သစ်ရွက်များကြားရှိ ဟာကွက်များမှတစ်ဆင့် စိမ့်ဝင်လာသော နေရောင်ခြည်က မြစ်ပြင်ပေါ်သို့ ကျဆင်းလာပြီး ရွှေရောင် တောက်ပနေသော အလင်းတန်းများကို ဖန်တီးပေးနေ၏။
ထျန်းဟုန် ဧကရာဇ်က မြစ်ကမ်းဘေးတွင် ဒူးထောက်နေဆဲ ဖြစ်သည်။ သူ၏ မုတ်ဆိတ်မွေးများက မြေပြင်နှင့် ထိကပ်နေပြီး ဒူးနှစ်ဖက်စလုံး ရွှံ့နွံများထဲသို့ နစ်ဝင်နေကာ မျက်လုံးများကို မှိတ်ထား၏။ သူ၏ ဆံပင်အနက်ရောင်များက ဖရိုဖရဲ ကျဆင်းနေပြီး တောအုပ်ကြီးနှင့် တစ်သားတည်း ဖြစ်သွားသည့်အလား အသက်ရှူသံကလည်း သဘာဝကျလှသည်။
ရှောင်လန် ထွက်ခွာသွားသည်မှာ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ထျန်းဟုန် ဧကရာဇ်က ထိုနေရာတွင် ဒူးထောက်နေခဲ့သည်မှာ နှစ်ပေါင်း နှစ်သောင်းတစ်ထောင်ကျော်ပင် ရှိနေပြီ ဖြစ်၏။
ကျောဘက်ဆီမှ ခြေသံများ ထွက်ပေါ်လာပြီး အနက်ရောင် ဝတ်စုံဝတ်ဆင်ထားသည့် လူတစ်ယောက် ပေါ်လာသည်။ သူက ခန့်ညားပြီး သူ၏ ဆံပင်အနက်ရောင်များကို ခေါင်းစွပ်အောက်တွင် ရစ်ခွေထားသည်။ သူ၏ ခါးတွင် ဓားတစ်လက်နှင့် ဘူးသီးခြောက်တစ်ခုကို ချိတ်ဆွဲထားပြီး ဓားအိမ်မှ ဆွဲထုတ်ထားသော အဖိုးတန် ဓားတစ်လက်ကဲ့သို့ ထိန်းချုပ်၍ မရနိုင်လောက်အောင် ဖြစ်နေခဲ့သည်။
"တာအိုခုံရုံးက တာအိုဧကရာဇ် ဖြစ်လာဖို့ ပြုစုပျိုးထောင်ပေးထားတဲ့ လောကရဲ့ နံပါတ်တစ် ပါရမီရှင် ထျန်းဟုန် ဧကရာဇ်က အခုနေရာမှာ ပြန်မထနိုင်အောင် ဒူးထောက်နေရတယ်ဆိုတော့ ဆရာသခင်ဓားအရှ က မင်းကို အထင်မကြီးဘူး ထင်တယ်... မင်းမှာ နောင်တရစရာတွေများ ရှိနေလား"
အနက်ရောင် ဝတ်စုံနှင့်လူက ရပ်တန့်လိုက်ပြီး ထျန်းဟုန် ဧကရာဇ်၏ နောက်ကျောကို စိုက်ကြည့်ကာ အေးစက်စက် အသံဖြင့် ပြောလိုက်၏။
ထျန်းဟုန် ဧကရာဇ်က မျက်လုံးများ မဖွင့်ဘဲ တိုးညင်းစွာ မေးလိုက်သည်။ "မင်းက ဘယ်သူလဲ..."
သူ၏ အသံက အတန်ကြာ စကားမပြောခဲ့ရသည့်အလား အနည်းငယ် အက်ကွဲနေ၏။
"ကျောက်ရူရှန်ပါ... ငါလည်း လောကရဲ့ နံပါတ်တစ် ပါရမီရှင်လို့ နာမည်ကြီးတယ်..." အနက်ရောင် ဝတ်စုံနှင့်လူက အေးစက်စက် ပြန်ဖြေလိုက်သည်။
ထျန်းဟုန် ဧကရာဇ်မှာ တိတ်ဆိတ်နေ၏။
ကျောက်ရူရှန်က ဆက်ပြောသည်။ "မင်း ငါ့ကို မသိလောက်ပေမဲ့ ငါကတော့ မင်းကို မြင်ဖူးတယ်... ငါ တာအိုခုံရုံးကို စဝင်လာတုန်းက ထူးခြားတဲ့ ပါရမီတွေ မရှိသေးဘူး... မင်း မိစ္ဆာတွေကို သတ်ပြီး ပြန်လာတာကို ငါ မြင်ခဲ့ရတယ်... တစ်မြို့လုံးက တပည့်တွေက မင်းနာမည်ကို အော်ဟစ်နေကြတာ... မင်းက ငါနဲ့ တခြားတပည့်တွေ အားလုံး ဖြစ်ချင်ခဲ့တဲ့သူပဲ..."
"မင်း တာအိုခုံရုံးကနေ ထွက်သွားလို့ ငါ အခုလို ဖြစ်လာတာ... ငါ တာအိုခုံရုံးဆီကနေ ကြီးမားတဲ့ ထောက်ပံ့မှုတွေ ရခဲ့ပြီး လောကရဲ့ နံပါတ်တစ် ပါရမီရှင်သစ် ဖြစ်လာတယ်... ငါ့အဆင့်တူတွေ အားလုံးကို အနိုင်ယူနိုင်ခဲ့တယ်... ငါ အနားမယူဘဲ နှစ်တစ်ထောင်လောက် လောကအနှံ့ တိုက်ခိုက်ခဲ့တယ်... ဒါပေမဲ့ လူတော်တော်များများက ငါ့ကို မင်းနဲ့ နှိုင်းယှဉ်ကြတယ်... မင်းကို မနိုင်သရွေ့ လောကရဲ့ နံပါတ်တစ် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မထိုက်တန်ဘူးလို့ ပြောကြတယ်..."
ကျောက်ရူရှန်က စကားပြောနေရင်း တစ်ခဏ ရပ်တန့်လိုက်ပြီး သူ၏ အကြည့်များက စူးရှသွား၏။
"ဒါဆို မင်းက ငါ့ကို စိန်ခေါ်ဖို့ လာတာပေါ့..." ထျန်းဟုန် ဧကရာဇ်က နေရာမှ မထဘဲ မေးလိုက်သည်။ သူက ကျောက်ရူရှန် ရုတ်တရက် ဝင်တိုက်မည်ကို အနည်းငယ်မျှ စိုးရိမ်နေပုံ မရပေ။
"တကယ်တော့ ငါ့စိတ်ထဲမှာလည်း ငါက မင်းအောက် နိမ့်ကျတယ်လို့ ခံစားရတယ်..." ကျောက်ရူရှန်က တည်ငြိမ်စွာ ပြောလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးကာ ဆက်ပြော၏။ "ဒါပေမယ့် အခု ငါလည်း တာအိုဧကရာဇ် ဖြစ်လာဖို့ လမ်းစဉ်ကို လိုက်နေတယ်... အဲဒါက ခုံရုံးအရှင်သခင် မထွက်ခွာခင် ထားရစ်ခဲ့တဲ့ အမွေအနှစ်ပဲ... ငါတို့ နှစ်ယောက်စလုံးက တာအိုဧကရာဇ် ဖြစ်လာဖို့ အရည်အချင်း ပြည့်မီတယ်လို့ သူ ပြောခဲ့တယ်... တာအိုခုံရုံးကို ဘယ်သူမှ မရောက်ဖူးတဲ့ အမြင့်ဆုံး နေရာထိ ခေါ်ဆောင်သွားနိုင်မယ်တဲ့... ပြန်လာခဲ့ပါ... ဝူရှီက မင်းကို အထင်မကြီးမှတော့ ဘာလို့ ဒီနေရာမှာ အရှက်ကွဲခံနေမှာလဲ... မင်း သိလား... မင်းရဲ့ လုပ်ရပ်တွေက တစ်လောကလုံးကို ပျံ့နှံ့သွားပြီ... တာအိုခုံရုံးက ပြုစုပျိုးထောင်ထားတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်က ဝူရှီဂိုဏ်းရှေ့မှာ ဒူးထောက်နေတယ် ဆိုတာကို အားလုံး သိနေကြပြီ... ခုံရုံးက ဘယ်လောက်တောင် ဝေဖန်ခံနေရလဲ ဆိုတာ မင်း သိရဲ့လား..."
ထျန်းဟုန် ဧကရာဇ်က သူ၏ မျက်လုံးများကို တဖြည်းဖြည်း ဖွင့်လိုက်သည်။ အချိန်တွေ မည်မျှပင် ကုန်လွန်သွားပါစေ သူ၏ အကြည့်များက တက်ကြွမှု အပြည့် ရှိနေဆဲ ဖြစ်၏။
"ငါက တာအိုခုံရုံးရဲ့ တပည့် မဟုတ်တော့ဘူး... ပြန်ပါတော့..."
ထျန်းဟုန် ဧကရာဇ်က တိုးညင်းစွာ ပြန်ဖြေလိုက်သည်။
သူက မြစ်တစ်ဖက်ကမ်းသို့ လှမ်းကြည့်လိုက်ပြီး တစ်စုံတစ်ရာကို ရှာဖွေနေသည့်အလား သူ၏ အကြည့်များက ဘယ်ညာ ရွေ့လျားသွား၏။
ကျောက်ရူရှန် မျက်မှောင်ကြုတ်သွားပြီး သူ၏ ညာဘက်လက်ကို ခါးရှိ ဓားအိမ်ပေါ်သို့ တင်လိုက်သည်။
"ဂျူနီယာ... ဒီနေရာက မင်း ရမ်းကားလို့ရမယ့် နေရာ မဟုတ်ဘူး..."
ကြည်လင်ပြီး အေးစက်စက် အသံတစ်သံက ရှေ့မှ ထွက်ပေါ်လာသဖြင့် ကျောက်ရူရှန်မှာ လန့်ဖြန့်သွားပြီး မော့ကြည့်လိုက်၏။ ထိုအခါ မြစ်တစ်ဖက်ကမ်းရှိ တောအုပ်နက်ထဲမှ လျှောက်ထွက်လာသော လူရိပ်နှစ်ခုကို တွေ့လိုက်ရသည်။
သူတို့က အန်ရှင်းနှင့် ချန်ချွမ်တို့ ဖြစ်ကြ၏။
အန်ရှင်းကို မြင်သောအခါ ထျန်းဟုန် ဧကရာဇ်၏ အကြည့်များက အနည်းငယ် ရှုပ်ထွေးသွားသည်။
သူသည် ထိုအရှက်ရဖွယ် ရှုံးနိမ့်မှုကို မေ့ဖျောက်၍ မရနိုင်သေးဘဲ ထိုမျက်လုံးများက အတိအကျ မည်သို့ ပုံစံမျိုး ရှိသနည်း ဟူသည်ကို တွေးတောနေဆဲ ဖြစ်၏။
ချန်ချွမ်က အန်ရှင်း၏ ဘေးမှ လိုက်ပါလာပြီး ကျောက်ရူရှန်ကို စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်သည်။ ကျောက်ရူရှန်ထံမှ ခံစားရသော ဓားချီစွမ်းအင်ကြောင့် သူ၏ စိတ်ထဲတွင် မလုံခြုံသည့် ခံစားချက်များ ပြည့်နှက်သွား၏။
အန်ရှင်းကို ကြည့်ရင်း ကျောက်ရူရှန်မှာလည်း အံ့အားသင့်သွားသည်။ အန်ရှင်းက သူ့အား နက်နဲ၍ ခန့်မှန်းရခက်သော ခံစားချက်မျိုး ပေးစွမ်းနေသည်။ အထူးသဖြင့် အန်ရှင်း၏ အကြည့်နှင့် ဆုံလိုက်ရသောအခါ သူ့မှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားရသည်။ ယင်းက အနှောင်ဖွဲ့ကင်းအမတအဆင့်ထက် မြင့်မားသော သက်ရှိများနှင့် ရင်ဆိုင်ရချိန်တွင်ပင် သူ တစ်ခါမျှ မကြုံဖူးသော ခံစားချက် ဖြစ်သည်။
ရန်မစသင့်ဘူး...
ဤသည်က ကျောက်ရူရှန်၏ ချက်ချင်း ခံစားလိုက်ရသော အသိပင် ဖြစ်၏။
"စီနီယာရဲ့ နာမည်ကို သိခွင့်ရမလား..." ကျောက်ရူရှန်က အရိုအသေပေး၍ ယဉ်ကျေးစွာ မေးလိုက်သည်။
အန်ရှင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ "ဝူရှီ... အန်ရှင်း... ကျေးဇူးပြုပြီး ထွက်သွားပေးပါ"
ကျောက်ရူရှန် မျက်ခုံးပင့်လိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် သူ့ကျောရိုးတစ်လျှောက် အေးစက်သွားသဖြင့် လန့်ဖြန့်သွားသည်။
တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် သူက အရိုအသေပေး၍ ထွက်ခွာသွားရန်သာ ရွေးချယ်လိုက်၏။
အန်ရှင်းက သူ့အပေါ် အဘယ်ကြောင့် ရန်လိုနေသနည်း ဆိုသည်ကို သေချာ မသိရသော်လည်း ဤနေရာတွင် သေဆုံးသွားမည်ကို သူ ကြောက်ရွံ့မိသည်။
ကျောက်ရူရှန်၏ ရှိနေမှုက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အန်ရှင်းနှင့် ချန်ချွမ်းတို့က မြစ်ကမ်းဘေးသို့ ချဉ်းကပ်လာကာ မြစ်တစ်ဖက်ကမ်းရှိ ထျန်းဟုန် ဧကရာဇ်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်ကြ၏။
ထျန်းဟုန် ဧကရာဇ်က အန်ရှင်းကို ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမျှ မဆိုဘဲ သူ၏ အကြည့်များက တည်ငြိမ်နေဆဲ ဖြစ်သည်။
အန်ရှင်းက ပြောလိုက်၏။ "သူက မင်းကို သတ်ချင်နေတာ..."
"ဟုတ်လား..." ထျန်းဟုန် ဧကရာဇ်က အံ့အားသင့်စွာ မေးလိုက်သည်။ သူက ကျောက်ရူရှန်မှာ ပြောင်းပြန် စိတ်ပညာကို အသုံးပြု၍ သူ့အား ပြန်လာအောင် ဆွပေးနေခြင်းသာ ဖြစ်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။
အန်ရှင်းက ဆက်ပြောသည်။ "ပြီးတော့ သူ သတ်နိုင်တယ်"
ထိုစကားကို ကြားသောအခါ ထျန်းဟုန် ဧကရာဇ် ချက်ချင်းပင် မျက်မှောင်ကြုတ်သွား၏။
ကျောက်ရူရှန်က အံ့ဖွယ်ဓမ္မအမတအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ကျင့်စဉ်အဆင့်အရ သူ့ကို မီသွားပြီ ဖြစ်ကြောင်း သူ ခံစားသိရှိနိုင်သော်လည်း ယင်းမှာ သူ နှစ်ပေါင်း နှစ်သောင်းတိုင်တိုင် ဒူးထောက်နေခဲ့ရခြင်းကြောင့် ဖြစ်သည်။ အဆင့်တူလျှင်ပင် အန်ရှင်းမှလွဲ၍ အခြား မည်သူ့ကိုမျှ သူ ရှုံးနိမ့်မည်ဟု မယုံကြည်ပေ။
ချန်ချွမ်လည်း အံ့အားသင့်သွားပြီး ကျောက်ရူရှန်က ထိုမျှအထိ အစွမ်းထက်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
အန်ရှင်းက ချန်ချွမ်ကို ကြည့်၍ ပြောလိုက်သည်။ "မင်း အရင် သွားနှင့်ပါ"
ချန်ချွမ်း ခေါင်းညိတ်လိုက်ပြီး သူရပ်နေသော နေရာမှ လေထဲသို့ ပျောက်ကွယ်သွား၏။
ထျန်းဟုန် ဧကရာဇ်က ချန်ချွမ်ကို သိပ်ပြီး စိတ်ဝင်တစား မရှိလှပေ။ အန်ရှင်းက သူ့အား တစ်စုံတစ်ခု ပြောစရာ ရှိနေကြောင်းကို သူ အာရုံခံမိပြီး ယင်းက သူ၏ စိတ်နှလုံးထဲတွင် လှိုင်းဂယက်များကို ဖြစ်ပေါ်စေခဲ့သည်။
အန်ရှင်းက ထျန်းဟုန် ဧကရာဇ်ကို စိုက်ကြည့်၍ ပြောလိုက်၏။ "အဲဒီလူက မင်းရဲ့ ကံဆိုးမိုးမှောင်ကျစေမယ့် ရန်သူ ဖြစ်လာလိမ့်မယ်... မင်းတို့ နှစ်ယောက်စလုံးက တာအိုဧကရာဇ်တွေ ဖြစ်လာပြီး လူသားကမ္ဘာမှာ ကမ္ဘာတုန်လောက်တဲ့ ပဋိပက္ခတွေကို ဖန်တီးကြလိမ့်မယ်..."
"စောစောကပဲ သူက ငါ့ကို သတ်နိုင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား... ငါသာ အခုနေရာမှာ မရှိရင် သူ့လက်ချက်နဲ့ သေနေလောက်ပြီ မဟုတ်ဘူးလား... ဘယ်လိုလုပ် ငါက သူ့ရဲ့ ရန်သူ ဖြစ်လာနိုင်မှာလဲ..." ထျန်းဟုန် ဧကရာဇ်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"မင်း သေသွားလိမ့်မယ်... ဒါပေမဲ့ ဝင်စားခြင်းကနေ ပြန်လည်မွေးဖွားလာပြီး ဘဝဆက်တိုင်း သူနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရလိမ့်မယ်..."
အန်ရှင်းက အသေးအဖွဲ ကိစ္စလေး တစ်ခုကို ပြောနေသည့်အလား အလွန် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သဖြင့် ထျန်းဟုန် ဧကရာဇ်မှာ ဆွံ့အသွားရ၏။
သူ မနေနိုင်တော့ဘဲ မေးလိုက်သည်။ "မင်းက ငါ့ရဲ့ ကံကြမ္မာကို မြင်နိုင်တာလား..."
"ငါ မဟုတ်ဘူး..."
အန်ရှင်း၏ အဖြေကြောင့် ထျန်းဟုန် ဧကရာဇ်၏ မျက်နှာအမူအရာက ပထမဆုံး အကြိမ်အဖြစ် ပြောင်းလဲသွားပြီး သူ၏ ကာလကြာရှည် တည်ငြိမ်နေခဲ့သော စိတ်နှလုံးကို လှုပ်ခတ်သွားစေ၏။
ဆရာသခင်ဓားအရှင်...
အန်ရှင်းက ဆက်ပြောသည်။ "လောလောဆယ် ဆက်ပြီး ဒူးထောက်နေလိုက်ပါဦး... ဆရာက မင်းကို ယာယီ လက်မခံနိုင်သေးဘူး... အကြောင်းရင်းကိုတော့ ငါလည်း မသိဘူး... ဒါပေမဲ့ ဒါကလည်း ကျင့်ကြံခြင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်... လွန်ခဲ့တဲ့ နှစ်တွေအတွင်း မင်းရဲ့ တာအိုကျင့်ကြံမှုတွေ တိုးတက်လာတာကို မင်း ခံစားမိမှာပါ..."
ထျန်းဟုန် ဧကရာဇ်က ပြုံးလိုက်၏။ "တကယ်ပါပဲ... ငါ့ရဲ့ ကျင့်စဉ်အဆင့်က မတိုးတက်လာပေမဲ့ မဟာတာအိုအပေါ် နားလည်သဘောပေါက်မှုကတော့ လျင်လျင်မြန်မြန် ကြီးထွားလာတယ်... ဒါက ဆရာသခင်ဓားအရှင်ရဲ့ ကောင်းချီးပေးမှု ဖြစ်ရမယ်"
ဤသည်က သူ နှစ်ပေါင်း နှစ်သောင်းကျော်တိုင်အောင် မောပန်းခြင်း မရှိဘဲ ဒူးထောက်နေခဲ့ရသည့် အကြောင်းရင်းလည်း ဖြစ်လေသည်။
သူ မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ရပြီ ဖြစ်သဖြင့် နောက်ထပ် နှစ်ပေါင်း တစ်သိန်းတိုင်တိုင် ဒူးထောက်နေရမည် ဆိုလျှင်ပင် ခက်ခဲသည်ဟု ခံစားရမည် မဟုတ်ပေ။
အန်ရှင်းက စကားပြော ရပ်လိုက်ပြီး ထျန်းဟုန် ဧကရာဇ်၏ ဘေးမှ ဖြတ်ကာ ရှေ့သို့ ဆက်လျှောက်သွား၏။
ထျန်းဟုန် ဧကရာဇ်က သူမဘက်သို့ ခေါင်းလှည့်၍ မေးလိုက်သည်။ "အစ်မ... ဘယ်ကို သွားမလို့လဲ..."
"ငါ လုပ်စရာလေးတွေ ရှိလို့ပါ..."
အန်ရှင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး ထျန်းဟုန် ဧကရာဇ်မှာ အလွန် အကင်းပါးသည်ဟု ခံစားရသဖြင့် သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးယောင်လေး သန်းသွား၏။
ထျန်းဟုန် ဧကရာဇ်က ထပ်မေးလိုက်သည်။ "ကျောက်ရူရှန်က တာအိုခုံရုံးအတွက် ကောင်းကျိုး ဖြစ်စေမှာလား... ဆိုးကျိုး ဖြစ်စေမှာလား..."
"ကံကြမ္မာ ဆိုတာ အမြဲတမ်း ပြောင်းလဲနေတာပဲ... အနာဂတ်ကို ကြိုသိနေတာက မင်းအတွက် အတားအဆီးတစ်ခု ဖြစ်လာစေရုံပဲ ရှိလိမ့်မယ်..."
စကားဆုံးအောင်ပင် မပြောရသေးမီ အန်ရှင်းမှာ တောအုပ်နက်ထဲသို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
ထျန်းဟုန် ဧကရာဇ်က နောက်သို့ ပြန်လှည့်၍ မြစ်ပြင်ကို ကြည့်ကာ အတွေးနက်သွားသည်။
တာအိုဧကရာဇ်တဲ့လား...
မဟာကမ္ဘာသုံးထောင် မှ ပါရမီရှင်များ အားလုံးက တာအိုဧကရာဇ်များ ဖြစ်လာရန် လိုက်လံ ကြိုးပမ်းနေကြသော်လည်း ကောင်းကင်ဝိညာဉ် မဟာကမ္ဘာမှာမူ ထိုအဆင့်အတန်းသို့ ရောက်ရှိရန် ယာယီအားဖြင့် အခွင့်အရေး မရှိသေးကြောင်း ယခင်က ယွမ်စုန်ကျီထံမှ သူ ကြားခဲ့ဖူး၏။ ယွမ်စုန်ကျီက သူ့ကို သေချာ ပြင်ဆင်ထားရန် ပြောခဲ့သည်။
အနာဂတ်နှင့် ပတ်သက်၍ အန်ရှင်း ဖွင့်ဟပြောဆိုချက်အရ တာအိုဧကရာဇ် ဖြစ်လာခြင်းက အနာဂတ် ကမ္ဘာ့ပဋိပက္ခများ၏ အဓိက အကြောင်းရင်း ဖြစ်ပုံရသည်။ ယင်းက ယွမ်စုန်ကျီ အောင်မြင်လိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်၏။
တာအိုဧကရာဇ် ဖြစ်လာရန် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ အတွက် မဟာတာအို လမ်းစဉ်ဆီသို့ သွားရာလမ်းကို ဖွင့်လှစ်ရန် လိုအပ်ပေသည်။
ထျန်းဟုန် ဧကရာဇ်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ အာရုံများ ထွေပြားနေမှုကို ရှင်းထုတ်လိုက်၏။
တာအိုဧကရာဇ် တစ်ပါးက မည်မျှအထိ အစွမ်းထက်သနည်း ဆိုသည်ကို သူ သေချာ မသိသော်လည်း ယခု သူ နားလည်သဘောပေါက်နေသော စွမ်းအား လမ်းစဉ် ကတော့ တကယ်ကို အစွမ်းထက်လှသည်။
သူ၏ ကျင့်စဉ်အဆင့်က မတိုးတက်လာခဲ့သော်လည်း သူ၏ ကျင့်စဉ်စွမ်းအင်များ ပြောင်းလဲသွားပြီး သူ ဒူးမထောက်ရသေးမီ အချိန်နှင့် နှိုင်းယှဉ်ပါက အဆပေါင်းများစွာ ပိုမို အားကောင်းလာသည်ကို သူ ခံစားနိုင်သည်။
ဒါပေမဲ့...
ထိုသို့သော သူကကော ကျောက်ရူရှန်၏ သတ်ဖြတ်ခြင်းကို ခံရမည်လား...
ထျန်းဟုန် ဧကရာဇ်က ကျောက်ရူရှန်၏ အမည်ကို မှတ်သားထားလိုက်ပြီး ၎င်းတို့၏ အနာဂတ် ရင်ဆိုင်တွေ့ဆုံရမည့် အချိန်ကို စောင့်မျှော်နေတော့၏။
***