~လွန်ခဲ့သော တခဏချင်း၌ပင် သူသည် တာအိုရုပ်သေး၏ တည်ရှိမှုကို အာရုံခံမိလိုက်ကာ မည်သူမည်ဝါမှန်း သိရှိလိုသော စိတ်ဖြင့် လမ်းပိတ်ဆို့ တားဆီးခဲ့ခြင်း ဖြစ်၏။ ထိုစဉ်က သူ၏ ရင်တွင်း၌ ရက်စက်သော သတ်ဖြတ်လိုစိတ်များပင် ပြင်းပြစွာ ကိန်းအောင်းနေခဲ့သေးသည်။
သို့သော်ငြား...
အဆုံးသတ်၌မူ အသက်လုကာ ထွက်ပြေးရသူမှာ သူကိုယ်တိုင်ပင် ဖြစ်နေခဲ့တော့၏။
“ငါ ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး... ငါ့အကြောင်းကို တစ်ယောက်ယောက် သိသွားပြီ... ဆက်နေရင် တာ့ယွဲ့ နန်းတော်က လူတွေ ရောက်လာတော့မယ်...”
ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင်သည် သက်ပြင်းချလိုက်ပြီး၊ တာ့ယွဲ့ နယ်မြေမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။
သို့သော် မထွက်ခွာမီ သူသည် ဆေးလုံးမျှော်စင် တောင်တန်း အခြေအနေကို စုံစမ်းရန် လူတစ်ယောက် စီစဉ်ခဲ့သေး၏။
ယွင်ကျန်းဂိုဏ်း နယ်မြေထဲမှာ ပေါ်လာသော ထိုလူက စုမိသားစု သို့မဟုတ် ယွင်ကျန်းဂိုဏ်း နှင့် တစ်ခုခု ပတ်သက်ဆက်နွယ်နေသလား ဆိုသည်ကို သိလို၍။
သို့နှင့်၊...
အချိန်အတန်ကြာသောအခါ...
ထိုည၌ ဆေးလုံးမျှော်စင် တောင်တန်းတွင် ကျန်ရစ်ခဲ့သော စုမိသားစုဝင် အားလုံး လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားကြောင်း သတင်းရရှိလိုက်သောအခါ၊ ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင်၏ မျက်ဝန်းအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။
အဲဒီလူက စုမိသားစုနဲ့ ပတ်သက်နေတာလား။
တစ်ခဏတာ အတွင်းမှာပင်...
ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် တစ်စုံတစ်ခုကို နားလည် သဘောပေါက်သွားသကဲ့သို့ ဖြစ်သွားသည်။ သူ၏ စိတ်အာရုံထဲတွင် အတိတ်က ချီမြစ် ဂိုဏ်းခွဲ ရင်ဆိုင်ခဲ့ရသော ကပ်ဘေးဆိုးကြီးကို ပြန်လည် သတိရလိုက်မိ၏။
“အရင်တုန်းက ချီမြစ် ဂိုဏ်းခွဲကို တိုက်ခိုက်ခဲ့တဲ့သူက... အဲဒီလူလား...”
ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင်၏ စိတ်ထဲတွင် အံ့သြမှုနှင့် ဒေါသတို့ ရောပြွမ်းနေသည်။
“ဒါဆို တာအိုမိတ်ဆွေ ယီကျန်း တို့ အဖွဲ့ရော... ငါ့ရဲ့ သားရဲထိန်းကျောင်းတဲ့ နေရာ... ငါ့ရဲ့ ဆေးဥယျာဉ်... ငါ့ရဲ့ ဘဏ္ဍာတိုက်... ဒါတွေ အကုန်လုံးကို အဲဒီလူကပဲ ဝင်ရောက် စွက်ဖက်ခဲ့တာလား...”
တွေးနေ၍လည်း ဘာမှ ထူးလာမှာ မဟုတ်။
အလိုအလျောက် ထွက်ပြေးချင်စိတ် ပေါက်သွားစေလောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည့် ထိုအရှိန်အဝါကြီးကိုမူ သူ မည်သည့်ဘဝ ရောက်စေကာမူ မမေ့နိုင်တော့ပေ။
ထို့ကြောင့် ထိုသူအား ထပ်မံ ရှာဖွေရန် မရဲတော့သည့်အပြင်၊ စုမိသားစုနှင့် ယွင်ကျန်းဂိုဏ်းထံသို့ ပြဿနာ သွားရှာရန်လည်း မဝံ့ရဲတော့ပေ။
ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင်သည် ထိုညနေက ထိုသူနှင့် ရင်ဆိုင်ခဲ့ရသည့် အခြေအနေကို ပြန်သတိရလိုက်သည်။
အချိန်အတော်ကြာ တွေးတော စဉ်းစားပြီးနောက်၊ ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင်သည် ဤကိစ္စကို ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ခေါင်းဆောင်ကြီး ထံ တင်ပြ အစီရင်ခံရန် ဆုံးဖြတ်လိုက်၏။
ယွင်ကျန်းဂိုဏ်း...
တာအိုရုပ်သေး ပြန်ရောက်လာသည်ကို မြင်သောအခါ စုဇီ၊ ထျဲမန်ကျူ နှင့် အခြားသူများ အားလုံး အံ့အားသင့်သွားကြသည်။ သူတို့ အလျင်အမြန် ထွက်လာကြပြီး စုယွီကို ဂိုဏ်းအတွင်းသို့ ကြိုဆိုလိုက်ကြသည်။
သူ့ကို မြင်သောအခါ စုဇီက အံ့သြတကြီး မေးလိုက်သည်။
“နင် ဘယ်လိုလုပ် ဒီရောက်လာတာလဲ...”
စုယွီက ပြန်ဖြေသည်။
“ငါ မိသားစုကနေ ထွက်ပြီး မာမိသားစု မြေဆရာကို သွားလည်တာလေ... ပြီးတော့ တံခါးပိတ် ကျင့်ကြံလိုက်သေးတယ်... ကျင့်ကြံရာက ထွက်လာမှ တာ့ယွဲ့ နယ်မြေ အခြေအနေ မကောင်းဘူး ဆိုတာ သိလိုက်ရလို့ အမြန် ပြန်လာခဲ့တာ...”
“ခုနလေးတင် ဆေးလုံးမျှော်စင် တောင်တန်း နားရောက်တော့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့က ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် နဲ့ တိုးတယ်... သူက အဲဒီမှာ ငါ့ကို ခြုံခိုတိုက်ခိုက်ဖို့ စောင့်နေတာ ထင်တယ်...”
ထိုသတင်းကို ကြားလိုက်ရသောအခါ စုဇီ၊ ထျဲမုန်ကျူးနှင့် အခြားသူများ၏ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားကြသည်။
စုဇီက စုယွီကို အမြန် လှမ်းကြည့်လိုက်ရာ၊ စုယွီက လက်ကာပြပြီး ပြောလိုက်သည်။
“စိတ်မပူပါနဲ့... ဒါ ကျွန်တော့်ရဲ့ ခန္ဓာကိုယ် အစစ် မဟုတ်ပါဘူး... ကျွန်တော် အခု ရုပ်သေး ကိုယ်ခန္ဓာ နဲ့ ရောက်နေတာ...”
စုဇီ: “...”
စိုးရိမ်လွန်း၍ သူမ မေ့သွားခဲ့၏။
ဒီကောင်က ပြီးခဲ့သည့် တစ်ခေါက်တုန်းကလည်း မိသားစုဆီကို ရုပ်သေး ကိုယ်ခန္ဓာ နှင့်ပဲ ပြန်လာခဲ့သည်ပဲ။
သူ့ကို မျက်စောင်းထိုးလိုက်ပြီး စုဇီ ပြောလိုက်သည်။
“ဒါဆိုလည်း တော်သေးတာပေါ့...”
စုယွီ ဆက်ပြော၏။
“ငါ ဆေးလုံးမျှော်စင် တောင်တန်းမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ဒီကို ခေါ်လာခဲ့တယ်... လောလောဆယ် အခြေအနေ အရ ဆေးလုံးမျှော်စင် တောင်တန်းမှာ ဆက်နေဖို့က အရမ်း အန္တရာယ် များလွန်းတယ်...”
“ငါတို့ မိသားစုဝင်တွေကို ယွင်ကျန်းဂိုဏ်းမှာ ခဏလောက် နေခိုင်းလိုက်ရအောင်... အရင်းအမြစ် နဲ့ တခြား လိုအပ်တာတွေကိုတော့ ငါ ကြည့်စီစဉ်လိုက်မယ်...”
စုဇီက ပြန်ပြောလိုက်သည်။
“အဲဒါအတွက် နင် ပူစရာ မလိုပါဘူး... နှစ်တွေ အများကြီး ဆေးလုံးမျှော်စင် လည်ပတ်ရင်း မိသားစုမှာ စုဆောင်းထားတာတွေ အများကြီး ရှိပါတယ်... ယွင်ကျန်းဂိုဏ်းမှာ (၁၀) နှစ်လောက် နေရင်တောင် ကိုယ့်ဘာသာ ရပ်တည်နိုင်ပါတယ်...”
စုယွီ အနေဖြင့် ထိုကိစ္စကို သိပ်ဂရုမစိုက်ပေ။ ဘာပဲပြောပြော သူ့လက်ထဲမှာ အရင်းအမြစ်တွေ အများကြီး ရှိနေသည်ပဲ။ ချီမြစ် ဂိုဏ်းခွဲ၏ ဘဏ္ဍာတိုက် တစ်ခုလုံးကို ပြောင်သလင်းခါအောင် သူ သိမ်းယူလာခဲ့သည်လေ။ စုမိသားစု အနေနှင့် နှစ် (၃၀) ၊ (၅၀) လောက် ဘာမှ မလုပ်ဘဲ နေလျှင်တောင်၊ ကျင့်ကြံဖို့ ဘာမှ လိုအပ်မှာ မဟုတ်ပေ။
သူသည် မိသားစုဝင်များကို ယွင်ကျန်းဂိုဏ်း အပြင်ဘက် ဂိတ်တံခါးတွင် နေရာချပေးလိုက်၏။ ထိုနေရာတွင် စုပင်း၊ စုရွီအန်း တို့နှင့် ပြန်လည် ဆုံစည်းစေသည်။ စုမိသားစု ယာယီ နေထိုင်ရန်အတွက် တောင်ထွတ်တစ်ခု သီးသန့် ပေးထားသည်။
ထို့နောက် စုယွီသည် စုဇီနှင့်အတူ ယွင်ကျန်းဂိုဏ်း၏ ကောင်းကင် နယ်မြေ အတွင်းသို့ ဝင်ရောက်သွားလေသည်။
ကောင်းကင် နယ်မြေ အတွင်း၌ ကြယ်တာရာများ တောက်ပနေပြီး၊ ငွေရောင် လရောင်သည် ပိုးသားပါးပါးလေး လွှမ်းခြုံထားသကဲ့သို့ ရှေ့ရှိ ဝိညာဉ်တောင်ပေါ်တွင် ဖြာကျနေသည်။
စုယွီနှင့် စုဇီတို့ ဝိညာဉ်တောင်ပေါ်သို့ တက်ရောက်ပြီး ခြံဝင်းငယ်လေး တစ်ခုရှေ့သို့ ရောက်သောအခါ၊ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အလွန် လှပသည့် အမျိုးသမီး တစ်ဦး တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။ လရောင်အောက်တွင် သူမ၏ အလှတရားသည် ပိုမို တောက်ပ ထင်ရှားနေသည်။
စုယွီ ရောက်လာသည်ကို မြင်သောအခါ လော့ချန်ယွီသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ရောက်လာပြီလား...” သူမက တိုးညှင်းစွာ မေးလိုက်သည်။
နှစ်အတော်ကြာ မတွေ့ရပြီးနောက် လော့ချန်ယွီထံမှ ထွက်ပေါ်နေသော အရှိန်အဝါကို ခံစားမိလိုက်ရာ စုယွီ အံ့သြသွားရ၏။
“တာအိုမိတ်ဆွေ လော့... ခင်ဗျားရဲ့ ပါရမီက တကယ့်ကို အားကျစရာ ကောင်းတာပဲ... မတွေ့တာ သိပ်မကြာသေးဘူး... အခု ရွှေအမြုတေ အဆင့် (၄) တောင် ရောက်နေပြီ...”
သူတို့ သုံးဦး ခြံဝင်းထဲသို့ ဝင်ရောက်ပြီး ကျောက်စားပွဲဝိုင်းတွင် ထိုင်လိုက်ကြသည်။
လော့ချန်ယွီ လက်ညှိုး တစ်ချောင်း ထောင်လိုက်ရာ၊ ဘေးနားရှိ ဝိညာဉ်စမ်းချောင်းမှ ရေအချို့ စီးဆင်းလာပြီး ဝိညာဉ်လက်ဖက်ရည် ဖျော်စပ်ရန် အဆင်သင့် ဖြစ်သွားသည်။
ထိုအချိန်တွင် စုဇီသည် စုယွီကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။
“နင် ခုနက ပြောတယ်မလား... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့က ရွှေအမြုတေ အဆင့် (၉) ရှိတယ်လို့ ဆိုကြတဲ့ ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင်နဲ့ တွေ့ခဲ့တယ် ဆို... နင် ဘယ်လိုလုပ်ပြီး အထိအခိုက်မရှိ လွတ်လာတာလဲ... ပြီးတော့ ဆေးလုံးမျှော်စင် တောင်တန်းကို ပြန်သွားပြီး မိသားစုဝင်တွေကိုပါ ဘေးကင်းအောင် ခေါ်လာနိုင်သေးတယ်...”
လော့ချန်ယွီ လက်ဖက်ရည် ဖျော်နေရင်း စုယွီကို လှမ်းကြည့်လိုက်သည်။ သူမလည်း အဖြေကို သိချင်နေလေ၏။
ခဏမျှ တိတ်ဆိတ်နေပြီးနောက် စုယွီ ပြောပြလိုက်သည်။
“ကျွန်တော့်ရဲ့ ဒီရုပ်သေးက လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်ဂူ အပျက်အစီးထဲက ရထားတာ... မူလက စတုတ္ထအဆင့် ထိပ်တန်း ရုပ်သေး တစ်ရုပ်ပေါ့... ဒါပေမဲ့ အကြီးအကျယ် ပျက်စီးနေတာ...”
စတုတ္ထအဆင့် ထိပ်တန်း ရုပ်သေး ဟုတ်လား။
လော့ချန်ယွီရော စုဇီပါ အံ့သြတုန်လှုပ်သွားကြ၏။
ထို ရုပ်သေးမျိုး ဆိုလျှင် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါးနှင့် ညီမျှနေလေပြီ။
အတိတ်တုန်းက ရွှေကျောက်စိမ်း နတ်သမီး ဂိတ်တံခါး အပျက်အစီးထဲမှာ စတုတ္ထအဆင့် ရုပ်သေး တစ်ရုပ် ရှိခဲ့ဖူးသည်။ သို့သော်၊ ပျက်စီးနေပြီး အပိုင်းအစတွေလောက်ပဲ ကျန်တော့၏။ ဒါတောင်မှ အဲဒီ အပိုင်းအစတွေကို ရဖို့ တာ့ယွဲ့ နန်းတော်က အကြီးအကျယ် ကြိုးစားခဲ့ရသည်။
သို့သော်၊ ယခုတော့...
သူတို့၏ မျက်လုံးများသည် စုယွီ အပေါ်သို့ ကျရောက်သွားပြီး၊ အထက်အောက် စုန်ဆန် ကြည့်ရှုကာ ရုပ်သေးကို သေချာ လေ့လာနေကြသည်။ လက်ဖြင့် လှမ်းကိုင်ချင်သည့် ပုံစံမျိုးပင် ဖြစ်နေသည်။
စုယွီ အလျင်အမြန် လက်ကာပြလိုက်၏။
“မကြည့်ကြပါနဲ့တော့ဗျာ... ပျက်စီးနေတာပါ... တတိယအဆင့် အဆင့်မြင့် ရုပ်သေး တစ်ရုပ်ရဲ့ စွမ်းအားလောက်ပဲ ရှိတာပါ...”
“ကျွန်တော် လွတ်လာတာက တခြား နည်းလမ်းတွေ သုံးလိုက်လို့ပါ...”
လော့ချန်ယွီ သူတို့နှစ်ဦးအတွက် လက်ဖက်ရည် ငှဲ့ပေးရင်း စုယွီကို ကြည့်ကာ ပြောလိုက်သည်။
“ငါတို့က ရုပ်သေးကို ကြည့်နေတာပါ... နင့်ကို ကြည့်တာ မဟုတ်ပါဘူး...”
သူမကို မျက်စောင်းထိုးလိုက်ပြီး စုယွီ ပြန်ပြောလိုက်သည်။
“ဒါက တာအိုရုပ်သေး ပါ... တာအိုမိတ်ဆွေ လော့ အနေနဲ့ အဲဒီလို မတွေးသင့်ဘူးနော်...”
“ဟွန့်...”
လော့ချန်ယွီရော စုဇီပါ နှာခေါင်းရှုံ့လိုက်ကြ၏။ လက်ဖက်ရည် သောက်ရင်း လော့ချန်ယွီ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် ပြန်ပေါ်လာတာက... ငါတို့ကို ခြုံခိုတိုက်ခိုက်ဖို့ ကြံစည်နေတာ ဆိုတဲ့ သဘောလား...”
သူမ၏ စကားအား စုယွီက ခေါင်းညိတ်လိုက်၏။
“အဲဒီလိုပဲ ထင်ရတယ်... မဟုတ်ရင် သူ ဒီနေရာမှာ ကိုယ်ယောင်ဖျောက်ပြီး ဘာမှ မလုပ်ဘဲ နေနေမှာ မဟုတ်ဘူး...”
လော့ချန်ယွီ စုယွီဘက်သို့ ပြန်လှည့်လာသည်။
“အခု နင်နဲ့ သူနဲ့ တွေ့ပြီးပြီ ဆိုတော့... နင် သူ့စခန်းကို မွှေနှောက်သွားတယ် ဆိုတာ သူ သံသယ ဝင်သွားလောက်ပြီလား...”
စုယွီ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး နက်နက်ရှိုင်းရှိုင်း စဉ်းစားလိုက်သည်။ နောက်ဆုံးတွင် ပြောလိုက်၏။
“ဖြစ်နိုင်တယ်...”
“လောလောဆယ် ငါ ဒီမှာပဲ နေတာ အကောင်းဆုံး ဖြစ်မယ်... မမျှော်လင့်တာ တစ်ခုခု ဖြစ်လာရင် ထွက်ပြေးဖို့ လမ်းစ ရှိတာပေါ့...”
“အနည်းဆုံးတော့ ငါ ရှိနေရင်... မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါး ရောက်လာရင်တောင်... မင်းတို့ နှစ်ယောက်လုံးကို ခေါ်ပြီး ထွက်ပြေးနိုင်မှာပါ...”
တာအိုရုပ်သေးသည် ယွင်ကျန်းဂိုဏ်းတွင် ယာယီ နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် ထွက်ခွာသွားပြီးနောက်၊ ယွင်ကျန်းဂိုဏ်း နယ်မြေအတွင်း မည်သည့် ပြဿနာမျှ ထပ်မဖြစ်တော့ပေ။ ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင် သော်လည်းကောင်း၊ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့မှ အခြား အစွမ်းထက် ပုဂ္ဂိုလ်များ သော်လည်းကောင်း ပေါ်မလာကြတော့ပေ။
သူတို့ မရှိတော့သဖြင့် စုယွီ စိတ်သက်သာရာ ရသွားသည်။ နေ့တိုင်း လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်ဂူ နယ်မြေထဲတွင် အေးချမ်းစွာ ကျင့်ကြံရင်း စွမ်းရည် မြှင့်တင်နိုင်ခဲ့၏။
တာ့ယွဲ့ နန်းတော်နှင့် ချန် မိသားစု ထံမှ ရရှိသော ပစ္စည်းများဖြင့်၊ တတိယအဆင့် အလယ်အလတ်တန်းစား အဆောင်လက်ဖွဲ့များကို ပြန်လည် ဖန်တီးနိုင်ခဲ့သည်။
ကြေးမုံလမင်း အဆောင်လက်ဖွဲ့ ဖန်တီးမှု ကျွမ်းကျင်မှု (၆၀) ရာခိုင်နှုန်း အထိ ရောက်ရှိသွားသောအခါ၊ စုယွီသည် ခေတ္တ ရပ်နားလိုက်သည်။ ထျန်းရှု သိုင်းကျမ်း မျှော်စင်မှ အဘိုးအို ပေးခဲ့သော အမွေအနှစ်များထဲမှ "ကြွေကျသော ကြယ်တာရာ အဆောင်လက်ဖွဲ့" ဟု ခေါ်သော တတိယအဆင့် အလယ်အလတ်တန်းစား တိုက်ခိုက်ရေး အဆောင်လက်ဖွဲ့ တစ်ခုကို ရွေးချယ်ပြီး စတင် လေ့လာ ဖန်တီးလိုက်၏။
ဤ "ကြွေကျသော ကြယ်တာရာ အဆောင်လက်ဖွဲ့" သည် ကြယ်ကြွေကျသကဲ့သို့သော သိုင်းနည်းစနစ်တစ်ခုကို ဆင့်ခေါ်နိုင်ပြီး၊ ရွှေအမြုတေ အဆင့် အလယ်အလတ်တန်းစား စွမ်းအားနှင့် ညီမျှသည်။
သန့်စင်ထားသော ကြယ်တာရာ အဆောင်လက်ဖွဲ့ ဆိုလျှင် ရွှေအမြုတေ အဆင့် (၆) စွမ်းအားနှင့် ညီမျှ၏။
ကြယ်တာရာ အဆောင်လက်ဖွဲ့ အချို့၊ ကြေးမုံလမင်း အဆောင်လက်ဖွဲ့၊ ဝိညာဉ်ဖိနှိပ် အဆောင်လက်ဖွဲ့၊ အရောင်မှိန် အဆောင်လက်ဖွဲ့ ၊ ကိုယ်ယောင်ဖျောက် အဆောင်လက်ဖွဲ့ နှင့် အခြား သာမန် အဆောင်လက်ဖွဲ့များကို ဖန်တီးထားလိုက်လျှင်၊ သူသည် မည်သည့် အခြေအနေမျိုးကိုမဆို ရင်ဆိုင်ရန် အသင့် ဖြစ်နေပေလိမ့်မည်။
သူသည် တတိယအဆင့် အလယ်အလတ်တန်းစား အဆောင်လက်ဖွဲ့ အမျိုးမျိုးကို ဖန်တီးရင်း ကျွမ်းကျင်မှုကို တဖြည်းဖြည်း မြှင့်တင် ယူရပေဦးမည်။
တစ်နှစ် ကြာပြီးနောက်...
စုယွီ၏ ခန္ဓာကိုယ် အစစ်သည် တာ့ယွဲ့ တောင်တန်းရှိ တာ့ယွဲ့ မှောင်ခိုဈေးကွက်သို့ သွားရောက်ကာ တာအိုဆရာ ရှုဟိုင်နှင့် ပစ္စည်း လဲလှယ်ခဲ့၏။ လိုအပ်သော ပစ္စည်းများ ရယူပြီး အဆောင်လက်ဖွဲ့များ ပေးအပ်ပြီးနောက်၊ လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်ဂူ နယ်မြေသို့ ပြန်လာခဲ့သည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး နောက်ထပ် (၄) နှစ် ကုန်လွန်သွားခဲ့ပြန်၏။
တစ်နေ့တွင် ဒုတိယအဆင့် အဆင့်မြင့် ကောင်းကင်မိုးကြိုး ကြွက်တစ်ကောင် စုယွီ ရှေ့သို့ ရောက်လာပြီး ကျယ်လောင်စွာ အော်မြည်လိုက်သည်။
စုယွီ နားမလည်မှန်း သိသောအခါ၊ ကြွက်ကလေးသည် စာရေးပြလိုက်၏။
“တတိယအဆင့် အလယ်အလတ်တန်းစား မြေကမ္ဘာဓာတ် မိစ္ဆာသားရဲ တစ်ကောင် တွေ့ထားတယ် ဟုတ်လား...”
ထိုစာကို ဖတ်ပြီးနောက် စုယွီ ဝမ်းသာသွားရသည်။
‘နောက်ဆုံးတော့ "ပြစ်ဒဏ်ပေးသူ" ရုပ်သေး ဖန်တီးဖို့ လိုအပ်နေတဲ့ ကုန်ကြမ်းပစ္စည်း ရပြီပေါ့’
***