့် အခွန်အခတွေကိုယခင်ကထကပိုရလာသလို လုပ်ကြံသူတွေလက်ကနေလဲ နှစ်ကြိမ်တိုင်တိုင်လွတ်မြောက်ခဲ့တယ်။
ဒီလိုနဲ့နှစ်တွေတစ်ဖြေးဖြေးကြာလာတာနဲ့အမျှ ဘိုးမောင်က နှစ်ချို့သရဲကြီးတစ်ကောင်ဖြစ်လာပြီး ဦးဘကွန်းနေထိုင်တဲ့ရွာကလဲ မြို့အဖြစ်ကိုရောက်လာခဲ့တယ်။
မြို့ထဲကလူတွေကတော့ ဘိုးမောင်ကိုသူတို့ရဲ့မြို့စောင့်ပုဂ္ဂိုလ်အဖြစ်ကိုးကွယ်ခဲ့ကြပြီး တင်မြောက်ပသတဲ့အခါဆိုရင်လဲ အသားစိမ်းငါးစိမ်းတွေလှိုင်နေအောင် ကျွေးမွေးခဲ့ကြတယ်။
မြို့သူမြို့သားတွေအနေနဲ့ သူတို့ကိုးကွယ်ပသနေတဲ့သူက သရဲသဘက်အဆင့်သာဖြစ်နေတာကို မသိကြသလို ဘိုးမောင်ကိုယ်တိုင်ကလဲ သူ့ကိုယ်သူမြို့စောင့်နတ်အဖြစ်ခံယူကာ ကျွေးမွေးသမျှကို တစ်ဖြဲနှစ်ဖြဲစားသောက်ရင်း နေထိုင်လာခဲ့တယ်။ ဒါပေမယ့် သရဲသဘက်တို့ရဲ့ ဗီဇက ဖျောက်လို့မရပဲ လွန်စွာဆိုးဝါးတဲ့အပြုအမူတစ်ခုကို ကျူးလွန်ခဲ့ပါတော့တယ်။
+++++
“ တောက်…”
ကျယ်လောင်စွာထွက်ပေါ်လာတဲ့ တောက်ခတ်သံကြောင့် အိပ်ပျော်နေတဲ့ မောင်အုန်း လန့်နိုးလာခဲ့တယ်။
“ သန်းမေ သန်းမေ ထစမ်း ထစမ်း”
“ ဘာဖြစ်တာလဲ ကိုအုန်း”
“ အိမ်ခေါ်ရင်းမှာ တောက်ခတ်သံကြားလို့”
“ ဟုတ်လို့လားရှင်.. ကျွန်မတော့ ဘာသံမှမကြားရဘူးနော်”
“ ငါသေချာကြားလိုက်ပါတယ်”
“ မဟုတ်မှလွဲရော … အဖိုးရောက်လာတာများလား”
“ ငါလဲအဲဒါပဲ စိတ်ထင့်နေတာ၊ ငါတို့နွားရောင်းထွက်ရင် သူ့ကို ပသမယ်ဆိုပြီး ပြောထားတာကြောင့် ရောက်လာတာများလား”
“ နွားကရောင်းထွက်တာမှမဟုတ်တာ ရစရာရှိတာနဲ့ နှိမ်ပြီးပေးလိုက်ရတာလေ”
“ ဘာပဲဖြစ်ဖြစ် နွားကထွက်သွားတာပဲလေ”
“ ဒါဆိုရှင်ပေးထားတဲ့ကတိအတိုင်း အမဲသားငါးပိဿာဝယ်ပြီး ပသလိုက်လေ”
“ ဝယ်ဖို့ပိုက်ဆံမရှိတာ မင်းလဲသိတာပဲ၊ မနက်ကျရင် အဖိုးကိုသွားတောင်းပန်ကြည့်ရအောင်”
မောင်အုန်းစကားအဆုံးမှာ သန်းမေက မျက်ထောင့်နီနဲ့ စိုက်ကြည့်ပြီး
“ နင်တို့က ကတိမတည်တဲ့ကောင်တွေပဲ၊ ရာရာစစ ငါ့ကိုလှည့်စားဖို့လုပ်ရဲတယ်” လို့ပြောလိုက်ရာ မောင်အုန်း အလန့်တကြားဖြစ်သွားပြီး
“ သန်းမေ သန်းမေ နင်ဘာဖြစ်တာလဲ”
“ ငါသန်းမေ မဟုတ်ဘူး၊ ငါက ဘိုးမောင်ကွ၊ ကတိမတည်တဲ့နင်တို့နှစ်ယောက် ငါ့မကြောင်းသိစေရမယ်”
သန်းမေက စကားဆုံးတာနဲ့ ဘေးမှာရှိနေတဲ့ တိုင်နဲ့ခေါင်းကိုပြေးဆောင့်ရာ နဖူးက ဟက်တက်ကွဲပြီး သွေးစိမ်းရှင်ရှင်တွေ စီးကျလာခဲ့တယ်။
“ ဟီးဟီးဟီး… သွေးနံ့လေးက သင်းနေပါလား”
သန်းမေက သူ့ခေါင်းပေါ်က ကျလာတဲ့ သွေးတွေကို လက်နဲ့သုတ်ပြီး ပါးစပ်ထဲထည့်ကာ အရသာခံနေတဲ့ပုံက မောင်အုန်းကို ပိုပြီးသွေးပျက်စေခဲ့တယ်။
“ လာကြပါဦး… လာကြပါဦးဗျို့၊ သန်းမေ သန်းမေ ဘာဖြစ်တာလဲမသိဘူး”
အလန့်တကြားအော်လိုက်တဲ့ မောင်အုန်းအသံကြောင့် အိမ်နီးနားချင်းတွေပြေးလာပြီးကြည့်လိုက်ရာ ကြမ်းပြင်တစ်ခုလုံးသွေးတွေအိုင်ထွန်းနေပြီး သန်းမေက သူရဲ့လျာနဲ့ သွေးစက်တွေကိုယက်နေတာကိုမြင်လိုက်ရတယ်။
“ မောင်အုန်း သန်းမေဘာဖြစ်တာလဲ”
“ အဖိုးဝင်ပူးနေလို့ဗျာ လုပ်ကြပါဦး”
***