"ဘာတွေ ကြည့်နေတာလဲ..."
ကုအန်က ရှန်းကျန် ကို ပြုံး၍ မေးလိုက်၏။ သူက ရှန်းကျန် ၏ ရင်ထဲရှိ တွေးတော ခန့်မှန်းချက်များကို ကြားနိုင်သော်လည်း ယင်းတို့ကို ဖွင့်ဟ မပြောဆိုခဲ့ပေ။
ရှန်းကျန် ၏ ရှေ့တွင်ပင်လျှင် ကုအန်က သူ၏ အစစ်အမှန် စွမ်းအားကို ဖော်ပြမည် မဟုတ်ချေ။ ရှန်းကျန် သည် လက်တွေ့ဘဝသို့ ပြန်လည် ရောက်ရှိလာပြီး မေးလိုက်သည်။ "ထျန်းဟုန် ဧကရာဇ် ထွက်သွားပြီပဲ... သူ့ကို အားကိုးရုံနဲ့ လောကကြီးကို ကယ်တင်နိုင်မယ်လို့ ရှင် တကယ် ထင်လို့လား..."
လွန်ခဲ့သော နှစ်များအတွင်း လူသားကမ္ဘာမှာ တစ်နေ့တခြား ပိုမို ဖရိုဖရဲ ဖြစ်လာခဲ့ပြီး နောက်ကွယ်မှနေ၍ သတ္တဝါအားလုံး၏ ဘဝများကို ခြယ်လှယ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားတစ်ခုကိုလည်း သူမ အာရုံခံမိနေ၏။
ထိုသို့သော စွမ်းအားမျိုးက ပြင်ပကောင်းကင် နှင့် သေချာပေါက် ပတ်သက်ဆက်နွှယ်နေမည် ဖြစ်သည်။
ဤသည်က တာအိုရတနာ ကို ကိုင်ဆောင်ထားလျှင်ပင် တာအိုဆန်းကြယ်အမတအဆင့် တွင် ရှိသော ထျန်းဟုန် ဧကရာဇ် ဖြေရှင်းနိုင်မည့် အကြောင်းအကျိုး ဆက်စပ်မှုမျိုး မဟုတ်ချေ။
ကုအန်သည် သူ့အနီးရှိ ထိုင်ခုံတစ်လုံးကို လက်ယမ်း၍ ဆွဲယူလိုက်ပြီး ထိုင်ချကာ ပြောလိုက်၏။ "သူ့ရဲ့ အလားအလာကို အထင်မသေးလိုက်နဲ့... သူ့မှာ ထျန်ဟောင် နဲ့ ယှဉ်နိုင်တဲ့ ပါရမီ ရှိတယ်... သူ့ကို ကြည့်ရတာ သာမန်လူ တစ်ယောက်နဲ့ တူလို့လား..."
"သူ့မှာရော အမတနတ်ဘုရား နောက်ခံ ရှိနေတာလား..."
"ဖြစ်နိုင်ပါတယ်..."
ကုအန်ထံမှ ထိုစကားကို ကြားသောအခါ ထျန်းဟုန် ဧကရာဇ်တွင် အမတနတ်ဘုရားများနှင့် ခွဲခြား၍ မရနိုင်သော ဆက်နွှယ်မှု ရှိနေကြောင်းကို ရှန်ကျန်း ကောက်ချက်ချနိုင်လိုက်၏။
အမတနတ်ဘုရားများ ဆိုသည်မှာ ရှာဖွေတွေ့ရှိရန် ခက်ခဲပြီး တစ်ခါမျှ မမြင်တွေ့ရဖူးသော သူများ ဖြစ်ကြသော်လည်း ကုအန်၏ အနီးအနားတွင်မူ သူတို့က ထူးခြားဆန်းပြားသည့်ပုံ မပေါ်တော့ချေ။
ရှန်းကျန် က သူမဘေးရှိ ကုအန်ကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရောင်အဝါများ တောက်ပနေ၏။
အမတနတ်ဘုရားများ၏ မျက်လုံးထဲတွင် ကုအန်သည် မည်သို့သော အခန်းကဏ္ဍမှ ပါဝင်နေသနည်း ဆိုသည်ကို သူမ အလွန် သိချင်နေမိသည်။
ရှန်ကျန်း က နောက်ပြောင်၍ မေးလိုက်၏။ "အမတနတ်ဘုရား အများကြီးက ရှင့်ရှေ့ကို ရောက်လာတာ ဆိုတော့ ကောင်းကင်နန်းတော် ရဲ့ ပစ်မှတ်က ရှင်များ ဖြစ်နေမလား... တစ်နေ့နေ့ ကောင်းကင်နန်းတော် က ရှင့်ကို အမတရာထူး ထဲ ဝင်ဖို့ ဖိတ်ခေါ်လာရင် ရှင် ဘာကို ရွေးချယ်မလဲ..."
"အဲဒါက အမတရာထူး က ဘာလဲ ဆိုတဲ့အပေါ် မူတည်မှာပေါ့..." ကုအန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
ရှန်းကျန် ၏ မျက်လုံးများက လခြမ်းကွေးလေးများကဲ့သို့ ပြုံးသွားပြီး သူမက မေးလိုက်၏။ "သူတို့က ရှင့်ကို မြင်းထိန်းဖို့ ဖိတ်ခေါ်ရင်ကော..."
သူမသည် ကုအန်၏ စာအုပ်များကို နှစ်သက်သောကြောင့် အစပိုင်းတွင် ကုအန်ထံ ချဉ်းကပ်ခဲ့ခြင်း ဖြစ်ပြီး ယနေ့တိုင်အောင် "နတ်ဘုရားရာထူးခန့်အပ်ခြင်း"၊ "အနောက်ဘက်သို့ ခရီးသွားခြင်း" နှင့် "အဓိပတိ အမတအရှင်" စာအုပ်များကို ဆက်လက် ဖတ်ရှုနေဆဲ ဖြစ်၏။
ကုအန်က ရှန်ကျန်း ကို မျက်စောင်းထိုး၍ ကြည့်လိုက်ပြီး ကြင်နာမှု မပါသော လေသံဖြင့် ပြောလိုက်သည်။ "မင်းက တော်တော် နောက်တတ်တာပဲ... အဲဒီလိုဆိုရင်တော့ ငါ မြင်းသွားထိန်းပြီး မင်းကို ငါ့လက်ထောက် အဖြစ် ခေါ်သွားရမှာပေါ့..."
"ဒါဆို ကောင်းတာပေါ့... ကောင်းကင်ဘုံက မြင်းတွေက တကယ်ကို ထူးခြားဆန်းပြားမှာပဲ..." ရှန်းကျန် က စိတ်လှုပ်ရှားစွာ ပြောလိုက်ရာ ကုအန်မှာ သရော်ပြုံး ပြုံး၍ ခေါင်းယမ်းလိုက်တော့၏။
သူတို့ နှစ်ယောက်က လောကရေးရာများကို မဆွေးနွေးမီ မြင်းထိန်းရန် ကောင်းကင်နန်းတော်သို့ သွားမည့် အကြောင်းကို အချိန်အတန်ကြာအောင် ကြံစည် ဆွေးနွေးနေခဲ့ကြသည်။
လူသားကမ္ဘာတွင် ဖရိုဖရဲ ဖြစ်စေသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားမှာ မည်သည့်အရာ ဖြစ်သနည်း ဆိုသည်ကို ရှန်းကျန် က အလွန် သိချင်နေ၏။ ကုအန်သည်လည်း ဖုံးကွယ်မထားဘဲ သူ၏ ရှာဖွေတွေ့ရှိချက်ကို သူမအား ပြောပြခဲ့ပြီး သူမ၏ မဟာတာအို အပေါ် နားလည်သဘောပေါက်မှု ပိုမို တိုးတက်လာစေရန် မျှော်လင့်မိသည်။
ပြောရမည် ဆိုလျှင် အန်ရှင်းအပြင် ကုအန်က ရှန်ကျန်း ကို ပြုစုပျိုးထောင်ရာတွင်လည်း အားထုတ်မှုများစွာ ပြုလုပ်ခဲ့၏။ ယင်းမှာ သူက မျက်နှာလိုက်နေ၍ မဟုတ်ဘဲ အခြားသူများက ဉာဏ်အလင်းရရှိခြင်း အဆင့်သို့ မရောက်ရှိကြသေးဘဲ တံခါးပိတ် ကျင့်ကြံခြင်း ဟူသော အနိမ့်ပိုင်း အဆင့်တွင်သာ ရှိနေကြသေးသောကြောင့်တည်း။
ရှန်ကျန်း က ယခု လက်ရှိ အောင်မြင်မှုများကို ရရှိနိုင်ခြင်းမှာ ယုံရှန်းဧကရာဇ် ၏ အကြောင်းအကျိုးကို ရရှိထားသောကြောင့် ဖြစ်သည်။
ယင်းက သူမ ကံကောင်းရုံသက်သက် ဖြစ်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ကုအန်နှင့် ရှင်သန်ခြင်း နှင့်သေဆုံးခြင်း ဆက်ဆံရေး ရှိသော ထျန်းယောင်အာနှင့် မတူဘဲ သူမက ကုအန်ကိုသာ သူမ၏ တစ်ခုတည်းသော အားကိုးရာအဖြစ် သတ်မှတ်ထားပြီး ကုအန်ကို ရွေးချယ်ရန်အတွက် အခြားသော ဆက်နွှယ်မှုများကို စွန့်လွှတ်ခဲ့သည်။ ဤသည်က ယုံရှန်း ဧကရာဇ် မှ သူမအား ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းလည်း ဖြစ်၏။
အရာအားလုံးတွင် အကြောင်းနှင့်အကျိုး ရှိပြီး တိုက်ဆိုင်မှုတိုင်း၏ နောက်ကွယ်တွင် ရှောင်လွှဲ၍ မရနိုင်သော အကြောင်းတရား ရှိနေပေသည်။
ထိုနှစ်တွင် ရှေးခေတ်ကာလမှ ပြိုင်ဘက်ကင်း ပါရမီရှင်ဟောင်း တစ်ဦး ပြန်လည် မွေးဖွားလာခဲ့သောကြောင့် လူသားကမ္ဘာတွင် အပြောင်းအလဲတစ်ခုနှင့် ရင်ဆိုင်ခဲ့ရ၏။
ထျန်းဟုန် ဧကရာဇ်က တာအိုခုံရုံး သို့ ပြန်မသွားခဲ့ဘဲ အရပ်မျက်နှာ အနှံ့ လှည့်လည် သွားလာကာ နေရာတိုင်းရှိ မိစ္ဆာစွမ်းအားများကို နှိမ်နင်းခဲ့သည်။
လောက၏ အုပ်စိုးသူ အနေဖြင့် တာအိုခုံရုံး ကလည်း ဖရိုဖရဲ အခြေအနေများကို ငြိမ်သက်သွားစေရန် ကြိုးပမ်းအားထုတ်ခဲ့၏။ ပါရမီရှင်များစွာက ကယ်တင်ရှင်များအဖြစ် ပေါ်ထွက်လာခဲ့ပြီး ၎င်းတို့ထဲတွင် အကျော်ကြားဆုံး သူမှာ တာအိုခုံရုံး ၏ လက်ရှိ ထိပ်တန်း တပည့် ဖြစ်သော ကျောက်ရူရှန် ပင် ဖြစ်သည်။
ထိုဖရိုဖရဲ ဖြစ်ပြီး မှောင်မိုက်နေသော နှစ်ကာလများတွင် ထျန်းဟုန် ဧကရာဇ်နှင့် ကျောက်ရူရှန်တို့က ကြယ်နှစ်ပွင့်ကဲ့သို့ ပေါ်ထွက်လာပြီး သူတို့၏ မှိန်ဖျော့သော အလင်းရောင်များဖြင့် တစ်လောကလုံးကို လင်းထိန်သွားစေရန် ကြိုးပမ်းခဲ့ကြ၏။
...
နှစ်တစ်ရာ ကြာပြီးနောက်...
ဤနံနက်ခင်းတွင် သက်တမ်းတာအိုနယ်မြေ အတွင်း ဆေးပင်များ ခူးဆွတ်ပြီးနောက် ကုအန်က တစ်ကိုယ်တည်း ထွက်ခွာသွားခဲ့သည်။
နယ်မြေ၏ အပြင်ဘက်ရှိ တောအုပ်ထဲတွင် သူ လမ်းလျှောက်နေစဉ် သူ၏ ရုပ်သွင်က ရုတ်တရက် ပျောက်ကွယ်သွား၏။
သူက ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေသော်လည်း စကြဝဠာ နယ်ပယ်တစ်ခုကို ဖြတ်ကျော်နေသည့်အလား သူ၏ ခြေအောက်ရှိ စကြဝဠာက ခြေလှမ်းတိုင်းတွင် ပြောင်းလဲနေသည်။
အချိန်နှင့် ဟင်းလင်းပြင်က နောက်ပြန် လည်သွားပြီး အလင်းတန်းများက ပြောင်းပြန် ဦးတည်ရာသို့ အလျင်အမြန် သွားနေကြ၏။ သူ၏ ခြေလှမ်းများက မြန်ဆန်နေပုံပေါ်သော်လည်း အဆုံးသတ် မရှိသောကြောင့် နှေးကွေးနေသကဲ့သို့ ဖြစ်နေသည်။
ရုတ်တရက်...
အနက်ရောင်ငွေ့သက်များက ကုအန်ကို ရစ်ဝဲလာပြီး လျင်မြန်စွာ လွှမ်းခြုံသွား၏။ သူ၏ ညာဘက် ခြေထောက်ကို ချလိုက်သောအခါ သူသည် မှောင်မိုက်နေသော ဟင်းလင်းပြင်ကြီး တစ်ခု အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူက ရပ်တန့်၍ ရှေ့သို့ လှမ်းကြည့်လိုက်ရာ အဆုံးအစမဲ့သော တာအိုတောင်တန်းကြီးများကို တွေ့လိုက်ရ၏။ အားလုံးက ခမ်းနားထည်ဝါပြီး စွဲမက်ဖွယ်ကောင်းလှကာ အဝေးရှိ နတ်ဘုရားများကဲ့သို့ မိုးထိမတတ် မြင့်မားနေပြီး နတ်ဘုရားများ၏ စွမ်းအားများက အဆုံးအစမဲ့ ဖြာထွက်နေကာ ဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
အဆုံးမဲ့ တာအိုတောင်...
ကုအန်က ပေါ်ထွက်လာရုံမျှ ရှိသေးသော်လည်း ဤနေရာရှိ နိယာမများ၏ စွမ်းအားက သူ့ထံသို့ လှိမ့်ဝင်လာပြီး အကြောင်းအကျိုး တွက်ချက်မှုများကို ဟန့်တားနိုင်သော အလွှာတစ်ခုဖြင့် သူ့ကို ဖုံးအုပ်ရန် ကြိုးစားနေပုံပေါ်ကြောင်း သူ ချက်ချင်း ခံစားလိုက်ရ၏။ သို့သော်လည်း သူက သူ၏ အစစ်အမှန် ပုံသဏ္ဌာန်ကို ဖုံးကွယ်မထားခဲ့ချေ။
ဤနိယာမများကို သူက သတိထားနေဆဲ ဖြစ်သဖြင့် မဟာတာအို ပုံသဏ္ဌာန်မဲ့ ခန္ဓာ ကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။
နိယာမများ၏ စွမ်းအားက သူ့ကို လွှမ်းခြုံသွားသောအခါ သူ၏ လုပ်ဆောင်ချက်များကို ကန့်သတ်မထားကြောင်း သူ ခံစားလိုက်ရ၏။ ယင်းက အလွန် စိတ်ဝင်စားဖွယ်ကောင်းသော နိယာမ တစ်ခုပင် ဖြစ်သည်။
လမ်းတစ်လျှောက်ရှိ မိုးထိမတတ် မြင့်မားသော တာအိုတောင်များကို ငေးမောကြည့်ရှုရင်း သူက ရှေ့သို့ ဆက်လျှောက်သွားသည်။
မလာရောက်မီက သူ၏ ကျင့်စဉ်အဆင့်ကို ကောင်းကင်ဖွင့် တာလော့အမတ အဆင့်အထိ သူ ဖိနှိပ်ထားခဲ့သည်။ ထို့အပြင် ကောင်းကင်ဖွင့် တာလော့အမတ ၏ အရှိန်အဝါကို မသိမသာ ဖြာထွက်နေစေသော လျှို့ဝှက်ဆန်းကြယ်ပြီး သတိထားတတ်သည့် ကျင့်ကြံသူ တစ်ဦးအဖြစ် ပေါ်လွင်စေရန် သူ၏ အရှိန်အဝါကိုလည်း လျှော့ချထားခဲ့၏။
အဆုံးမဲ့ တာအိုတောင် သို့ လာရောက်ရခြင်းမှာ ကျင့်ကြံရန် မဟုတ်ဘဲ သတင်းအချက်အလက်များ ရယူရန် ဖြစ်သည်။ ဤနေရာရှိ ကျင့်ကြံသူများနှင့် အဆက်အသွယ်များ ပြုလုပ်၍ မဟာတာအို အကြောင်းကို ပိုမို နားလည်သိရှိရန် သူ ဆန္ဒရှိ၏။
ဤနေရာတွင် ကောင်းကင်နန်းတော် ၏ အကြောင်းကို ပိုမို သိရှိနိုင်မည် ဆိုပါက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။
သူက ရည်ရွယ်ချက်မဲ့ လှည့်လည်သွားလာနေရင်း ကျင့်ကြံသူ အများစုမှာ တာအိုတောင် တစ်ခုတည်းကိုသာ သိမ်းပိုက်ထားကြကြောင်း သတိပြုမိလိုက်၏။ အကြောင်းမှာ တာအိုတောင်များက အလွန် များပြားလွန်းသောကြောင့် ဖြစ်သည်။
ကျင့်ကြံသူများကလည်း တစ်ယောက်ကိုတစ်ယောက် သတိထားနေကြပုံ ရ၏။
ယင်း ပြဿနာ ရှိနိုင်၏။
ကုအန်သည် လူသားကမ္ဘာတောင်ထိပ် မှ ပိုင်ကျီယ ကို စတင် သတိရလာမိသည်။ သူ ပြင်ပကောင်းကင် သို့ ပထမဆုံးအကြိမ် ထွက်ခွာခဲ့စဉ်က စိတ်အားထက်သန်သော ပိုင်ကျီယ နှင့် တွေ့ဆုံခဲ့ပြီး သူ့အား လူသားကမ္ဘာတောင်ထိပ် သို့ပင် မိတ်ဆက်ပေးခဲ့သည် မဟုတ်ပါလား။
လူသားကမ္ဘာတောင်ထိပ် က သူ၏ ကျင့်ကြံခြင်းအတွက် ကြီးမားသော အထောက်အကူ မပြုခဲ့သော်လည်း ကောင်းကင်နှင့် မြေကြီးကို ပိုမို ကောင်းမွန်စွာ နားလည်သဘောပေါက်စေရန် ကူညီပေးခဲ့၏။ ထို့ကြောင့် သူက လူသားကမ္ဘာတောင်ထိပ် နှင့် အဆက်အသွယ် မပြတ်တောက်ခဲ့ဘဲ ဤဆက်နွှယ်မှုများကို မြတ်နိုးတန်ဖိုးထားခဲ့ခြင်း ဖြစ်သည်။
သူက အခွင့်အရေး တစ်ခုကို စောင့်ဆိုင်းရင်း ဆက်လက် လှည့်လည်သွားလာနေခဲ့သည်။ ဤအချိန်အတွင်း အဆုံးမဲ့ တာအိုတောင် အတွင်းသို့ ဝင်ရောက်လာသော အခြား လူရိပ်များကိုလည်း သူ တွေ့မြင်ခဲ့ရပြီး အများစုမှာ ရှင်းလင်းသော ရည်မှန်းချက်များ ရှိကြကာ လျင်မြန်စွာ ပျံသန်းသွားကြသည်။
ကုအန်သည် သူ့ကဲ့သို့ပင် ရှုပ်ထွေးနေပုံရသော လူရိပ်တစ်ခုကို တွေ့လိုက်ရ၏။ ထိုသူက နှေးကွေးစွာ ရွေ့လျားနေပြီး ပတ်ဝန်းကျင်ကို အဆက်မပြတ် ကြည့်ရှုနေသည်။
သူသည် တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် သတိထားနေသည့်အလား ထိုသူ့ထံသို့ ဖြည်းညင်းစွာ ပျံသန်းသွားလိုက်၏။
တစ်ဖက်လူမှာလည်း ကောင်းကင်ဖွင့် တာလော့အမတ တစ်ပါး ဖြစ်သည်။ ယုံကြည်မှု အတိုင်းအတာ တစ်ခု ရှိနေသောကြောင့် ဤသို့ လှည့်လည်သွားလာဝံ့ခြင်း ဖြစ်ပေမည်။ ယခင်က ထိုက်ချင်း ရွှေအမတ တစ်ပါး ဝင်ရောက်လာပြီး တာအိုတောင် တစ်ခု အတွင်းသို့ ချက်ချင်း ပုန်းအောင်းသွားသည်ကို ကုအန် တွေ့ခဲ့ရ၏။
ဤ ကောင်းကင်ဖွင့် တာလော့အမတ ၏ ခန္ဓာကိုယ်မှာ အနည်းငယ် ပိန်သွယ်ပြီး တာအိုဆရာ တစ်ဦးနှင့် တူကာ ဓားတစ်လက်ကဲ့သို့ ပုံသဏ္ဌာန်ရှိသော မြင်းမြှီးနှင်တံ တစ်ခုကို ကိုင်ဆောင်ထားသည်။ ကုအန် ချဉ်းကပ်လာသည်ကို မြင်သောအခါ သူက ရပ်တန့်၍ ကုအန်ကို လှည့်ကြည့်လိုက်၏။
"တာအိုမိတ်ဆွေ... ဒီနေရာက အဆုံးမဲ့ တာအိုတောင် လား ဆိုတာ မေးလို့ ရမလား..." ကုအန်သည် သူ၏ အသံကို ပြောင်းလဲ၍ မေးလိုက်သည်။
"အင်း... ဒီနေရာက တကယ်ကို အဆုံးမဲ့ တာအိုတောင် ပါပဲ... ခင်ဗျားက ဒီကို ပထမဆုံးအကြိမ် လာတာလား..." တစ်ဖက်လူက အနည်းငယ် အေးစက်စက် လေသံဖြင့် ပြန်ဖြေလိုက်၏။
"ဟုတ်ပါတယ်... အဆုံးမဲ့ တာအိုတောင် မှာ မဟာတာအို ရဲ့ အဆုံးအစမဲ့တဲ့ အစစ်အမှန် အဓိပ္ပာယ်တွေ ပါဝင်နေတယ်လို့ ကျွန်တော် ကြားဖူးတယ်... ကျွန်တော့်ရဲ့ တာအိုကျင့်ကြံမှုက အတားအဆီးတစ်ခုနဲ့ ရင်ဆိုင်နေရလို့ လာစမ်းကြည့်တာပါ... ဒီနေရာက မဟာတာအို ရဲ့ အရှိန်အဝါက တကယ်ကို သိပ်သည်းပြီး ကျွန်တော် ထင်ထားတာထက်တောင် ကျော်လွန်နေတယ်... ဒါပေမဲ့ ကျွန်တော် မျှော်လင့်ထားတာနဲ့ မတူဘူး..."
စကားအဆုံးတွင် ကုအန်က ချီတုံချတုံ ဖြစ်ဟန်ဆောင်လိုက်၏။
"ဒီမှာ လူတွေ အများကြီး ရှိနေလိမ့်မယ်လို့ မျှော်လင့်မထားဘူး မဟုတ်လား..." တစ်ဖက်လူက ဖြည့်စွက် ပြောလိုက်သည်။
"အတိအကျပဲ..."
ကုအန်၏ လေသံတွင် အံ့အားသင့်မှု အရိပ်အယောင် အနည်းငယ် ပါဝင်နေ၏။
တစ်ဖက်လူက မှတ်ချက်ချလိုက်သည်။ "ဒီနေရာမှာ ကျင့်ကြံဖို့ လာကြတဲ့ သူတွေက နယ်ပယ် အသီးသီးက တကယ်ကို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးတွေပဲ... ဒါက မဟာတာအို ဟာ ငါတို့ မှန်းဆလို့ ရနိုင်တာထက် အများကြီး ပိုပြီး ကျယ်ပြန့်တယ် ဆိုတာကို ပြသနေတာပဲ... အဆုံးမဲ့ တာအိုတောင် အကြောင်းကို မလာခင်က ငါ အတိုင်းအတာ တစ်ခုအထိ နားလည်ထားပေမဲ့ ရောက်လာတဲ့ အခါကျတော့ မင်းလိုပဲ ငါလည်း အံ့အားသင့်သွားတယ်..."
"ငါ့ နာမည်က ဟုန်ယာကျီ ပါ... မြူခိုး အမတနန်းတော် က လာတာပါ... ခင်ဗျား နာမည်က ဘယ်သူလဲ... ဘယ်ဂိုဏ်းက လာတာလဲ..."
မြူခိုး အမတနန်းတော်...
သူ ပထမဆုံး တွေ့ရမည့် တာလော့အမတ မှာ မြူခိုး အမတနန်းတော် မှ ဖြစ်နေလိမ့်မည်ဟု ကုအန် မျှော်လင့်မထားခဲ့ချေ။ သူက ဆက်ပြောလိုက်၏။
"ကျွန်တော့် နာမည်က မုန်လန် ပါ... ကျွန်တော် ရွှေအမတ အဆင့်ကို ရောက်တဲ့ အချိန်မှာ ကျွန်တော့် ဂိုဏ်းက ဖျက်ဆီးခံလိုက်ရတယ်လေ... ဒါကြောင့် လောလောဆယ်တော့ ဂိုဏ်းမရှိဘဲ လှည့်လည် သွားလာနေတာပါ..."
ထိုစကားကို ကြားသောအခါ ဟုန်ယာကျီ က ပြောလိုက်သည်။ "ခင်ဗျားရဲ့ တာအိုကျင့်ကြံမှုနဲ့ ဆိုရင် ဂိုဏ်းတစ်ခု တည်ထောင်ဖို့ ဆိုတာ မခက်ခဲပါဘူး..."
ကုအန်က ခေါင်းယမ်းလိုက်၏။ "ထားလိုက်ပါတော့... ဂိုဏ်းတစ်ခု ရှိနေတယ် ဆိုတာ ဝန်ထုတ်ဝန်ပိုး ဖြစ်လာမှာပဲ... ကျွန်တော်က လွတ်လွတ်လပ်လပ်နဲ့ မဟာတာအို ကို ရှာဖွေရတာကို ပိုနှစ်သက်တယ်..."
"အဲဒါလည်း ကျိုးကြောင်းဆီလျော်ပါတယ်..." ဟုန်ယာကျီ က သဘောတူလိုက်ပြီး အတွေးနက်နေပုံရကာ တိတ်ဆိတ်သွား၏။
ဆက်ဆံရေးကို မည်သို့ ဆက်လက် တည်ဆောက်ရမည်ကို ကုအန် စဉ်းစားနေခဲ့သည်။
"တာအိုမိတ်ဆွေ မုန်... ခင်ဗျားလည်း ဒီကို အသစ်ရောက်လာတာ ဆိုတော့ နောက်ဘယ်ကို သွားရမလဲ ဆိုတာ မသိလောက်ဘူး ထင်တယ်... ကျွန်တော်နဲ့ လိုက်ပြီး နတ်တွေးစစ်မှန်အမတ တစ်ပါးရဲ့ တရားဟောတာကို လိုက်နာထောင်မလား..." ဟုန်ယာကျီ က ဖိတ်ခေါ်လိုက်၏။
ကုအန်က မြှောက်ထိုးပင့်ကော် လုပ်ခံရသကဲ့သို့ ဖြစ်သွားပြီး ချီတုံချတုံဖြင့် မေးလိုက်သည်။ "ကျွန်တော်က ခင်ဗျားနောက်ကို လိုက်ရမလား... အဲဒါက သင့်တော်ပါ့မလား..."
ဟုန်ယာကျီ က စိတ်ချစေရန် ပြောလိုက်၏။ "စိတ်မပူပါနဲ့... အဲဒီ တာအိုအထွတ်အထိပ် တာလော့အမတ တစ်ပါး နဲ့ ငါနဲ့ ဘာအဆက်အသွယ်မှ မရှိပါဘူး... သူတို့ရဲ့ တရားဟောပွဲတွေက သီးသန့် မဟုတ်ဘူး... ဘယ်သူမဆို လာပြီး နားထောင်လို့ ရပါတယ်..."
"အဲဒီ တာအိုအထွတ်အထိပ် တာလော့အမတ တစ်ပါး ရဲ့ နာမည်ကို သိခွင့်ရမလား..."
"သူ့ကို ဆံဖြူဘိုးဘေး လို့ ရိုသေလေးစားစွာ ခေါ်ကြတယ်... ကောင်းကင်နန်းတော်ရဲ့ အလွန် လေးစားခံရတဲ့ အမတနတ်ဘုရား တစ်ပါးပဲ"
***