~မာရှီချင်းသည် စုယွီကို ကြည့်ကာ ပြောလိုက်သည်။
“တာအိုမိတ်ဆွေ စု... ကျွန်တော်တော့ ထျန်းလင်လေးကို တပည့်အဖြစ် လက်ခံပေးဖို့ တောင်းဆိုချင်ပါသေးတယ်...”
စုယွီ ခေါင်းကို ဖြည်းညှင်းစွာ ယမ်းလိုက်ပြီး ငြင်းဆိုလိုက်၏။
“တပည့်အဖြစ် လက်ခံတာမျိုးကို ကျွန်တော် ရှောင်ချင်ပါတယ်... ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ကို ယုံကြည်တယ် ဆိုရင်တော့... သူ့ကို ကျွန်တော်နဲ့အတူ ကျင့်ကြံခွင့်ပြုပါ... နောင်တစ်ချိန်ကျရင် သူ ဘယ်အဆင့်ထိ ရောက်နိုင်မလဲ ဆိုတာကတော့ သူ့ကံတရားပေါ်မှာပဲ မူတည်ပါစေ...”
“ဒီနည်းနဲ့ဆိုရင်... ကျွန်တော် ဒီကနေ ထွက်ခွာသွားတဲ့အချိန်ကျရင် သူ မာမိသားစုဆီ ပြန်လာနိုင်မှာပေါ့...”
အချိန်အတန်ကြာ ဆွေးနွေးပြီးနောက်...
စုယွီသည် တတိယအဆင့် အဆင့်နိမ့် အခင်းအကျင်း ပညာရှင် အမွေအနှစ်ကို လက်ခံရရှိခဲ့ပြီး၊ မာထျန်းလင်ကိုလည်း မာမိသားစုမှ ခေါ်ဆောင်သွားခွင့် ရရှိခဲ့သည်။
မထွက်ခွာမီ စုယွီသည် မာရှီချင်းကို သတိပေးလိုက်၏။
“တာအိုမိတ်ဆွေ မာ... မိစ္ဆာဘုရင် ရွှမ်မင် ကိုတော့ သတိထားဖို့ လိုလိမ့်မယ်... ကိုးဝိညာဉ် မိစ္ဆာ နန်းတော် နဲ့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့တို့ရဲ့ လက်ထဲကနေတောင် ထွက်ပြေးလွတ်မြောက်လာနိုင်တဲ့ ဒီမိစ္ဆာကောင်က သေချာပေါက် သာမန်ကောင်တော့ မဟုတ်ဘူး...”
“အခု ဝိညာဉ်ကြွေ တောင်တန်း သခင်နဲ့ သူ့လက်အောက်ငယ်သား နှစ်ယောက်က ဒီမှာ သေသွားကြပြီ ဆိုတော့... အဲဒီ မိစ္ဆာဘုရင်က ကလဲ့စားချေဖို့ ကြိုးစားလာနိုင်ခြေ ရှိတယ်...”
“ဒါကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်...”
ထိုသတိပေးစကားကို ချန်ထားရစ်ခဲ့ပြီးနောက်၊ စုယွီသည် မာထျန်းလင်ကို ခေါ်ဆောင်၍ မာမိသားစုမှ ထွက်ခွာလာခဲ့သည်။
မာထျန်းလင်ကို အစိမ်းရောင် သစ်သား နန်းတော်ထဲသို့ ဝင်ရောက်စေပြီးနောက်၊ ပျံသန်းရေး ယာဉ်ပျံကို ထုတ်ယူလိုက်၏။ ယာဉ်ပျံပေါ်သို့ တက်ရောက်ပြီး တာ့ယွဲ့ တောင်တန်းရှိရာသို့ ဦးတည် မောင်းနှင် ထွက်ခွာသွားလေသည်။
အဝေးတစ်နေရာရှိ ကိုးဝိညာဉ် မိစ္ဆာ တောင်တန်း။
မြေအောက်ရှိ ရှေးဟောင်း မိစ္ဆာနန်းတော် အပျက်အစီး တစ်ခုအတွင်း၌၊ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေနှင့် လှပလွန်းသော ရုပ်ရည်ရှိသည့် လူငယ်တစ်ဦးသည် နန်းတော်၏ အနက်ရှိုင်းဆုံး နေရာရှိ ပလ္လင်ပေါ်တွင် ထိုင်နေ၏။ နန်းတော် တစ်ခုလုံးသည် မိစ္ဆာချီစွမ်းအင်များနှင့် ပြင်းထန်သော သွေးညှီနံ့များဖြင့် ပြည့်နှက်နေသည်။
ထိုလူငယ်၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အသက်ရှူကျပ်ဖွယ်ရာ မိစ္ဆာအရှိန်အဝါသည် လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်၏။
သူသည် မူလဝိညာဉ် အဆင့် မိစ္ဆာ အဖြစ်သို့ မရောက်ရှိသေးသော်လည်း၊ ထိုအဆင့်သို့ ရောက်ရန် သိပ်မလိုတော့ပေ။
ရုတ်တရက်...
ထိုလူငယ်သည် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ မျက်ဝန်းနက်နက်ထဲတွင် သွေးရောင် အလင်းတန်း တစ်ချက် ဖြတ်သန်းသွား၏။ သွေးရောင် မိစ္ဆာအင်းကွက်များသည် သူ၏ အရေပြားအောက်မှ ထိုးထွက်လာသကဲ့သို့ ဖြစ်ပေါ်လာပြီး၊ ခဏအကြာတွင် ပြန်လည် ပျောက်ကွယ်သွားကြသည်။ သူ မျက်ခုံးပင့်လိုက်၏။
“ဟင်...”
လက်ကို ဝှေ့ယမ်းလိုက်ရာ လက်ဖဝါး အရွယ်အစားရှိသော ဝိညာဉ်ကတ်ပြား သုံးခု လက်ထဲတွင် ပေါ်လာသည်။ ထိုကတ်ပြား သုံးခုစလုံးသည် အက်ကွဲနေလေပြီ။
ဝိညာဉ်ကြွေ တောင်တန်း သခင်နှင့် အခြားနှစ်ဦးတို့၏ ဝိညာဉ်စွမ်းအားများသည် အချိန်တိုလေး အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ကြ၏။
ဆိုလိုတာက ဝိညာဉ်ကြွေ တောင်တန်းက သုံးကောင်စလုံး သေဆုံးသွားကြလေပြီ။
“သေကုန်ကြပြီလား...”
လူငယ်၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များ ဖြတ်သန်းသွားပြီး၊ ကြီးမားသော လူသတ်ချင်စိတ်များ နန်းတော်တစ်ခုလုံး ပြည့်နှက်သွားသည်။ သိပ်သည်းသော မိစ္ဆာချီစွမ်းအင်များ လှုပ်ရှား ဆူပွက်လာသဖြင့် နန်းတော်ထဲရှိ အစေခံများသည် ကြောက်လန့်တကြား ဒူးထောက် ဦးညွှတ်လိုက်ကြရသည်။
“ဘယ်ကောင်က ငါ့လူတွေကို လက်ဖျားနဲ့ တို့ရဲတာလဲ...”
မိစ္ဆာဘုရင် ရွှမ်မင် သည် တိတ်တဆိတ် ဒေါသထွက်နေသည်။
“ငါ့လူတွေကို သတ်ရဲတဲ့ကောင် ဘယ်သူမဆို သေလမ်းရှာတာပဲ...”
သူက အနိုင်ကျင့်ခံရတာကို ဘယ်တုန်းကမှ သည်းမခံခဲ့ဖူးပေ။ အရင်တုန်းက ကိုးဝိညာဉ် မိစ္ဆာ နန်းတော်၏ ခြုံခိုတိုက်ခိုက်တာ ခံရတုန်းကတောင်၊ သူတို့ကို ပြန်သတ်ပြီးမှ ထွက်ပြေး လွတ်မြောက်လာခဲ့သူ ဖြစ်သည်။
ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နယ်မြေထဲမှာလည်း အင်မော်တယ် မြို့နှစ်မြို့ကို သွေးယဇ်ပူဇော်ပြီး၊ ကျင့်ကြံသူ မိသားစု သုံးစုကို မျိုးဖြုတ်သတ်ဖြတ်ပြီးမှ ဒီနေရာကို ပြန်လာခဲ့တာ ဖြစ်၏။
မူလက သူ ဒီနေရာမှာ ခဏလောက် အနားယူပြီးမှ၊ မူလဝိညာဉ် အဆင့် တက်လှမ်းနိုင်မည့် အခွင့်အရေးကို ရှာဖွေဖို့ ကိုးဝိညာဉ် မိစ္ဆာ တောင်တန်း၏ ရှေးဟောင်း နယ်မြေထဲကို ဝင်ရောက် စူးစမ်းရန် စီစဉ်ထားခြင်းပင်။
ဒါကြောင့်လည်း ဝိညာဉ်ကြွေ တောင်တန်း သခင်နှင့် သူ့လူတွေကို လွှတ်ပြီး၊ သူ့အတွက် အလုပ်လုပ်ပေးမည့် မြေဆရာ တချို့ကို သွားရောက် စုဆောင်းခိုင်းလိုက်၏။
သို့သော်၊ ယခုတော့ ဝိညာဉ်ကြွေ တောင်တန်းက သုံးကောင်စလုံး သေဆုံးသွားခဲ့ပြီ။
“တာ့ယွဲ့ နယ်မြေ... တာ့ယွဲ့ နန်းတော်ကများ ငါ့လူတွေကို သတ်ရဲတာလား... ကောင်းပြီလေ...”
မိစ္ဆာဘုရင် ရွှမ်မင် နှာခေါင်းရှုံ့လိုက်သည်။ အရင်တုန်းကတော့ သူ တာ့ယွဲ့ နယ်မြေကို သွားဖို့ စိတ်ကူးမရှိခဲ့။ ယခုတော့ သူ ထိုနေရာကို သွားလည်ချင်စိတ် ပေါက်သွားပြီပင်။
တာ့ယွဲ့ နယ်မြေကို မသွားခင်၊ ဝိညာဉ်ကြွေ တောင်တန်းက သုံးကောင် ဘယ်လို သေသွားသလဲ ဆိုတာကို အရင် စုံစမ်းရပေဦးမည်။
(၁၅) ရက် ကြာပြီးနောက်...၊
ချင်းယွဲ့ တောင်ထွတ်၊ လော့ယွဲ့ မဟာမိတ်အဖွဲ့ ကောင်းကင်ဂူ လျှို့ဝှက်နယ်မြေ အတွင်း၌...
စုယွီက မိန်းကလေးငယ် တစ်ဦးကို ခေါ်ဆောင်ပြီး ပြန်ရောက်လာသည်ကို မြင်သောအခါ၊ ယွီခယ်အာ၊ ယွီချန်ချင်း၊ စုချီ၊ လော့ချင်းယာနှင့် အခြားသူများ အားလုံး အံ့အားသင့်သွားကြ၏။
မာထျန်းလင်၏ သေးသေးကွေးကွေးနှင့် ချစ်စဖွယ်ကောင်းသော ပုံစံလေးကို မြင်လိုက်ရသောအခါ ယွီခယ်အာ သဘောကျသွားသည်။ သူမကို အနားသို့ အမြန် ခေါ်ယူလိုက်ပြီးနောက် စုယွီဘက်သို့ လှည့်ကာ မေးလိုက်သည်။
“ဘယ်က ကလေးမလေးကို ပြန်ပေးဆွဲလာတာလဲ...”
စုယွီ ခပ်ဖျော့ဖျော့ ရယ်မောလိုက်ပြီး ခေါင်းယမ်းလိုက်သည်။
“သူ့နာမည်က မာထျန်းလင်... မာမိသားစုက ကလေးမလေးပါ... တာအိုမိတ်ဆွေ မာရှီချင်းရဲ့ သမီးလေ... အသက်က (၁၁) နှစ် ရှိပြီ... မြေကမ္ဘာအဆင့် ရေဝိညာဉ်အမြစ် ပါရမီရှင်လေးပေါ့...”
“တာအိုမိတ်ဆွေ မာ က သူ့သမီးကို မြေဆရာ တစ်ယောက် အဖြစ် မကြီးပြင်းစေချင်လို့၊ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါလို့ တောင်းဆိုလာတာ... ဒါပေမဲ့ ကျွန်တော် စဉ်းစားပြီး ငြင်းလိုက်ပါတယ်...”
“ဒါပေမဲ့ တပည့်အဖြစ် လက်မခံတာက ကိစ္စမရှိပါဘူး... ထျန်းလင်လေးက ပါရမီ ကောင်းပါတယ်... ဒါကြောင့် ဒီကို ခေါ်လာခဲ့တာ... နောက်ဆိုရင် ကျွန်တော် ဖြစ်ဖြစ်၊ မင်းတို့ ဖြစ်ဖြစ် သူ့ကို ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး သင်ကြားပေးလို့ ရတာပေါ့...”
မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ် ပါရမီရှင်တဲ့လား...
စုချီ၊ လန်ရှီး၊ လန်ကုန်း၊ ယွီချန်ချင်း နှင့် အခြားသူများ အားလုံး အံ့သြတကြီး ရေရွတ်လိုက်မိကြသ၏
သူမတို့ထဲက ဘယ်သူမှ ဒီကလေးမလေးရဲ့ ပါရမီလောက် မကောင်းကြပေ။
ခဏကြာသောအခါ...
မာထျန်းလင်လေးသည် ယွီခယ်အာ၊ ယွီချန်ချင်း၊ စုချီ တို့၏ ဝိုင်းရံခြင်းကို ခံလိုက်ရပြီး၊ သူတို့အားလုံး စကားတွေ ဖောင်ဖွဲ့နေကြတော့၏။ မကြာခင်မှာပင် မာထျန်းလင်၏ အကြောင်းစုံကို သူတို့အားလုံး သိရှိသွားကြသည်။
ထိုအခါ မျက်လုံးများ အရောင်လက်နေသော စုချီက အကြံတစ်ခု ပေးလိုက်၏။
စုယွီကသာ မာထျန်းလင်ကို တပည့်အဖြစ် လက်မခံဘူး ဆိုလျှင်၊ ယွီခယ်အာ ဦးဆောင်ပြီး သူတို့အားလုံး ဝိုင်းပြီး တပည့်အဖြစ် လက်ခံကြမည် ပေါ့။ သို့သော် စုချီ၏ အကြံပြုချက်ကို ယွီခယ်အာနှင့် ယွီချန်ချင်းတို့က ချက်ချင်း ပယ်ချလိုက်သည်။
အကြောင်းကတော့ ယွီချန်ချင်းက စုချီရဲ့ ဆရာလေ။ တကယ်လို့ သူတို့အားလုံးကသာ မာထျန်းလင်ရဲ့ ဆရာတွေ ဖြစ်လာကြလျှင်၊ စုချီက မာထျန်းလင်နဲ့ ဆရာတူ အစ်မ ဖြစ်လာမှာ မဟုတ်ဘူးလား။ ရယ်စရာ ကောင်းလိုက်တာ။
အကြိမ်ကြိမ် ကန့်ကွက်သော်လည်း စုချီ မအောင်မြင်ခဲ့ပေ။ စိတ်ကောက်ပြီး ကျန်ရစ်ခဲ့ရ၏။
ကံကောင်းသည်မှာ မာထျန်းလင်လေးက အပြောအဆို ချိုသာပြီး၊ "အစ်မကြီး... အစ်မကြီး..." ဟု တတွတ်တွတ် ခေါ်နေသဖြင့် စုချီ သဘောကျသွား၏။ သူမက မာထျန်းလင်ထက် ဆယ်စုနှစ်ပေါင်းများစွာ အသက်ကြီးတယ် ဆိုသော အချက်ကိုတောင် မေ့သွားပြီး ပျော်ရွှင်နေလေသည်။
ယွီခယ်အာ၊ စုချီနှင့် အခြားသူများ၏ ဂရုစိုက်မှုအောက်တွင် မာထျန်းလင်သည် ချင်းယွဲ့ တောင်ထွတ်ရှိ အရာရာတိုင်းနှင့် လျင်မြန်စွာ ရင်းနှီးကျွမ်းဝင်သွား၏။
ရက်အနည်းငယ် ကြာပြီးနောက်...
စုယွီသည် မာထျန်းလင်ကို သူ့အနားသို့ ခေါ်ယူလိုက်သည်။ မာရှီချင်း၏ ပြုစုပျိုးထောင်မှုကြောင့် မာထျန်းလင်တွင် ခိုင်မာသော အခြေခံအုတ်မြစ် ရှိနေပြီး၊ စိတ်ဓာတ်ပိုင်းဆိုင်ရာရော ဗဟုသုတပိုင်းဆိုင်ရာပါ ထပ်မံ သင်ကြားပေးစရာ မလိုတော့ပေ။ သို့သော် ကျင့်ကြံခြင်းဆိုင်ရာ အခြေခံ ဗဟုသုတများကိုတော့ သင်ကြားပေးရန် လိုအပ်သေးသည်ဒး။
လက်ရှိအချိန်တွင် စုယွီ အဓိက လေ့ကျင့်နေသော ရေဝိညာဉ်အမြစ် ကျင့်စဉ်မှာ "နေရောင်ခြည် မူလသစ်သား အစစ်အမှန် ကျင့်စဉ်"ပင် ဖြစ်သည်။
***