မောင်အုန်းအသံကြောင့် သန်းမေက အိမ်ပေါ်တက်လာတဲ့သူတွေကို မျက်ထောင့်နီနဲ့ စိုက်ကြည့်ပြီး
“ ငါ့ကို မခန့်လေးစားလုပ်တဲ့သူ၊ ငါ့ကိုလိမ်ညာတဲ့သူတွေကြည့်ထားကြ” လို့ပြောကာ မျက်လုံးကြီးပြူးပြီး ကြမ်းပေါ်ဗိုင်းခနဲပစ်လဲကျသွားခဲ့တယ်။
“ သန်းမေ သန်းမေ”
မောင်အုန်းက လဲကျသွားတဲ့သန်းမေကို ဆွဲထူလိုက်ပေမယ့် ခန္ဓာကိုယ်က ပျော့ခွေနေပြီး အသက်ပြန်မပါလာတော့ပေ။
ဒီအဖြစ်ကြောင့် မြို့မှာနေတဲ့သူတွေ လန့်သွားခဲ့ကြသလို အဖိုးဒေါသထွက်ရင် လူပါသေအောင်သတ်တယ်ဆိုတဲ့စကားက တစ်မြို့လုံးပျံ့နှံ့သွားပါတော့တယ်။
+++++
“ မနေ့ညက ရေတွင်းတူးသမားမောင်အုန်းရဲ့မိန်းမ သေသွားတဲ့အကြောင်းသိပြီးပြီလား”
“ ငါလဲကြားတယ် မြို့စောင့်အဖိုးကိုယ်တိုင်ဝင်ပူပြီး လိပ်ပြာနှုတ်သွားတာလို့ပြောတာ တကယ်လား”
“ လိပ်ပြာနှုတ်တာမဟုတ်ဘူး တိုင်နဲ့ခေါင်းနဲ့ဆောင့်ပြီး အသေသတ်သွားတာ”
“ ငါကြားတာတော့ မြို့စောင့်ပုဂ္ဂိုလ်ဆိုတာ လူသတ်ဖို့မပြောနဲ့ သီလတောင်စောင့်ထိန်းကြတယ်ဆို၊ အခုကျတော့ ဘယ်လိုဖြစ်ပြီး လူပါသတ်ရတာလဲ”
“ တိတ်တိတ်နေစမ်းပါ အောင်ကြီးရယ်၊ အဖိုးဘိုးမောင်အကြောင်းမင်းလဲသိရဲ့သားနဲ့”
မြို့ခံနှစ်ယောက် နေရိပ်ခိုရင်းပြောနေတဲ့စကားတွေကို မလှမ်းမကမ်းမှာနေနေတဲ့ အောင်မြတ်သာတို့ကြားပြီး မြို့ခံလူနှစ်ယောက်အနားကို သွားကာ
“ မြို့စောင့်အဖိုးလို ပုဂ္ဂိုလ်ကလူသတ်တယ်ဟုတ်လား”
“ ညကမှဖြစ်သွားတာ ခင်ဗျားတို့မကြားမိဘူးလား”
“ ကျုပ်တို့က ဒီမြို့ကို မနက်ကမှရောက်တာပါ၊ အခုလဲ နေပြင်းလို့ စေတီပေါ်မှာနားနေရင်း မိတ်ဆွေတို့ပြောတာကြားလို့မေးကြည့်လိုက်တာ”
မြို့ခံလူနှစ်ယောက်လဲ အောင်မြတ်သာတို့ကို အကဲခတ်တဲ့ဟန်နဲ့ကြည့်ပြီးကာမှ ဖြစ်ကြောင်းကုန်စင်ကို ပြောပြခဲ့ကြတယ်။
“ မိတ်ဆွေတို့ပြောပုံအရဆိုရင် ဒီပုဂ္ဂိုလ်က အတော်ကိုကြမ်းတမ်းတာပဲ၊ နောက်ပြီး အသားစိမ်းတွေနဲ့အမြဲတမ်းပသရတယ်ဆိုထဲက တစ်ခုခုတော့လွဲနေပြီ”
“ ကျုပ်လဲ အဲလိုပဲထင်တယ်၊ ကျုပ်မြင်ဖူးတဲ့နတ်တွေလဲ အသားစိမ်းစားတာမြင်ဖူးပါတယ်၊ ဒါကလဲ သူ့ပွဲတော်ရက်မှ ပသကြတာ၊ အခုကျတော့ ပသတဲ့အချိန်တိုင်း အသားစိမ်းငါးစိမ်းနဲ့ပသရတာကို ဘဝင်မကျတာကြာနေပြီ၊ ဒါပေမယ့် အများနဲ့တစ်ယောက်ဆိုလို့ မပြောပဲနေနေတာ”
အောင်မြတ်သာလဲ မြို့ခံလူတွေပြောတဲ့အကြောင်းကို နားထောင်ပြီးတာနဲ့ တစ်ပြိုက်နက် မောင်ကောင်းနဲ့ ခွန်းလှတို့ကို တစ်ချက်လှမ်းကြည့်လိုက်ပါတော့တယ်။
မြို့ခံလူနှစ်ယောက် ထွက်သွားတော့ မောင်ကောင်းက အောင်မြတ်သာအနားကိုကပ်ပြီး
“ ဆရာ… ကျွန်တော်တို့ဒီည အခြေအနေအကဲခတ်ကြည့်ကြမလား”
“ သေချာအောင်တော့ စစ်ကြည့်ရမှာပဲ၊ ညနေကျရင် မြို့ထဲသွားကြရအောင်”
ညနေစောင်းရောက်တော့ အောင်မြတ်သာတို့ဆရာတပည့်တွေ မြို့ထဲပတ်ကြည့်ရာ မြင်တွေ့ရသမျှ လူတွေအားလုံးနီးပါး သရဲစက်မိနေတာကို မြင်တွေ့လိုက်ရတယ်။
ဒါကိုမြင်တဲ့မောင်ကောင်းက အံ့ဩတဲ့ဟန်ဖြစ်သွားပြီး
“ ဘယ်လိုကြောင့် တစ်မြို့လုံးနီးပါး သရဲစက်တွေမိနေရတာလဲမသိဘူး”
“ အကြောင်းကတော့ တစ်ခုပဲရှိတယ်၊ သူတို့ကိုယ်တိုင်ပူဇော်ပသနေတဲ့ မြို့စောင့်နတ်ဆိုတာက တကယ်နတ်မဟုတ်ပဲ နှစ်ချို့သရဲတစ်ကောင်ဖြစ်နေတာကြောင့်ပဲ၊ မြို့စောင့်နတ်ကိုပူဇော်တဲ့ စားစရာ၊ ပန်း၊ ရေမွှေးနဲ့ အခြားအသုံးအဆောင်တွေကို ပြန်သုံးတဲ့အခါ အဲဒီသရဲရဲ့စက်ကိုမိတော့တာပဲ၊ ဒါကြောင့် ဟိုကောင်က တစ်ခုခုဆို သူ့စက်အောက်မှာရှိနေတဲ့သူတွေကို ကြိုက်သလို လုပ်နေတာ”
“ လက်စသတ်တော့ ဒါကြောင့်ကိုး၊ အခုက ညနေစောင်းပဲရှိသေးတာဆိုတော့ ကျွန်တော်တို့ ညမှပြန်ထွက်ကြမလား”
“ ညကျရင် အပြင်ပြန်မထွက်တော့ဘူး၊ သူ့ကိုယ်သူ မြို့စောင့်နတ်လို့ထင်နေတဲ့ကောင်ကို ခေါ်ပြီး မှတ်လောက်အောင် ဆုံးမပေးရမယ်”
“ ဒါဖြင့် ကျွန်တော်တို့ လုပ်စရာရှိတာကို စောစောလုပ်ထားလိုက်မယ်ဆရာ”
မောင်ကောင်းနဲ့ ခွန်းလှတို့လဲ စေတီပေါ်ပြန်ရောက်တာနဲ့ ဘုရားရှိခိုး အမျှတန်းဝေခြင်းကိစ္စတွေကို ပြုလုပ်ပြီး စေတီပေါ်မှာလူပြတ်တဲ့အချိန်ကို စောင့်နေခဲ့ကြတယ်။ လူရှင်းပြီဆိုတာနဲ့ အောင်မြတ်သာက စေတီကို ဦးတိုက် လိုက်ပြီး
“ ဒီမြို့ကိုစောင့်ကြပ်လျှက်ရှိကြသော သမ္မာဒေဝနတ်ကောင်းနတ်မြတ်များနှင့် သာသနာတော်ကို စောင့်ကြပ်လျှက်ရှိကြသော နတ်ကောင်းနတ်မြတ်များအနေဖြင့် မြို့စောင့်သရဲဖြစ်နေသော ပုဂ္ဂိုလ်အား ကျုပ်ရှေ့သို့ရောက်အောင် ကူညီခေါ်ဆောင်လာပေးကြပါရန် မေတ္တာရပ်ခံပါတယ်” လို့ပြောလိုက်ရာစေတီပေါ်တစ်ဝိုက်မှာ လေပြင်းတွေ တိုက်ခတ်လာပြီး အနီးအနားက သစ်ပင်သစ်ရွက်တွေ ယိမ်းထိုးလှုပ်ရှားလာခဲ့တယ်။
ထိုစဉ် တစ်ရှပ်ရှပ်နဲ့ လမ်းလျောက်လာတဲ့ခြေသံနဲ့အတူ နှာခေါင်းထဲမှာ အသားစိမ်းအနံ့လိုလို၊ ရေမွှေးနဲ့ အပုတ်နံ့ရောနေတဲ့ရနံ့တစ်မျိုးတိုးဝင်လာတာကို အောင်မြတ်သာတို့ခံစားလိုက်ရတယ်။
“ သူလာနေပြီဆရာ”
မောင်ကောင်စကားကြောင့် အောင်မြတ်သာက ခြေသံကြားတဲ့ဘက်ကို အာရုံခံကြည့်လိုက်ရာ စေတီပေါ်ကိုတက်လာတဲ့ မီးခိုးမည်းမည်းတွေကိုမြင်လိုက်ရတယ်။ ထိုမီးခိုးမဲမဲတွေက တစ်ဖြေးဖြေးနဲ့ လူပုံစံအဖြစ်ပြောင်းလဲသွားပြီး နောက်ဆုံးမှာတော့ ခန္ဓာကိုယ်တစ်ခုလုံး အမွှေးကြမ်းကြမ်းတွေပေါက်နေပြီး မျက်လုံးတွေရဲရဲနီနေတဲ့ ဘိုးမောင်ရဲ့ပုံစံထွက်ပေါ်လာခဲ့တယ်။
ဘိုးမောင်က စေတီပေါ်မှာထိုင်နေတဲ့ အောင်မြတ်သာတို့ကို မျက်ထောင့်နီနဲ့ကြည့်လိုက်ပြီး
“ဟီးဟီး… ငါ့ကိုခေါ်တာ မင်းတို့လား…”
“ ဟုတ်တယ်.. သင့်ကိုခေါ်တာကျုပ်ပဲ”
မောင်ကောင်းနဲ့ ခွန်းလှတို့ မျက်နှာထားတင်းတင်းနဲ့ နောက်တစ်လှမ်းဆုတ်လိုက်ကြပေမယ့် အောင်မြတ်သာကတော့ မလှုပ်မယှက် တည်ငြိမ်စွာရပ်နေတယ်။
“ မင်းနာမည်က ဘိုးမောင်လား”
“ငါ့နာမည်ကိုတောင် သိနေပြီလား… မင်းတို့ငါကိုခေါ်တာဘာလုပ်ဖို့လဲကွ”
ဘိုးမောင်က ဒေါသတစ်ကြီးအော်ဟစ်လိုက်ရာ စေတီပေါ်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်မီးတွေ ဖျတ်ခနဲငြိမ်းသွားခဲ့တယ်။
ထိုအခါအောင်မြတ်သာက ဘိုးမောင်ကို စူးရဲတဲ့အကြည့်နဲ့ စိုက်ကြည့်ပြီး
“မင်းက လူတွေကိုလှည့်စားပြီး သူတို့ရဲ့ယုံကြည်မှုကို အသုံးချနေတဲ့ သရဲတစ်ကောင်ပဲ”
“ငါက မြို့စောင့်နတ်ကွ၊ ဒီမြို့ကိုစောင့်ရှောက်နေတဲ့ မြို့စောင့်နတ်”
***