~နောက်ထပ် ရေခဲကြေးခွံ ငါးသုံးကောင်သည်လည်း သွေးမျိုးဆက် အကန့်အသတ်ကို အဆင့်ချိုးဖြတ် အောင်မြင်သွားကြ၏။
ဒါက ရှားပါးလှသော ဝမ်းမြောက်ဖွယ်ရာ ကိစ္စရပ်တစ်ခုပင်။
(၂) လ ကြာပြီးနောက်...၊
ရေခဲကြေးခွံ ငါးဘုရင်သည် အိပ်ပျော်နေရာမှ နိုးထလာပြီး၊ ရေကန်ထဲမှ ဒုံးပျံပမာ ခုန်ထွက်လာကာ စုယွီနှင့် ယွီခယ်အာ တို့အား သတင်းကောင်း လာရောက် ပေးပို့လေသည်။
ထို့နောက် ၎င်းသည် ချင်းယွဲ့ တောင်ထွတ် တစ်ခုလုံးကို လှည့်ပတ် ကြည့်ရှုပြီးနောက်၊ နောက်ဆုံးတွင် ရေကန်ထဲသို့ ပြန်လည် ဝင်ရောက်သွားတော့၏။
ချင်းယွဲ့ တောင်ထွတ်သည် မူလ ငြိမ်သက်ခြင်းဆီသို့ ပြန်လည် ရောက်ရှိသွားပြီး၊ စုယွီ အပါအဝင် လူအားလုံးသည် အေးချမ်းစွာ ဆက်လက် ကျင့်ကြံကြလေသည်။
#
(၂) နှစ် ကြာပြီးနောက်...၊
ဆေးလုံးမျှော်စင် တောင်တန်း။
စုဇီနှင့်အတူ ယွင်ကျန်းဂိုဏ်းမှ လူငယ်မျိုးဆက်သစ် အများအပြား ဤနေရာသို့ ပြန်ရောက်လာကြသည်။ စုပင်း၊ စုကျင်းပန်း၊ စုရွီအန်း အစရှိသော စုမိသားစု၏ ပင်မမျိုးဆက်များသည်လည်း ရောက်ရှိနှင့်နေကြပြီ ဖြစ်သည်။
စုမိသားစုဝင် အားလုံးသည် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး မျက်နှာများတွင် ပူဆွေးသော အရိပ်အယောင်များ လွှမ်းခြုံနေသည်။ ကလေးငယ် အချို့၏ မျက်နှာပေါ်တွင်မူ နားမလည်နိုင်သော အမူအရာများ ရှိနေဆဲပင်။ လူကြီးများ၏ လမ်းပြမှုအောက်တွင် သူတို့အားလုံးသည် မိသားစု ခေါင်းဆောင်ဟောင်း စုဖုန်းကို နောက်ဆုံး ဂါရဝပြုရန် သင်္ချိုင်းကုန်းဆီသို့ ဦးတည်သွားကြလေ၏။
လွန်ခဲ့သော နှစ်အနည်းငယ်က စုဖုန်းသည် "အမှောင်နတ်ဘုရား ဆေးလုံး"၏ အကူအညီဖြင့် အခြေခံတည်ဆောက်ခြင်း အဆင့် (၁) သို့ အတင်းအကြပ် ထိုးဖောက် တက်လှမ်းခဲ့သည်။ သို့သော် အမှောင်နတ်ဘုရားဆေးလုံးတွင် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ရှိနေသည်။ ၎င်းသည် ကျင့်ကြံသူ တစ်ဦး၏ အလားအလာ အားလုံးကို လောင်ကျွမ်းစေပြီး၊ ရှေ့ဆက် တိုးတက်ရန် လမ်းစကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
အခြေခံတည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိချိန်တွင် သက်တမ်းရှည် ဆေးလုံးကို အသုံးပြု၍ သက်တမ်း ဆွဲဆန့်ထားခဲ့သော်လည်း၊ စုဖုန်းသည် အသက် (၂၀၀) နီးပါး နေထိုင်ပြီးနောက်၊ နောက်ဆုံးတွင် သက်တမ်း ကုန်ဆုံးကာ ကွယ်လွန်သွားခဲ့လေ၏။
ဈာပန အခမ်းအနားတွင်...
စုပင်း၊ စုကျင်းပန်၊ စုဟယ် အစရှိသော စုမိသားစု၏ အကြီးအကဲများသည် ယခုအခါ အိုမင်းရင့်ရော်နေကြပြီ ဖြစ်သည်။ မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်နေပြီး၊ ခေါင်းပေါ်တွင် ဆံပင်ဖြူများဖြင့် ဖွေးလှုပ်နေသည်။ စုပင်းသည် အသက် (၂၂၀) နီးပါး ရှိနေပြီ ဖြစ်သဖြင့် သူ၏ သက်တမ်းကုန်ဆုံးမည့် ရက်စွဲနှင့် အလွန် နီးကပ်နေပြီ ဖြစ်၏။
စုပင်း ကဲ့သို့ပင် စုပင်းထက် ကျင့်ကြံခြင်း အဆင့် နိမ့်ကျသော စုကျင်းပန်းနှင့် စုဟယ် တို့သည်လည်း သက်တမ်းကုန်ဆုံးရန် နီးကပ်နေကြလေပြီ။
သူတို့သည် စုဖုန်းအတွက် ဝိညာဉ်ဝိုင် အနည်းငယ်ကို မြေပေါ်သို့ ပက်ဖျန်း ပူဇော်လိုက်ကြသည်။ စုဖုန်း၏ အုတ်ဂူကျောက်တိုင်နှင့် ဘေးနားရှိ စုယွင်၊ စုရို့ဆု တို့၏ အုတ်ဂူများကို ငေးကြည့်ရင်း ဖြည်းညှင်းစွာ သက်ပြင်းချလိုက်ကြ၏။
စုပင်းသည် စုဖုန်း၏ အုတ်ဂူကျောက်တိုင်ကို ပုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းတာဝန်ကျေပါပြီကွာ... အခု မင်း ကောင်းကောင်း အနားယူလို့ ရပါပြီ... အမှန်အတိုင်း ပြောရရင် ငါ မင်းကို နည်းနည်းတောင် အားကျမိတယ်... ငါလည်း ခဏပဲ စောင့်ရတော့မှာပါ... သိပ်မကြာခင် ငါတို့ ညီအစ်ကိုတွေ မြေအောက်ကမ္ဘာမှာ ပြန်ဆုံကြတာပေါ့...”
စုဇီသည် မျိုးဆက်သစ် လူငယ်များကို ဦးဆောင်၍ သူမ၏ ဖခင်၊ မိသားစု ခေါင်းဆောင်ဟောင်းကို နောက်ဆုံး နှုတ်ဆက် ဂါရဝပြုလိုက်သည်။
သိပ်မကြာခင်မှာပင်...
လူအုပ်ကြီး၏ အနောက်ဘက်ဆီမှ အံ့သြတကြီး အာမေဋိတ်သံများ ရုတ်တရက် ထွက်ပေါ်လာ၏။
“တတိယ ဘိုးဘေးကြီး... တတိယ ဘိုးဘေးကြီး ပြန်ရောက်လာပြီ...”
စုဇီ၊ စုပင်း၊ စုရွီအန်းနှင့် အခြားသူများသည် အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်ကြသည်။
စုယွီ၏ ပုံသဏ္ဍာန် ဖန်တီးထားသော တာအိုရုပ်သေးသည် သင်္ချိုင်းကုန်းတွင် ရောက်ရှိနေလေသည်။
မိသားစု ခေါင်းဆောင်ဟောင်း စုဖုန်းကို ဂါရဝပြုပြီးနောက်၊ အားလုံးသည် မိသားစု ခြံဝင်းဆီသို့ ပြန်လာခဲ့ကြ၏။
နန်းတော်ဆောင် ရှေ့ရှိ ခြံဝင်းအတွင်း...
စုယွီနှင့် စုဇီတို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ စုယွီသည် ဝိညာဉ်အရည်ဖြင့် ဖျော်စပ်ထားသော ဝိညာဉ်လက်ဖက်ရည်ကို ငှဲ့လိုက်ပြီး၊ မိမိကိုယ်တိုင်နှင့် စုဇီအတွက် တစ်ခွက်စီ ချပေးလိုက်သည်။
စုဇီသည် သူ့ကို ကြည့်ကာ ခပ်ဟဟ ရယ်မောလိုက်၏။
“နင် အခုအချိန်မှ ပြန်ပေါ်လာမယ်လို့ ငါ မထင်ထားဘူး...”
စုယွီက ပြန်ပြောလိုက်သည်။
“မိသားစု ခေါင်းဆောင်ကြီး ဆုံးပါးသွားတာပဲ... ကျွန်တော် ပြန်လာပြီး နှုတ်ဆက် ခရီးပို့ရမှာပေါ့...”
စုဇီက ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်သည်။ လက်ဖက်ရည်ခွက်ကို မော့သောက်လိုက်ပြီး မေးလိုက်သည်။
“ချန်ချင်း နဲ့ ချီလေးရော...”
ထိုမေးခွန်းကို ကြားသောအခါ စုယွီ ခေါင်းယမ်းလိုက်သည်။
“အဲဒီအဖြေကို ကျွန်တော် မသိဘူးဗျ... အစ်မ အနေနဲ့ လျှို့ဝှက်လူသားကိုပဲ မေးသင့်တယ်...”
စုဇီက သူ့ကို မျက်စောင်းထိုးလိုက်ပြီး ညည်းတွားလိုက်သည်။
“နင်က ရယ်နိုင်သေးတယ်ပေါ့လေ... ငါကတော့ နင်တို့နှစ်ယောက်အတွက် အလကား စိတ်ပူနေခဲ့ရတာ...”
အချိန်အတော်ကြာ စကားစမြည် ပြောဆိုပြီးနောက်၊ ယွီချန်ချင်းနှင့် စုချီတို့ ကိစ္စကို စုယွီက မငြင်းဆိုခဲ့ပေ။ ထိုအခါမှသာ စုဇီ၏ ရင်ထဲမှ အလုံးကြီး ကျသွားသလို ခံစားလိုက်ရ၏။
(၇) ရက် ကြာပြီးနောက်၊ စုဇီသည် ယွင်ကျန်းဂိုဏ်းသို့ ပြန်လည် ထွက်ခွာသွားလေသည်။ ဆေးလုံးမျှော်စင် တောင်တန်းကို ပြန်လှည့်ကြည့်လိုက်သောအခါ ဟာတာတာ ခံစားလိုက်ရ၏။ ဖခင်ဖြစ်သူ ထွက်ခွာသွားခြင်းနှင့်အတူ သူမ၏ နှလုံးသား တစ်နေရာတွင် လစ်ဟာသွားသကဲ့သို့ ခံစားရပြီး၊ ဆေးလုံးမျှော်စင် တောင်တန်းအပေါ် ထားရှိသော သူမ၏ သံယောဇဉ် ကြိုးမျှင်လေးသည်လည်း အနည်းငယ် လျော့ရဲသွားခဲ့ပြီ ဖြစ်သည်။
အချိန်မြစ်ရေ အဆက်မပြတ် စီးဆင်းနေသည်နှင့်အမျှ၊ စုမိသားစု၏ မျိုးဆက်ဟောင်း နေရာတွင် မျိုးဆက်သစ်များက အစားထိုး ဝင်ရောက်လာကြ၏။
ယခုအခါ သူမ မသိသော မျိုးဆက်သစ် လူငယ်များ ပိုမို များပြားလာသည်။
သူမ၏ အကြီးအကဲများနှင့် ရွယ်တူတန်းတူများသည် သက်တမ်းကုန်ဆုံး၍ တစ်စတစ်စ မြေမှုန့်အဖြစ် ပြောင်းလဲသွားကြလေပြီ။
ဆယ်စုနှစ် အနည်းငယ် ကြာသောအခါ၊ သူမနှင့် စုမိသားစုကြား ဆက်နွယ်မှု ဆိုသည်မှာ သွေးသားတော်စပ်မှု တစ်ခုတည်းသာ ကျန်ရှိတော့မည့် ပုံပင်။
အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက်၊ စုဇီသည် မျိုးဆက်သစ် လူငယ်အချို့ကို ခေါ်ဆောင်ကာ ယွင်ကျန်းဂိုဏ်းသို့ ပြန်သွားလေ၏။
စုယွီသည် ဆေးလုံးမျှော်စင် တောင်တန်းတွင် ရက်အနည်းငယ် ဆက်လက် နေထိုင်ခဲ့သည်။ စုပင်း၊ စုရွီအန်း အစရှိသော အကြီးအကဲများနှင့် စကားစမြည် ပြောဆိုခဲ့သလို၊ စုမိသားစု မျိုးဆက်သစ် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။
ဆေးလုံးမျှော်စင် တောင်တန်းတွင် (၁၅) ရက်ခန့် နေထိုင်ပြီးနောက်၊ စုယွီသည် တိတ်တဆိတ် ထွက်ခွာလာခဲ့၏။
ဆေးလုံးမျှော်စင် တောင်တန်းကို နောက်ဆုံးအကြိမ် ပြန်လှည့်ကြည့်ပြီးနောက်၊ သူသည် လက်ကို ဝှေ့ယမ်းကာ ပျံသန်းရေး ယာဉ်ပျံကို ဆင့်ခေါ်လိုက်ပြီး၊ "မြေဆရာ မာမိသားစု" ရှိရာ အရပ်ဆီသို့ ဦးတည် ထွက်ခွာသွားလေသည်။
မိသားစု ခေါင်းဆောင်ဟောင်း စုဖုန်း ထွက်ခွာသွားခြင်းနှင့်အတူ၊ မိသားစု အတွင်း၌ သူ စိတ်ပူရမည့်သူ တစ်ယောက် လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။
မာမိသားစုဆီ သွားရာ လမ်းခရီးတွင် စုယွီ တွေးတောလိုက်မိ၏။
‘ပဉ္စမအဘိုးရဲ့ သက်တမ်း ကုန်ဆုံးတဲ့ အချိန်ကျရင်... ငါ အင်မော်တယ် လမ်းစဉ် အဆင့်မြင့်မြင့်ကို တက်လှမ်းဖို့ ထွက်ခွာသင့်တဲ့ အချိန် ရောက်ပြီ ထင်တယ်...’
သူ တိတ်တဆိတ် စဉ်းစားခန်း ဝင်နေမိသည်။
‘အဲဒီအချိန်ရောက်ရင် ငါ လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်နယ်မြေထဲမှာပဲ နေပြီး ဆက်ကျင့်ကြံလို့ ရမလား။
ကျင့်ကြံခြင်း အဆင့် ရွှေအမြုတေ အဆင့် (၉) ရောက်တဲ့ အထိ၊ ဒါမှမဟုတ် သူ့ကိုယ်သူ ယုံကြည်မှု ရှိလာတဲ့ အထိ၊ ပြင်ပလောကနဲ့ အဆက်အသွယ် ဖြတ်ပြီး နေလို့ ရနိုင်မလား’
တကယ်လို့များ စမ်းသပ် ကြိုးစားချင်သည် ဆိုလျှင်တော့၊ တာအိုရုပ်သေးကို ရှေ့ကနေ လမ်းဖောက်ခိုင်းရ၏။ တာ့ချန် ကျင့်ကြံခြင်း လောက၏ ဗဟိုချက်မကို မျှော်မှန်းရင်း၊ တာအိုမိတ်ဆွေ ရှုယွီ ပေးခဲ့သော မြေပုံကို သူ ပြန်လည် သတိရလိုက်သည်။ လက်ရှိ နေရာနှင့် တာ့ချန် ကျင့်ကြံခြင်း လောက၏ ဗဟိုချက်မသည် အတော်လေး ကွာဝေးလှ၏။
ထိုနေရာကို ရောက်ဖို့ ဆိုလျှင် သူ သေချာ စီစဉ်ရပေလိမ့်မည်။
ဒါပေါ့လေ... အလုံခြုံဆုံး နည်းလမ်းကတော့ မူလဝိညာဉ် အဆင့် ရောက်သည့်အထိ စောင့်ပြီးမှ ထွက်ခွာတာက အကောင်းဆုံးပါပင်။
သို့သော်၊ ဒီလို ဖြစ်ဖို့ ဆိုလျှင် "အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်"၏ နောက်ဆက်တွဲ ကျင့်စဉ်ကို ရှာတွေ့မှ၊ ဒါမှမဟုတ် သစ်သား ဝိညာဉ်အမြစ် အတွက် အစားထိုး၍ ရမည့် မူလဝိညာဉ် ကျင့်စဉ် တစ်ခုခုကို ရရှိမှ ဖြစ်ပေလိမ့်မည်။
“ရွှမ်း…”
ပျံသန်းရေး ယာဉ်ပျံသည် ကောင်းကင်ယံကို ဖြတ်သန်း ပျံသန်းသွားသည်။ သာမန် ရွှေအမြုတေ အဆင့် ကျင့်ကြံသူများ အနေဖြင့် လေပြင်း တစ်ချက် တိုက်ခတ်သွားသည် ဟုသာ ခံစားလိုက်ရပြီး၊ အခြေခံတည်ဆောက်ခြင်း အဆင့် သို့မဟုတ် ချီစုစည်းခြင်း အဆင့် ကျင့်ကြံသူများ အနေဖြင့် ယာဉ်ပျံ၏ အရိပ်အယောင်ကိုပင် တွေ့မြင်နိုင်စွမ်း မရှိကြပေ။
(၁၀) ရက်ကျော် ကြာပြီးနောက်၊ တာ့ယွဲ့ နယ်မြေ၏ အနောက်မြောက်ဘက်၊ မြူခိုးများ ဖုံးလွှမ်းနေသော တောင်တန်း တစ်ခု၏ အပြင်ဘက်တွင် ယာဉ်ပျံ ရပ်တန့်သွားသည်။
တာအိုရုပ်သေးသည် ယာဉ်ပျံပေါ်မှ ဆင်းသက်လိုက်ပြီး၊ ယာဉ်ပျံကို သူ့ခန္ဓာကိုယ် အတွင်းရှိ ဒန်တျန်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်၏။ သူ၏ အကြည့်က မြူခိုးများ ရစ်ပတ်နေသော ရှေ့မှ တောင်တန်းကြီးဆီသို့ ကျရောက်သွားပြီး၊ မျက်လုံးထဲတွင် အံ့သြရိပ် အနည်းငယ် ယှက်သန်းသွားသည်။
ဒီတောင်တန်းကြီးကို အခင်းအကျင်း တစ်ခုခုနှင့် ဖုံးကွယ်ထားပုံ ရသော်လည်း၊ အခင်းအကျင်း၏ အရှိန်အဝါက နည်းနည်း ထူးဆန်းနေပြီး သာမန် အခင်းအကျင်းများနှင့် ကွဲပြားနေ၏။
***