~မီယွင် တောင်တန်း၏ အပြင်ဘက်။
အနက်ရောင် အလင်းတန်း သုံးခု ကောင်းကင်မှ ရုတ်တရက် သက်ဆင်းလာပြီးနောက်၊ ခန္ဓာကိုယ် ထွားကျိုင်းသော လူသန်ကြီး တစ်ဦး၊ ဆံပင်ဖြူဖြူ အဘိုးအို တစ်ဦးနှင့် အနက်ရောင် ဇာပါး ဝတ်ရုံတိုလေးကို ဝတ်ဆင်ထားသော ညှို့ဓာတ်ပြင်းသည့် အမျိုးသမီး တစ်ဦးတို့ ပေါ်ထွက်လာကြ၏။
ထိုလူသန်ကြီး၏ မျက်နှာထားသည် အေးစက်ခက်ထန်နေသည်။ သူ ပေါ်လာသည်နှင့် တပြိုင်နက် ဖိနှိပ်ထားသော မိစ္ဆာချီစွမ်းအင်များသည် ဒီရေလှိုင်းလုံးကြီး ပမာ သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး ရှေ့ရှိ မီယွင် တောင်တန်းဆီသို့ တိုးဝင်ရိုက်ခတ်သွားလေ၏။
“ဝုန်း...”
မျက်စိတစ်မှိတ် အတွင်းမှာပင်...
ကြောက်မက်ဖွယ် ကောင်းလှသော မိစ္ဆာချီစွမ်းအင်များသည် မီယွင် တောင်တန်း တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သိပ်သည်းသော တိမ်မည်းကြီးများ ပမာ မီယွင် တောင်တန်း တစ်ခုလုံးကို ကြီးမားသော မိစ္ဆာစွမ်းအားနှင့် သွေးညှီနံ့ ရနေသော မကောင်းဆိုးဝါး အရှိန်အဝါများဖြင့် ဖိနှိပ်လိုက်၏။
မြေကြီးများ တုန်ခါသွားသည်။
မရေမတွက်နိုင်သော ငှက်များသည် ကြောက်လန့်တကြားဖြင့် တောအုပ်ထဲမှ ပျံသန်း ထွက်ပြေးကြပြီး ဆွေးမြေ့ဖွယ်ရာ အော်ဟစ်မြည်တမ်း နေကြလေ၏။
လွန်ခဲ့သော နှစ်များစွာက မိစ္ဆာဘုရင် ရွှမ်မင် စတင် ပေါ်ပေါက်လာစဉ်က၊ ပထမဆုံး သစ္စာခံခဲ့သူမှာ ဤလူသန်ကြီးပင် ဖြစ်သည်။ သူသည် တစ်ချိန်က ကိုးဝိညာဉ် မိစ္ဆာ နန်းတော်၏ လက်အောက်ခံ ဝိညာဉ်ကြွေ တောင်တန်း ၏ သခင် ဖြစ်ခဲ့ဖူးသည်။
နှစ်များစွာ ကြာလာသောအခါ သူသည် မိစ္ဆာဘုရင် ရွှမ်မင် နောက်သို့ လိုက်ပါကာ တိုက်ပွဲများစွာ ဆင်နွှဲခဲ့၏။ ကိုးဝိညာဉ် မိစ္ဆာ နန်းတော်နှင့် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့တို့၏ လုပ်ကြံ တိုက်ခိုက်မှုများမှ အကြိမ်ကြိမ် အသက်ရှင် လွတ်မြောက်ခဲ့သူ ဖြစ်သည်။
ထို့အတူ ခရီးသွားလာရင်း သူသည် အထူးပါရမီရှင်များနှင့် ကောင်းကင်ဘုံ၏ မျက်နှာသာပေးခံရသူများကို စုဆောင်းခဲ့သည်။
ဥပမာအားဖြင့်... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နယ်မြေထဲမှ ဝိညာဉ်ဆေးလုံး ဖော်စပ်နိုင်သော တတိယအဆင့် ဆေးပညာရှင် တစ်ဦးနှင့် ဝိညာဉ်အဆောင် လက်ဖွဲ့ ပြုလုပ်နိုင်သော တတိယအဆင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့ ပညာရှင် တစ်ဦးတို့ကို ဖမ်းဆီး ခေါ်ဆောင်လာခဲ့၏။
ယခုတစ်ကြိမ်တွင်မူ ဝိညာဉ်ကြွေ တောင်တန်း သခင်သည် မိစ္ဆာဘုရင် ရွှမ်မင် အတွက် မာမိသားစုမှ လူတစ်ဦးကို လာရောက် စုဆောင်းခြင်း ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေနိုင်သော တတိယအဆင့် အဆင့်နိမ့် မြေဆရာ မာရှီချင်းကို မျက်စိကျနေခြင်း ဖြစ်သည်။
အကယ်၍သာ သူတို့ အောင်မြင်ခဲ့လျှင် ရွှမ်မင်၏ လက်အောက်ခံ အင်အားစုများသည် သေချာပေါက် အင်အားကြီးမားလာပေလိမ့်မည်။
မြေဆရာ တစ်ယောက်၏ စွမ်းရည်ဖြင့် အရင်းအမြစ်များကို ရှာဖွေရသည်မှာ မခဲယဉ်းတော့ပေ။
အရင်းအမြစ်များနှင့် အခွင့်အရေးများ ပေါများလာပါက သူတို့၏ ကျင့်ကြံခြင်း စွမ်းအားနှင့် မိစ္ဆာဘုရင်၏ တကယ့် စွမ်းရည်များသည် လျင်မြန်စွာ တိုးတက်လာနိုင်သည် မဟုတ်ပါလော။
ထို့ပြင် မြေဆရာများသည် အာဏာလုပွဲများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြသည်။
မြေကမ္ဘာ သွေးကြော အသီးသီး၏ စွမ်းအားကို အသုံးချခြင်းဖြင့်၊ နှစ်ဖက် တိုက်ခိုက်ကြသောအခါ စစ်ပွဲ၏ အဖြေကို အဆုံးအဖြတ် ပေးနိုင်သော အလှည့်အပြောင်းကို ဖန်တီးနိုင်စွမ်း ရှိကြသည်။
ထိုအကြောင်းပြချက်များကြောင့် ဝိညာဉ်ကြွေ တောင်တန်း သခင်သည် မီယွင် တောင်တန်းသို့ ရောက်ရှိလာပြီး၊ မာရှီချင်းအား မိစ္ဆာဘုရင် ရွှမ်မင် ထံတွင် အမှုထမ်းရန် "ဖိတ်ခေါ်" လိုက်ခြင်း ဖြစ်၏။
ယခုအချိန်တွင် ဝိညာဉ်ကြွေ တောင်တန်း သခင်၏ ကြီးမားလှသော မိစ္ဆာစွမ်းအားများသည် ရှေ့ရှိ မီယွင် တောင်တန်းကို တုန်လှုပ်သွားစေသည်။
မီယွင် တောင်တန်းကို လွှမ်းခြုံထားသော ထူထဲသည့် မြူခိုးများသည် ချက်ချင်းပင် ပြင်းထန်စွာ လှုပ်ရှား ဆူပွက်သွားသော်လည်း လွင့်ပါးပျောက်ကွယ်သွားခြင်း မရှိပေ။ မီယွင် တောင်တန်းသည် မြူခိုးများထဲတွင် ဖုံးကွယ်နေဆဲ ဖြစ်ပြီး မည်သည့် လှုပ်ရှားမှုမျှ မပြပေ။
“ဟင်...”
ဝိညာဉ်ကြွေ တောင်တန်း သခင် အနည်းငယ် အံ့သြသွားရ၏။
ဒီအခင်းအကျင်းရဲ့ စွမ်းအားက သိပ်မကြီးမားပါဘူး။ အလွန်ဆုံးရှိမှ တတိယအဆင့် အဆင့်နိမ့်လောက်ပါပဲ။
ဒါပေမဲ့ ငါ့ရဲ့ ရွှေအမြုတေ အဆင့် (၆) ရှိတဲ့ မိစ္ဆာစွမ်းအားနဲ့တောင် ဒီအခင်းအကျင်းရဲ့ မြူခိုးတွေကို မဖြိုခွင်းနိုင်ဘူး ဟုတ်လား။
ခဏမျှ အာရုံခံလိုက်ပြီးနောက် ဝိညာဉ်ကြွေ တောင်တန်း သခင်၏ မျက်လုံးများ အရောင်လက်သွားပြီး ရေရွတ်လိုက်၏။
“စိတ်ဝင်စားစရာပဲ... အခင်းအကျင်း အများအပြားကို တောင်တန်းတစ်ခုလုံးနဲ့ ချိတ်ဆက်ပြီး တစ်သားတည်း ဖြစ်အောင် ပေါင်းစပ်ထားတာကိုး...”
“ဒီမြေဆရာက သာမန် အခင်းအကျင်း ပညာရှင်တွေထက် ကိုင်တွယ်ရ ပိုခက်တာပဲ...”
သို့သော် ဒီအခင်းအကျင်းလောက်နဲ့ သူ့ကို တားဆီးနိုင်မယ်လို့ ထင်နေရင်တော့ လျှော့တွက်ရာ ကျလိမ့်မည်။
ဝိညာဉ်ကြွေ တောင်တန်း သခင်၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက်၊ သူ့ဘေးတွင် အလံတစ်ခု ပေါ်လာ၏။ ထိုအလံသည် (၁၀) ပေခန့် ရှည်လျားပြီး အလံတိုင်ပေါ်တွင် သွေးရောင် အင်းကွက်များ ထွင်းထုထားရာ သရဲခေါင်းခွံများသဖွယ် ဖြစ်နေသည်။ အလံပေါ်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော သရဲမျက်နှာများစွာ ပေါ်နေသည်။
၎င်းသည် ဝိညာဉ်ကြွေ တောင်တန်း သခင်၏ "ဝိညာဉ်နုတ် သရဲတစ်သောင်း အလံ" ဖြစ်ပြီး သူ၏ အသက်ဝိညာဉ် လက်နက်လည်း ဖြစ်သည်။
နှစ်ပေါင်း (၃၀၀) နီးပါး အတူတကွ ကျင့်ကြံလာခဲ့ပြီး၊ အစွမ်းထက် ကျင့်ကြံသူများနှင့် မိစ္ဆာ (၁၀၀၀) ကျော်၏ ဝိညာဉ်များကို သရဲများအဖြစ် သန့်စင် ထည့်သွင်းထား၏။
သရဲတစ်သောင်း ပြည့်ရန် လိုအပ်နေသေးသော်လည်း၊ ဤအလံ၏ စွမ်းအားသည် သာမန် ထိပ်တန်း လက်နက်များထက် ကျော်လွန်နေပြီ ဖြစ်သည်။
ဝိညာဉ်နုတ် သရဲတစ်သောင်း အလံ ပေါ်လာသည်နှင့် တပြိုင်နက် မီယွင် တောင်တန်း အပြင်ဘက် ကောင်းကင်ယံသည် သွေးရောင် တိမ်မည်းများ ဖုံးလွှမ်းသွား၏။ လေပြင်းများ တိုက်ခတ်လာပြီး စူးရှသော သရဲအော်သံများ ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်သွားရာ၊ ဤနေရာသည် သရဲဘုံတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။
“ဘုန်း...”
ဝိညာဉ်ကြွေ တောင်တန်း သခင်သည် လက်သင်္ကေတ တစ်ခု ပြုလုပ်လိုက်ပြီး၊ ချက်ချင်းပင် အလံကြီးသည် အောက်ဘက် မြေကြီးပေါ်သို့ ထိုးကျသွားသည်။
အလံ မြေစိုက်လိုက်သည်နှင့် တပြိုင်နက် မြေကြီး တုန်ခါသွား၏။
ကြီးမားသော မိစ္ဆာချီစွမ်းအင်များ ကောင်းကင်သို့ ထိုးတက်သွားပြီး၊ အလံထဲမှ မရေမတွက်နိုင်သော သရဲများ အော်ဟစ်ကာ ပြေးထွက်လာကြသည်။
သရဲကောင်ရေ သောင်းချီ ထွက်ပေါ်လာပြီး ဝိညာဉ်ကြွေ တောင်တန်း သခင်ကို ခဏတာ ဝန်းရံပြီးနောက်၊ ရှေ့ရှိ မီယွင် တောင်တန်းဆီသို့ တိုးဝင်သွားကြ၏။
မီယွင် တောင်တန်း အတွင်း၌...
မာရှီချင်း၏ မျက်နှာ ပျက်သွားသည်။ မီယွင် တောင်တန်းတွင် သူ ခင်းကျင်းထားသော အခင်းအကျင်းကြီး ရှိသည်။ တတိယအဆင့် အလယ်အလတ်တန်းစား အခင်းအကျင်း အဆင့် မရောက်သေးသော်လည်း၊ ရွှေအမြုတေ အဆင့် အလယ်အလတ်တန်းစား အရှင်သခင် တစ်ပါးကို ခုခံရန် ပြဿနာ မရှိဟု သူ ယုံကြည်ထား၏။
သို့သော် ဤအခင်းအကျင်းကြီးသည် သရဲတစ္ဆေများ၏ စွမ်းအားကိုတော့ မခုခံနိုင်ပေ။
သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသော တာအိုရုပ်သေး၏ မျက်ဝန်းများ နက်မှောင်သွားသော်လည်း၊ မျက်နှာပေါ်တွင် "နေရောင်ခြည်" ကဲ့သို့ တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။
ကမ္ဘာကြီးက ကျဉ်းလိုက်တာ။
အရင်တုန်းက ဝိညာဉ်ကြွေ တောင်တန်းက မိစ္ဆာကျင့်ကြံသူရဲ့ ခြေရာကို ရှာမတွေ့ခဲ့။
အခုတော့ သူတို့ကိုယ်တိုင် တံခါးဝထိ လာပို့နေကြပါလား။
မာရှီချင်း၏ လေးနက်သော မျက်နှာထားနှင့် ကြောက်လန့်နေသော မိန်းကလေးငယ် မာထျန်းလင် တို့ကို ကြည့်ရင်း၊ စုယွီက တည်ငြိမ်စွာ ပြောလိုက်၏။
“လွန်ခဲ့တဲ့ နှစ်တွေတုန်းက ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့က လူတွေ ကျွန်တော့် စုမိသားစုက ချန်ချင်း နဲ့ ချီလေး တို့ကို ဖမ်းဆီးသွားတုန်းက၊ ကျွန်တော့်ဆီက ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ရဖို့ ခြိမ်းခြောက်ခဲ့ကြတာလေ...”
“ကိုးဝိညာဉ် မိစ္ဆာ နန်းတော်က မိစ္ဆာတွေက အဲဒါကို မြင်ပြီး လိုက်တုကြတာ... ဒါပေမဲ့ သူတို့က ကျွန်တော့် မိသားစုရဲ့ တိုက်ရိုက် သွေးမျိုးဆက်တွေကို မဖမ်းနိုင်ခဲ့ကြဘူး... ဘာလို့လဲဆိုတော့ တာအိုမိတ်ဆွေ လော့ က ယွင်ကျန်းဂိုဏ်းကို ခေါ်သွားခဲ့လို့လေ...”
“ဒါကြောင့် နောက်ဆုံးတော့ ကိုးဝိညာဉ် မိစ္ဆာ နန်းတော်က လူတွေက စုမိသားစုရဲ့ သာမန် ဆွေမျိုးတွေကို ဖမ်းဆီးသွားခဲ့ကြတယ်...”
“ကျွန်တော့် စုံစမ်းမှုအရတော့... အဲဒီလို လုပ်ခဲ့တဲ့ မိစ္ဆာကျင့်ကြံသူတွေက ဝိညာဉ်ကြွေ တောင်တန်း က လူတွေပဲ...”
မာရှီချင်း ထိုစကားကို ကြားပြီး အနည်းငယ် အံ့သြသွားရ၏။
“ဝူး... ဝူး... ဝူး...”
ထိုအချိန်တွင် မာမိသားစု စံအိမ်ကြီး၏ အပြင်ဘက်မှ မကောင်းဆိုးဝါး အရှိန်အဝါ ပြင်းထန်သော သရဲတစ္ဆေများ တစ်ကောင်ပြီး တစ်ကောင် တိုးဝင်လာကြသည်။
ကောင်းကင်ကို ဖုံးလွှမ်းပြီး မြေကြီးကို မည်းမှောင်သွားစေကာ၊ အကောင်အထည် မမြင်ရဘဲ အဆုံးမဲ့ သရဲချီစွမ်းအင်များကို သယ်ဆောင်လာကြ၏။ ဆာလောင်နေသော ဝံပုလွေအုပ်ကြီး ပမာ သူတို့သည် စံအိမ်ကြီးဆီသို့ စတင် တိုက်ခိုက် လာကြလေတော့သည်။
***