“မဟုတ်ဘူး… မင်းက လောဘကြောင့် ပိုပြီးကြမ်းတမ်းလာတဲ့ သရဲပဲ”
အောင်မြတ်သာစကားဆုံးတာနဲ့ သူ့လက်ထဲက ပုတီးကို တစ်ဂျောက်ဂျောက်စိတ်ပြီး မျက်စိကိုမှိတ်လိုက်ရာ အာရုံထဲမှာ ဘိုးမောင်ရဲ့အတိတ်ဘဝအကြောင်းအရာတွေ ဖျတ်ခနဲ ဖျတ်ခနဲပေါ်လာခဲ့တယ်။ ထို့မြင်ကွင်း ကြောင့် အောင်မြတ်သာ ပြုံးလိုက်ပြီး နှုတ်ကနေ မန္တာန်တစ်ပုဒ်ကို ခပ်တိုးတိုးရွတ်လိုက်ရာ စေတီပတ်ပတ်လည်ကနေ စစ်ချီရာတွင်သီဆိုတဲ့ သီချင်းသံတွေ သံပြိုင်ထွက်လာခဲ့တယ်။
ဘိုးမောင်လဲ စစ်ချီသီချင်းကိုကြားတော့ အံ့သြသွားဟန်နဲ့ လှမ်းကြည့်လိုက်ရာ နဖူးမှာ အဝတ်စနီတွေစည်းထားတဲ့လူအုပ်ကြီးက ဓါးလှံလက်နက်တွေဆွဲကိုင်လျက် စစ်ချီသီချင်းကို သီဆိုလျက် သူ့ဆီကို လျောက်လာတာမြင်လိုက်ရတယ်။
ထိုအချိန်အောင်မြတ်သာက အချုပ်အင်းကို ထုတ်ပြီး လက်ဝါးပေါ်ရိုက်ချလိုက်ရာ လက်နှစ်ခုကြားထဲကနေ ပင့်ကူမျှင်လိုပိုက်ကွန်တွေထွက်လာပြီး ဘိုးမောင်ရဲ့ခန္ဓာကိုယ်ကို လှုပ်မရအောင် ရစ်ပတ်ထားလိုက်ကြတယ်။
“ဒါ… ဘာလုပ်တာလဲ”
ဘိုးမောင်က အလန့်တကြားနဲ့ ရုန်းကန်လိုက်ပေမယ့် ချုပ်ထားတဲ့ပိုက်ကွန်ကနေရုန်းမထွက်နိုင်ပဲ ရုန်းလေကြပ်လေဆိုတဲ့ပုံစံမျိုးဖြစ်လာခဲ့တယ်။
“ဘိုးမောင်… မင်းက အရင်တုန်းက စစ်သည်တစ်ယောက်ဖြစ်ခဲ့တယ်မဟုတ်လား၊ စစ်ချီထွက်တဲ့အချိန်မှာ ကာလသားဝမ်းရောဂါနဲ့သေဆုံးပြီး မကျွတ်မလွတ်ဖြစ်ခဲ့တဲ့သူတစ်ယောက်ဆိုတာကျုပ်မြင်မိတယ်”
အောင်မြတ်သာစကားကြောင့် ဘိုးမောင်မျက်နှာ ချက်ချင်းညိုးကျသွားပြီး သူဘယ်လိုသိပါလိမ့်ဆိုတဲ့ပုံစံမျိုးနဲ့ လှမ်းကြည့်နေခဲ့တယ်။
“ မင်း ငါ့အကြောင်းတွေဘယ်လိုသိနေတာလဲ”
“ မင်းလိမ်မာသင့်ပြီ ဘိုးမောင်၊ နှစ်ပေါင်းများစွာ ဒီလိုဘဝမှာကျင်လည်ခဲ့တာ မငြီးငွေ့သေးဘူးလား”
“ ငါ ဒီဘဝမှာနေရတာပျော်တယ်၊ လူတွေက ငါ့ကိုကိုးကွယ်ပသတာကို သဘောကျတယ်”
“ ဟုတ်တယ်၊ မင်းက ဒီလိုမျိုးလောဘနဲ့ အသွေးအသားတပ်မက်မှုကြောင့် ဒီဘဝကနေ ရုန်းမထွက်နိုင်သေးတာပဲ”
အဲဒီစကားကြောင့် ဘိုးမောင် ခဏလေး တိတ်သွားတယ်။ပြီးတော့ နီရဲနေတဲ့မျက်လုံးတွေ တစ်ဖြေးဖြေးအရောင်လျော့လာပြီး မျက်ရည်တွေစီးကျလာခဲ့တယ်။
တကယ်တော့အောင်မြတ်သာက အချုပ်အင်းနဲ့ဖမ်းထားတဲ့ချိန် ဘိုးမောင်ရဲ့ ခန္ဓာမှာရှိတဲ့ ကောင်းတဲ့စိတ်ကို နိုးထအောင် ပြုလုပ်လိုက်ခြင်းပင်။
ဘိုးမောင် လက်နှစ်ဖက်နဲ့ ခေါင်းကိုကိုင်ပြီး တုန်လှုပ်နေခဲ့တယ်။
“ မင်း ပြန်စဉ်းစားကြည့်စမ်း၊ မင်းဘယ်လိုမကောင်းမှုတွေလုပ်ခဲ့လဲ”
“ငါ… လူတွေကို… သတ်ခဲ့တယ်…”
“ ဟုတ်တယ်… မင်းလူတွေကိုသတ်ခဲ့တယ်၊ ဒါပေမယ့် ဒီအမှားတွေက ပြင်လို့ရသေးတဲ့အမှားတွေပဲ၊ မင်းပြန်လည်ပြင်ဆင်လို့ရသေးတယ်”
“ ငါ ငါဘယ်လိုလုပ်ရမလဲ”
“ မင်းကိုဒီထက်ပိုပြီးကောင်းမွန်တဲ့နေရာတစ်ခုဆီကျုပ်ပို့ပေးမယ်၊ အဲဒီနေရာမှာရှိတဲ့သူတွေက သင့်ရဲ့စိတ်ကို သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးကြလိမ့်မယ်”
“ ဒါဆို ငါဒီနေရာကနေ ထွက်သွားရမှာလား”
“ ဟုတ်တယ်… မင်းအနေနဲ့ ဒီမြို့ကို စွန့်ခွာရလိမ့်မယ်”
“ ငါမသွားချင်ဘူး၊ ဒီမြို့မှာ ငါ့ရုပ်ထုရှိတယ်၊ ငါ့ကိုယုံကြည်တဲ့သူတွေရှိတယ်၊ ငါ့ကို …. ငါ့ကို”
ဘိုးမောင်က စကားပြောနေရင်း အသံတစ်ချက်တိမ်ဝင်သွားခဲ့တယ်။ ထိုအချိန် အောင်မြတ်သာက ဘိုးမောင်ဘေးမှာဝိုင်းထားတဲ့လူတွေကို မျက်စပြလိုက်ရာ ဓါးလှံလက်နက်တွေကိုင်ထားတဲ့ သူတွေက ဘိုးမောင်ကို ဖမ်းချုပ်ထားလိုက်ကြတယ်။
“ သူ့ကို ရွှေကျင်တောင်အောက်မှာရှိတဲ့ ဘိုးပေါက်ဆိန်ဆီပို့ပေးလိုက်ကြ”
အောင်မြတ်သာစကားဆုံးတာနဲ့ အစောင့်တွေက ဘိုးမောင်ကို လက်မောင်းရင်းကနေဆွဲခေါ်ရင်း ပျောက်ကွယ်သွားခဲ့ကြတယ်။ ထိုအချိန်မှာပဲ စေတီတစ်ဝိုက်မှာတိုက်ခတ်နေတဲ့ လေပြင်းတွေ ရုတ်တရက် ရပ်သွားပြီး ပတ်ဝန်းကျင်ကလဲ တိတ်ဆိတ်သွားခဲ့တယ်။
မနက်ခင်းရောက်တော့ မြို့ထဲကလူတွေ အားလုံး လန်းဆန်းသွားကြပြီး ဘိုးမောင်ရဲ့ပယောဂတွေကင်းစင်သွားခဲ့ကြတယ်။ မြို့ထဲမှာရှိတဲ့ မြို့စောင့်နတ်အဆောင်ထဲက ရုပ်ထုကလဲ အလိုလို ကွဲအက်ပြီး ပြိုကျသွားခဲ့တယ်။
အောင်မြတ်သာတို့လဲ မြို့ထဲကိုလိုက်ကြည့်နေရင်း မြို့စောင့်နတ်အဆောင်ရှေ့ရောက်တော့ မောင်ကောင်းက
“ဆရာ… ကျွန်တော်တို့ကတော့ သွားတဲ့နေရာ ပြဿနာပေါ်နေတာပဲဗျာ၊ ဒီမြို့မှာဖြစ်နေတဲ့ကိစ္စတွေ အခုတော့ ပြီးဆုံးသွားခဲ့ပြီ”
“ပြီးသွားပြီမောင်ကောင်း… ဒါပေမယ့် လူတွေအနေနဲ့ ဒီဖြစ်ရပ်ကိုကြည့်ပြီး သင်ခန်းစာယူတတ်ဖို့လိုတယ်”
“ဘာသင်ခန်းစာလဲ ဆရာ”
“ယုံကြည်မှုကို ဆင်ခြင်တုံတရားနဲ့ယှဉ်ဖို့နဲ့… နတ်နဲ့ သရဲကို ခွဲခြားတတ်ဖို့”
“ဟုတ်တယ်ဆရာ…ယုံကြည်မှုလွန်ကဲရင် အန္တရာယ်ဖြစ်စေတာပဲနော်”
“ဟုတ်တယ်… ဒါကြောင့် ဉာဏ်ရှိဖို့ အရေးကြီးတယ်”
“ ဆရာ… ဒီမြို့ကလူတွေကို သူတို့ကိုးကွယ်ပသနေတဲ့သူက သရဲဖြစ်နေတယ်ဆိုတာ မပြောပြတော့ဘူးလား”
“ဒီမှာမောင်ကောင်း… လူတွေတစ်ထစ်ချယုံကြည်နေတဲ့အရာကို မယုံကြည်ဖို့ ချက်ချင်းကြီးမပြောနဲ့၊ အခုလဲ ဒီအတိုင်းပဲ၊ မကြာခင် မြို့စောင့်နတ်အသစ်ရောက်လာမှ သူ့ကိုသူမိတ်ဆက်ပါလိမ့်မယ်”
အောင်မြတ်သာလဲ မောင်ကောင်းနဲ့ ခွန်းလှကို ဆုံးမပြီးတာနဲ့ မြို့စောင့်အဆောင်ကိုတစ်ချက်လှမ်းကြည့်လိုက်တယ်။ ပြီးတာနဲ့ ဆရာတပည့် သုံးယောက်လဲ နောက်ထပ်ခရီးတစ်ခုဆီကို တိတ်တိတ်လေး ဆက်လက်ထွက်ခွာသွားကြပါတော့တယ်။
အောင်မြတ်သာတို့ဆရာတပည့်တွေ သုံးရက်ခန့်ခရီးဆက်လာပြီးချိန်မှာတော့ စပါးခင်းတွေနဲ့ စိမ်းစိုနေတဲ့ ရွာလေးတစ်ရွာဆီကိုရောက်လာခဲ့ကြတယ်။ လယ်ယာစိုက်ပျိုးခြင်းကို အဓိကထားလုပ်ကိုင်တဲ့ရွာဖြစ်တဲ့အပြင် စိုက်ပျိုးမြေတွေကလဲ ကျယ်ကျယ်ဝန်းဝန်းရှိတာကြောင့် ဒီရွာကတော့ ကြွယ်ဝချမ်းသာတဲ့ရွာလို့ မှတ်ထင်ခဲ့ကြ ပေမယ့် တကယ်တမ်းကျတော့ ရွာမှာနေတဲ့သူတွေက တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်းနဲ့လုပ်ကိုင်ရင်း ဘဝကို ဆင်းရဲချို့တဲ့စွာဖြတ်သန်းနေကြတဲ့သူတွေဖြစ်နေခဲ့တယ်။
အလုပ်တွေလဲလုပ်ပါလျက်၊ စုဆောင်းရှာဖွေပါလျက်နဲ့ ဘာကြောင့် ဆင်းရဲနွမ်းပါးနေတာလဲဆိုတာကို အောင်မြတ်သာတို့ဆရာတပည့်တွေ သိပြီးတဲ့နောက် ဒီရွာကိုဘယ်လိုကူညီပေးမလဲ၊ ဘယ်လိုတွေကြောင့် ရွာက ဆင်းရဲနွမ်းပါးနေတာလဲဆိုတာကို အောင်မြတ်သာနှင့်မှော်ကျိန်စာဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)